ကျက်သရေမျှော်စင်
Vol. 56 Ch. 918
ထွက်သွားသော အဆိပ်နဂါးကို ပါဂရစ်ဇ် တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူ ပြောခဲ့သည့်အတိုင်း ပါ့ဂ်လီအို တံခါးမှ ထွက်သွားနိုင်သရွေ့ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
အဆိပ်နဂါးစုံတွဲ မြင်ကွင်းမှ လုံးဝပျောက်ကွယ် သွားပြီးမှသာ နဂါးဧကရာဇ်က ပို၍အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ “လူသား။ မင်းက ငါထင်ထားတာထက် ပိုတော်တယ်။ မင်း ငါ့ရဲ့ အကျဉ်းချ စွမ်းအားကို ချက်ချင်း ပျက်စီးစေခဲ့တဲ့အပြင် ငါ့ရဲ့ စွမ်းရည်အားလုံး နီးပါးကို ပိတ်ဆို့ထားနိုင်ခဲ့တယ်။ ခဏလေးပဲ ဖြစ်ပါစေ ငါ့ကို အံ့အားသင့်စေခဲ့တယ်။ ဒါပေမဲ့ မင်းကို မေးချင်တာက ဒီအပြုအမူဟာ နဂါးဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်တာလား ဆိုတာကိုပဲ။”
ချန်လွေ့၏ လုပ်ရပ်က အမှန်တကယ်ပင် ပါးဖြတ်ရိုက်လိုက် သလိုမျိုး ဖြစ်နေခဲ့သည်။ ယခင် သူ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မာရီယာနှင့် ဇိုလာတို့နှင့် ဆက်ဆံရေး မရှိခဲ့လျှင် နဂါးဧကရာဇ် ပါဂရစ်ဇ်၏လေသံကယခုလောက် သိမ်မွေ့မည် မဟုတ်ပေ။
ချန်လွေ့ ယခုဖွင့်လိုက်သည်မှာ ဖိုက်သွန်က ပေးထားသော [ပိတ်ပင်ခြင်း] စွမ်းအားဖြစ်သည်။ ပါဂရစ်ဇ်သည် နတ်ဘုရား-ယောင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သောကြောင့် [ပိတ်ပင်ခြင်း] စွမ်းအားကို ခဏသာ အသုံးပြုနိုင်ခဲ့သည်။ သို့သော်လည်း ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ အောင်အောင်မြင်မြင် လွတ်မြောက်ရန် လုံလောက်ခဲ့သည်။
ချန်လွေ့သည် နဂါးဧကရာဇ် ပါဂရစ်ဇ်၏ ခွန်အားကို ခုနက ပိတ်ဆို့လိုက်ကြောင်း လူတိုင်းသိသွားကြပြီး အားလုံး စိတ်လှုပ်ရှားသွားကြသည်။ နဂါးဧကရာဇ် ပြောသည့်အတိုင်း ခဏလေးပင် ဖြစ်နေပါစေ၊ လူတိုင်းကို အံ့အားသင့် သွားစေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ပါဂရစ်ဇ်သည် နတ်ဘုရား-ယောင် အဆင့် ဖြစ်လေသည်။
“အဲဒီ ခိုင်ရီယယ်လိုနဲ့ အရှင်မင်းကြီးရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။” ချန်လွေ့က မေးလိုက်သည်။ နဂါးဧကရာဇ်ထံမှ ပြင်းထန်သော ဖိအားကို ခံစားရင်း ချန်လွေ့က စိတ်ကို တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားကာ ကြယ်စွမ်းအားကို တိတ်တဆိတ် လည်ပတ်စေလိုက်သည်။
“ငါတို့က တစ်ယောက်ကိုတစ်ယောက် အသက်ပေးနိုင်တဲ့ ရဲဘော်ရဲဘက်နဲ့ ညီအစ်ကိုတွေပဲ။” ပါဂရစ်ဇ်၏ ရွှေရောင် မျက်လုံးမထဲတွင် ဝမ်းနည်းမှု အနည်းငယ် ပေါ်လာသည်။ “အဲဒီတုန်းက ခိုင်ရီယယ်လိုဟာ ငါ လွတ်မြောက်နိုင်ဖို့အတွက် သူ့အသက်ကို စတေးခဲ့တယ်။”
“အဲဒီအချိန်တုန်းက အရှင်မင်းကြီးနဲ့ အဆိပ်နဂါး အစ်ကိုတို့ ရင်ဆိုင်နေရတာ … မရပ်တန့်နိုင်တဲ့ ရန်သူ မဟုတ်လား။”
“ဟုတ်တယ်။ အဲဒီတုန်းက ငါ့ရဲ့ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့် အထိတောင် မရောက်သေးဘူး၊ ခိုင်ရီယယ်လိုရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါ့ထက် အများကြီး သာတယ်။ ကံမကောင်းစွာနဲ့ပဲ ငါတို့က အဲဒီရန်သူရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး။” နဂါးဧကရာဇ်၏ မျက်လုံးများတွင် ဝမ်းနည်းမှု အမူအရာ ပိုမိုပြင်းထန်လာပြီး လေသံ အလွန်လေးနက် လာခဲ့သည်။ “ငါ ဒဏ်ရာ အပြင်းအထန်ရပြီးတော့ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ သူက...သူက ဆက်နေရင် သေမှာကို သေချာသိနေပေမဲ့ ရန်သူကို လမ်းကြောင်းပြောင်းဖို့ မဆိုင်းမတွဘဲ အပြေးဝင်သွားခဲ့တယ်။ ငါ သူ့ကို ကြည့်ရုံပဲ တတ်နိုင်ခဲ့တယ်။”
“အရှင်မင်းကြီး။ ခင်ဗျားက… ပါးနပ်တယ်၊ ဉာဏ်များတယ်၊ အရှက်မရှိဘူး၊ တစ်ခါတလေ အကျင့် မကောင်းဘူး။” ချန်လွေ့၏ စကားများက မာရီယာကို အံ့အားသင့်စေခဲ့သည်။ ပတ်ဝန်းကျင်ရှိ နဂါးအကြီးအကဲ များက ဒေါသတကြီး ကြည့်နေကြသည်။
ပါဂရစ်ဇ်၏ ရွှေရောင်မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်ဖြင့် နီရဲလာပြီး အသံက ပိုအေးစက်လာခဲ့သည်။ “မင်း ပြောချင်တာက ငါ ခိုင်ရီယယ်လိုကို တမင်တကာ…”
ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဉာဏ်များတယ်၊ ပါးနပ်တယ်၊ အရှက်မရှိဘူး၊ တစ်ခါတလေ အကျင့် မကောင်းဘူး။ ကျုပ်အတွက်လည်း အတူတူပါပဲ။ ကံကောင်းစွာနဲ့ပဲ အရှင်မင်းကြီးလိုမျိုး ကျုပ်မှာ နောက်ကျောကို အပြည့်အဝ ကြည့်ပေးနိုင်တဲ့ ညီအစ်ကို တစ်ယောက် ရှိတယ်။ သူလည်း အဆိပ်နဂါးပဲ။ ခိုင်ရီယယ်လိုက အရှင်မင်းကြီးအတွက် ယှဉ်မရတဲ့ ရန်သူကို ဟန့်တားနိုင်ခဲ့သလို ဒီနေ့မှာ… ကျုပ်လည်း လုပ်နိုင်ခဲ့တယ်။”
ပါဂရစ်ဇ်က မျက်ခုံးပင့်လိုက်ပြီး သူ၏ ပြင်းထန်သော အကြည့်က ချန်လွေ့၏ မျက်နှာပေါ်ကို စိုက်ကြည့် နေခဲ့သည်။ ချန်လွေ့သည် အလွန်တည်ငြိမ်ပုံ ရသော်လည်း နဂါးဧကရာဇ်က လူသား၏ မျက်လုံးများတွင် ဟန်ဆောင်မှု မရှိဘဲ ပြတ်သားမှုကို သေသေချာချာ မြင်နေရသည်။
ထိုလူသားနဲ့ ခိုင်ရီယယ်လိုရဲ့သားက သေရေးရှင်ရေး အတွက် အချင်းချင်း ယုံကြည်နိုင်ကြတဲ့ ညီအစ်ကိုတွေပဲ။ အဲဒီတုန်းက ခိုင်ရီယယ်လိုနဲ့ ငါတို့လိုပေါ့။
“မင်းက တကယ့်ကို ပါးနပ်ပြီးတော့ အရှက်မရှိဘူး။” ပါဂရစ်ဇ်၏ သတ်ဖြတ်ချင်စိတ် ရုတ်တရက် ပျောက်ကွယ် သွားသည်။ ထိုအစား သူ၏ မျက်လုံးများတွင် နွေးထွေးမှုနှင့် လေးစားမှုတို့ ပြည့်နှက်နေသည်။ “ခိုင်ရီယယ်လိုရဲ့ သားက မင်းလို အဖော်ရှိနေတာ တကယ် ကံကောင်းတာပဲ။”
ချန်လွေ့က အနည်းငယ် ပြုံးသည်။ “နှစ်ယောက်စလုံး ကံကောင်းပါတယ်။”
“ဟမ့်။ ဒါပေမဲ့ ဒါက နဂါးတောင်ကြား။ ပြီးတော့ ငါက နဂါးဧကရာဇ်ပဲ။ ငါ့ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ခံနေရတယ်လို့ ခံစားမိတယ်။ ဒါကြောင့် မင်း ငါ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးရမယ်။” နဂါးဧကရာဇ်၏ မျက်နှာမှာ တင်းမာနေဆဲ ဖြစ်သော်လည်း ထိုစကား၌ ဖိအားပေးမှု မရှိဘဲ မျက်နှာပြန်ရချင်ကြောင်းသာ ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။
ချန်လွေ့က စဉ်းစားပြီး ပြောလိုက်သည်။ “ကျုပ်မှာလည်း ‘မှော်ဖုန်း’ လို့ခေါ်တဲ့ အထူးမှော်ပစ္စည်းတစ်ခုရှိတယ်။ ဒါက မှော်ဂိမ်းထက် မလျော့တဲ့ ရေရှည်နဲ့ ကြီးမားတဲ့ အကျိုး ကျေးဇူးတွေကိုလည်း ယူဆောင်လာပေးမှာပါ။ အစကတော့ ဒီထုတ်ကုန်ကို မြန်မြန် ထုတ်ချင်တာ မဟုတ်ပေမဲ့ ကျုပ် အစ်ကိုအတွက် ဒီအစီအစဉ်ကို ပြောင်းလဲပြီး ဒီထုတ်ကုန်ရဲ့ အမြတ် ၂၀% ကို နဂါးတွေဆီ အခမဲ့ ပေးဖို့ ဆန္ဒရှိပါတယ်။ အရှင်မင်းကြီး ဒီ‘အဖြေ’ ကို ဘယ်လို သဘောရလဲ။”
“သိပ်ကောင်းတယ်။” ပါဂရစ်ဇ်က မှော်ဖုန်းအကြောင်း အသေးစိတ် မမေးတော့ပေ။ လက်ဝှေ့ယမ်းလိုက်သည်နှင့် ‘မိုးကြိုးကောက်ရိုက်တုတ်’ နှင့် အစိမ်းရောင်ကျောက်မျက် လက်စွပ်သည် ချန်လွေ့ဆီသို့ ပျံသွားသည်။ “မင်းက ခိုင်ရီယယ်လို သားရဲ့ ညီဆိုတော့ ဒါတွေကို သိမ်းထားပေး။ မိုးကြိုးကောက်ရိုက်တုတ်ပေါ်မှာ နဂါးလျှို့ဝှက်ပညာကို မန်းမှုတ်ထားပြီးပြီ။ အဲဒါကြောင့် အာကာသပစ္စည်းထဲမှာ သိမ်းထားလို့ရတယ်။ ဒါပေမဲ့ ခိုင်ရီယယ်လိုရဲ့ သွေးမျိုးဆက်ကလွဲရင် တခြားသူတွေက အဆောင်ပစ္စည်းရဲ့ စွမ်းအားကို ထုတ်မသုံးနိုင်ဘူး။ တကယ်တော့ အဲဒီ ကောင်လေးက… သူ အခု မတွေးတတ်သေးဘူး။ တစ်နေ့မှာ သူ တွေးတတ်သွားတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပြောင်းသွားတဲ့ အခါ ဒီပစ္စည်း ၂ ခုကို သူ့ကို ပေးလိုက်။ နဂါးတောင်ကြားက သူ့အတွက် အမြဲတမ်း တံခါးဖွင့်ပေးထားတယ်။”
ချန်လွေ့လည်း ငြင်းပယ်ခြင်း မရှိဘဲ အဆောင်ပစ္စည်းနှင့် လက်စွပ်ကို သိုလှောင်ရုံထဲသို့ ထည့်လိုက်သည်။
“မှော်ဖုန်းကို ကြိုထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတော့ အချို့အရာတွေကို အခြေအနေအရ ချိန်ညှိရတော့မယ်။… ကောင်းပြီလေ။ နဂါးတောင်ကြားမှာရှိတဲ့ နဂါးအားလုံး ‘အနှိုင်းမဲ့စစ်သည် အွန်လိုင်း’ စမ်းသပ်မှုမှာ ပါဝင်နိုင်အောင်လို့ နဂါးတောင်ကြားမှာ မှော်ဂိမ်းအတွက် အဓိက ဆက်သွယ်ရေး စခန်းတစ်ခု အရင်တည်ဆောက်မယ်။ ဒီလေ့ကျင့်ရေး လုပ်ငန်းစဉ်ကို… အမ်... ‘ကလို့စ်ဘီတာ’စမ်းသပ်မှုလို့ ခေါ်တာပေါ့။ နောက်ပိုင်း ‘အများသုံးဘီတာ’ ကို လူသားလောက တစ်ခုလုံးအတွက် လုံးဝဖွင့်ပေးမှာဖြစ်ပြီး အလိုလို ချမ်းသာကြွယ်ဝမှုတွေ စီးဆင်းလာမှာပါ။ ဒါပေမဲ့ လက်ရှိ ကလို့စ်ဘီတာ စမ်းသပ်မှုကို လျှို့ဝှက်ထားရမယ်။ ဒီလို စမ်းသပ်မှုမှာ နဂါးတွေပဲ ပါဝင်နိုင်ပါတယ်။ အလျင်စလို လုပ်တာက အကျိုးမရှိဘူး။ ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက်၊ တယ်လီဖုန်း၊ ဂိမ်း စတာတွေရဲ့ စီးပွားရေး အကျိုးအမြတ်တွေ အတွက် စိတ်မပူပါနဲ့။ အချိန်တန်ရင် သူတို့ကို ကြော်ငြာဖို့ အစီအစဉ်တွေ ရှိပါတယ်။ ကျုပ်ကု ယုံလိုက်ပါ။ အရှင်မင်းကြီးနဲ့ အကြီးအကဲတို့။”
“ဒါပေါ့။ ငါတို့ မင်းကို ယုံကြည်ပါတယ်။ လျှို့ဝှက်ဖို့နဲ့ ပတ်သက်ရင် မင်း စိတ်ချနိုင်ပါတယ်။ ဒါက နဂါးတွေရဲ့ နောင်ရေးနဲ့ သက်ဆိုင်တဲ့အတွက် ငါ တင်းတင်းကြပ်ကြပ် အမိန့် ထုတ်ပြန်လိုက်မယ်။ ထုတ်ဖော်ရဲတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်။” ပါဂရစ်ဇ် ခေါင်းညိတ်လိုက်သည်။ ထိုလူသား၏ စွမ်းရည်မှာ သံသယဖြစ်စရာ မရှိပေ။ သူ၏ အဆိုပြုချက်သည် နဂါးများအား စမ်းသပ်မှုများမှတစ်ဆင့် ကြိုတင် အစွမ်းထက် လာစေခြင်းနှင့် တူညီပြီး ၎င်းမှာ အရေးအကြီးဆုံးအချက် ဖြစ်သည်။ ထိုသို့သော စီးပွားရေး အကျိုးအမြတ်အတွက် ကတော့ ရေရှည်ဖြစ်ရာ အလျင်စလို မလိုသေးပေ။
“ဒါနဲ့...” ချန်လွေ့က ကိစ္စတစ်ခုကို တွေးလိုက်မိသည်။ “ကျုပ်မှာ အရှင်မင်းကြီးကို နောက်ထပ် မေးခွန်း တစ်ခု မေးစရာရှိတယ်။ အရှင်မင်းကြီး သိဒ္ဓိနဂါး ရိုဒရီဂူးဇ် အကြောင်း ကြားဖူးလား။”
“ရိုဒရီဂူးဇ်က သိဒ္ဓိနဂါးမျိုးနွယ်ရဲ့ နာမည်ကြီး အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ပါ။ သူ အဲဒီတုန်းက နတ်ဘုရား-ယောင် အဆင့်ကို ရောက်ခဲ့ပေမဲ့ နဂါးတောင်ကြားနဲ့တော့ မသက်ဆိုင်ဘူး။” ပါဂရစ်ဇ်က ခဏ စဉ်းစားပြီး ပြောလိုက်သည်။ “နဂါးတောင်ကြားမှာ လူသားလောကမှာ ရှိတဲ့ နဂါးအားလုံး မရှိဘူး။ အရင် နဂါးဧကရာဇ်အများစုက သိဒ္ဓိနဂါးမျိုးနွယ်က ဖြစ်ပေမဲ့ သိဒ္ဓိနဂါးတွေရဲ့ အသံတွေတောင် တူတာ မဟုတ်ဘူး။ အစွမ်းထက်ဆုံး နဂါးမျိုးနွယ်အနေနဲ့ သိဒ္ဓိနဂါးမှာ ပြိုင်စံရှား အသက်စွမ်းအားရှိပြီးတော့ နဂါးတွေထဲမှာ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည် အကောင်းဆုံးပဲ။ ငါတို့က အနိမ့်နဲ့ အလတ်အဆင့် မှော်ပညာကို ခံနိုင်ရည်ရှိတယ်။ ပြီးတော့ အလင်းဒြပ်စင်ရဲ့ ထူးခြားချက်ကြောင့် ငါတို့ကို ‘ကျက်သရေဆောင်နဂါးတွေ’လို့ ခေါ်ကြတယ်။ ဒါကြောင့် သိဒ္ဓိနဂါးကို သိဒ္ဓိအလင်းတောင်က တန်ဖိုးထားပြီး ကျောင်းတော်က အမျိုးမျိုး ဆွဲဆောင်တယ်။ ငါတို့ကို သိမ်းသွင်းဖို့ နည်းလမ်းများစွာသုံးပြီးတဲ့နောက် သိဒ္ဓိနဂါးအချို့က သိဒ္ဓိကျောင်းတော်မှာ ခိုလှုံခဲ့ကြတယ်။ ရိုဒရီဂူးဇ်က သူတို့ရဲ့ ခေါင်းဆောင်ပဲ။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀၀၀လောက်က သိဒ္ဓိကျောင်းတော် ဂိုဏ်းချုပ် မိုဘီ-လ်က အလင်းဇစ်မြစ် အပိုင်းအစကို ရှာဖွေဖို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့တယ်။ သူတို့က အစွမ်းထက်တဲ့ ရန်သူနဲ့ တွေ့ဆုံပြီးတော့ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ ရိုဒရီဂူးဇ်က အကူအညီတောင်းခံတဲ့ အချက်ပြမှုကို ရရှိပြီးနောက် ကူညီဖို့ သွားခဲ့တယ်။ ရိုဒရီဂူးဇ်က ရန်သူကို အနိုင်ယူခဲ့ပေမဲ့ ကျောင်းတော် မမျှော်လင့်ထားတဲ့ အရာတစ်ခုကို လုပ်ခဲ့တယ်။ သူက မိုဘီ-လ်အပါအဝင် အလင်း ဘုန်းတော်ကြီး အားလုံးကို ခေါင်းဖြတ်ပြီး အလင်းဇစ်မြစ် အပိုင်းအစကို ယူသွားခဲ့တာပဲ။ ဒါပေမဲ့ မိုဘီ-လ်က သူ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ အမှန်တရားကို ဘုရားကျောင်းဆီ ပို့နိုင်ခဲ့တယ်။ နောက်ဆုံးမှာ ရိုဒရီဂူးဇ်ကို ဘုရားကျောင်းရဲ့ ကောင်းကင်တမန် ၃ပါးက လိုက်ဖမ်းပြီး ရာဖယ်ရယ်က ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့ပေမဲ့ ကျောင်းတော်ရဲ့ အဆောင်ပစ္စည်းဖြစ်တဲ့ ‘ကျက်သရေ မျှော်စင်’ ကို သုံးပြီး လွတ်မြောက်ခဲ့တယ်။ သူ ဘယ်ရောက်နေလဲ ဆိုတာကို အခုထိ မသိရသေးဘူး။”
“ကျက်သရေမျှော်စင်.....” ချန်လွေ့က ခဏ စဉ်းစားပြီး ထပ်မေးသည်။ “ကျောင်းတော်ရဲ့ အဆောင်ပစ္စည်းလား။”
“ကျက်သရေမျှော်စင်က အရှားပါးဆုံး နေရာလွတ် အဆောင်ပစ္စည်း ဖြစ်ပြီးတော့ သိဒ္ဓိကျောင်းတော်မှာ အစွမ်း အထက်ဆုံး အဆောင်ပစ္စည်းတစ်ခုလည်း ဟုတ်သည်။ ကျက်သရေမျှော်စင်က အဆောင်ပစ္စည်း ၃ခုရဲ့ စွမ်းအားကို အသက်သွင်းနိုင်တယ်လို့လည်း ပြောကြတယ်။ ပထမ တစ်ခုက ‘နေရာလွတ်အကာအရံ’၊ အဲဒါက ရန်သူရဲ့ အမျိုးမျိုးသော တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ဖို့အတွက် နေရာလွတ်ကို အတားအဆီး အနေနဲ့ အသုံးပြုတာပဲ။ ဒုတိယတစ်ခုက ‘နေရာလွတ်ယာဉ်ပျံ’။ အဲဒါက အစီအရင်ကို ဖောက်ထွက်နိုင်ပြီးတော့ ဝေးကွာတဲ့ ကျပန်းနေရာကို သွားနိုင်တဲ့ ယာဉ်ပျံ။ ရိုဒရီဂူးဇ်က အဲဒီအစွမ်းကို သုံးပြီးတော့ လိုက်ဖမ်းတာကနေ အကြိမ်ပေါင်း များစွာ လွတ်မြောက်ခဲ့တယ်။ တတိယ တစ်ခုက ‘တိုင်းပြည် ပေါင်းစပ်ခြင်း’။ အဲဒါက တိုင်းပြည်တစ်ခုကို ပေါင်းစပ်ပြီးတော့ အထူးနေရာလွတ်တစ်ခု ဖြစ်လာနိုင်တာပဲ။ အဲဒါက နေရာလွတ် ထဲမှာ သက်ရှိအရာတွေကို လွတ်လွတ်လပ်လပ် သယ်သွားနိုင်တယ်။ ဒါပေမဲ့ အကန့်အသတ် တစ်ခုတော့ ရှိတယ်။ လှုပ်ရှားနေတုန်း တခြားအရာတွေ၊ တိုက်ခိုက်တာ လုပ်လို့ မရဘူး။ ပေါင်းစပ်ဖို့အတွက် တိုင်းပြည်တစ်ခု၊ တိုက်ခိုက်ဖို့အတွက် တိုင်းပြည်တစ်ခု မရှိဘူး ဆိုရင်ပေါ့။”
ချန်လွေ့၏ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်သွား၏။ ‘ကျက်သရေမျှော်စင်’က တကယ် ကြမ်းလှချည်လား။ အဲဒီ နေရာလွတ်ယာဉ်ပျံက ထွက်ပြေးလို့ကောင်းတဲ့ လက်နက် တစ်ခုပဲ။ အရင်က ရှီရာပေးခဲ့တဲ့ တယ်လီပို့ အစွမ်းရှိတဲ့ “အမှောင်ဆန္ဒ”ကို ငါ သုံးခဲ့တယ်။ ဒါပေမဲ့ အဲဒါကို သံုးရတာ အတော်လေး လက်ပေါက်ကပ်တယ်။ အနှောင့်အယှက် ခံရနိုင်ပြီးတော့ တစ်ခါတလေ ကံဆိုးပြီးတော့ ရန်သူအရှေ့ကို ရောက်သွားတတ်တယ်။ ‘ကျက်သရေမျှော်စင်’က တရားဝင် ဖြစ်ပြီးတော့ အဆင့်မြှင့်ထားတဲ့ ပစ္စည်းဆိုတာ သေချာတယ်။ “အမှောင်ဆန္ဒ”လိုအမျိုး အတုအပနဲ့ အရည်အသွေးနိမ့် ပစ္စည်းထက် အများကြီးသာမှာပဲ။ ဆွဲဆောင်မှု အရှိဆုံးကတော့ သက်ရှိအရာတွေကို သယ်ဆောင်ပြီးတော့ နေရာလွတ်ရွေ့လျားနိုင်တဲ့ “တိုင်းပြည်ပေါင်းစပ်ခြင်း”ပဲ။ အဲဒါကို [ကြယ်ဂိတ်]နဲ့ ပေါင်းသုံးမယ်ဆိုရင် လောကနှစ်ခု အကြားမှာ ပြဿနာ မရှိဘဲနဲ့ စစ်တပ် တစ်ခုကိုတောင် လွတ်လွတ်လပ်လပ် ခေါ်လာလို့ရတယ်။
နဂါးဧကရာဇ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ “မင်း ဒီအတိတ်က ကိစ္စတွေကို ဒီလောက်စိတ်ဝင်စားတာ ဧကန္တ… မင်း ‘ကျက်သရေမျှော်စင်’ ကို ရထားတာလား။”
ခင်ဗျားမှန်းတာ တကယ်မှန်တယ်။ ချန်လွေ့ ချက်ချင်းပင် စိတ်ပူသွားခဲ့သည်။ ဒီနေရာလွတ် အဆောင်ပစ္စည်းက သာမန်မဟုတ်ဘူး။ ပါဂရစ်ဇ်အရှေ့မှာ ပြောပြလိုက်ရင် သူ လောဘမတက်ဘူးလို့ အာမ မခံနိုင်ဘူး။ ရုတ်တရက် သူ အကြံရလိုက်သည်။ “အရှင်မင်းကြီး။ အမှန်တကယ် ပြောရမယ်ဆိုရင် ကျုပ် တစ်ချိန်က နတ်ဆိုးဘုံမှာ အချိန် အကြာကြီး လေ့ကျင့်ခဲ့ဖူးပါတယ်။ အဲဒီမှာ ကျုပ်ချစ်သူ အစ်ဇဘယ်လာနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီတုန်းက ရိုဒရီဂူးဇ်ဆိုတဲ့ သိဒ္ဓိနဂါးတစ်ကောင် ရှိခဲ့ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာထောင်ချီက နတ်ဆိုးဘုံ နဂါးကျွန်းက နဂါးဧကရာဇ် ခရူဆီယာနဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်။ နောက်ဆုံး သူဒဏ်ရာရပြီး ပျောက်ကွယ် သွားခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးခဲ့တာပါ။ ဒီလို အတွင်းဇာတ်လမ်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။”
“ရိုဒရီဂူးဇ်က နတ်ဆိုးဘုံကို ထွက်ပြေးသွားတာကိုး။ ဒါကြောင့် သူ ပျောက်သွားတာပဲ။ ဒါပေမဲ့ ငါ သိရသလောက်ဆို သာမန်လေ့ကျင့်သူတွေ ‘ကျက်သရေမျှော်စင်’ကို တကယ် ရရင်တောင် အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ ‘ကျက်သရေမျှော်စင်’ကို နတ်ဘုရား-ယောင်အဆင့်ရဲ့ ဝိညာဉ် စွမ်းအားနဲ့ အသက်သွင်းရတာကြောင့်ပဲ...”
ပါဂရစ်ဇ်၏ စကားကြောင့် ချန်လွေ့ ရုတ်တရက် သဘောပေါက်သွား၏။ ဒါကြောင့်ကိုး။ ရိုဒရီဂူးဇ်ဆီကနေ ရခဲ့တဲ့ ‘ကျက်သရေမျှော်စင်’ ကို [အထူးစိစစ်မှု] လုပ်ပြီး သွားတာတောင် မသုံးနိုင်ခဲ့တာ။ နတ်ဘုရား-ယောင်အဆင့်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ အသက်သွင်းရတာကိုး။
ငါ နတ်ဘုရား-ယောင်အဆင့် ရောက်ဖို့ စောင့်မယ်ဆိုရင် အချိန်တွေ အများကြီး လိုဦးမှာပဲ။ နတ်ဘုရား-ယောင်အဆင့် ဝိညာဉ်အကြောင်းပြောရင်းနဲ့မှ အသင့်ရှိပြီးသား တစ်ယောက် ရှိတာပဲ....။ ဒါပေမဲ့ နည်းနည်း မှားတာနဲ့ အပြစ်ဒဏ် နှစ်ဆခံရနိုင်တယ်။ စိတ်ရှည်ပြီးတော့ ရေရှည်စီမံကိန်းဆွဲတာ ပိုကောင်းလောက်တယ်။
“ကောင်းပြီလေ။ အချိန် မဆွဲတော့ဘူး။ အကြီးအကဲ မာရီယာက မင်းနဲ့ အသေးစိတ်ဆွေးနွေးဖို့ နေခဲ့လိမ့်မယ်။” နဂါးဧကရာဇ်က သမ်းဝေပြီး ထရပ်လိုက်သည်။ “ငါပြောတဲ့ အတိုင်းပဲ မနက်ဖြန် မင်းတို့ သုံးယောက်ရဲ့ မင်္ဂလာပွဲကို ကိုယ်တိုင် ဦးစီး ကျင်းပပေးမယ်။”