နဂါးတောင်ကြား မင်္ဂလာပွဲ
Vol. 56 Ch. 919
နောက်တစ်နေ့ နဂါးတောင်ကြား၌-
ခမ်းနားသော မင်္ဂလာပွဲတစ်ခု စတင်တော့သည်။
ပြင်ဆင်ချိန် အလွန်တိုတောင်းသော်လည်း မင်္ဂလာပွဲ၏ ခမ်းနားမှုကို လုံးဝထိခိုက်ခြင်း မရှိပေ။ နဂါးတောင်ကြားရှိ နဂါးများအားလုံးနီးပါး ရောက်ရှိလာခဲ့ကြ၏။
ယခုတစ်ခေါက် မင်္ဂလာပွဲကို နဂါးဧကရာဇ် ပါဂရစ်ဇ် ကိုယ်တိုင် ဦးစီးခဲ့သည်။ မဟာအကြီးအကဲ မာရီယာ၏ သမီးနှစ်ယောက် မင်္ဂလာဆောင်နေခြင်း ဖြစ်သည်။ တစ်ယောက်က နဂါးတောင်ကြားမှ ထွက်သွားခဲ့သော နတ်မိမယ်နဂါး ဇိုလာဖြစ်ပြီး နောက်တစ်ယောက်က မာရီယာ သိပ်မကြာခင်က တော်ထားသော သမီးဖြစ်ပြီး အစ်ဇဘယ်လာ အမည်ရသော လူသားတစ်ဦး ဖြစ်ပုံရသည်။ ပို၍ပင် အံ့သြစရာကောင်းသည်မှာ သတို့သား 'ရစ်ချက်' လည်း လူသားတစ်ဦး ဖြစ်နေခြင်းပင်။
ထို ‘ရစ်ချက်’သည် လူသားဖြစ်သော်လည်း အံ့ဩဖွယ်ရာ ကောင်းသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ နဂါးများကြားတွင် အလွန်ရေပန်းစားခဲ့သော မုန်တိုင်းကျွန်း၏ စမ်းသပ်လေ့ကျင့်ရေးကွင်းက ရစ်ချက်၏ လက်ရာဖြစ်သည်။ ယမန်နေ့ သက်တန့်တောင်ထွတ်တွင် စမ်းသပ်ခဲ့သော ‘အနှိုင်းမဲ့စစ်သည် အွန်လိုင်း’ ဟုခေါ်သည့် စမ်းသပ် ပုံရိပ်ယောင် ‘တရားဝင်ဗားရှင်း’သည် မူလစမ်းသပ်မှုထက် အဆ၁၀၀ ပိုမိုအစွမ်းထက်ခဲ့သည်။ အန္တရာယ်မရှိရုံ သာမက အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စိန်ခေါ်မှုလည်း များပေသည်။ စမ်းသပ်ခဲ့ကြသော နဂါးများသည် မတင်းတိမ် နိုင်ခဲ့ကြပေ။
ထို‘ရစ်ချက်’က ထိုပုံရိပ်ယောင်ကို နဂါးတောင်ကြား တစ်ခွင်လုံးတွင် လူကြိုက်များစေမည် ဖြစ်ပြီး နဂါးတိုင်း ‘အနှိုင်းမဲ့စစ်သည် အွန်လိုင်း’ တွင် ပါဝင်နိုင်မည်ဟု ဆိုသည်။ ထိုအချက်တစ်ခုတည်းကပင် နဂါးအားလုံးကို ပျော်ရွှင်စေရန် လုံလောက်ခဲ့သည်။
ယမန်နေ့က ဖြစ်ပျက်ခဲ့သည်များမှာ ထိုမျှသာမကပေ။ မူလက ရာထူးမှ နုတ်ထွက်ရတော့မည် သို့မဟုတ် နှင်ထုတ် ခံရမည်ဟု ထင်မှတ်ခဲ့ကြသော မဟာအကြီးအကဲ မာရီယာက နဂါးဧကရာဇ် ပါဂရစ်ဇ်နှင့် အကြီးအကဲများ၏ သဘော တူညီသော ထောက်ခံမှုကို ပြန်လည်ရရှိခဲ့ပြီး အသံ အကျယ်ဆုံး ဖြစ်ခဲ့သော အကြီးအကဲ စတန်ဝဲလ်မှာမူ မည်သည်မှ မရရှိခဲ့သည့်အပြင် မဟာအကြီးအကဲ၏ သားမက် ‘ရစ်ချက်’နှင့် ‘စိန်ခေါ်ပွဲ’ ပြုလုပ်ပြီးနောက် အရှက်ရကာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။
စိန်ခေါ်ပွဲဟု ဆိုသော်လည်း အမှန်တကယ်တွင် စမ်းသပ်ပွဲတွင် ပါဝင်ခဲ့ကြသော နဂါးများစွာရှေ့တွင် အရိုက်ခံခဲ့ရခြင်းဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း အဆင့် စွမ်းအားရှိသော စတန်ဝဲလ်သည် ‘ရစ်ချက်’ကို ပြန်လည် တိုက်ခိုက်ရန် အင်အားမရှိခဲ့ပေ။ ရစ်ချက်၏ စွမ်းအားမှာ ထင်ရှားပေသည်။ မုန်တိုင်းကျွန်းမှ ရွှေနဂါးအကြီးအကဲ မေရိုစ်ခရီယာနှင့် နဂါးနီအကြီးအကဲ ရက်ဇ်ဆိုလာတို့ ထိုလူသားကို မုန်တိုင်းကျွန်းတွင် ရှုံးနိမ့်ခဲ့သည်မှာ မတော်တဆ မဟုတ်ဘဲ သူက စွမ်းအား ထိမ်ချန်ထားခဲ့သည်မှာ သေချာပေသည်။
အချိန် နည်းပါးမှုကြောင့် မင်္ဂလာပွဲသည် လုပ်ထုံးလုပ်နည်း များစွာကို ကျော်ခဲ့သော်လည်း နဂါးတောင်ကြား၏ သတို့သား အတွက် ရိုးရာ‘စမ်းသပ်မှု’ကို ရှောင်လွှဲ၍ မရနိုင်ပေ။ စမ်းသပ်မှုကို မအောင်မြင်ပါက မင်္ဂလာပွဲတွင် ပါဝင်သော နဂါးတစ်ကောင်စီအတွက် သိသိသာသာ များပြားသော ငွေကြေးပေး၍ ရွေးယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက သတို့သမီးဘက်သို့ သွား၍ မင်္ဂလာပွဲကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ ချန်လွေ့အရှေ့တွင် နဂါးများ အကြိုက်ဆုံး စမ်းသပ်မှုဖြစ်သည့် ‘ကြွယ်ဝမှုချိန်ခွင်’ ရှိနေ၏။
ကြွယ်ဝမှုချိန်ခွင်သည် အမှန်တကယ်၌ နဂါးများ၏ ရှေးကျသော အဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းတွင် သေစေနိုင်သော၊ ကာကွယ်ပေးနိုင်သော စွမ်းအားမရှိဘဲ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ကြွယ်ဝမှုနှင့် တန်ဖိုးကို တိုင်းတာခြင်းသာ ဖြစ်သည်။
‘ကြွယ်ဝမှုချိန်ခွင်’ စမ်းသပ်မှု အဓိက အကြောင်းရင်းမှာ ‘ကြွယ်ဝမှုနှိုင်းယှဉ်ခြင်း’ ဖြစ်သည်။ နဂါးများမှ ရွေးချယ် ထားသော ကိုယ်စားလှယ်နှင့် သတို့သားတို့သည် သက်ဆိုင်ရာ ရတနာပမာဏကို ထုတ်ယူကာ ချိန်ခွင်ပေါ်တွင် တင်၍ တိုင်းတာနှိုင်းယှဉ်ကြရသည်။ သတို့သား အနိုင်ရပါက အခြားတစ်ဖက်မှ ထည့်သွင်းထားသော ကြွယ်ဝမှုအားလုံးကို ရရှိမည်ဖြစ်ပြီး မင်္ဂလာပွဲတွင် ပါဝင်သော နဂါးအားလုံးမှ ပေးပို့သော ဂုဏ်ပြုလက်ဆောင်များ နှစ်ဆတိုးလာမည် ဖြစ်သည်။ အခြားတစ်ဖက်မှ အနိုင်ရပါက သတို့သား၏ ကြွယ်ဝမှုသည် အခြားတစ်ဖက်သို့ ရောက်ရှိမည်ဖြစ်ပြီး နဂါးများမှ ပေးပို့သော ဂုဏ်ပြုလက်ဆောင်များ အားလုံးကို ပြန်အမ်းရမည် ဖြစ်သည့်အပြင် လက်ဆောင်ငွေ နှစ်ဆကိုပါ ထပ်မံပေးဆောင်ရမည်ဖြ စ်သည်။ တိုတိုပြောရလျှင် အနိုင်ရပါက နှစ်ဆရရှိမည် ဖြစ်ပြီး ရှုံးနိမ့်ပါက နှစ်ဆဆုံးရှုံးမည် ဖြစ်ပေသည်။
ပြိုင်ပွဲတွင် ပါဝင်သော ကိုယ်စားလှယ်သည် ပုံမှန်အားဖြင့် သတို့သမီးကို လိုက်လံခဲ့ရာမှ ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ အချစ်ရေးတွင် ရှုံးနိမ့်သော်လည်း ကြွယ်ဝမှုကို လျော်ကြေး အဖြစ် ရရှိနိုင်မည် ဖြစ်သည်။ ယေဘုယျအားဖြင့် ထိုမကျေနပ်သော ‘ကိုယ်စားလှယ်’သည် ထိုကစားပွဲတွင် အစွမ်းကုန် ကြိုးစားလိမ့်မည် ဖြစ်သည့်အတွက် သတို့သား အနိုင်ရနိုင်ချေမှာ အလွန်နည်းပါးသည်။ စပန်နှင့် မာရီယာ လက်ထပ်သောအခါတွင် ကြုံတွေ့ခဲ့ရသော ကိုယ်စားလှယ်မှာ မာရီယာကို အကြီးအကျယ် လိုက်လံခဲ့သော ဂွယ်ရိုအက်စ် ဖြစ်ပြီး စပန် အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ နတ်သူငယ်ဘုရင်သည် ကြွယ်ဝမှုချိန်ခွင်ပေါ်တွင် သူ၏ ပစ္စည်းဥစ္စာ အားလုံးကို ဆုံးရှုံးခဲ့ရသည့်အပြင် ရှိရှိသမျှ နဂါးများအားလုံးကို လက်ဆောင်ငွေ နှစ်ဆပေးခဲ့ရသည်။ ထိုအချက်က ဂူရိုအတ်စ်ကို စပန် အမြဲတမ်း ရန်လိုနေရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်လေသည်။
နဂါးများသည် ဘဏ္ဍာရေး ဆရာသခင်များ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ကပ်စေးနဲသူများ ဖြစ်သော်လည်း ပိုများများ လောင်းလေလေ ပို၍များများ ရလေလေ ဖြစ်သော ထိုအခွင့်ကောင်းကို မည်သို့မျှ လွဲချော်မည် မဟုတ်ပေ။ ထို့အပြင် သတို့သား စမ်းသပ်မှု မအောင်မြင်ပါက ပေးဆောင်ရမည့် ပြန်ပေးငွေလည်း ရှိသေးရာ ၎င်းမှာ အမှန်တကယ်ပင် အမြတ်အစွန်းများစွာ ရရှိစေမည့် အခွင့်အရေး ဖြစ်လေသည်။ ထို့နေကြာင့် နဂါးများက ရေချိန်ကိုက်နေသကဲ့သို့ပင် လက်ဆောင်ငွေ အများအပြားကို ပေးခဲ့ကြလေသည်။
ယခုတစ်ကြိမ် ပေါ်လာသော ကိုယ်စားလှယ်မှာ အနည်းငယ် မမျှော်လင့်ထားသူ ဖြစ်သည်။ ဇိုလာ လက်ထပ်ရန် ရှောင်တိမ်းခဲ့သော ခါရူ မဟုတ်ဘဲ အကြီးအကဲ ကောင်စီမှ ရှုံးနိမ့်သူ စတန်ဝဲလ် ဖြစ်နေသည်။ စတန်ဝဲလ်သည် မနေ့က လူသား၏ အကြီးအကျယ် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ယနေ့တွင် သူက မင်္ဂလာပွဲကို အသုံးပြု၍ ‘လက်စားချေရန်’ ရည်ရွယ်ထားလေသည်။ ထိုအရာကလည်း အကျိုးအကြောင်း သင့်ပေသည်။ တိုက်ခိုက်ရာတွင် မနိုင်ခဲ့သော်လည်း လူသား၏ ကြွယ်ဝမှုအားလုံးကို ရရှိနိုင်ပါက ဒေါသကို ဖြေဖျောက်စေနိုင်မည် ဖြစ်သည်။
နဂါးများတွင် သက်တမ်း အလွန်ရှည်လျားသောကြောင့် စုဆောင်းထားသော ကြွယ်ဝမှုသည် အင်ပါယာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ပေ။ စတန်ဝဲလ် ကဲ့သို့သော အကြီးအကဲတစ်ဦးဆိုလျှင် ပို၍ပင် များပြားပေလိမ့်မည်။ ထို့ကြောင့် စတန်ဝဲလ် အနိုင်ရမည်ဟု လူတိုင်း လုံးဝ ယုံကြည်နေခဲ့ကြသည်။
မာရီယာနှင့် စပန်တို့သည် စတန်ဝဲလ် ရောက်ရှိလာခြင်းကို ကြိုမသိခဲ့ကြပေ။ သူတို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြပြီး မကောင်းသော နိမိတ်များ ခံစားလိုက်ရသည်။
ကြွယ်ဝမှုချိန်ခွင်က ၃မီတာ မြင့်သော အလွန် ကြီးမားသည့် ချိန်ခွင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်း၏ ဒယ်ပြားနှစ်ခုမှာ နေရာလွတ်တံခါးများဖြစ်ပြီး ပစ္စည်းဥစ္စာ များကို အဆုံးစွန်အထိ ထည့်သွင်းနိုင်သည်။ ပစ္စည်း ကိရိယာများ၊ ရတနာများ၊ ဒင်္ဂါးများ စသည်တို့ ထည့်နိုင်ပြီး နေရာလွတ်လက်စွပ် အပြင်တွင် ရေတွက်မည် ဖြစ်သည်။ နှစ်ဖက်လုံး ဒယ်ပြားနေရာသို့ ဝင်ရောက်ပြီးနောက် ချိန်ခွင်သည် နှစ်ဖက်စလုံးမှ တင်ပြသော ရတနာများ၏ ကြွယ်ဝမှုတန်ဖိုးကို ပြသမည် ဖြစ်ကာ တိုင်းတာ နှိုင်းယှဉ်နိုင်မည် ဖြစ်သည်။ အချိန်ကန့်သတ်ချက်မှာ ၁၀မိနစ် ဖြစ်ပြီး တင်ထားသော ပစ္စည်းများကို ပြန်လည် ထုတ်ယူ၍ မရနိုင်ပေ။ ပြင်ပလူများအား ရတနာများကို တိုက်ရိုက် ပြသခြင်း မရှိသော်လည်း ချိန်ခွင်၏ မှန်ကန်မှုက အကြွင်းမဲ့ ဖြစ်သည်။ ရှုံးနိမ့်သူ၏ ကြွယ်ဝမှုသည် အခြားတစ်ဖက်သို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်သည်။
နဂါးများ၏ စိတ်အားထက်သန်စွာ ကြည့်ရှုနေသော အကြည့်များအောက်တွင် ချန်လွေ့နှင့် စတန်ဝဲလ်တို့ ချိန်ခွင် ဒယ်ပြားများပေါ်သို့ ပျံတက်သွားကြပြီး ပျောက်ကွယ် သွားကြသည်။
စတန်ဝဲလ်၏ခွက် တောက်ပလာခဲ့ပြီး ကြွယ်ဝမှုကို ကိုယ်စားပြုသော အရောင်သည် အစိမ်းရောင်မှ အပြာရောင်၊ ထို့နောက် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် တောက်ပသော ရွှေရောင်သို့ ပြောင်းလဲ သွားခဲ့သည်။ ချိန်ခွင်က စတန်ဝဲလ်ဘက်သို့ လုံးဝ စောင်းသွား ခဲ့လေသည်။
နဂါးများ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ ထိုအရောင်သည် မည်သည့်အရာကို ကိုယ်စားပြုသည်ကို လူတိုင်းသိကြသည်။ စတန်ဝဲလ်သည် သူ၏ ပိုင်ဆိုင်မှု အားလုံး လောင်းခဲ့သည်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ပေ။ မနေ့က အရှက်ရခဲ့သော ထိုအကြီးအကဲက ထင်ထားသည့်အတိုင်းပင် ပြုလုပ်ခဲ့လေသည်။
ထိုအချိန် ချိန်ခွင် ပြန်ရွေ့လာခြင်းကြောင့် နဂါးများ ဆူညံသွားခဲ့သည်။ ချန်လွေ့ဘက်သို့ အမှန်တကယ် စောင်းသွား၏။ လူတိုင်းက ခွက်သည် သက်တံရောင် ပြောင်းလဲကြောင်း မြင်နေရပြီး တစ်ခါမှ မတွေ့ဖူးသော အရောင် ဖြစ်သည်။
နေရာလွတ် နှစ်ဖက်လုံးက တစ်ဦးနှင့်တစ်ဦး၏ ချိန်ခွင်ကို မြင်တွေ့နိုင်ခဲ့ကြပြီး စတန်ဝဲလ်ကို တုန်လှုပ်စေခဲ့သည်။ မူလက ယမန်နေ့ လောင်းကစား သဘောတူညီချက်အရ ချန်လွေ့ကို ရှုံးနိမ့်ပြီးနောက် မာရီယာအား လူသိရှင်ကြား တောင်းပန်ပြီး ပိုင်ဆိုင်မှုအားလုံးကို သူ လျော်ကြေးပေးရမည် ဖြစ်သည်။ နောက်ပိုင်းတွင် နဂါးဧကရာဇ် ပါဂရစ်ဇ်က ကြားဝင်စေ့စပ် ပေးခဲ့ရာ လူသိရှင်ကြား တောင်းပန်မှုကို ရှောင်ရှားနိုင်ခဲ့ပြီး စတန်ဝဲလ်အား ကိုယ်စားလှယ်အဖြစ် ကြွယ်ဝမှုချိန်ခွင် စမ်းသပ်မှုတွင် ပါဝင်ခွင့်ပေးခဲ့သည်။ စတန်ဝဲလ် ရှုံးနိမ့်ပါက သူ၏ ပိုင်ဆိုင်မှုအားလုံးကို လက်ဆောင်အဖြစ် ပေးဆောင် ရမည် ဖြစ်ပြီး အနိုင်ရပါက များစွာသော ငွေကြေးကို ရရှိမည်ဖြစ်သည်။ ချန်လွေ့အား နဂါးများ၏ လက်ဆောင်ငွေ နှစ်ဆ ပေးဆောင်စေမည်ဖြစ်ရာ ၎င်းသည် သူ၏ ဒေါသကို ဖြေဖျောက်ရာလည်း ရောက်ပေသည်။ မည်သို့ပင် ဆိုစေကာမူ စတန်ဝဲလ်သည် ပါဂရစ်ဇ်၏ တိုက်ရိုက်မျိုးဆက် ဖြစ်ပြီး နဂါးဧကရာဇ်တွင် သူ့ကို နှစ်သိမ့်ပေးနိုင်သော နည်းလမ်းများ ရှိပေသည်။
ယနေ့ အနိုင်ရမည်ဟု ယုံကြည်ခဲ့သော စတန်ဝဲလ်မှာမူ ထပ်မံ၍ မမျှော်လင့်ဘဲ ဝမ်းနည်းနေရသည်။
သက်တံရောင် အလင်းကို မြင်တွေ့ရသောအခါ စတန်ဝဲလ်၏ မျက်နှာ တုန်ယင်သွားခဲ့သည်။ သူ အံကြိတ် လိုက်ပြီးနောက် လက်ထဲတွင် ရွှေလက်စွပ်တစ်ကွင်း ထွက်ပေါ်လာသည်။ ချိန်ခွင်၏ ရွှေရောင်သည် ရုတ်တရက် ရွှေအိုရောင်သို့ ပြောင်းလဲသွားပြီး နဂါးများကို အံံ့သြသွားစေ ပြန်သည်။ သို့သော် ထိုတစ်ခေါက်တွင် နဂါးများ အံ့အားသင့် ခဲ့ကြသည်မှာ စတန်ဝဲလ်၏ ချိန်ခွင်မှာ ရွှေအိုရောင်သို့ ပြောင်းလဲသွား သော်လည်း ချိန်ခွင်တစ်ခုလုံး ချန်လွေ့ ဘက်သို့ စောင်းနေဆဲ ဖြစ်နေ၍ပင်။
စတန်ဝဲလ် ချွေးစေးများ ပျံလာသည်။ သူ တုန်ယင်စွာဖြင့် ငွေရောင် ဓားမောက်ရှည် နှစ်လက်ကို ထုတ်လိုက်သည်။ ချိန်ခွင်၏ ရွှေအိုရောင်သည် အနည်းငယ် ပို၍ နက်သွား သော်လည်း စောင်းနေခြင်းမှာ မပြောင်းလဲပေ။
ထိုရလဒ်က စတန်ဝဲလ်ကို မျှော်လင့်ချက် မဲ့သွားစေ၏။ သူ ထိုနေရာတွင် ကြက်သေသေနေပြီး ၁၀မိနစ် အချိန်ကုန်ခါနီး သတိပေးချက်ကိုပင် သတိမထားမိခဲ့ပေ။ အချိန်ကုန်ဆုံး ပြီးနောက် သူ ပြန်လည် ပို့ဆောင်ခံရမှသာ အကြီးအကဲ သိဒ္ဓိနဂါးက သတိပြန်ဝင်လာခဲ့သည်။ လက်ဗလာကို ကြည့်ကာ သူက ထိုနေရာတွင်ပင် မေ့လဲသွားတော့သည်။
အခြားတစ်ဖက်ရှိ နေရာလွတ်ထဲတွင် ချန်လွေ့သည် ဘေးတွင်ရှိသော မရေမတွက်နိုင်သည့် ဒင်္ဂါးများ၊ ရှေးဟောင်း ပစ္စည်းများနှင့် ကြွယ်ဝမှုများကို ကြည့်ရင်း ပါးစပ် နားရွက် တက်ချိတ်မတတ် ပြုံးနေလေသည်။ သူက သိုလှောင်ဂိုဒေါင်ကို အလျင်အမြန် အသုံးပြုပြီး တစ်ခုပြီးတစ်ခု စုဆောင်းခဲ့သည်။
အမှန်တကယ်တွင် ချန်လွေ့ မည်သည်မှမလုပ်ခဲ့ပေ။ သူသည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၊ ကြယ်ကြွေတမန်ဓား၊ အမျက်ဘုရင်ချပ်ကာနှင့် နတ်ဆိုးဒိုင်းတို့ကို ထုတ်ယူခဲ့သည်။ သက်တန့်ရောင် အလင်းနှင့် ချိန်ခွင် စောင်းသွားသည်ကို မြင်သောအခါ ကျက်သရေမျှော်စင်ကို ထည့်ရန် စီစဉ်ခဲ့သော ချန်လွေ့က ချက်ချင်း တည်ငြိမ်သွားခဲ့သည်။ ထိုပစ္စည်းများမှာ အဆောင်ပစ္စည်း-ယောင်များကဲ့သို့ ထင်ရသော်လည်း ၎င်းတို့က ဒဏ္ဍာရီထဲမှာ အန္တိမ အဆောင်ပစ္စည်း တစ်မျိုးမျိုး၏ အစိတ်အပိုင်းများဖြစ်ရာ တန်ဖိုးကို အမှန်ပင် မရေမတွက်နိုင်ပေ။
နဂါးများ၏ အကြီးအကဲတစ်ဦး ဖြစ်သော စတန်ဝဲလ်က အလွန် ကြွယ်ဝပေလိမ့်မည်။ ထိုအတောအတွင်း ချန်လွေ့ ရှုံးနိမ့်ခဲ့လျှင်ပင် စတန်ဝဲလ်သည် ထိုပစ္စည်းများကို သူနှင့်အတူ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။ အလွန်ဆုံး ချန်လွေ့သည် လက်ဆောင်ငွေကိုသာ လျော်ကြေးပေးရမည် ဖြစ်သည်။
လူသားသည် ကြွယ်ဝမှုချိန်ခွင်မှ ပြုံးရယ်လျက် ထွက်လာသည်ကို မြင်သောအခါ နဂါးအားလုံး အံ့အားသင့် ခဲ့ကြသည်။ ထိုလူသည် စတန်ဝဲလ်ကို အနိုင်ရခဲ့ပြီး ယခု လူတိုင်း လက်ဆောင်ငွေ နှစ်ဆ ပေးရတော့မည် ဖြစ်သည်။
မာရီယာနှင့် စပန်တို့ ရယ်လိုက်ကြသည်။ အထူးသဖြင့် ယောက္ခထီး နတ်သူငယ်ဘုရင်ပင် ဖြစ်သည်။ သားမက်သည် ထိုတစ်ကြိမ်တွင် သူတို့အား ဂုဏ်ယူစေခဲ့သည်။ သူသည် ယခင်က စပန်ထက် အတော်လေး အစွမ်းထက်ခဲ့လေသည်။
နောက်ကိုယ်စားလှယ်မှာ မိန်းကလေးတစ်ဦး ဖြစ်သည်။ ထိုမိန်းကလေးသည် နူးညံ့သိမ်မွေ့ပြီး လှပသော ရုပ်ရည် ရှိသော်လည်း ခါးခါးသီးသီး ဒေါသထွက်နေပုံရသည်။ သူက စတန်ဝဲလ်၏ ညီမ လော်ရိန်း ဖြစ်လေသည်။
ချန်လွေ့သည် ထိုမိန်းကလေး၏ ဒေါသကို လုံးဝနားလည် နိုင်ခဲ့သည်။ သူ၏ အစ်ကို စတန်ဝဲလ်၏ ကံကြမ္မာကို အနိုင်ရခဲ့သည်ဖြစ်စေ၊ နဂါးများက တိတ်တဆိတ် ပျံ့နှံ့နေသော ‘ယောက်ဖ’ ဟူသော အမည်ကြောင့်ဖြစ်စေ ညီမ လော်ရိန်း ဒေါသထွက်ရန် အကြောင်းပြချက်ကောင်းများ ရှိပေသည်။
ညီမ လော်ရိန်းသည် အစ်ကိုဖြစ်သူ၏ နတ်ဘုရားတစ်ပိုင်း အဆင့်စွမ်းအားပင် ထိုလူသားနှင့် မယှဉ်နိုင်သည်ကို သိရှိ ထားသောကြောင့် သူ အကောင်းဆုံး လုပ်နိုင်သည့်အရာ ဖြစ်သော ရှေးဟောင်းမှော်ဖဲချပ် ကစားနည်း ဖြစ်သည့် ‘ကြမ္မာတိုက်ပွဲ’ကို ရွေးချယ်ခဲ့လေသည်။
နောက်ဆုံးတွင် ညီအစ်ကို မောင်နှမနှစ်ယောက်လုံး အတူတကွ ဝမ်းနည်းနေကြရတော့သည်။
အဝေးမှ ဇိုလာနှင့် အစ်ဇဘယ်လာတို့၏ မျက်လုံးများ အောက်တွင် ချန်လွေ့သည် လုံးဝ မသက်ညှာရဲပေ။ သူသည် လျင်မြန်သော နည်းဗျူဟာများကို အသုံးပြု၍ ၁၀မိနစ်အတွင်း ညီမ လော်ရိန်းကို ၃ ကြိမ်ဆက်တိုက် အနိုင်ယူခဲ့ပြီး သနားစရာ ကောင်းသော သိဒ္ဓိနဂါးမိန်းကလေးကို ချက်ချင်းနီးပါး အနိုင်ယူခဲ့သည်။ သူက မည်သည့် ရှုပ်ထွေးမှု သို့မဟုတ် မြူဆွယ်မှုမှမရှိဘဲ စမ်းသပ်မှုကို သပ်ရပ်စွာ အောင်မြင်ခဲ့၏။
စိတ်ဝင်စားစရာ ကောင်းသော အပိုင်းမှာ နောက်ဆုံး စမ်းသပ်မှု ဖြစ်ပြီး မင်္ဂလာပွဲ၏ အကြီးဆုံး ‘ဒုက္ခသည်’ ဖြစ်သူ ဇိုလာ၏ စေ့စပ်ထားခဲ့သော ခါရူက စင်ပေါ်သို့ တက်ရောက် လာခြင်း ဖြစ်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး… ဆာ-ရစ်ချက်၊ ကျုပ်… ကျုပ်…”
ကြောက်ရွံ့နေသည့် ‘လှပသော’ အချောလေးကို ကြည့်ရင်း ချန်လွေ့ ကူကယ်ရာ မဲ့နေသော ခံစားချက်ကို ရရှိခဲ့သည်။ ထိုစမ်းသပ်မှုက ခက်ခဲလောက်တယ်။ ငါတို့ ဘာပြိုင်မှာလဲ။ ပန်းထိုးတာလား။ အချုပ်အလုပ်လား။ ပေါက်ကရတွေ....
ခါရူ တစ်ခုခု ပြောတော့မည့်အချိန်တွင် နတ်မိမယ်နဂါးက နောက်ကွယ်မှ အနည်းငယ် ချောင်းဆိုးလိုက်ပုံရသည်။
အချောလေး၏ တင်းမာနေသော အာရုံကြောများ လှုပ်ယမ်း သွားသလို ဖြစ်သွားပြီး သူ ရုတ်တရက် တုန်ယင်သွားခဲ့သည်။ သူ၏ စကားသည် အဆပေါင်းများစွာ ပိုမို ချောမွေ့လာခဲ့သည်။ “ဆရာ ရစ်ချက်၊ ကျုပ် ဘာမှ ပြဿနာမရှိပါဘူး။”
“ကျေးဇူးတင်ပါတယ်” ချန်လွေ့ သက်ပြင်းချလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ပါဘူး။ ကျုပ်ကသာ ဆာ့ကို ကျေးဇူးတင်ရမှာပါ။” အချောလေးက ကြောက်ရွံ့စွာ နောက်ပြန် လှည့်ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည်။
နတ်မိမယ်နဂါးကို ငါ လက်ထပ်လိုက်လို့ ဒုက္ခကနေ လွတ်မြောက်စေခဲ့လို့ ကျေးဇူးတင်တာလား။
အချစ်လေး ဇိုလာက ဒီကလေးလေးရဲ့ စိတ်ကို ဘယ်လောက်တောင် ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ....
ချန်လွေ့သည် ခါရူကို ပြုံးပြပြီး နဖူးမှ ချွေးများကို သုတ်ကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
“ခင်ဗျား… ခင်ဗျားက လူကောင်းတစ်ယောက်ပါ။”
ချန်လွေ့၏ ခန္ဓာကိုယ်သည် အချောလေး၏ နောက်ကွယ်မှ ချီးကျူးသံကြောင့် တုန်လှုပ်သွားခဲ့ပြီး အချို့သော ‘သခင်။ လူကောင်း။ တကယ် ခန့်ညားတယ်’ ဟူသော အားပေးသံကြောင့် လုံးဝ ဟန်ချက်ပျက်ကာ လဲကျတော့မလို ဖြစ်သွားခဲ့ရသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ကာ အခမ်းအနား စင်ပေါ်သို့ တက်လှမ်းလာခဲ့သည်။
ယနေ့ ဇိုလာနှင့် အစ်ဇဘယ်လာတို့ နှစ်ဦးစလုံး နဂါးများ၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြရာ ကြော့ရှင်းပြီး ခမ်းနားကာ အထူးဆွဲဆောင်မှု ရှိနေကြသည်။
ချန်လွေ့သည် မာရီယာနှင့် စပန်တို့အား အရိုအသေပြုပြီး သတို့သမီးနှစ်ဦး၏ လက်များကို ဆွဲကိုင်ကာ ပါဂရစ်ဇ် ဘက်သို့ လျှောက်သွားခဲ့ကြသည်။
မင်္ဂလာပွဲ သက်သေဖြစ်သော နဂါးဧကရာဇ်သည် လက်ချင်းချိတ်ကာ လျှောက်လာကြသော သတို့သား သတို့သမီး သုံးဦးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးသည် ‘ကျုပ် ခင်ဗျားကို မသိဘူး’ ဟူသော မျက်နှာထား ရှိနေသည့် အဆိပ်နဂါးတစ်ကောင်ကို ဖြတ်ခနဲ ကြည့်လိုက်ပြီးနောက် သဘောပေါက်သော အပြုံးမျိုး ပြသလိုက်ကာ မင်္ဂလာပွဲ ကျမ်းသစ္စာကို စတင် ဖတ်ကြားတော့သည်။