အခန်း (၄၅၁)
Vol. 31 Ch. 451
Chapter-451
အင်ပါယာအဆင့် ကြီးကြပ်သူက ဆက်လက်ပြီး
“ ဧည့်သည်တော်…ပြောရမယ်ဆိုရင် ဒီ ဓားကျင့်စဉ်က ဒီနေ့ လေလံပွဲမှာ ထင်ရှားတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်… ကြမ်းခင်းဈေးကို တာအိုအရင်းအမြစ် (၅၀၀)ဂျင် ထားဖို့ ဆုံးဖြတ်ထားတယ်.. တစ်ကြိမ် ဈေးတိုးတိုင်း တာအိုအရင်းအမြစ် အနည်းဆုံး (၁၀၀)ဂျင်က စပါမယ်… လေလံစံအိမ်က ရောင်းရငွေရဲ့ (၁) ရာခိုင်နှုန်းကိုပဲ အခကြေးအနေနဲ့ ယူသွားမှာပါ…”
ရွှမ်ယီ ခေါင်းညိတ်ပြလိုက်၏။ ထိုဈေးက တော်တော်လေး မျှတသည်။
အင်ပါယာအဆင့် ကြီးကြပ်သူက ရွှမ်ယီအား အလွန်စိတ်၀င်စားနေ၏။
လေလံပွဲစကာနီးမှ ဓားကျင့်စဉ်အား ထုတ်ရောင်းပုံကို ထောက်ချင့်ကြည့်လျှင် ပါလာသော တာအိုအရင်းအမြစ်များ မလုံလောက်ဟန်ရသည်။
ဤသို့တွေးလိုက်မိပြီး ချက်ချင်း
“ တစ်ယောက်ယောက် ခဏလာဦး… ရုံခန်းထဲသွားပြီး ငါ့တံဆိပ်ပြား ယူချည်…”
တံခါးနား၌ စောင့်နေသော ၀န်ထမ်းတစ်ယောက် ရှေ့တိုးလာပြီး ဦးညွှတ်ကာ နားလည်ပြီဖြစ်ကြောင်း ပြောလိုက်သည်။
တခဏကြာပြီးနောက် ထိုတပည့် တံဆိပ်ပြား ပြန်ယူလာပြီး အင်ပါယာအဆင့် အကြီးအကဲထံ ပေးလိုက်၏။
အင်ပါယာအဆင့် အကြီးအကဲက ရွှမ်ယီအား နွေးထွေးစွာ ပြုံးပြလိုက်ပြီး လက်ထဲမှာ တံဆိပ်ပြားအား ကမ်းပေးလိုက်ကာ
“ ဧည့်သည်လေလံတင်ခဲ့တဲ့ ဓားကျင့်စဉ်ရဲ့ ကြမ်းခင်းဈေးက တာအိုအရင်းအမြစ် ဂျင်(၅၀၀)ပါ…”
“ ကျုပ်တို့ လေလံစံအိမ်ရဲ့ စည်းကမ်းတွေအရဆိုရင် ဧည့်သည်တော် အနေနဲ့ စုစုပေါင်း ဂျင်(၁၀၀၀)မကျော်တဲ့ ပစ္စည်းတွေ၀ယ်ယူဖို့ ဒီတံဆိပ်ပြားကို သုံးနိုင်ပါတယ်… လေလံပွဲပြီးရင် ဓားကျင့်စဉ်ရောင်းရငွေထဲက ပြန်နှုတ်ယူသွားမှာပါ….”
ထိုစကားအားကြာလျှင် နံဘေးမှ ၀န်းထမ်း မိန်းကလေး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
သူမက ဤနေရာ၌ ၀န်ထမ်းဖြစ်နေသည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီးဖြစ်ပြီး လေလံစံအိမ်မှ ထိုစည်းမျဉ်းအကြောင်းကို သူမလည်း သိထား၏။
သို့သော် အမြဲတမ်းပေးခဲ့သည်မှာ ကြမ်းခင်ဈေး၏ တစ်၀က်မျှသာဖြစ်သည်။
အင်အားစုကြီးများမှ အကြီးအကဲများ နှင့် မြင့်မြတ်သားတော် သမီးတော်များအတွက်လည်း အတူတူဖြစ်ပြီး မပြောင်းလဲပေ။
သို့သော် ယခုတွင် သူမရှေ့မှ မြင့်မြတ်သားတော်အား အကြီးအကဲက နှစ်ဆတိတိ အခွင့်အရေးပေးနေခဲ့သည်။
ထိုသို့ တွေးလိုက်ပြီးနောက် သူမအတွေးများ ပို၍ ပူလောင်လာခဲ့၏။
ရွှမ်ယီကမူ ထိုစည်းမျဉ်းများနှင့် မရင်းနှီးပေ။ ထို့ကြောင့် ကြီးကြပ်သူ အဘိုးအို သူ့အား အလွန်မျက်နှာသာပေးခဲ့ကြောင်းလည်း မသိချေ။
အနည်းငယ် အံ့ဩသွားရုံသာရှိ၏။
ထို တံဆိပ်ပြားကြောင့် သူ့ပြသနာများ ပြေလည်သွားတော့မည်။
ထို့ကြောင့် မငြင်းပဲ လက်ခံထားလိုက်သည်။
ရွှမ်ယီ တံဆိပ်အားလက်ခံလိုက်သည့်နှင့် ကြီးကြပ်သူ အဘိုးအိုလည်း ၀န်ထမ်း မိန်းကလေးအား ခေါ်ပြီး ထွက်ခွာသွားတော့၏။
ရွှမ်ယီကဲ့သို့ ဧည့်သည်အား ထိုမိန်းကလေးအနေဖြင့် ဧည့်ခံရန် အဆင့်မမှီချေ။
၀န်ထမ်းမိန်းကလေး မလိုလားသော်လည်း ဘာမှမတတ်နိုင်သည်ဖြစ်ရာ မကျေမနပ်ဖြင့် တွန့်ဆုတ်စွာ ထွက်လာခဲ့သည်။
ကြီးကြပ်သူကမူ ထိုနေရာတွင် အလွန်လှပသော မိန်းကလေးနှစ်ဦးဖြင့် အစားထိုးလိုက်၏။
၎င်းတို့က ရွှမ်ယီအား ပထမတန်းစား ဧည့်သည်အဖြစ် သတ်မှတ်ပြီး လိုလေသေးမရှိအောင် ပြုစုပေးကြသည်။
လေလံစံအိမ်တွင် သီးသန်းခန်းများက ပုံမှန်ထိုင်ခုံများ အထက်ဘက်အခြမ်း၌ ရှိနေခဲ့ပြီး အပြင်မှလူများ အတွင်းသို့မမြင်ရပေ။ သို့သော် အတွင်းဘက်မှမူ အပြင်သို့ ရှင်းလင်းစွာ မြင်နိုင်၏။
အချိန် အနည်းငယ်ခန့် ကြာသွားပြီးနောက် လေလံပွဲ စတင်ချေပြီ။
ရွှမ်ယီထံသို့ ရောက်လာခဲ့သော ကြီးကြပ်သူ အဘိုးအိုက ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလွန်လှပသည့် အမျိုးသမီးတစ်ဦးနှင့် ယှဉ်တွဲလျက် လေလံစင်မြင့်ထက်သို့ တက်လာခဲ့သည်။
ပထမဆုံး လေလံတင်မည့်ပစ္စည်းကို လေလံပွဲရောက်လာသူများအား အသိပေးထားခြင်းမရှိချေ။
ထို့ကြောင့် ခန်းမအတွင်းလေထုက ဆန်းကြယ်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
ပစ္စည်းအား ထုတ်ပြလိုက်သည်နှင့် ခန်းမအတွင်း ချီးကျူးသံများ ပြည့်နှက်သွား၏။
ရွှမ်ယီလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။
“ တကယ်ပဲ နတ်ဆိုးအင်ပါယာတစ်ယောက်ရဲ့ အရိုးလား…”
“ (၁၀)နှစ်တစ်ကြိမ် ကျင်းပတဲ့ လေလံပွဲဆိုတဲ့အတိုင်း ပါပဲလား… အဖွင့်မှာတင် ဒီလို ရှားပါးတဲ့ ရတနာတစ်ခု ထွက်ပေါ်လာပြီ…”
“ နတ်ဆိုးအင်ပါယာ အရိုးဆိုတာ ရဖို့အရမ်း ခဲယဉ်းလွန်းတယ်… နှစ်သန်းနဲ့ချီကြာမှ တစ်ကြိမ်ပေါ်လာတတ်တာ.. အဲ့တာတွေထဲမှာ နတ်ဆိုးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ကျင့်ကြံတဲ့ လျှို့ဝှက်ချက်တွေ ပါ၀င်တယ်… အဲ့တာ တကယ့်အစစ်အမှန်အရိုးဆိုရင် ခန္ဓာကိုယ်ကို ကျင့်ကြံဖို့နဲ့ နတ်တန်ခိုး စွမ်းရည်ကို နားလည်ဖို့ အသုံးပြုလို့ရတယ်…”
ခန်းမအတွင်းမှ လူများ အဆက်မပြတ် ဆွေးနွေးနေကြ၏။
ရွှမ်ယီ၏ မျက်၀န်းများ အနည်းငယ် မှေးကျဉ်းသွားခဲ့သော်လည်း တခဏအကြာတွင် အကြည့်များအား ပြန်လည် ရုတ်သိမ်းလိုက်သည်။
၎င်းက ထူးခြားသော်လည်း အစစ်အမှန် နတ်ဆိုးအရိုးတော့မဟုတ်ချေ။ အင်ပါယာအဆင့် နတ်ဆိုးတစ်ကောင်၏ အကြွင်းအကျန်မျှသာ။
ထို့အပြင် ၎င်းအဆင့်က သိပ်မမြင့်နိုင်ပေ။ စတုတ္ထု အတိဒုက္ခအဆင့်လောက်သာရှိနိုင်၏။
၎င်းမှ ထိုးထွင်းသိမြင်မှု တစ်ချို့ရရှိနိုင်သော်လည်း နတ်တန်ခိုး စွမ်းရည်အဆင့်တော့ မရောက်နိုင်ချေ။
ကွာဟချက်က ကြီးမားလွန်းသည်ဖြစ်ရာ ၎င်းအား လေလံပြိုင်ဆွဲရန် စိတ်မ၀င်စားတော့ချေ။
ကျင့်ကြံမှု မြင့်တက်လာသည်နှင့် အမျှ ရွှမ်ယီ၏ ဗဟုသုတ အသိအမြင်များလည်း လိုက်ပါကျယ်ပြန့်လာခဲ့သည်။
နတ်တန်ခိုးစွမ်းရည်…!
၎င်းက ပထမ အတိဒုက္ခအင်ပါယာအဆင့်ထက် မြင့်သော သူများသာ အသုံးပြနိုင်သော တိုက်ခိုက်ရေး စွမ်းရည်မျိုးဖြစ်၏။
ထို့အပြင် နတ်စွမ်းအား( Divine power) ဖြင့် အသုံးပြုနိုင်သော တိုက်ခိုက်ရေး နည်းလမ်းများက အလွန်နက်နဲပြီး သာမန်သိုင်းပညာများထက် အဆပေါင်းများစွာ သာလွန်သည်။
ထို့ကြောင့် ၎င်းအား နတ်တန်ခိုးစွမ်းရည်ဟု ခေါ်ဆိုခြင်းဖြစ်၏။
နတ်တန်ခိုးစွမ်ရည်များအား အဆင့်(၃)ဆင့် ခွဲခြားထားသည်။
အဆင့်နိမ့် နတ်တန်ခိုးစွမ်းရည်…
အစစ်အမှန် နတ်တန်ခိုးစွမ်းရည်…
မဟာ နတ်တန်ခိုးစွမ်းရည်…
ဟူ၍ဖြစ်သည်။
အဆင့်နိမ့်နတ်တန်ခိုးစွမ်းရည်က ဒေသတစ်ခုအား အသာအယာ ဖျက်စီးနိုင်စွမ်းရှိ၏။
ကျင့်ကြံခြင်းအဆင့်တူလျှင်ပင် နတ်တန်ခိုးစွမ်းရည် ပိုင်ဆိုင်ထားသူက အပြတ်အသတ် အနိုင်ရနိုင်သည်။
မြင့်မြတ်ခြင်း မူလ လေလံစံအိမ်က ပျက်စီးနေသော မဟာနတ်တန်ခိုးစွမ်းရည် စာလိပ်တစ်ခုအားလေလံတင်ခဲ့ဖူးသည်။
ထိုလေလံပွဲက အရှေ့ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားသွားခဲ့၏။
နတ်တန်ခိုးစွမ်းရည်အကြောင်း ခွဲခြားပြရမည်ဆိုလျှင်
အဆင့်နိမ့် နတ်တန်ခိုးစွမ်းရည် - အဆင့်တူတွင် ပြိုင်ဘက်ကင်းဖြစ်နိုင်သည်။
အစစ်အမှန် နတ်တန်ခိုးစွမ်းရည် - ကိုယ့်ထက် အဆင့်မြင့်သူအား စိန်ခေါ်စွမ်းရှိသည်။
မဟာ နတ်တန်ခိုးစွမ်းရည် - အင်ပါယာအဆင့် ကျင့်ကြံသူအား တာအိုအရှင်သခင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေသည်။
သို့သော် မဟာနတ်တန်ခိုးစွမ်းရည်များမှာ အလွန်ရှားပါးလွန်းလှပြီး နှစ်ပေါင်း (၁)သန်းကျော်ကြာလျှင်တောင် တစ်ကြိမ် ပေါ်ထွက်လာရန် ခက်ခဲလွန်း၏။
အရှေ့ပိုင်းတိုက်ကြီး၌ပင် ၎င်းအား ပိုင်ဆိုင်ထားသည့် အင်အားစုများ (၁၀)ခုထက်မပိုချေ။
ထို အင်အားစုကြီးများ၌ပင် တင်းတင်းကြပ်ကြပ် နှင့် လုံခြုံအောင် သိမ်းဆည်းထားကြပြီး အင်ပါယာအဆင့်သို့ ရောက်ရှိလာသည့် အဓိက မျိုးဆက်များကိုသာ ကြည့်ခွင့်ပေးသည်။
သို့သော် ၎င်းအား ဓားရည်ရွယ်ချက် စွမ်အားနှင့် ယှဉ်မည်ဆိုပါက အထွတ်အထိပ် အဆင့်(၆) ဓားရည်ရွယ်ချက်နှင့်သာ ယှဉ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ရွှမ်ယီအနေဖြင့် ၎င်းအား သိပ်ပြီး စိတ်မ၀င်စားချေ။
သို့သော် လေလံခန်းမ အတွင်းမှလူများကမူ ရွှမ်ယီ မဟုတ်ကြပေ။
၎င်းက အရိုးတစ်ခုမျှသာဖြစ်ပြီး လေ့လာရန်ခက်ခဲသော်လည်း ကျန်အရိုးများနှင့် တွဲဖက်ပြီး နတ်တန်ခိုးစွမ်းရည်တစ်ခုအား ဖော်ထုတ်နိုင်စွမ်းရှိသည်။
ဤသို့ဖြင့် လေလံခန်းမအတွင်းရှိ လေထုက တဖြည်းဖြည်း ပူလောင်လာ၏။
ထို အရိုး၏ ကြမ်းခင်ဈေးက တာအိုအရင်းအမြစ် (၁၀)ဂျင်မျှသာဖြစ်သော်လည်း အရှေ့ပိုင်းတိုက်ကြီးမှ လူတစ်ယောက်က နောက်ဆုံးဈေး တာအိုအရင်းအမြစ် (၁၂၀)ဖြင့် ၀ယ်ယူသွားခဲ့သည်။
( Note- အရှေ့အပိုင်းမှာ Note တစ်ခု ရေးခဲ့ပါတယ်။ ကြည့်ရတာ ကျနော်နားလည်မှုလွဲသွားတယ်ထင်တယ် ။ တိမ်ကျောက်စိမ်း တာအိုအရင်းအမြစ်ဂျင် (၅၀)က ဈေးအမှန်ပါ ။ ရွှမ်ယီ ကိုယ်တိုင်က မွဲနေတာ ။ အရှေ့ပိုင်းတိုက်ကြီးက တောင်ပိုင်းတိုက်ကြီးထက် အများကြီး ချမ်းသာပြီး အဖက်ဖက်က အဆင့်မြင့်ပါတယ် )