အခန်း (၄၅၂)
Vol. 31 Ch. 452
Chapter-452
ထိုအချင်းအရာက သူရောင်းချရန် ပေးထားခဲ့သည့် ဓားကျင့်စဉ်နှင့် ပတ်သက်ပြီး ရွှမ်ယီ စိတ်၀င်စားလာ၏။
ကောင်းကင်ဘုရင်အဆင့် မြင့်မြတ်သားတော် သမီးတော်များက အနည်းဆုံး ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေကြပြီဖြစ်ပြီး ၎င်းတို့ ကျင့်စဉ်များအား ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။
သို့သော် လေလံပွဲသို့ ရောက်လာကြသူများ၌ လူငယ် မျိုးဆက်များချည်းသာမဟုတ်ပေ။
အင်အားစုကြီးများစွာမှ အကြီးအကဲများ ပါ၀င်နေ၏။
ကနဦး ဓားရည်ရွယ်ချက်အား နားလည်နိုင်သည့် ဓားကျင့်စဉ်က ၎င်းတို့ မျိုးဆက်သစ်များအတွက် အလွန်ကောင်းမွန်လှသည်ဖြစ်ရာ ယှဉ်ပြိုင်၀ယ်ယူစရာ တစ်ခု ဖြစ်လာပေလိမ့်မည်။
ရွှမ်ယီ သီးသန့်ခန်းအတွင်း၌ ငြိမ်သက်စွာထိုင်နေခဲ့ပြီး သူလိုအပ်သော ဆေးပင်များ အလှည့်ရောက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။
လိုနေသော ဆေးပင်များ အလှည့်ကျလာတိုင်း လေလံ၀င်ဆွဲခဲ့သည်။
ထိုဆေးပင်များက တောင်းပိုင်းတိုက်ကြီး၌ အလွန်ရှားပါးလွန်းသော်လည်း ယခုရောက်နေသည့် အရှေ့ပိုင်းတိုက်ကြီး တောင်ပိုင်းနယ်မြေတွင် ပျက်စီးခြင်း နယ်မြေကြီးရှိကာ ထိုနေရာ၌ ဆေးပင်များ အလွန်ပေါများသည်ဖြစ်၍ သိပ်ပြီး အဖိုးတန်ခြင်းမရှိတော့ချေ။
စတင်ဈေးများက (၁၀) (၂၀) ပတ်၀န်းကျင်ဖြစ်ပြီး အဆင့်မြင့် အဆင့်(၆) ဆေးပင်များအတွက်ပင် နောက်ဆုံးဈေးနှုန်းက တာအိုအရင်းအမြစ် ဂျင် (၁၀၀)မျှသာဖြစ်၏။
ဈေးစခေါ်သည်နှင့် ရွှမ်ယီက (၂)ဆ (၃)ဆ တင်ပစ်လိုက်လေ့ရှိသည်။
ဤသို့ဖြင့် မည်သူမှ ဈေးထပ်တိုးပေးခြင်းမရှိသလို ရွှမ်ယီလည်း အလွယ်တကူ ၀ယ်ယူနိုင်ခဲ့သည်။
“ တိမ်ကျောက်စိမ်းပုလဲပဲ ကျန်တော့တယ်…”
နောက်ဆုံးတွင် ပစ္စည်းအများအပြားအား လေလံတင်ရောင်းချခဲ့ပြီးချေပြီ။
ညှို့ငင်နိုင်စွမ်းအပြည့်ဖြင့် အမျိုးသမီးက အသာအယာရယ်မောလိုက်ပြီး လှပသော သေတ္တာအတွင်းထည့်ထားသော တိမ်ကျောက်စိမ်းပုလဲအား ထုတ်ယူလိုက်သည်။
သူမ၏ သွယ်လျကာလှပသော ခါးအား ယိမ်းနွဲ့ပြီး လမ်းလျှောက်လိုက်လျှင် လေလံခန်းမအတွင်းမှ မျက်လုံးတော်တော်များများ ပူလောင်လာခဲ့၏။
သို့သော် တိမ်ကျောက်စိမ်းပုလဲထွက်ပေါ်လာသည်နှင့် ၎င်းတို့အာရုံများက တိမ်ကျောက်စိမ်းပုလဲပေါ်သို့သာ ကျရောက်သွားတော့၏။
“ ဒါကတော့ တိမ်ကျောက်စိမ်းပုလဲပဲဖြစ်ပါတယ်… ဒီရတနာရဲ့ ရှားပါးမှုကိုကတော့ အထူးတလည် ပြောပြနေစရာ မလိုလောက်ဘူးထင်တယ်… ဒါက အဆင့် (၆) လျှို့ဝှက်ရတနာတစ်ခုပဲဖြစ်တယ်ဆိုပေမယ့် အဆင့် (၆) ရတနာတွေထဲမှာတောင်မှ တစ်ကြိမ်ရှာတွေ့ဖို့ တော်တော်လေးခက်ခဲတယ်ဆိုတာ အားလုံးသိကြမယ်လို့ထင်တယ်…”
“ ဟောဒီ တိမ်ကျောက်စိမ်းပုလဲက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် အပေါ်မှာ အရမ်းကောင်းမွန်တဲ့ သက်ရောက်မှုရှိပါတယ်… မှော်ဆေးဘုရင်တစ်ယောက်သာ ဒီအရာကို အရယူနိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးများသွားမှာ သေချာပါတယ်….”
ညှို့ငင်နိုင်စွမ်းကြီးမားသော အမျိုးသမီး၏ စကားများထဲတွင်လည်း နူးညံ့သိမ်မွေ့သော အရှိန်အဝါအနည်းငယ်ပါဝင်နေကာ လူတိုင်းအား စိတ်အားထက်သန်လာစေနိုင်စွမ်းရှိသည်။
လေလံခန်းမ အတွင်းမှ လေထုက ပို၍ ပူလောင်လာသည့်အလားပင်
“ တိမ်ကျောက်စိမ်းပုလဲရဲ့ ကြမ်းခင်းဈေးကတော့ တာအိုအရင်းအမြစ် ဂျင် (၅၀) ပဲဖြစ်ပါတယ်… တစ်ကြိမ်တိုးသွားတိုင်း အနည်းဆုံး တာအိုအရင်းအမြစ် (၁၀) ဂျင်တိုးသွားရပါမယ်…”
“ ဂျင် (၈၀)…”
သီးသန့်အခန်း နံပါတ် (၉) မှလူငယ်တစ်ယောက်၏ အသံထွက်ပေါ်လာခဲ့သည်။ ၎င်း၏ စကားသံက လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအပြည့်ဖြင့် ဖြစ်ကာ သူ၏ အချက်အလက်များအား တစ်ခါတည်းပြောပြလိုက်၏။
“ ကျုပ်နာမည်က ပိုင်ယွမ်မင်ပါ… ကျုပ်ဒီနေ့ ဒီပုလဲကို အရယူဖို့ ဆုံးဖြတ်ထားတယ်… ဘယ်သူကျုပ်နဲ့ ပြိုင်ပြီး ဈေးပေးဖို့ဆန္ဒရှိလဲမသိဘူး…”
ထို ပိုင်ယွမ်မင် ဆိုသည့်လူငယ်က မြောက်ပိုင်းလွင်ပြင်မှ မြင့်မြတ်သားတော်တစ်ယောက်ဖြစ်၏။ သူက မြောက်ပိုင်းလွင်ပြင်မှ နေ၍ သူ၏ တိုက်ခိုက်နိုင်စွမ်းများကို သက်သေပြရန်အတွက် တောင်ပိုင်းကောင်းကင်တံခါးသို့ ရောက်လာခဲ့သည်။
ပိုင်ယွမ်မင် တောင်ပိုင်းကောင်းကင်တံခါး၌ ရှိနေသည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး သူအလွန်အစွမ်းထက်ကြောင်း လူတိုင်းသိထားကြ၏။
စကားဆုံးသည်နှင့် ကျန်သီးသန့်ခန်းမများအတွင်းမှ လူများ တိတ်ဆိတ်သွားကြ၏။ မည်သူမှ ဈေးပြိုင်မပေးရဲကြချေ။
ထိုမြင်ကွင်းအား မြင်လိုက်လျှင် ပိုင်ယွမ်မင် ကျေနပ်စွာရယ်မောလိုက်၏။
သို့သော် မကြာမီ သူ့ရယ်သံများ ပြတ်တောက်သွားခဲ့ရသည်။
“ ပိုင်ယွမ်မင်… မင်း ဘယ်တုံးက ဒီလောက်ထိ မောက်မာလာတာလဲ… တကယ့် ဟာသပဲ…”
“ တာအိုအရင်းအမြစ် ဂျင်(၁၀၀)…!”
နောက်ထပ် မြင့်မြတ်သားတော် တစ်ဦးက ၀င်ပြောလိုက်၏။
လေလံခန်းမအတွင်း ဆူညံဆူညံနှင့် ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။
ထို ဈေးပေးလိုက်သူကလည်း မြောက်ပိုင်းလွင်ပြင်မှ လာခြင်းဖြစ်ကာ ၎င်းနောက်မှ အင်အားစုနှင့် ပိုင်ယွမ်မင်တို့ အင်အားစုက တစောင်းစေး နဲ့ မျက်ချေး အလားပင်။
ပိုင်ယွမ်မင်၏ မျက်နှာ အရောင်းမျိုးစုံ ပြောင်းသွားခဲ့သည်။
သူက တာအိုအရင်းအမြစ် ဂျင်(၁၀၀)ထက် ပိုမပေးနိုင်ခြင်းတော့မဟုတ်ပေ။ နောက်တွင် တခြားသော ပစ္စည်းကောင်းများ ကျန်နေသေး၏။
ထို့ကြောင့် တာအိုအရင်းအမြစ်များအား လက်လွတ်စပယ် အသုံးမပြုနိုင်ပေ။
ပိုင်ယွမ်မင်၏ နှုတ်ခမ်း တစ်လှုပ်လှုပ်ဖြစ်သွားခဲ့သော်လည်း ဆက်ပြီး ဈေးမခေါ်တော့ချေ။ သက်ပြင်းချကာ စိတ်ထိန်းပြီး ပြန်ထိုင်လိုက်တော့၏။
ထို့နောက်တွင် ဈေးထပ်ပေးသူ အနည်းငယ်ရှိလာခဲ့ပြီး မကြာမီ တာအိုအရင်းအမြစ် ဂျင်(၂၀၀)အထိ ရောက်သွားခဲ့သည်။
ထိုနေရာသို့ရောက်လျှင် ပြိုင်ဆိုင်မှုများ တဖြည်းဖြည်း နှေးကွေးလာ၏။
တိမ်ကျောက်စိမ်း ပုလဲက အလွန်အဖိုးတန်သည်မှန်သော်လည်း ၎င်း၏ ပြည့်စုံသော အကျိုးသက်ရောက်မှုများအား မှော်ဆေးပညာရှင်များသာ ထုတ်ဖော်နိုင်သည်။
ဤနေရာတွင် မှော်ဆေးတာအိုအား လေ့လာထားသူ တချို့ရှိနေသော်လည်း သိုင်းတာအို လေ့ကျင့်ရင်း အနည်းငယ်သာ လေ့လာထားသည်ဖြစ်ပြီး သိပ်ပြီး အဆင့်မမြင့်ကြချေ။
“ တာအိုအရင်းအမြစ် ဂျင်(၂၄၀)…!”
လေလံခန်းမအတွင်း ဈေးခေါ်မှုများ ကျဲပါးလာစဉ် သီးသန့်အခန်း နံပါတ်(၁) အတွင်းမှလူက ချက်ချင်း ဂျင်(၄၀) တိတိ ဈေးတိုးပေးလိုက်သည်။
အရှေ့ပိုင်းတိုက်ကြီးက စိတ်ဝိညာဉ်ချီများ ကြွယ်ဝပြီး ဥပဒေသစွမ်းအားများ မြင့်မားသော်လည်း တာအိုအရင်းအမြစ်များက အလွန်အဖိုးတန်နေဆဲပင်။
တောင်ပိုင်းကောင်းကင်တံခါးမှ တာအိုအရင်းအမြစ်များနှင့်ပတ်သက်ပြီး ဆုကြေးများ ထုတ်ထားသည်။
ကောင်းကင်ဘုရင်အဆင့် နတ်ဆိုးတစ်ကောင်အား သတ်ဖြတ်လျှင် တာအိုအရင်းအမြစ် ဂျင်(၁၀၀) ဆုကြေးရရှိမည်ဖြစ်ပြီး ပထမအတိဒုက္ခအဆင့် အင်ပါယာဆိုပါက တာအိုအရင်းအမြစ် ဂျင်(၁၀၀၀) ရရှိပေလိမ့်မည်။
၎င်းက အရှေ့ပိုင်းနှင့် မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူများ ၊ နာမည်ကြီးလိုသော မျိုးဆက်သစ် ပါရမီရှင်များ တောင်ပိုင်းကောင်းကင်တံခါးသို့ ရောက်လာရခြင်းအကြောင်းပင်။
ထို ဂျင်(၂၄၀)ဟုသည့် ဈေးခေါ်သံ ထွက်လာပြီးသည်နှင့်တစ်ပြိုက်နက် သီးသန့်အခန်း နံပါတ်(၁) အတွင်းမှ အဆင့်(၄) မှော်ဆေး ပညာရှင်တစ်ယောက်၏ သိပ်သည်းသော နတ်အသိအာရုံလည်း ပြင်ပသို့ ပျံ့လွင့် ထွက်ပေါ်လာခဲ့သည်။
“ ဒါက အဆင့်(၄) မှော်ဆေးပညာရှင်ပဲ… မှော်ဆေးဘုရင်အဆင့်နားတောင် ကပ်နေပြီ…”
လေလံခန်းမအတွင်းမှ တစ်စုံတစ်ယောက်၏ အံ့အားသင့်စွာ ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။
နတ်အသိအာရုံက အတိုင်းအတာတစ်ခုထိ သိပ်သည်းသွားပြီး ချွန်ထက်သော ဓားတစ်စင်းအလား ဖြစ်နေချေပြီ။
၎င်းက သူတို့၏ အသိစိတ်ပင်လယ်များအား စူးရှသော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။
“အဲဒါ မျှော်စင်က သန့်စင်ခြင်းနတ်ဘုရားသားတော်ပဲ… သူက သိုင်းတာအိုမှာ ပါရမီရှင်တစ်ယောက်ဖြစ်ရုံတင်မကဘူး မှော်ဆေးတာအိုမှာပါ ပါရမီရှင်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားဘူး”
မှော်ဆေးတာအိုတွင် အဆင့်(၄)မှ အဆင့်(၅)သို့ ချိုးဖျက်ရောက်ရှိသွားသည်နှင့် ၎င်း၏ အလုံးစုံခွန်အားများကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။
ဆေးလုံးသန့်စင်ရာ၌ အောင်မြင်မှုနှုန်း မြင့်တက်လာရုံမျှမက တိုက်ခိုက်သောအချိန်တွင်လည်း နတ်အသိစွမ်းအားဖြင့် အထောက်အပံ့များစွာပေးနိုင်လိမ့်မည်။
သိုင်းတာအို သီးသန့်ကျင့်ကြံသော ကျင့်ကြံသူများ အသုံးမပြုနိုင်သည့် ဆန်းကြယ်သော တိုက်ခိုက်မှုများစွာကို အသုံးပြုနိုင်မည်ဖြစ်သည်။
ဤသို့ဖြင့် ၎င်းတို့တိုက်ခိုက်နိုင်စွမ်း အလွန်မြင့်တက်လာပေလိမ့်မည်။
“တာအိုအရင်းအမြစ်ဂျင် (၃၀၀)”
လေလံစံအိမ်အတွင်းမှ လူအုပ်ကြီးက တိမ်ကျောက်စိမ်းပုလဲ သန့်စင်ခြင်းနတ်ဘုရားသားတော်ထံ ရောက်တော့မည်ဟု မျှော်လင့်နေကြချိန်တွင် သီးသန့်အခန်းနံပါတ် (၁၃)မှ တည်ငြိမ်သော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူလဲကွ… မင်းက ငါနဲ့ယှဉ်ပြိုင်ရဲတာလား”
သန့်စင်ခြင်းနတ်ဘုရားသားတော်ဆိုသူ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်၏။ ထို့နောက် အခန်းနံပါတ် (၁၃) ရှိရာဆီသို့ အေးစက်သော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် ရွှမ်ယီ၏ အခန်းရှိရာဆီသို့ နတ်အသိစွမ်းအားများ ပို့လွှတ်ပြီး ဖိအားပေးလိုက်သည်။