အခန်း (၄၅၃)
Vol. 31 Ch. 453
Chapter-453
“တာအိုအရင်းအမြစ်ဂျင် (၃၂၀)... မိတ်ဆွေ ကျုပ်ကိုမျက်နှာသာပေးလို့ရမလား”
သန့်စင်ခြင်းနတ်ဘုရားသားတော် အံကြိတ်ကာ ပြောလိုက်သည်။ သူ၏ နတ်အသိစွမ်းအားကမူ ရွှမ်ယီ၏ သီးသန့်အခန်းရှေ့ဘက် လေထဲတွင် ငွေရောင်လှံတစ်စင်းအလား ပြောင်းလဲလျက် ဖိအားပေးနေခဲ့သည်။
“မင်းကို မျက်နှာသာပေးရမှာလား… အဆင့်(၄) မှော်ဆေးပညာရှင်တစ်ယောက်က အဲ့လိုပြောရလောက်အောင်အထိ ထိုက်တန်တယ်လို့ထင်လား”
ရွှမ်ယီ၏ အလေးမထားသော စကားသံက လေလံခန်းမအတွင်း၌ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
စကားဆုံးသည်နှင့် သန့်စင်ခြင်းနတ်ဘုရားသားတော်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော နတ်အသိစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခလွပ်…
ချက်ခြင်း သန့်စင်ခြင်းနတ်ဘုရားသားတော်၏ နတ်အသိစွမ်းအား အပိုင်းပိုင်းကွဲသွား၏။ ထို့အပြင် သန့်စင်ခြင်းနတ်ဘုရားသားတော်လည်း တန်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရသည်။
သူ၏ သီးသန့်အခန်းတွင်း၌ ခြေလှမ်းများစွာ နောက်သို့ဆုတ်သွားခဲ့ပြီး မျက်နှာကလည်း ဖြူဖျော့သွားခဲ့ကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။
ထို့နောက် အံ့ဩထိတ်လန့်မှုများ ပြည့်နေသော မျက်ဝန်းများဖြင့် သီးသန့်အခန်း (၁၃) ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။
“ဒီလိုနတ်အသိစွမ်းအား... မင်းက မှော်ဆေးဘုရင်တစ်ယောက်လား”
လေလံခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ လူတိုင်း အံ့ဩသွားကြ၏။
ထို့နောက် ရွှမ်ယီ၏ သီးသန့်အခန်းရှိရာဆီသို့ နတ်အသိအာရုံများ စုပြုံကျရောက်လာခဲ့သည်။ ၎င်းတို့အားလုံး အင်ပါယာတစ်ဝက်အဆင့်မှ အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ကြပြီး တစ်ခဏမျှ စုံစမ်းပြီးနောက် ၎င်းတို့နတ်အသိများအား ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။
ထိုသီးသန့်အခန်းအတွင်းမှ လူငယ်က မှော်ဆေးဘုရင်တစ်ယောက်ဖြစ်ရုံမျှမက သူ၏နတ်အသိစွမ်းအားကလည်း ကန့်သတ်ချက်သို့ ရောက်နေချေပြီ။ ပြောရမည်ဆိုလျှင် မှော်ဆေးအင်ပါယာတစ်ယောက်ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့၏။
ထိုလူငယ်သာ အဆင့်ချိုးဖျက်ပြီးသည်နှင့် သူတို့ကဲ့သို့ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများ မဆိုထားနှင့်၊ အစစ်အမှန်အင်ပါယာအဆင့်ကျင့်ကြံသူများကပင် လေးလေးစားစား ဆက်ဆံရပေလိမ့်မည်။
“ကျုပ် တာအိုအရင်းအမြစ်ဂျင် (၄၀၀) ပေးတယ်… ဘယ်သူ စျေးထပ်မြှင့်ချင်သေးလဲ”
ရွှမ်ယီ၏ ထူးမခြားနားဟန်ရသော စကားသံက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ သို့သော် လေလံစံအိမ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး မည်သူမှ ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိပေ။
သန့်စင်ခြင်းနတ်ဘုရားသားတော်၏ မျက်နှာကမူ အရောင်မျိုးစုံပြောင်းလဲသွားပြီး အံကြိတ်ထားခဲ့လေသည်။
သို့သော် သူ့ အခန်းထဲမှနေ၍ မည်သည့်စကားသံမှ ထွက်ပေါ်လာခြင်းတော့ မရှိချေ။
လေလံစင်မြင့်ထက်တွင်မူ အင်ပါယာအဆင့်ကျင့်ကြံသူက ၎င်း၏ နှဖူးပေါ်မှ ချွေးများအား သုတ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
ရွှမ်ယီ၏ သိုင်းတာအိုက အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူနားလည်ထားသည်။ သို့သော် မှော်ဆေးတာအိုဘက်တွင်လည်း ဤမျှမြင့်မားသောအဆင့်သို့ ရောက်နေလိမ့်မည်ဟု လုံးဝမျှော်လင့်ထားခဲ့ခြင်း မရှိချေ။
အရှေ့ပိုင်းတိုက်ကြီး သမိုင်းတစ်လျှောက်တွင် မှော်ဆေးတာအိုနှင့် သိုင်းတာအို နှစ်ခုလုံးအား တစ်ပြိုင်နက် ကျင့်ကြံခဲ့သည့် ကျင့်ကြံသူပေါင်းများစွာ ရှိခဲ့ဖူးသည်။ သို့သော် ထိုအထဲတွင်မှ နှစ်ခုလုံး၌ အထွတ်အထိပ်သို့ ရောက်နိုင်သူ လက်တစ်ဆုပ်မျှသာ ရှိသည်။
ထိုလူငယ်က ၎င်းတို့အထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။
တိမ်ကျောက်စိမ်းပုလဲအား ရယူပြီးသည်နှင့် ရွှမ်ယီ နောက်ထပ်ပစ္စည်းများ၌ လေလံဝင်ဆွဲခြင်း မရှိတော့ပေ။
ဆက်လက်လေလံတင်ခဲ့သည့် ပစ္စည်းများထဲတွင် အဆင့်(၇) ဆေးလုံးများနှင့် မှော်ရတနာတချို့ ပါဝင်သော်လည်း ၎င်းတို့က သူ့အတွက် အသုံးမဝင်လှပေ။
ဤသို့ဖြင့် မတ်တပ်ရပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားရန် ပြင်လိုက်သည်။
“ဧည့်သည်တော်ရွှမ်ယီ… ဒါ ရှင်ဝယ်ထားတဲ့ ပစ္စည်းပါ”
လှပသောဝန်ထမ်းမိန်းကလေးတစ်ဦး ချက်ချင်းအပြေးအလွှား ရောက်ရှိလာ၏။
ဤမတိုင်ခင်ကတည်းပင် သူဝယ်ယူခဲ့သော ပစ္စည်းများအား ယူလာပေးရန် ထိုမိန်းကလေးအား ရွှမ်ယီ ပြောကြားခဲ့ပြီးဖြစ်သည်။
သူဝယ်ယူခဲ့သော ပစ္စည်းများအတွက် ပေးချေရန် လိုအပ်သည့် တာအိုအရင်းအမြစ်များအတွက်မူ လေလံပွဲပြီးဆုံးချိန်၌ သူပေးအပ်ထားသော ဓားကျင့်စဉ် ရောင်းရငွေမှ နှုတ်ယူပေလိမ့်မည်။
သူ၏ ဓားကျင့်စဉ်အတွက်မူ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိချေ။
အင်ပါယာအဆင့်ကျင့်စဉ်တစ်ခု၏ တန်ဖိုးက တော်တော်လေးမြင့်မား၏။
ထို့အပြင် ထိုဓားကျင့်စဉ်က ကနဦး ဓားရည်ရွယ်ချက်ကို နားလည်စေနိုင်လိမ့်မည်ဖြစ်ပြီး အင်အားစုကြီးများမှ အကြီးအကဲများအတွက် ၎င်းတို့အင်အားစုထဲတွင် အာဏာယှဉ်ပြိုင်မှုများ၌ ၎င်းတို့မျိုးဆက်သစ်များအတွက် တော်တော်လေး အကျိုးရှိသည်။
အမှန်တကယ်တွင် လေလံစံအိမ်အနေဖြင့်လည်း ရွှမ်ယီ၏ ဓားကျင့်စဉ်အား လေလံတင်ရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။
ဤသို့ဖြင့် ၎င်းတို့အနေဖြင့် ရွှမ်ယီ၏ ဓားကျင့်စဉ်အား တာအိုအရင်းအမြစ်ဂျင်တစ်ထောင်ဝန်းကျင်ဖြင့် တိုက်ရိုက်ဝယ်ယူရရှိနိုင်လိမ့်မည်။
၎င်းအား သူတို့ လေလံစံအိမ်မှ ပြုစုပျိုးထောင်ပေးထားသည့် မျိုးဆက်သစ်များအတွက် အသုံးပြုနိုင်သည်။
ရွှမ်ယီက ဝန်ထမ်းမိန်းကလေး ယူလာသော သိုလှောင်လက်စွပ်အတွင်းသို့ နတ်အသိအာရုံ ထည့်သွင်းကာ အထဲမှ ပစ္စည်းများအား စစ်ဆေးကြည့်လိုက်သည်။
သူ့အနေဖြင့် လေလံစံအိမ်မှ အပြီးတိုင်ထွက်သွားလိုခြင်းတော့ မရှိသေးချေ။
လေလံပွဲအပြီးတွင် ကျင်းပမည့် စုဝေးပွဲသို့ တက်ရောက်ကာ သတင်းအချက်အလက်တချို့ စုဆောင်းချင်နေသေးသည်။
ဝန်ထမ်းမိန်းကလေးက လေလံစံအိမ်အတွင်းမှ ဆေးဖော်စပ်ရာ အခန်းတစ်ခန်းသို့ ရွှမ်ယီအား ဦးဆောင်လမ်းပြခေါ်လာခဲ့၏။
ထို့နောက် ထိုနေရာ၌ ရွှမ်ယီအား ထားခဲ့ကာ သူမ ပြန်လည်ထွက်ခွာသွားတော့၏။
သူမထံတွင် ယခင်တုန်းကကဲ့သို့ ရွှမ်ယီအား ဆွဲဆောင်ရန် အတွေးများ မရှိတော့ချေ။
ရွှမ်ယီသာ သိုင်းတာအို၌ ပါရမီထူးချွန်သော မြင့်မြတ်သားတော်တစ်ယောက်ဖြစ်ပါက သူမထံတွင် အခွင့်အရေးအချို့ရှိနိုင်သေးသည်။
သို့သော် သိုင်းတာအိုတွင်သာမက ဆေးတာအို၌ပါ ပါရမီထူးချွန်သော မြင့်မြတ်သားတော်အတွက်မူ သူမအနေဖြင့် အခွင့်အရေးအနည်းငယ်မျှ မရှိတော့ပေ။
ထို့အပြင် ၎င်းက မကြာခင် မှော်ဆေးအင်ပါယာအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ရာ သူမတို့အကြား အလွန်တရာ ကြီးမားသော ချောက်နက်ကြီးတစ်ခု ခြားသွားခဲ့ချေပြီ။
ရွှမ်ယီ ဆေးဖော်စပ်ခန်း လှည့်ပတ်ကြည့်လိုက်၏။
အခန်းတစ်ခုလုံး အဆင့်မြင့်ပစ္စည်းများဖြင့် လှပစွာ ပြင်ဆင်ထားခဲ့သည်။ ၎င်းက မြင့်မြတ်ခြင်းမူလလေလံစံအိမ် မည်မျှချမ်းသာကြွယ်ဝကြောင်းကို ဖော်ပြနေခဲ့သည်။
ထို့အပြင် အခန်းအတွင်း၌ ဆေးလုံးသန့်စင်ရာတွင် အကျိုးသက်ရောက်မှု မြင့်မားစေမည့် ရုန်းများစွာလည်း ထွင်းထုထားသေး၏။
ထိုရုန်းများက အလွန်ရှုပ်ထွေးကာ လေးနက်လွန်းလှသည်။ စာလုံးတစ်ခုချင်းစီတိုင်းကို စိတ်ဝိညာဉ်ကျောက်စိမ်းများထက်၌ ထွင်းထုထားခဲ့ပြီး ၎င်းတို့အားလုံး ပေါင်းစပ်လိုက်ပါက တာအိုအရင်းအမြစ်ဂျင်တစ်ရာဝန်းကျင်ခန့် တန်ဖိုးရှိနိုင်သည်။
ထို့အပြင် ၎င်းတို့၏ အသုံးပြုမှု အရေအတွက်ကလည်း အကန့်အသတ်ဖြင့်သာ ရှိဟန်ရ၏။ ကန့်သတ်ချက် ပြည့်သွားတိုင်း အသစ်တစ်ဖန် ပြန်လည်ဖြည့်သွင်းရပေလိမ့်မည်။
သို့သော် ၎င်းတို့က ဆေးလုံးသန့်စင်ရာ၌ အောင်မြင်မှုအပေါ် တော်တော်လေး အကျိုးသက်ရောက်မှုရှိသည်။
ရွှမ်ယီ အချိန်ဆွဲမနေတော့ဘဲ စနစ်၏ သိုလှောင်ခန်းအတွင်းမှ ဆေးမီးဖိုတစ်လုံး ထုတ်ယူလိုက်သည်။
၎င်းက သူ တောင်ပိုင်းတိုက်ကြီးမှ ထွက်ခွာလာစဉ် ပါလာသော ဆေးမီးဖိုတစ်ခုဖြစ်ပြီး လက်ရှိအဆင့်နှင့် အနည်းငယ် မလိုက်ဖက်တော့ချေ။
သို့သော် ဤအခန်းအတွင်းမှ ရုန်းများ၏ ထောက်ပံ့မှုအောက်တွင် တိမ်ကျောက်စိမ်းပုလဲ ဆေးလုံးသန့်စင်ခြင်း၌ မည်သည့်ပြဿနာမှ မရှိလောက်ပေ။
ရွှမ်ယီ သူ၏ နတ်အသိအား စနစ်သိုလှောင်ခန်းအတွင်းမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဝန်ထမ်းအမျိုးသမီးလာပေးသော သိုလှောင်လက်စွပ်အတွင်းမှ စိတ်ဝိညာဉ်ဆေးပင်များအား ထုတ်ယူလိုက်ကာ လေထဲသို့ ပစ်တင်လိုက်သည်။
ထို့နောက် ၎င်းတို့အား ဆေးမီးဖိုအတွင်း ကျဆင်းသွားစေခဲ့၏။
ဝန်ထမ်းမိန်းကလေး ပြောစကားအရဆိုလျှင် တောင်ပိုင်းကောင်းကင်တံခါး ပါရမီရှင်များစုဝေးပွဲက လေလံပွဲပြီးဆုံးပြီး (၄)ရက်မြောက်နေ့တွင် ကျင်းပပေလိမ့်မည်။
သူက ထိုနေ့မတိုင်မီ ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများ အလုံးစုံပျောက်ကင်းသွားအောင် ကုသချင်နေခဲ့သည်။
ဘုန်း…
ရွှမ်ယီ၏ နောက်ကျောဘက်တွင် မိစ္ဆာမီးလျှံနယ်မြေ ဖြစ်ပေါ်လာပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်မီးတောက်လည်း ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မီးတောက်များက ဆေးမီးဖို ရှိရာသို့ ဝန်းရံသွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်း အရံဆေးပင်များအား အရည်အဖြစ်ပြောင်းလဲလိုက်ကာ တိမ်ကျောက်စိမ်းပုလဲအား ဗဟို၌ထား၍ ၎င်းတို့အား ပတ်ပတ်လည်မှ ဝန်းရံထားလိုက်၏။
ဘန်း…
တစ်ခဏကြာသည်နှင့် တိမ်ကျောက်စိမ်းပုလဲက ဆေးမီးဖိုအတွင်း၌ ရူးသွပ်စွာ လည်ပတ်လာခဲ့ပြီး ကျယ်လောင်သော ထိခတ်အသံများလည်း ထွက်ပေါ်လာကာ ခရမ်းရောင်နတ်အလင်းများ ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။
၎င်းတို့က ဆေးဖော်စပ်ခန်း အပြင်ဘက်အထိ ပြေးထွက်သွားတော့မည့်အလားပင်။