← Chapters

အခန်း (၄၅၄)

Vol. 31 Ch. 454

အခန်း (၄၅၄)

Vol. 31 Ch. 454

Chapter – 454

ရွှမ်ယီ လက်ရှိသန့်စင်နေသော ဆေးလုံး၏ အမည်က ခရမ်းကြယ်ဆေးလုံးဖြစ်ပြီး ယခင်သန့်စင်ခဲ့သော ထဝရစိမ်းလန်းခြင်း ဆေးလုံးနှင့် မတူညီချေ။ ဤဆေးလုံးက အဆင့် (၆) ဆေးလုံးများအကြား၌ပင် ထိပ်ဆုံး၌ရှိ၏။

၎င်းက သန့်စင်ရန် အလွန်ခက်ခဲလှသည်။

ဆေးလုံးသန့်စင်ခြင်း အဓိက အခိုက်အတန့်သို့ ရောက်လျှင် တိမ်ကျောက်စိမ်းပုလဲအား ခွဲဖွင့်ပြီး ကျန်ဆေးပင်များနှင့် ပေါင်းစပ်ရမည်။ ထိုသို့ ပြုလုပ်ရန် နတ်အသိစွမ်းအား များစွာ လိုအပ်၏။

လက်ရှိတွင် ရွှမ်ယီ၏ မျက်လုံးများက တည်ငြိမ်နေပြီး စိတ်လှုပ်ရှားမှု အနည်းငယ်မျှ ရှိမနေခဲ့ချေ။

လက်ဟန် အနည်းငယ်ပြုလုပ်လိုက်ပြီး သူ၏ နတ်အသိအာရုံအားချည်မျှင်ငယ်လေးများ အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထောင်ပေါင်းများစွာသော ငွေရောင်နတ်အသိချည်မျှင်လေးများက စိတ်ဝိညာဉ် မီးတောက်နှင့် ပေါင်းစပ်သွားခဲ့၏။

ဆေးမီးဖို အထက်မှ လေထုထဲတွင် ငွေရောင်မီးတောက် မြွေငယ်လေးများက တိမ်ကျောက်စိမ်းပုလဲအား ဝန်းရံလျှက် ကခုန်နေခဲ့သည်။

၎င်းတို့ တစ်ကြိမ် လှည့်ပတ်လိုက်တိုင်း တိမ်ကျောက်စိမ်းပုလဲ၏ ခုခံမှုများ လျော့ပါးလာ၏။

အကယ်၍ မှော်ဆေးပညာရှင်တစ်ယောက်သာ လက်ရှိ ရွှမ်ယီ ဆေးလုံးသန့်စင်နေသည့် မြင်ကွင်းအား မြင်လိုက်ရပါက ပါးစပ်အဟောင်းသား ဖြစ်သွားကာ မယုံကြည်နိုင် ဖြစ်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အစွမ်းသတ္တိအမျိုးမျိုးရှိသော ပါဝင်ပစ္စည်းတိုင်းအား မပေါင်းစပ်စေပဲ သီးခြားခွဲခြားထားခဲ့ပြီး ပါဝင်ပစ္စည်းတစ်ခုချင်းဆီတိုင်းကို နတ်အသိဖြင့် ဖိနှိပ်ထားသောကြောင့်ပင်။

ငွေရောင် မီးမြွေငယ်လေးများက စိတ်ဝိညာဉ်ဆေးပင်များအား အရည်ပျော်ရန် ကြိုးပမ်းနေခဲ့သည်။

ဤကဲ့သို့ ပြင်းထန်လွန်းလှသော ဆေးလုံးသန့်စင်သည့် နည်းပညာအား သာမန်မှော်ဆေးပညာရှင်များ ကျွမ်းကျင်နိုင်သည့်အရာမဟုတ်ပေ။

ထို နည်းလမ်းဖြင့် သန့်စင်သော ဆေးလုံးများက သာမန်နည်းလမ်းများဖြင့် သန့်စင်သော ဆေးလုံးများထက် ပို၍ အာနိသင်ကောင်းမွန်သည်။

အဘယ်ကြောင့်ဆိုသော် ပါဝင်ပစ္စည်း တစ်ခုချင်းစီတိုင်းမှ အညစ်အကြေးများအား ဖယ်ရှားနိုင်သောကြောင့်ဖြစ်၏။

ပုံမှန်ဆေးပညာရှင်များအနေဖြင့် ထိုနည်းလမ်းအား အသုံးမပြုလိုကြခြင်းမဟုတ်ချေ။ ထိုသို့ ပြုလုပ်လိုက်ပါက ဆေးလုံးသန့်စင်ခြင်း လုပ်ငန်းစဉ် ပျက်စီးသွားနိုင်ခြေ ရှိသောကြောင့်ပင်။

သို့သော် ၎င်းက သာမန်မှော်ဆေးပညာရှင်များ၏ ရှုထောင့်မှ ဖြစ်သည်။

မှော်ဆေးပညာရှင်သူတော်စင်၏ မှတ်ဉာဏ်များအား ပိုင်ဆိုင်ထားသော ရွှမ်ယီအတွက်မူ အနည်းငယ်မျှ ခက်ခဲမှုမရှိဟု ဆိုနိုင်၏။

ဂျုန်း….

ငွေရောင်မီးမြွေငယ်လေးများ လှည့်ပတ်နေသည့် တိမ်ကျောက်စိမ်းပုလဲ အတွင်းပိုင်းမှ ပေါက်ကွဲသံ‌တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီ တိမ်ကျောက်စိမ်းပုလဲပေါက်ကွဲတော့မည်။

သို့သော် ထိုအချိန်တွင် ငွေရောင် မီးမြွေငယ်လေးများအကြားမှ မြွေတစ်ကောင်က အသိဉာဏ်ရှိသည့်အလား တိမ်ကျောက်စိမ်းပုလဲအတွင်းသို့ ပြေးဝင်သွားခဲ့၏။

ထို့နောက် တိမ်ကျောက်စိမ်းပုလဲအတွင်း၌ ဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများ ချက်ချင်းရပ်တန့်သွားခဲ့သည်။

ခလွပ်…..

မတည်ငြိမ်မှုများ ငြိမ်သက်သွားပြီးနောက် တိမ်ကျောက်စိမ်းပုလဲ အပြင်ပိုင်းအလွှာမှ အက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာ၏။

ထို့နောက် တိမ်ကျောက်စိမ်းပုလဲက ဖြေးညှင်းစွာလည်ပတ်လာခဲ့၏။

၎င်းလည်ပတ်သွားသည့် အချိန်တိုင်း အပြင်ဘက်အလွှာက ပန်းတစ်ပွင့် ပွင့်လာသည့်အလား အပြင်ဘက်အလွှာက ဘေးသို့ ပြန့်ကားလာခဲ့သည်။

ဤသို့ဖြင့် ခရမ်းရောင်ကြာပွင့်အလား ဖြစ်သွားခဲ့ပြီး ၎င်းအတွင်းမှ ခရမ်းရောင် အရည်စက်လေးတစ်စက်ဖြစ်ပေါ်လာကာ ငွေရောင်မီးမြွေများ ခြံရံလျှက် ဆေးမီးဖိုအတွင်းဝင်ရောက်သွား၏။

ထိုအခါ ဆေးမီးဖိုအတွင်းမှ မငြိမ်မသက်ဖြစ်နေမှုများလည်း တစ်ပြိုင်နက်ထဲ ရပ်တန့်သွားတော့၏။

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တွန့်ကွေးသွားလေသည်။

သူက လက်ညိုးဆန့်ထုတ်လိုက်ပြီး စိတ်ဝိညာဉ် မီးတောက်တစ်ခု ပစ်လွှတ်လိုက်၏။ ၎င်းက ဆေးမီးဖိုအတွင်း၌ အပြင်းအထန်တောက်လောင်လာခဲ့သည်။

မည်သည့် မှော်ဆေးပညာရှင်မဆို ဤဆေးလုံးအား ဖော်စပ်မည်ဆိုပါက (၁၀) ရက်နှင့်အထက် ကြာမြင့်ပေလိမ့်မည်။

သို့သော် ရွှမ်ယီ၏ နည်းစနစ်များက ထိုမျှ အချိန်ယူစရာ မလိုအပ်ပေ။

နေ့ဝက်ခန့်ကြာပြီးနောက် ဆေးဖော်စပ်သည့်အခန်းတစ်ခုလုံး ရုတ်တရက် လှုပ်ခါလာခဲ့သည်။

ရုတ်တရက်ဖြစ်ပေါ်လာသော တုန်ခါမှုက အပြင်ဘက်မှ အစောင့်များအား ထိတ်လန့်သွားစေ၏။

၎င်းတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရွှမ်ယီ ဆေးဖော်စပ်နေသော အခန်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့ စောင့်ကြပ်နေရသော နေရာတွင် ဆေးဖော်စပ်သည့်အခန်း (၉) ခန်းရှိပြီး ၎င်းတို့တစ်ခုချင်းစီတိုင်းကို လေလံစံအိမ်၏ အစစ်အမှန်ဧည့်သည်တော်များသာ အသုံးပြုနိုင်သည်။

တစ်ချို့အချိန်များဆိုလျှင် လပိုင်း သို့မဟုတ် တစ်နှစ်ပါတ်လုံးဖွင့်လှစ်ခြင်းမရှိချေ။

ယနေ့တွင် ဆေးဖော်စပ်ရန်ဝင်သွားသူ ရွှမ်ယီ တစ်ယောက်တည်းသာရှိသည်။

၎င်းတို့အားလုံးအကြည့်များ ရွှမ်ယီ ဆေးလုံးဖော်စပ်နေသည့် အခန်းအား ကျရောက်နေခဲ့၏။ ထိုနေရာတွင် ပုံမှန်မဟုတ်သော အလွန်သိပ်သည်းသည့် စိတ်ဝိညာဉ် လှိုင်းလုံးတစ်ခု လျှင်မြန်စွာ ဖြစ်ပေါ်လာနေ၏။

ယင်းက မည်သည့်အဓိပ္ပါယ်နည်း…?

မကြာခင် ဆေးလုံးဖြစ်တည်လာတော့မည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။

အစောင့်တာဝန်ကျနေသည့်လူများ ထိတ်လန့်မှုများပြည့်နေသည့် မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မှော်ဆေးဘုရင်တစ်ယောက်အနေဖြင့် အနည်းဆုံး အဆင့် (၅) ဆေးလုံးများကို သန့်စင်နိုင်စွမ်းရှိသည်။

၎င်းတို့အားလုံး ဤလေလံစံအိမ်၌ အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မှော်ဆေးဘုရင်များ အဆင့် (၅) စိတ်ဝိညာဉ်ဆေးလုံးများ သန့်စင်သည်ကို တွေ့မြင်ခဲ့ဖူး၏။

ထို့ကြောင့် ‌အဆင့် (၅) ဆေးလုံးတစ်လုံး သန့်စင်ရန် အချိန်မည်မျှကြာကြောင်း သူတို့ နားလည်ထားကြသည်။

(၃) လ သို့မဟုတ် နှစ်ဝက်ခန့်ကြာသွားလျှင်ပင် ထူးဆန်းခြင်းမရှိချေ။

သို့သော် ယခုတွင် မည်သို့နည်း..?

ဆေးလုံးသန့်စင်ခြင်း အခန်းထဲတွင်မူ ရွှမ်ယီ၏ ဆေးလုံးဖော်စပ်ခြင်းက နောက်ဆုံးအဆင့်သို့ ရောက်နေချေပြီ။

ရွှမ်ယီ၏ မျက်ဝန်းများအတွင်း၌ အလင်းတစ်ချက်လက်သွားခဲ့ပြီး နတ်အသိစွမ်းအားများကို ဆေးမီးဖိုအတွင်းသို့ အပြင်းအထန်ပို့လွှတ်လိုက်၏။

၎င်းတို့ ဆေးမီးဖိုအတွင်းသို့ ရောက်သွားပြီး‌နောက် ဆေးလုံးသ‌န္ဓေသားအား စတင်ဖြစ်ပေါ်လာခဲ့၏။

ဘုန်း….

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဆေးမီးဖိုအတွင်းမှ မီတာ (၃၀၀) ကျော်မြင့်မားသည့် စိတ်ဝိညာဉ်စွမ်းအင် အလင်းတိုင်လုံးတစ်ခု ထွက်ပေါ်လာလေသည်။

၎င်းဖြစ်ပေါ်လာသည်နှင့် လေလံစံအိမ် အထက်ကောင်းကင်ယံတွင် မီတာ (၁) ထောင်ကျော် ကျယ်ဝန်းသည့် တိမ်မည်းများ စုဝေးလာခဲ့သည်။

ထိုအချိန်တွင် လေလံစံအိမ်အတွင်းရှိ လေလံပွဲက ပြီးဆုံးသွားခဲ့ချေပြီ။

ကောင်းကင်ထက်မှ တိမ်မည်းများအား မြင်လိုက်ရသည်နှင့် ထွက်ခွာရန်ပြင်နေကြသည့် လူများ ကောင်းကင်ထက်သို့ အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။

တိမ်မည်းများက လေလံစံအိမ်အထက်ကောင်းကင်ယံတစ်ခုလုံးအား ဖုံးလွှမ်းထားခဲ့ပြီး ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေသည်။

၎င်းတို့အတွင်း တစ်ဖျပ်ဖျပ်တောက်ပနေသည့် လျှပ်စီးအလင်းများက မြင်လိုက်ရသူတိုင်း၏ အမူအယာကို ပြောင်းလဲသွားစေခဲ့သည်။

“ မိုးကြိုးကပ်ဘေးက ဘယ်လိုလုပ်ပြီး ပေါ်လာတာလည်း… တစ်ယောက်ယောက် အဆင့်ချိုးဖျက်နေတာများလား…”

မရေမတွက်နိုင်သော ထူးခြားသော ဖြစ်စဉ်ဖြစ်ပေါ်လာရာ အရင်းအမြစ်နေရာသို့ ရောက်လာခဲ့ကြသည်။

ဤသို့ဖြင့် တစ်ခဏကြာပြီးနောက် ရွှမ်ယီ ဆေးဖော်စပ်ရာ အခန်းအနီးတဝိုက်တွင် လူများ ပြည့်နှက်လာခဲ့၏။

မိုးကြိုးကပ်ဘေးစတင်ရာ နေရာသို့ ရောက်လာပြီးနောက် အားလုံးမည်သည့်အရာများ ဖြစ်ပျက်နေကြောင်း နားလည်သွားကြသည်။

“ ဒါက မိုးကြိုးကပ်ဘေးမဟုတ်ဘူး… စိတ်ဝိညာဉ်အလင်းတိုင်လုံးထဲမှာ ဆေးလုံးမွှေးရနံ့တွေပါဝင်နေတယ်… ဒီလို အစွမ်းထက်တဲ့ ဆေးလုံးမျိုးကို ဘယ်သူဖော်စပ်နေလဲ သိချင်လိုက်တာ…”

“ အဆင့်မြင့်ဆေးလုံးတစ်လုံးကပဲ ပတ်ဝန်းကျင်ကို အပြောင်းအလဲဖြစ်စေလိမ့်မယ်… ကြည့်ရတာ မှော်ဆေးဘုရင်တစ်ယောက် အဆင့် (၆) ဆေးလုံးသန့်စင်နေတယ်နဲ့တူတယ်…”

“ အဆင့် (၆) ဆေးလုံးလား… မဟုတ်သေးဘူး… ဒီဆေးလုံးရဲ့ အဆင့်က အဆင့် (၇) နားကို ကပ်နေပြီ… ကြည့်ရတာ မှော်ဆေးပညာအစည်းအရုံးက မှော်ဆေးအင်ပါယာတစ်ယောက်ပဲ ဖြစ်ရမယ်…”

မှော်ဆေးအင်ပါယာလား….

ကြားလိုက်ရသူတိုင်းအလွန်ထိတ်လန့်သွားကြပြီး ၎င်းတို့မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှုများ ပြည့်နှက်လာခဲ့သည်။

All Chapters