အခန်း (၄၅၅)
Vol. 31 Ch. 455
Chpater-455
အကယ်၍ ၎င်းတို့အနေဖြင့် မှော်ဆေးအင်ပါယာတစ်ယောက်နှင့်သာ ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပါက ၎င်းတို့အတွက်သာမက နောက်ကွယ်ရှိ အင်အားစုများအတွက်ပါ အကျိုးရှိပေလိမ့်မည်။
လက်ရှိအချိန်က သူတို့အားလုံးအတွက် အခွင့်ကောင်းဖြစ်ပေသည်။
သို့သော် မည်သူမှ ဆေးလုံးအား လုယက်လိုသည့် ဆန္ဒမရှိကြချေ။
ရောက်ရှိနေကြသူ အများစုမှာ အင်ပါယာအဆင့် ကျင့်ကြံသူများဖြစ်ကြ၏။ ၎င်းတို့အနေဖြင့် မှော်ဆေးဘုရင်တစ်ယောက်အား လွန်လွန်ကျူးကျူး အလေးအနက်ထားနေစရာ မလိုအပ်ပေ။
ဤလောကကြီးတွင် မှော်ဆေးပညာရှင်များ၏ အဆင့်အတန်းက မြင့်မားသော်လည်း ၎င်းတို့က သိုင်းတာအိုဘက်တွင် မသန်မာကြောင်း အားလုံးအသိပင်။
သိုင်းတာအိုကျင့်ကြံသူတစ်ယောက်နှင့် မှော်ဆေးတာအို ကျင့်ကြံသူတစ်ယောက်တို့ အဆင့်တူ၌ ယှဉ်ပြိုင်ကြလျှင် ရှုံးနိမ့်သူမှာ မှော်ဆေးတာအို ကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။
၎င်းတို့အနေဖြင့် မှော်ဆေးဘုရင်တစ်ယောက်အား အလေးအနက်ထားနေစရာမလိုသော်လည်း မှော်ဆေးအင်ပါယာတစ်ယောက်ဆိုပါက ကွဲပြားခြားနားသော ကိစ္စဖြစ်သွားချေပြီ။
အနည်းငယ်မျှ မထီမဲ့မြင်မလုပ်ဝံ့သည့်အပြင် အတတ်နိုင်ဆုံး ဆက်ဆံရေးကောင်းအောင် ကြိုးစားကြရပေလိမ့်မည်။
သန့်စင်ခြင်း နတ်ဘုရားသားတော်လည်း လူအုပ်ထဲ၌ ရှိနေခဲ့သည်။ သူက မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်ရာ ဤနေရာမှ ကျန်လူများထက် နတ်အသိအာရုံ ပိုကောင်းမွန်၏။
ထိုစိတ်ဝိညာဉ်အလင်းတိုင်လုံးဆီမှတစ်ဆင့် ရင်းနှီးသော အရှိန်အဝါအား ခံစားမိလိုက်ပြီး သူ၏ အကြည့်များက ပို၍ စူးရှလာခဲ့သည်။
သို့သော် မည်သည့်စကားမှ မဆိုခဲ့ချေ။ သူ့အမြင်တွင် ရွှမ်ယီအနေဖြင့် ထိုအဆင့်ဆေးလုံးအား သန့်စင်နိုင်မည်မဟုတ်ပေ။
ဆေးလုံးသန့်စင်နေသူမှာ ရွှမ်ယီ၏ ဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်နိုင်ပေသည်။
“ ချီးပဲ…. စိတ်တိုစရာကောင်းလိုက်တာ… အကြီးအကဲဇောင်သာ ဒီမှာရှိနေရင် ဒီကောင်တွေဒီလောက်ထိ မောက်မာရဲမှာ မဟုတ်ဘူး…”
သန့်စင်ခြင်းနတ်ဘုရားသားတော်၏ နှလုံးသားထဲ၌ အမုန်းတရားများ ပြည့်နက်နေခဲ့ပြီး အံကြိတ်ရင်းရေရွတ်လိုက်သည်။
လူအုပ်ကြီးတစ်ခုလုံး မိမိကိုယ်ပိုင်အတွေးများဖြင့် ငြိမ်သက်နေကြစဉ် ကောင်းကင်အထက်မှ မိုးကြိုးများ စိတ်ဝိညာဉ် အခင်းတိုင်လုံးပေါ်သိူ့ စတင်၍ ကျဆင်းလာခဲ့သည်။
ဂျိမ်း…. ဘန်း……
မိုးကြိုးတစ်ချက်ချင်းစီတိုင်းက ကမ္ဘာကြီးအား တုန်ခါစေနိုင်စွမ်းရှိနေခဲ့ပြီး အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ရန်လုံလောက်သည်။
၎င်းတို့က စိတ်ဝိညာဉ်အလင်းတိုင်လုံး၏ အလယ်ဗဟို၌ရှိသော ဆေးလုံးထံသို့ ဦးတည်ဝင်ရောက်သွားကြ၏။
သို့သော် မိုးကြိုးအလင်းများ ဆေးလုံးအား ထိတော့မည့်ဆဲဆဲတွင် ဆေးဖော်စပ်သည့်အခန်းအတွင်းမှ နေ၍ ဓါးချီတစ်ခု ကောင်းကင်ထက်သို့ ပြေးထွက်လာခဲ့၏။
ထိုဓားအလင်းက ကျဆင်းလာသော မိုးကြိုးအား တို့ဟူးတုံးတစ်ခုအလား ဖြတ်သန်းသွားခဲ့သည်။
ထိုသို့ဖြတ်သန်းပြီးသည်နှင့် ကောင်းကင်ထက်တွင် ကျန်ရှိနေသော လက်ကျန် မိုးကြိုးလျှပ်စီးများထံဆက်လက် ၀င်ရောက်သွား၏။
ထို့နောက် ကြက်သွေးရောင်ဓားအလင်းက စုပ်ဝဲကြီးတစ်ခုအသွင်ပြောင်းလျက် မိုးကြိုးလျှပ်စီးများအား စုပ်ယူလိုက်သည်။
အမွှေးတိုင်တစ်ချောင်းကုန်ချိန်လောက် ကြာပြီးနောက် စုပ်ယူခြင်းဖြစ်စဉ် ပြီးဆုံးသွားခဲ့၏။
ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်ကြီးက အမည်မသိ ဓားအလင်းတစ်ခုအောက်တွင် စုပ်ယူခံခြင်း ခံလိုက်ရပြီး ပျက်စီးသွားခဲ့သည်။
ထို့နောက် ကြက်သွေးရောင်ဓားအလင်းစုပ်ဝဲလည်း ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ထက်၌ ခရမ်းရောင်မိုးကြိုးလျှပ်စီးများ ကျန်ရစ်ခဲ့၏။
၎င်းတို့က ကောင်းကင်ထက်၌ ပျံဝဲနေသည့် ခရမ်းကြယ်ဆေးလုံးအပေါ်သို့ ညင်သာစွာ ကျဆင်းလာသည်။ ထိုအချိန်တွင် ကောင်းကင်သို့ထိုးတက်နေသည့် စိတ်ဝိညာဉ်အလင်းတိုင်လုံးအတွင်း ခရမ်းရောင်အလင်းကန့်လန့်ကာတစ်ခု ပျံ့နှံ့လာခဲ့ပြီး ပြင်ပမှ နတ်အသိများဖြင့်ပင် စူးစမ်း၍ မရတော့အောင် ကာဆီးလိုက်၏။
၎င်းက ဆေးဖော်စပ်ခန်းအတွင်းမှ အမည်မသိဓားပညာရှင်က ဓားအလင်းဖြင့် မိုးကြိုးစွမ်းအားများကို စုပ်ယူခဲ့ပြီး ဆေးလုံးအား ပုံသွင်းနေခြင်းပင်။
ထိုနည်းစနစ်က စိတ်ကူးမယဉ်နိုင်လောက်အောင် ဆန်းကျယ်လွန်းလှ၏။
မီတာထောင်နှင့်ချီ ကျယ်၀န်းပြီး ပထမအတိဒုက္ခအဆင့် အင်ပါယာကိုပင် ဒုက္ခပေးနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်ကြီးက ဓားတစ်ချက်အောက်၌ အလွယ်တကူ ထိန်းချုပ်ခြင်းခံလိုက်ရသည့် ကလေးတစ်ယောက်အလားပင်။
ထို့အပြင် မိုးကြိုးစွမ်းအားများကို ဆေးလုံးအား အားဖြည့်ပေးရန်အတွက် အသုံးပြုလိုက်သေး၏။
ထိုဖြစ်စဉ်တစ်ခုတည်းကပင် ခရမ်းကြယ်ဆေးလုံးနှင့် ပတ်သက်ပြီး မကောင်းသော အကြံရှိနေသူများအား နောက်တွန့်သွားစေရန် လုံလောက်သည်။
မကြာမီ ခရမ်းရောင် အကာအရံ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ပြီး ခရမ်းတိမ်ဆေးလုံးကလည်း စိတ်ဝိညာဉ်အလင်းတိုင်လုံးနှင့်အတူ ပျောက်ကွယ်သွားတော့၏။
သို့သော် လေထုထဲ၌ သင်းပျံ့သော ဆေးလုံးအမွှေးရနံ့များ ရစ်ဝဲကာ ကျန်ရှိနေခဲ့သည်။
ဆေးဖော်စပ်ခန်း၏ တံခါးကမူ တင်းတင်းကြပ်ကြပ် ပိတ်နေဆဲဖြစ်ပြီး အတွင်းမှ ဆန်းကျယ်သည့် ပုဂ္ဂိုလ်ထွက်ပေါ်မလာခဲ့ချေ။
ထို ပုဂ္ဂိုလ်က သူတို့နှင့် မတွေ့ချင်ဟန်ရ၏။
သူတို့ယခု ရောက်ရှိနေသောနေရာက လေလံစံအိမ်၏ တားမြစ်နေရာများထဲမှ တစ်ခုဖြစ်ပေသည်။ သို့ဖြစ်ရာ လေလံစံအိမ်အား မစော်ကားဝံ့သဖြင့် အခန်းအတွင်းမှ လူကို မနှောက်ယှက်ရဲကြပေ။
ဤသို့ဖြင့် စိတ်ထဲ မကျေမနပ်ဖြစ်နေကြသေးသည်တိုင် လက်လျှော့ပြီး လှည့်ပြန်လာခဲ့ကြ၏။
ထိုလူများနှင့် ယှဉ်ပါက သီးသန့်အခန်းသို့ ရွှမ်ယီထံ သွားရောက်တွေ့ဆုံခဲ့သော မိုလီဟုခေါ်သည့် အင်ပါယာအဆင့် ကြီးကြပ်သူ ပို၍ အံ့ဩနေခဲ့သည်။
သူက ကြီးကြပ်သူအခန်းအတွင်း၌ ထိုင်နေခဲ့ပြီး ရှေ့၌ ရပ်နေသော ၀န်ထမ်းများအားကြည့်ကာ
“ ရွှမ်ယီ ၀င်ပြီးကတည်းက ဆေးဖော်စပ်ခန်းထဲကို ဘယ်သူမှ ထပ်မ၀င်တော့တာ သေချာလား…”
၀န်ထမ်းအားလုံး ခေါင်းညိတ်လိုက်ကြ၏။
အင်ပါယာ မိုလီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
အစပိုင်းတွင် ရွှမ်ယီ၏ နောက်ခံ သေးငယ်မည် မဟုတ်ဟုသာ သူ ထင်မှတ်ခဲ့၏။ ထိုလူငယ်ကိုယ်တိုင်က ဤမျှ ထူးခြားနေလိမ့်မည်ဟု လုံး၀ထင်မထားခဲ့ပေ။
နတ်အသိစွမ်းအားဆိုသော အရာက အတုလုပ်ယူ၍ မရချေ။ ရွှမ်ယီက နတ်အသိက အမှန်ပင် အားကောင်းလွန်းလှသော်လည်း မှော်ဆေးဘုရင်အဆင့် ကန့်သတ်ချက် အတွင်း၌သာ ရှိသေး၏။
ယခုတွင် ၎င်းက မှော်ဆေးအင်ပါယာတစ်ယောက်ပင် သန့်စင်ရန် မလွယ်ကူသည့် အဆင့်(၇) နားကပ်နေသော ဆေးအား ဖော်စပ်ခဲ့သည်။
ဤသို့ဖြင့် ရွှမ်ယီနှင့် ပတ်သက်ပြီး မိုလီ၏ မှန်းဆမှုများ နောက်တစ်ဆင့် တက်လာခဲ့ပြန်သည်။
ရှေ့မှ စားပွဲခုံအား လက်ချောင်များဖြင့် တစ်ဒေါက်ဒေါက် ခေါက်လိုက်၏။
အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက်
“ ရွှမ်ယီ ထွက်သွားပြီလား…?”
၀န်ထမ်းများ ခေါင်းယမ်းလိုက်ကြသည်။
ထိုဆေးဖော်စပ်ခန်းအတွင်းသို့ ရွှမ်ယီ ၀င်သွားပြီးကတည်းက ယခုအချိန်ထိ ပြန်ထွက်မလာသေးပေ။
မိုလီ ခေါင်းညိတ်လိုက်ပြီး
“ ကောင်းပြီ… ဒါဆိုရင် ရွှမ်ယီ ဘာပဲလိုလို ငါလုပ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေသ၍ ကျေနပ်အောင် ဖြည့်ဆည်းပေးလိုက်ကြ…”
စကားဆုံးသည်နှင့် အင်္ကျီရင်ဘတ်အတွင်း လက်နှိုက်လိုက်ပြီး ရွှေရောင် တံဆိပ်ပြားတစ်ခု ထုတ်ပေးလိုက်သည်။
ထိုတံဆိပ်က ယခင် ရွှမ်ယီအား ပေးအပ်ခဲ့သော တံဆိပ်နှင့်မတူပေ။
ဤတံဆိပ်က မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ သူ့အဆင့်အတန်းကို ကိုယ်စားပြုသည်။
တံဆိပ်ပေါ်တွင် နာမည် ရေးထိုးထားခြင်းတော့မရှိပေ။
၎င်းအား ကိုင်ဆောင်ထားပါက မြင့်မြတ်ခြင်းလေလံစံအိမ်မှ ကိုယ်စားလှယ်အဖြစ် ယူဆ၍ရသည်။
၀န်ထမ်းများကမူ မိုလီ ထုတ်ယူလိုက်သော တံဆိပ်ကြောင့် အလွန်ထိတ်လန့်သွားကြ၏။
အတန်ကြာမှင်သက်နေခဲ့ပြီးနောက်မှ ရှေ့တိုးကာ တံဆိပ်အား လက်ခံလိုက်ကြသည်။
မိုလီ၏ အမြင်တွင် ရွှမ်ယီက အမှန်တကယ်ကို ပျက်စီးခြင်းနယ်မြေမှ ကျင့်ကြံသူဖြစ်ပြီး ၎င်းပြသခဲ့သော စွမ်းအားများအရ ရင်းနှီးမြှုပ်နှံရန် တော်တော်လေးပြည့်စုံသည်။
ထို့အပြင် ထိုကဲ့သို့ ပါရမီရှင်မျိုးက တစ်ကိုယ်တောင် သင်းကွဲဝံပုလွေ မဖြစ်နိုင်ပေ။
မိုလီ၏ အတွေးထဲ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တောင်ပိုင်းနယ်မြေ၌ ဇာတ်မြှုပ်သွားခဲ့သော ကြောက်မက်ဖွယ် ဂိုဏ်းတစ်ခုအမည်ထွက်ပေါ်လာ၏။
ရွှမ်ယီကမူ ၎င်းတို့ဂိုဏ်းပြန်လည် ထွက်ပေါ်မလာမီ ပြင်ပသို့ထွက်လာပြီး နာမည်ကြီးအောင် လုပ်ရန်စီစဉ်ထားသည့် အမွေဆက်ခံသူဖြစ်နိုင်သည်။
မိုလီ၏ သူနှင့်ပတ်သက်ပြီး မိမိဖာသာ ဇာတ်လမ်းများ ဖန်တီးနေကြောင်း ရွှမ်ယီ မသိခဲ့ပေ။
အကယ်၍ သိလျှင်လည်း စိတ်ထဲထားမည်မဟုတ်ချေ။