← Chapters

အခန်း (၄၅၆)

Vol. 31 Ch. 456

အခန်း (၄၅၆)

Vol. 31 Ch. 456

Chapter-456

ယခုအချိန်တွင် ဆေးဖော်စပ်ခန်းအတွင်း၌ သောက်သုံးခဲ့သော ခရမ်းကြယ်ဆေးလုံးအပေါ် အပြည့်အ၀ အာရုံစိုက်နေခဲ့၏။

ခရမ်းကြယ်ဆေးလုံးက ရွှမ်ယီ၏ မရီဒန်များ အလယ်ဗဟို၌ ဖြည်ညင်းစွာ လည့်ပတ်နေသည်။

၎င်း တစ်ပါတ်လည်သွားချိန်တိုင်း ဆေးစွမ်အားများ ပတ်၀န်းကျင်သို့ ဖြာထွက်သွားပြီး ခန္ဓာကိုယ်အတွင်းပိုင်းမှ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းလာနေ၏။

အပြင်းအထန်ဒဏ်ရာရနေသည့် စိတ်ဝိညာဉ်ဒြပ်စင်(၃)ခုကလည်း ဆေးစွမ်းအားသက်ရောက်မှုအောက်၌ အက်ကြောင်းများ ပြန်စေ့လာ‌ခဲ့သည်။

ဆိုးဆိုးရွားရွား ပြည့်နှက်နေခဲ့သော အက်ကွဲကြောင်းများအားလုံး သိသာသောအမြန်နှုန်းဖြင့် ပိတ်သွားပြီး အလုံးစုံချောမွေ့သွားခဲ့၏။

တစ်ချိန်တည်းတွင် ရွှမ်ယီ၏ အသိစိတ်ပင်လယ်တွင်လည်း ဆေးစွမ်းအားသက်ရောက်မှုကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေလေသည်။

လှိုင်းတစ်ချက်ပုတ်လိုက်ချိန်တိုင်း အသိစိတ်ပင်လယ်က ကျယ်ပြန့်၍လာနေ၏။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

ရွှမ်ယီ ဆေးဖော်စပ်ခန်းအတွင်း ၀င်ရောက်ခဲ့သည်မှာ (၃)ရက်ကြာသွားခဲ့ပြီးဖြစ်ပြီး နံနက်ခင်း နေရောင်ချည်နွေးနွေးလေးများ ပြတင်းပေါက်မှနေ၍ အခန်းအတွင်း ဖြာကျလာခဲ့သည်။

နောက်ဆုံးတွင် ရွှမ်ယီ၏ မျက်လုံးများပွင့်လာခဲ့သည်။

သူ၏ ငွေရောင်အသိစိတ်ပင်လယ်က ကျန်း(၁)သောင်းဟူသော အတားအဆီးအား ဖြတ်ကျော်သွားချေပြီ။

“ ဒါက မှော်ဆေးအင်ပါယာ အဆင့်လား…”

အဆင့်(၆) မှော်ဆေးအင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက် မှော်ဆေးပညာရှင်များ၏ အဆင့်များနှင့် ပတ်သက်ပြီး ရွှမ်ယီ ပို၍ ရှင်းလင်းလာခဲ့သည်။

မှော်ဆေးပညာရှင်များအတွက် နတ်အသိစွမ်းအားက သိုင်းတာအိုကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ယွမ်စွမ်းအားနှင့် အလားသဏ္ဌ န်တူညီသည်။

အသိစိတ်ပင်လယ် ကျယ်ပြန့်လာသည်နှင့်အမျှ နတ်အသိလည်း ပိုမိုအားကောင်းလာမည်ဖြစ်ကာ ဆေးသန့်စင်ရာတွင်လည်း အောင်မြင်မှုများ တိုးလာပေလိမ့်မည်။

ခရမ်းကြယ်ဆေးလုံးမှ စွမ်းအားများကို စုပ်ယူခဲ့ပြီးနောက် သူ့ အသိစိတ်ပင်လယ်က ကျန်း(၃)သောင်းအထိ တိုက်ရိုက်ရောက်ရှိသွားခဲ့၏။

[ ၁ ကျန်း = ၃.၃၃ မီတာ ]

၎င်းက မှော်ဆေးအင်ပါယာများ အကြား၌ပင် ထူးထူးခြားခြားဖြစ်သည်။

သို့သော် မှော်ဆေးပညာတိုးတက်မှု နှင့် ယှဉ်ပါက ကျင့်ကြံမှု တိုးလာခဲ့ခြင်း‌အပေါ် ရွှမ်ယီ ပို၍ ၀မ်းမြောက်နေမိ၏။

ယခင် သူ၏ ငွေရောင် အသိစိတ်ပင်လယ်အပေါ်၌ စိတ်ဝိညာဉ်ဒြပ်စင် (၁၈)ခု မျောလွင့်နေခဲ့သည်။

ယခုတွင် စိတ်ဝိညာဉ်ဒြပ်စင် အသစ်(၆)ခု ဖြစ်ပေါ်လာခဲ့ပြီး အသိစိတ်ပင်လယ်အထက်၌ စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခု ရှိသွားချေပြီ။

၎င်းတို့ ပတ်၀န်းကျင်၌ အသံများ တစ်အုန်းအုန်း ထွက်ပေါ်နေခဲ့ပြီး စိတ်ဝိညာဉ် စွမ်းအင်များ အဆုံးမဲ့ ရှိနေသည်ဟုပင် ထင်မှတ်ရ၏။

ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်း ‌နောက်တစ်ဆင့်တိုးသွားခဲ့ချေပြီ။

“ သာမန် တတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ကိုတောင် ဓားတစ်ချက်နဲ့ သတ်နိုင်မယ်လို့ ခံစားနေရတယ်…”

ရွှမ်ယီ ထိုင်နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ပါရမီရှင်များ စုဝေးပွဲသို့ သွားရန် အချိန်တန်ပြီဖြစ်၏။

အရှေ့ပိုင်းတိုက်ကြီးမှ အဆင့်မြင့်ကျင့်ကြံသူများ နှင့် ပါရမီရှင်လူငယ်များအား ဆွဲဆောင်နိုင်ခဲ့သော မြင့်မြတ်ခြင်းမူလ လေလံပွဲပြီးဆုံးသွားသည်မှာ (၃)ရက်ကြာသွားခဲ့ချေပြီ။

သို့သော် မြင့်မြတ်ခြင်းမူလ စုဝေးပွဲနေရာ၌မူ စည်ကားလျက်ရှိနေဆဲပင်။

ထိုအပြင် ယနေ့က ပုံမှန်ထက် ပို၍ ထူးခြားနေခဲ့၏။

နတ်ဆိုးများဆွဲသော ရထားလုံးများစွာတို့ တျန်ဂျီတောင်းတန်း မြောက်ဘက်ခြမ်းမှ ချိုင့်ဝှမ်းတစ်ခုသို့ ဦးတည်သွားလာနေသည်။

ထိုကဲ့သို့မြင်ကွင်းများနှင့်ပတ်သက်ပြီး မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှလူများ ကျင့်သား‌ကျနေခဲ့ပြီး ဖြစ်သည့်တိုင် အလွန်များပြားသော နတ်ဆိုးများဆွဲသည့် ရထားလုံးများစွာတို့ ရုတ်တရက် ပေါ်လာခြင်းကြောင့် အလွန်အံ့အားသင့်နေခဲ့ကြ၏။

“ မြင့်မြတ်သားတော် ၊ သမီးတော်တွေရဲ့ ရထားလုံးတွေ ဆက်တိုက် ပေါ်လာနေတာပဲ… ဒီနေ့က ဘာနေ့မို့လဲ… တစ်ခုခု ထူးခြားလို့လား…”

“ မင်းမသိသေးဘူးလား… ထုံးစံအတိုင်း မြင့်မြတ်ခြင်းမူလ လေလံပွဲပြီးသွားတိုင်း တောင်းပိုင်းကောင်းကင်တံခါးက ပါရမီရှင်တွေ စုရုံးကြမယ့် စုဝေးပွဲတစ်ခုရှိတယ်လေ… အဲ့တာက ဒီနေ့ပဲ…”

“ မှန်တယ်… ဒါပေမယ့် ဒီနှစ်က ပုံမှန်ထက်ထူးခြားတယ်လို့ပြောရမယ်… တောင်ပိုင်းကောင်းကင်တံခါးရဲ့ အကြီးပိုင်းတွေက ဆောင်းဦး အမဲလိုက်ပွဲတစ်ခု ကျင်းပဖို့စီစဉ်နေတယ်…ပြီးတော့ မဟာအင်အားစုကြီးတွေက သူတို့ ဆက်ခံသူတွေကို အဲ့ပွဲမှာ ပါ၀င်နိုင်ဖို့ တောင်ပိုင်းကောင်းကင်တံခါးကို စေလွှတ်ထားတယ်လို့လည်း သတင်းကြားတယ်… တိုက်ပွဲတစ်ခုတည်းနဲ့ ဂုဏ်သတင်း အထွတ်အထိပ်ကိုရောက်သွားမှာ.. ဘယ်လောက်တောင် ကောင်းတဲ့ကိစ္စလဲ…”

မြင့်မြတ်ခြင်းမူလ စုဝေးပွဲပတ်၀န်းကျင်မှ လူများ အချင်းချင်း တီးတိုးဆွေးနွေးနေကြ၏။

ထိပ်သီးပါရမီရှင်များ စုစည်းနေသည်ဖြစ်ရာ အလုံး‌စုံချောမွေ့နေမည်တော့မဟုတ်ချေ။ အဖုအထစ်များနှင့် တိုက်ပွဲများ ပေါ်လာနိုင်၏။

ဆောင်းဦး အမဲလိုက်ပွဲမတိုင်မီ တောင်ပိုင်းကောင်းကင်တံခါး ထိပ်သီးပိုင်းအကြီးအကဲတွေရဲ့ အာရုံကို ဆွဲဆောင်ရန် ကြိုးစားမည့် လူများလည်း ပေါ်လာမည်မှာ သေချာသည်။

ရွှမ်ယီလည်း စုဝေးပွဲကျင်းပမည့်နေရာသို့ စိတ်အေးလက်အေး လမ်းလျှောက်သွားနေ၏။

ထိုစုဝေးပွဲကျင်းပမည့်နေရာက အလယ်ပိုင်းကောင်းကင်နယ်မြေ၌ မဟုတ်ချေ။ အလယ်ပိုင်းကောင်းကင်နယ်မြေ မြောက်ဘက်၌ ဖြစ်၏။ ၎င်းက မြင့်မြတ်ခြင်း မူလ လေလံစံအိမ်နှင့် ဆက်စပ်နေသော ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း၌ ဖြစ်ပေသည်။

လမ်းတစ်လျှောက် အားကောင်းသော နတ်ဆိုးများဆွဲနေသည့် ရထားလုံးများစွာကို တွေ့ခဲ့ရ၏။ နတ်ဆိုးများက အဆက်မပြတ် ဟိန်းဟောက်နေခဲ့ပြီး ရထားလုံးများကလည်း စိတ်ဝိညာဉ်အလင်းများဖြင့် အလွန်တောက်ပနေသည်။

ရွှမ်ယီကဲ့သို့ လမ်းလျှောက်နေသူ အနည်းငယ်သာရှိ၏။

သို့သော် ရွှမ်ယီက ၎င်းတို့နှင့် ခြားနားသည်။ ကိုယ်အမူအရာများ ၊ မျက်လုံးအကြည့်များ ၊ အတွေးများ အားလုံးကန်ရေပြင်လား ငြိမ်သက်နေ၏။ ၎င်းက ရွှမ်ယီ ဟန်ဆောင်နေခြင်းမဟုတ်ပေ။

လက်ရှိအခြေအနေက အမှန်တကယ် နက်နဲသောအခြေအနေသို့ ရောက်နေသောကြောင့်ဖြစ်၏။

မှော်ဆေး အင်ပါယာအဆင့်သို့ ရောက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်က ပိုမို အားကောင်းလာခဲ့ကာ ကမ္ဘာကြီးနှင့် ပို၍ သဟဇာတ ဖြစ်လာခဲ့သည်။

ထို့အပြင် အဆင့်(၆) ဓားရည်ရွယ်ချက်နှင့် အဆင့်(၇)ကြားမှ အတားအဆီးကလည်း တဖြည်းဖြည်း လျော့ပါးလာနေ၏။

၎င်းက အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။ သို့ဖြစ်ရာ ရွှမ်ယီအနေဖြင့် အနည်းငယ်မျှ လက်လွှတ်လိုခြင်းမရှိချေ။

လမ်းတစ်လျှောက်မှ ရှုခင်းများအားခံစားနေပြီး ကမ္ဘာကြီး၏ သဘာ၀ တာအိုသဘောတရားများကိုဆင်ခြင်လာခဲ့သည်။

သာမန်အချိန်တွင် စွမ်းအားကောင်းသော လူအများစုတို့က အလွန် မောက်မာထောင်လွှားလေ့ရှိပြီး ကမ္ဘာကြီးမှ အရာအားလုံးကို ပုရွတ်ဆိတ်များသဖွယ် ရှုမြင်လေ့ရှိကြပြီး မိမိတို့ကိုယ်တိုင်က ကမ္ဘာကြီး၏ တစ်စိတ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မေ့နေခဲ့ကြ၏။

ဤသို့ဖြင့် ပတ်၀န်းကျင်မှ ဖြတ်သန်းသွားသော နတ်ဆိုး ဆွဲ ရထားလုံးများက တောတောင်များနှင့် အလားတူပင်ဖြစ်နေပြီး ရွှမ်ယီ၏ နားလည်ဆင်ခြင်နေမှုအား အနည်းငယ်မျှ အနှောက်အယှက်ဖြစ်စေခြင်းမရှိချေ။

၎င်းတို့က ရွှမ်ယီ၏ ကမ္ဘာကြီးမှ သဘာ၀တာအိုအား ဆင်ခြင်ရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ငြိမ်သက်စွာ လမ်းလျှောက်နေသည့် ရွှမ်ယီ၏ ပုံစံက ကျန်လူများ အမြင်တွင် အထူးအဆန်းဖြစ်နေ၏။

ဤသို့ဖြင့် ကျန်နေရာများ ၊ မြင့်မြတ်ခြင်း မူလ စုဝေးပွဲ နှင့် ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းသို့ သွားရာ လမ်း(၃)ခွ ဆုံသည့်နေရာသို့ ရွှမ်ယီ ရောက်လာခဲ့သည်။

“ ဟေး… ညီလေး... မင်းလမ်းမှားနေပြီ.. အဲ့တာ ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းကို သွားတဲ့လမ်းပဲ…”

လမ်းဆုံမှ ကောင်းကင်ဘုရင်အဆင့်တစ်ယောက်က ရွှမ်ယီအား လှမ်းအော်ကာ သတိပေးလိုက်၏။

ထိုလမ်းကြောင်းက ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းသို့ ဦးတည်နေသည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပြီး အလွန်အန္တရာယ်များကာ ယနေ့တွင် ပါရမီရှင်များစွာတို့ ထိုလမ်းမှ ဖြတ်သန်းသွားခဲ့ကြသည်။

ယခုအချိန်တွင် လမ်းတစ်ခုလုံး ရှင်းလင်းနေပြီး လမ်းသွားလမ်းလာ တစ်ယောက်မှ မရှိပေ။

“ ကျွန်တော် စုဝေးပွဲ သွားမလို့ပါ…”

ရွှမ်ယီက ထို ကြင်နာစွာ သတိပေးခဲ့သူအား အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်သည်။

သို့သော် ရွှမ်ယီ၏ စကားက လမ်းဆုံမှ လူများကို အံ့အားသင့်သွားစေခဲ့သည်။

သူက ဘယ်သူများလဲ…?

စုဝေးပွဲကို လမ်းလျှောက်ပြီးသွားနေတာလား…?

ပြီးတော့ ပတ်၀န်းကျင်ကို လျစ်လျူရှုထားတဲ့ ပုံစံနဲ့…!

တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး

“ သာမန်လူတွေ အနေနဲ့ နာမည်ကြီးအောင် အလွယ်လမ်းလိုက်တာ သိပ်တော့မထူးဆန်းပါဘူး…”

သို့သော် ပတ်၀န်းကျင်မှ နောက်ထပ်စကားသံထွက်ပေါ်လာ၏။

ရွှမ်ယီ၏ နောက်ကျောအား စိုက်ကြည့်နေသူတစ်ဦးက တစ်စုံတစ်ရာအား မှတ်မိသွားပြီး ပြူးကျယ်သောမျက်၀န်းများဖြင့်

“ အဲ့တာ အဲ့လူပဲ… လေလံစံအိမ်ရှေ့မှာ ပဉ္စမ မင်းသားကို သတ်ခဲ့တဲ့လူ…”

“….”

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

အစောပိုင်းက လှောင်ပြောင်ခဲ့သူ၏ မျက်နှာက သွေးမရှိတော့ပေ။

ချက်ချင်း အဝေးသို့ လှည့်ပြေးတော့၏။

All Chapters