← Chapters

အခန်း (၄၅၉)

Vol. 31 Ch. 459

အခန်း (၄၅၉)

Vol. 31 Ch. 459

Chapter-459

အင်အားစုကြီးများမှ အနာဂတ်အမွေဆက်ခံသူများအနေဖြင့် ၎င်းတို့အားလုံး မိမိတို့အင်အားစုအတွင်းမှ ထိပ်တန်းအတတ်ပညာများကို လေ့ကျင့်ခွင့်ရခဲ့ကြသည်။ ဤသို့ဖြင့် အဆင့်တူမှ လူများအား အနိုင်ယူနိုင်သောစွမ်းအားများ ပိုင်ဆိုင်လာခဲ့၏။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

ရွှမ်ယီက လျူရွှမ်အား လှည့်ပင်မကြည့်ခဲ့ချေ။ အနားသို့ လာဝဲနေသော ယင်ကောင်တစ်ကောင်အား ရိုက်ထုတ်လိုက်သည့်အလား ညာလက်ဖြင့် နောက်ပြန်ခတ်ထုတ်လိုက်၏။

ဝုန်း…

ထိုရိုက်ထုတ်လိုက်မှုမှတစ်ဆင့် လေလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။

ထို့အပြင် ရွှမ်ယီက စိတ်ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စမျှ အသုံးပြုခဲ့ခြင်း မရှိဘဲ ရုပ်ခန္ဓာခွန်အားကိုသာ အသုံးပြုခဲ့ခြင်းဖြစ်၏။

ထိုလက်ဝှေ့ယမ်းမှုက ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း တစ်ဝက်လောက်ကို တုန်ခါသွားစေခဲ့သည်။

တစ်ဖက်တွင်မူ ကြယ်များကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု တင်စားထားသော ရုန်းစွမ်းအားများက လေလှိုင်းလုံးကြီးကြောင့် လမ်းတစ်ဝက်တင် ရပ်တန့်သွားခဲ့၏။

ခလွပ်…

လှံတံ အပိုင်းပိုင်းအက်ကွဲသွားခဲ့သည်။

သို့သော် လေလှိုင်းလုံးကြီးက ထိုမျှနှင့် ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ တစ်စစီအက်ကွဲသွားခဲ့သော လှံတံအပိုင်းအစများအား သယ်ဆောင်သွားပြီး လျူရွှမ်ရှိရာသို့ စူးရှသော ထိုးခွင်းသံများနှင့်အတူ ဝင်ရောက်သွားခဲ့သည်။

လျူရွှမ်၏ ထိတ်လန့်မှုနှင့် နောင်တများ ပြည့်နှက်နေသော မျက်ဝန်းအောက်တွင် လှံတံအပိုင်းအစများက သူ့ခန္ဓာကိုယ်အား ထိုးဖောက်ဖြတ်သန်းသွားခဲ့၏။

ထို့နောက် လျူရွှမ်တစ်ယောက် မျှော်လင့်ချက်များအားလုံး ပျောက်ဆုံးကာ မြေပြင်ထက်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။

ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း အပြင်ပိုင်းနယ်မြေတစ်ခုလုံး သေမင်းနယ်မြေကြီးတစ်ခုအလား တိတ်ဆိတ်သွားခဲ့သည်။

စကားသံ တစ်ခုမှ ထွက်မလာခဲ့ပေ။

သူတို့အားလုံး လျူရွှမ်က ရွှမ်ယီ၏ သာမန်လက်ဝှေ့ယမ်းမှုတစ်ခုကိုပင် မကာကွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိခဲ့ချေ။

လျူရွှမ်ဖြစ်စေ၊ ရွှမ်ယီဖြစ်စေ ဤစုဝေးပွဲ၌ ထိပ်တန်းများအဖြစ် သတ်မှတ်နိုင်သည်။

လျူရွှမ်အနေဖြင့် တောင်ပိုင်းကောင်းကင်တံခါးတွင် နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သည်ဖြစ်ရာ ၎င်းအစွမ်းထက်ကြောင်းကို လူတိုင်းသိရှိထားကြ၏။

ရွှမ်ယီကမူ ဖျက်မြင်းတစ်ကောင်အလား ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

သူက ထွက်ပေါ်လာသည်နှင့် အသင်္ချေနဂါးမင်းဆက်မှ ပဉ္စမမင်းသားကို သတ်ဖြတ်ပြီး အင်ပါယာအဆင့်အကြီးအကဲကိုလည်း အပြင်းအထန် ဒဏ်ရာရစေခဲ့၏။

ထို့ကြောင့် ရွှမ်ယီနှင့် လျူရွှမ်တို့အကြားတိုက်ပွဲက ကျားများ၊ နဂါးများအကြား တိုက်ပွဲကဲ့သို့ ဖြစ်လိမ့်မည်ဟု လူတိုင်းမျှော်လင့်ထားခဲ့ကြသည်။

သို့သော် ဤမျှလျင်မြန်စွာ ပြီးဆုံးသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်း မရှိချေ။

၎င်းတို့နှစ်ယောက်အကြား ကွာခြားချက်က စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိတော့ပေ။ လျူရွှမ်အနေဖြင့် ဂိုဏ်းမှ ပေးအပ်ထားသော အသက်ကယ်ဝှက်ဖဲများကိုပင် အသုံးပြုနိုင်ခဲ့ခြင်း မရှိချေ။

ရွှမ်ယီထံတွင် တစ်ချက်တည်းဖြင့် ရိုက်သတ်ခံခဲ့ရ၏။

မကြာခင် တစ်စုံတစ်ယောက်က ရွှမ်ယီအကြောင်း သတင်းကြားလာခဲ့ပြီးနောက် လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

“နက်နဲခြင်း အင်ပါယာဂိုဏ်း… အရှေ့ပိုင်းတိုက်ကြီးမှာ ဒီလိုဂိုဏ်းမျိုးလည်း ရှိတာပဲလား… တစ်ခါမှ မကြားဖူးဘူး…”

ပါရမီရှင်များ အလွန်အံ့အားသင့်စွာနှင့် အချင်းချင်း တီးတိုးဆွေးနွေးနေခဲ့ကြ၏။

ထိုဂိုဏ်း၏နာမည်က အလွန်ကြီးစိုးလွန်းလှသည်။ တာအိုလမ်းကြောင်းပေါ်၌ ထိပ်ဆုံးဖြစ်သည်ဟု ကြွေးကြော်ထားသည့်အလားပင်။

မကြာခင် ကောင်းကင်ဘုံအတွင်းပိုင်းမှ အစေခံတစ်ယောက် ပြေးထွက်လာခဲ့ပြီး ရွှမ်ယီအား လေးစားစွာဦးညွှတ်လျက် လမ်းပြကာ ကောင်းကင်ချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုနေရာက ဤစုဝေးပွဲ၏ အဓိကနေရာဖြစ်၏။ ထိုနေရာသို့ ဝင်ရောက်နိုင်သူများက တောင်ပိုင်းကောင်းကင်တံခါးမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။

လျူရွှမ်ကဲ့သို့ လူများက ထိုနေရာသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီခြင်း မရှိပေ။

ရွှမ်ယီက လျူရွှမ်အား အလွယ်တကူသတ်ဖြတ်ပြီး သူ၏ခွန်အားကို သက်သေပြနိုင်ခဲ့သည်။

ရွှမ်ယီအား ခေါ်ဆောင်လာသော အစေခံက ရွှမ်ယီအား အနည်းငယ်ကြောက်လန့်နေခဲ့သော်လည်း အားတင်းပြီး ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းပိုင်းသို့ ရောက်လျှင် ထိုနေရာမှ လူများနှင့်တိုက်ခိုက်နိုင်သော်လည်း သတ်ဖြတ်၍ အဆင်မပြေကြောင်း သတိပေးလိုက်၏။

မတတ်သာလို့သာ ပြောလိုက်ရခြင်းဖြစ်ပြီး ရင်ထဲ၌ အလွန်ကြောက်လန့်နေခဲ့သည်။

ထိုရွှမ်ယီဆိုသည့်လူက ထွက်ပေါ်လာပြီးကတည်းက နှစ်ကြိမ်သာ တိုက်ခိုက်ခဲ့သည်။ ပထမတစ်ကြိမ်တွင် အသင်္ချေနဂါးမင်းဆက်မှ ပဉ္စမမင်းသားအား သတ်ခဲ့ပြီး ယခုတွင်လည်း လျူရွှမ်အား သတ်ခဲ့ပြန်သည်။

ဤချိုင့်ဝှမ်းက မြင့်မြတ်ခြင်းမူလလေလံစံအိမ်၏ လက်အောက်တွင် ရှိနေခဲ့သော်လည်း အင်အားစုကြီးများမှ ပါရမီရှင်အများအပြား သေဆုံးသွားပါက ပြဿနာတက်ပေလိမ့်မည်။

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး သတိပေးခဲ့သော အစေခံအား စိတ်ပူစရာမလိုကြောင်း ပြောလိုက်သည်။

“ငါ သူတို့နဲ့တိုက်ခိုက်ဖို့ လုံးဝရည်ရွယ်ချက်မရှိဘူး… ဒီကိုရောက်လာတာက တပည့်တစ်ယောက်ရှာဖို့အတွက်ပဲ…”

“ဒါဆိုလည်း ကောင်းပါတယ်… အမ်… တပည့်ရှာမှာလား…?”

ရွှမ်ယီထံမှ တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိဟူသော စကားကြားလျှင် သူအလွန်ဝမ်းသာသွားခဲ့သော်လည်း နောက်ဆက်တွဲစကားများက အံ့ဩထိတ်လန့်သွားစေခဲ့သည်။

ဤသို့ဖြင့် ရှေ့မှထွက်ခွာသွားသော ရွှမ်ယီ၏နောက်ကျောအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့မိ၏။

အချိန်အတန်ကြာသည့်တိုင်အောင် သတိပြန်လည်လာခဲ့ခြင်း မရှိချေ။

ကောင်းကင်စိတ်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းပိုင်း…

ထိုနေရာတွင် ကြည်လင်ကာ သန့်စင်လှပသော ရေကန်တစ်ခုရှိနေခဲ့ပြီး ရေကန်၏အလယ်ဗဟိုတွင် လူများအပန်းဖြေအနားယူနိုင်ရန်အတွက် စင်မြင့်တစ်ခု တည်ဆောက်ထားခဲ့သည်။

ရွှမ်ယီ ရောက်လာပြီးသည်နှင့် အသက်ဝဝတစ်ချက်ရှူလိုက်၏။

ဤနေရာတွင် စိတ်ဝိညာဉ်ချီစွမ်းအင်များ အလွန်ထူးထပ်သိပ်သည်းနေခဲ့ပြီး တစ်ချက်မျှ ရှူလိုက်ရုံနှင့် စိတ်ဝိညာဉ်အတွင်းပိုင်းထိ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ရေကန်၏အလယ်ဗဟိုမှ စင်မြင့်ထက်တွင် လူတစ်ဒါဇင်ကျော်မျှလောက်သာ ရှိနေခဲ့သော်လည်း ၎င်းတို့အားလုံး တောင်ပိုင်းကောင်းကင်တံခါးမှ ထိပ်တန်းပါရမီရှင်များဖြစ်ကြ၏။ ထို့အပြင် ၎င်းတို့ အသက်များက (၂၀) မှ (၃၀) ကြား၌သာရှိသေးသည်။

၎င်းတို့အား ရွှမ်ယီနှင့် မျိုးဆက်တူကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်သည်။

၎င်းတို့အား ကြည့်ရင်း ရွှမ်ယီခေါင်းတစ်ချက်ညိတ်လိုက်မိသည်။

ထိုလူများက သူမျှော်လင့်ထားသည့်အတိုင်းပင်။ အားလုံးကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေခဲ့ကြပြီဖြစ်ပြီး ပါရမီများ အလွန်ကောင်းမွန်ကြ၏။

၎င်းတို့အကြားတွင် ပါရမီရမှတ် အနည်းဆုံးက (၂၀၀)ဝန်းကျင်ဖြစ်ပြီး အမှတ် (၃၀၀)ကျော်သည့်လူများပင် ရှိနေခဲ့သည်။

ထိုအထဲတွင် လူအုပ်ကြီးနှင့် ကွဲထွက်ကာ တစ်သီးတခြားဆန်သော မိန်းကလေးတစ်ဦး ရှိနေခဲ့ပြီး အရောင်ဖျော့သော ဝတ်စုံအား ဝတ်ဆင်ထားကာ ကောင်းကင်ထက်မှ အင်မော်တယ်တစ်ပါးအလား ထင်မှတ်ရ၏။

သူမ၏ ပတ်ဝန်းကျင်တွင် ရွေးချယ်ခံအဆင့် မြင့်မြတ်သားတော်များ ဝန်းရံနေကြသည်။ ဤသို့ဖြင့် သူမ၏ ပုံစံမှာ ကြယ်ကလေးများ ဝန်းရံနေသည့် လမင်းကြီးတစ်စင်းအလားပင်။

သို့သော် သူမ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူမ နှလုံးသားအား မည်သည့်အရာကမှ မလှုပ်ခတ်နိုင်သလိုပင်။

သို့သော် သူမ အကြည့်များ ရွှမ်ယီထံသို့ ရောက်သွားသောအချိန်တွင် မျက်ဝန်းများ တောက်ပလာခဲ့ပြီး ဖော်ရွေစွာ ပြုံးလျက် ချက်ချင်းနှုတ်ဆက်လိုက်သည်။

“ မဟာဆရာသခင် ရွှမ်ယီလည်း ဒီကိုရောက်လာလိမ့်မယ်လို့ ကျွန်မ တကယ် မမျှော်လင့်ထားခဲ့ဘူး…”

ထိုမိန်းကလေးအား ကြည့်နေသည့် ရွှမ်ယီ၏ မျက်ဝန်းများထဲ၌ ထူးဆန်းဟန်များ ဖြစ်ပေါ်လာခဲ့သည်။

၎င်းက ထိုမိန်းကလေး၏ အလှတရားကြောင့် မဟုတ်ပေ။ သူမ၏ ပါရမီရမှတ်ကြောင့်ဖြစ်သည်။

သူမ၏ ပါရမီရမှတ်က တစ်ခါတစ်ရံတွင် တစ်ဒါဇင်ဝန်းကျင်ခန့်လောက်သာ ရှိနေခဲ့ပြီး တစ်ခါတစ်ရံတွင် အမှတ် (၄၀၀)လောက်အထိ တက်သွားလေ့ရှိကာ အမှတ် (၅၀၀)သို့ပင် ရောက်သွားသည်ကို မြင်နေရ၏။

“မင်းက….?”

ရွှမ်ယီ စိတ်ထဲမှ သိချင်စိတ်များအား မထိန်းနိုင်တော့ပေ။ ဤကဲ့သို့ ထူးခြားသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူတစ်ယောက်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

All Chapters