အခန်း (၄၆၀)
Vol. 31 Ch. 460
Chapter-460
ရွှမ်ယီ၏ အမေးအားကြားလျှင် မြင့်မြတ်သားတော် တစ်ယောက်က မကျေမနပ်ဖြစ်သွားပြီး
“ ဆန်းကြယ် အနှစ်သာရနတ်ဘုရားမကို မသိဘူးဆိုတော့ မင်း မျက်စိ ကန်းနေတာပဲဖြစ်မယ်…”
ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမလား…?
ရွှမ်ယီ အနည်းငယ်ခေါင်း ညိတ်လိုက်မိသည်။ ထိုမိန်းကလေး သူ့အပေါ် ဖော်ရွေနေသည်မှာ မထူးဆန်းတော့ချေ။
လက်ရှိ အရှေ့ပိုင်းတိုက်ကြီး၌ သူ၏ ဝှက်ဖဲများနှင့် ပတ်သက်ပြီး အသိဆုံး အင်အားစုမှာ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ဖြစ်သည်။
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က အပေါ်ယံတွင် လေလံစံအိမ်အမည်ခံထား သော်လည်း ၎င်းတို့စွမ်းအားက အရှေ့ပိုင်းတိုက်ကြီး၏ ထိပ်ဆုံးပိုင်း၌ ရှိနေနိုင်သည်။
လေလံစံအိမ်အနေဖြင့် ရွှမ်ယီ၏ ခွန်အား ကန့်သတ်ချက်အား အတိအကျမသိသော်လည်း မှော်ဆေးပညာ၍ အဆင့်(၆) သို့ရောက်သွားပြီဖြစ်ကြောင်း သိထားကြ၏။
ရွှမ်ယီ၏ ငယ်ရွယ်သော အသက်အရွယ်အား ဘေးဖယ်ထားဦးတော့ ။ မှော်ဆေးအင်ပါယာတစ်ယောက်အား မည်သည့်အင်အားစုကြီးမဆို တန်ဖိုးထားကြပေလိမ့်မည်။
သို့ဖြစ်ရာ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ နံပါတ်(၁) ပါရမီရှင်ဖြစ်သော ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမအနေဖြင့် ရွှမ်ယီနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် လေလံစံအိမ်မှ ညွှန်ကြားချက် ရထားခဲ့သည်။
ထိုသို့သော ကိစ္စများနှင့်ပတ်သက်ပြီး ရွှမ်ယီ စိတ်ထဲ သိပ်မထားပေ။
နတ်ဘုရားမ ဆိုသူနှင့် နှုတ်ဆက်စကားတချို့ပြောခဲ့ပြီးနောက် အဓိက သိလိုနေသော အကြောင်းအရာအား အစပျိုးလိုက်၏။
“ မင်းရဲ့ ပါရမီက အရမ်းထူးချွန်တာပဲ… ဒါနဲ့ မင်း ခန္ဓာကိုယ်က….!”
ထိုစကားအားကြားလျှင် နတ်ဘုရားမ၏ လှပသော မျက်၀န်းလေးများထဲ၌ ထိတ်လန့်မှု တစ်စွန်းတစ်စ ဖြစ်ပေါ်လာခဲ့သည်။
သူမ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အလွန်ထူးခြားလှ၏။
၎င်းအား နှစ်သွယ်အင်ပါယာခန္ဓာဟု ခေါ်ပြီး ဆန်းကြယ်သော စွမ်းရည်များ ရှိသည့်အပြင် အလွန်လည်း ရှားပါးသည်။
ကျင့်ကြံရာ၌ အလွန်ကောင်းမွန်သော ပါရမီကို ပိုင်ဆိုင်ထားသည့်အပြင် မည်သည့် ကျင့်စဉ် ၊ သိုင်းပညာကိုမဆို အလွယ်တကူ နားလည်တတ်မြောက်နိုင်စွမ်းရှိ၏။
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်၌ ရှိသော နတ်တန်ခိုးစွမ်းအားများပင် သူမအတွက် နားလည်ရန် အခက်အခဲမရှိချေ။
သိုသော် ဤခန္ဓာကိုယ်၌ အားနည်းချက်ကြီးတစ်ခု ရှိနေခဲ့သည်။
၎င်းက တည်ငြိမ်မနေခြင်းပင်။
နှစ်သွယ်အင်ပါယာခန္ဓာ အမြင့်ဆုံးသို့ရောက်နေချိန်တွင် ပထမအတိဒုက္ခ အင်ပါယာအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော်လည်း အနိမ့်ဆုံးသို့ ကျဆင်းနေချိန်တွင် အခြေတည်ဝိညာဉ်အဆင့် တစ်ယောက်ကိုပင် အနိုင်မယူနိုင်ချေ။
ထို့ကြောင့် သူမအနေဖြင့် တိုက်ပွဲများအား အတတ်နိုင်ဆုံး ရှောင်ကွင်းခဲ့ရသည်။
ထို့အပြင် သူမအနေဖြင့် ခွန်အားကို အပြည့်အ၀သုံးစွဲနိုင်ခြင်းလည်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူမ ခန္ဓာကိုယ်အတွင်း၌ လုံး၀ ကွဲပြားခြားနားသည့် စွမ်းအင် နှစ်မျိုးရှိနေသောကြောင့်ဖြစ်၏။
ခွန်အားကို အဆုံးအစွန်ထိ ထုတ်လွှတ်လိုက်ပါက ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်နှစ်မျိုး ထိခတ်မိပြီး ပျက်စီးသွားနိုင်သည်။
သို့ဖြစ်၍ ၎င်းတို့ ဟန်ချက်ပျက်မသွားစေရန် ချိန်ညှိအသုံးပြုခဲ့ရ၏။
သူမ အနေဖြင့် ထိုပြသနာအား ဖြေရှင်းရန် သတ္တမ အတိဒုက္ခ အင်ပါယာအဆင့်သို့ ရောက်အောင် ကျင့်ကြံရန်လိုအပ်သည်။
ထိုအချိန်ရောက်ပါက မိုးကြိုးကပ်ဘေးအား အသုံးပြုလျှက် နှစ်ပိုင်းကွဲနေသော စွမ်းအင်များကို တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်နိုင်ပေလိမ့်မည်။
သို့သော် သူမ၏ တစ်သတ်မတ်တည်းမရှိဘဲ မတည်မငြိမ်ဖြစ်နေသည့် အခြေအနေဖြင့်ဆိုပါက ပထမ အတိဒုက္ခအဆင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန်ပင် အလွန်ခက်ခဲလှ၏။
သတ္တမအဆင့်ထိ မည်သို့ ရောက်နိုင်မည်နည်း။
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်၌ ထိုကိစ္စအကြောင်း သိသူ အလွန်နည်းပါးသည်။
ကြီးကြပ်သူ မိုလီပင် သိမထားချေ။
သူမ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားကြောင်းကိုသာ သိထားခဲ့၏။
သို့သော်
ရွှမ်ယီ…!
သူက တစ်ချက်ကြည့်ရုံနှင့် သူမ ခန္ဓာကိုယ်မှ ပြသနာကို မြင်နိုင်သည်လား…?
သို့သော် ရွှမ်ယီအနေဖြင့် အစပိုင်းတွင် သူမ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အနည်းငယ် ထူးခြားကြောင်းကိုသာ သတိထားမိခဲ့ခြင်းဖြစ်ကြောင်း သူမ မသိခဲ့ပေ။
စနစ်ဖြင့် ပါရမီအား စစ်ဆေးခဲ့ပြီးနောက်မှ ရှင်းလင်းစွာ သိခဲ့ခြင်းဖြစ်၏။
[ နှစ်သွယ်အင်ပါယာခန္ဓာ - ဆန်းကျယ်ဘုရင်ခန္ဓာ နှင့် မူလဘုရင်ခန္ဓာတို့ ပေါင်းစပ်ထားခြင်း…။
အထွတ်အထိပ် အင်ပါယာ အဆင့်သို့ ရောက်ရှိနိုင်သည်…။
မွေးရာပါ ပါရမီ အလွန်ကောင်းမွန်၏…။
အဆင့်မြင့် အင်ပါယာအဆင့်သို့ ရောက်ပါက အထူး ခန္ဓာ(၂)ခု ပေါင်းစည်းသွားလိမ့်မည်… ]
[ နှစ်သွယ်အင်ပါယာခန္ဓာကိုယ် ပေါင်းစည်းခြင်း နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်…]
[ ပေါင်းစည်းရန် လိုအပ်ချက်များ
(၁) မိုးကြိုးကပ်ဘေးအား အသုံးပြုကာ ခန္ဓာကိုယ်အား သန့်စင်ခြင်း
မှတ်ချက် - ခန္ဓာနှစ်ခုအား အင်အားသုံးပေါင်းစပ်စေခြင်းဖြစ်ရာ အန္တရာယ် အလွန်မြင့်မားသည်…။
(၂) နှစ်သွယ်ဝိညာဉ်ပြောင်းလဲခြင်းဆေးလုံး
မှတ်ချက် - ခန္ဓာပိုင်ရှင်၏ ကိုယ်တွင်းမှ စိတ်ဝိညာဉ်နှစ်ခုအား ဆေးလုံးဖြင့် ဆွဲထုတ်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ အင်ပါယာခန္ဓာအဖြစ်သို့ ပြောင်းလဲစေခြင်းဖြစ်သည်…။
]
ရွှမ်ယီ နှစ်သွယ်အင်ပါယာခန္ဓာအကြောင်း ဖတ်ရှုနေချိန်တွင် စနစ်၌ အပြောင်းလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တာ၀န်အကန့်နေရာရှိ လွတ်နေသောနေရာတွင် နက်နဲခြင်း အင်ပါယာဂိုဏ်းဟူသော အမည်က ရုတ်တရက် ပေါ်လာ၏။
ထို့အပြင် နက်နဲခြင်း အင်ပါယာဂိုဏ်း ထွက်ပေါ်လာရာနေရာတွင် သက်ဆိုင်ရာ အချက်အလက်များလည်း ထွက်ပေါ်လာခဲ့သည်။
[ ဂိုဏ်းအမည် - နက်နဲခြင်း အင်ပါယာဂိုဏ်း
ရာထူး- ဂိုဏ်းချုပ်
ဂိုဏ်းနံပါတ် - (၂၀)
]
ရွှမ်ယီ၏ မျက်၀န်းများ တောက်ပလာခဲ့ပြီး ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ တိမ်များစုဝေးလာကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာခဲ့ပြီး စနစ်ထံမှလည်း သတိပေးချက်တစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
[ ဒင်…! အရံတာ၀န် စတင်ပါပြီ.. ]
[ တာ၀န်အမည် - ကောင်းကင်ကိုးပါးအား လှုပ်ခါခြင်း ]
[ မှတ်ချက် - ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိဂိုဏ်းကို အင်အားတိုးချဲ့ရန် နှင့် နာမည်ကျော်ကြားစေဖို့ လုပ်ဆောင်ရန် တာ၀န်ရှိသည်…။ ]
[ လုပ်ဆောင်ရန် - ရန်သူအားလုံးကို သတ်ပစ်ပါ ]
[ တာ၀န်ဆုလာဘ် - ဂိုဏ်း၏ ဂုဏ်သတင်းအမှတ် (၂၀၀) ၊ နှစ်သွယ်ဝိညာဉ်ပြောင်းလဲခြင်းဆေးဖော်မြူလာ ၊ မူလ နတ်နဂါးခြေလှမ်း ၊ တာအိုအရင်းအမြစ် ဂျင်(၁)သောင်း ]
ဂျိန်း…
ကောင်းကင်ထက်၌ ဆူညံသောပေါက်ကွဲသံများအတူ ကြောက်မက်ဖွယ် အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်း တောက်ပသော ရုန်းများ တစ်ခုပြီးတစ်ခု အဆက်မပြတ် လင်းလက်လာခဲ့ပြီး အကာအကွယ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ကျဆင်းလာသော ဖိအားများနှင့် အရှိန်အဝါများအား ကာကွယ်ထားလိုက်၏။
“ ရွှမ်ယီ ဘယ်မှာလဲ… ထွက်ခဲ့စမ်း…”
ရွှမ်ယီကြောင့် ဒဏ်ရာရသွားခဲ့သော အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာအဆင့် ကျင့်ကြံသူ တိမ်များအကြားမှ ထွက်ပေါ်လာပြီး အော်ဟစ်လိုက်၏။
လက်ရှိအချိန်တွင် သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားခဲ့ချေပြီ။
သူ၏ အသံက အေးစက်နေပြီး မျက်လုံးများကလည်း အဆိပ်ရှိမြွေတစ်ကောင်အလား စူးရှနေခဲ့သည်။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ ပါရမီရှင်များ ထိတ်လန့်သွားပြီး ကောင်းကင်ထက်သို့ အံ့အားသင့်စွာ မော့ကြည့်လိုက်ကြ၏။
“ တစ်.. နှစ်.. သုံး… လေး…… ခုနှစ်.. အင်ပါယာ (၇)ယောက် တစ်ချိန်တည်း ရောက်လာပါလား… ဘာတွေဖြစ်နေတာလဲ…?”
တစ်စုံတစ်ယောက် မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
၎င်းတို့အနေဖြင့် အလွန်ထူးချွန်ကြသည်ဟု ဆိုနိုင်သော်လည်း အင်ပါယာအဆင့်သို့ ချိူးဖျက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခုတော့မဟုတ်ချေ။
လက်ရှိအချိန်တွင် မည်သူမှ အလျင်စလိုမလုပ်ဘဲ အခြေအနေအား စောင့်ကြည့်နေကြ၏။
အင်ပါယာအဆင့်ကျင့်ကြံသူများ အရှေ့တွင် အလွန်အစွမ်းထက်သော အင်ပါယာတစ်၀က်အဆင့် ပါရမီရှင်များမှလွဲပြီး ကျန်သူများနှာ ပုရွက်ဆိတ်များနှင့် မခြားပေ။
အင်ပါယာအဆင့် ဖိအားများအောက်၌ မြေပြင်ထက်သို့ တိုက်ရိုက်လဲကျမသွားခြင်းမှာ ကောင်းကင်ဝိညာဥ်ချိုင့်ဝှမ်း၏ အကာအကွယ်အစီအရင်ကြောင့်ဖြစ်သည်။
“ ညာဘက်က (၄)ယောက်က အသင်္ချေနဂါးအင်ပါယာကပဲ… ဘယ်ဘက်က (၃)ယောက်ကတော့ တောင်းပိုင်းကောင်းကင်တံခါးမှာ ရှိနေတဲ့ သန့်စင်ခြင်း မျှော်စင်က အကြီးအကဲတွေ…”
ကောင်းကင်ထက်မှ အင်ပါယာများ၏ နောက်ခံကိုသိသူ တစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
ထိုစကားအားကြားလျှင် ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမလည်း ထိတ်လန့်သွား၏။
‘ ရောက်လာတာ အသင်္ချေနဂါးမင်းဆက်က လူတွေတင် မဟုတ်ဘူးပေါ့…’
‘ သန့်စင်ခြင်းမျှော်စင်ကလူတွေက ဘာလို့ ရောက်လာတာလဲ…?’
သူမ မျက်နှာထက်တွင် ထိတ်လန့်မှုတစ်ချို့ ဖြတ်ပြေးသွားခဲ့ပြီး မျက်၀န်းများက ရွှမ်ယီ ထံသို့ ကျရောက်သွားခဲ့သည်။
ယခုအချိန်တွင် ရွှမ်ယီလည်း ထိတ်လန့်နေလိမ့်မည်ဟု သူမထင်မှတ်ထား၏။
သို့သော် ရွှမ်ယီက သူမ အထင်နှင့် ဆန့်ကျင်လျက် တည်ငြိမ်စွာ ရှိနေခဲ့သည်။
ရွှမ်ယီက ခေါင်းမော့လျက် ကောင်းကင်ထက်မှ အင်ပါယာ(၇)ယောက်ကို ကြည့်နေခဲ့ကာ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ရှိနေ၏။
အင်ပါယာအဆင့် ကျင့်ကြံသူ (၇)ယောက်အား အနည်းငယ်မျှ ကြောက်လန့်နေဟန်မရှိချေ။
‘ သူ့မှာ အားကိုးစရာ တစ်ခုခုရှိနေလို့လား…?’
ဆန်းကြယ်အနှစ်သာရ နတ်ဘုရားမ၏ နှလုံးသား ရှုပ်ထွေးသွားခဲ့သည်။
ရွှမ်ယီက သူမ လျှို့ဝှက်ချက်များအား ဖောက်ထွင်းမြင်နိုင်ခဲ့ကတည်းက ရွှမ်ယီအပေါ် စူးစမ်းလိုစိတ်တစ်ချို့ ဖြစ်ပေါ်လာခဲ့၏။
ယခု ရွှမ်ယီ၏ အေးဆေးတည်ငြိမ်နေမှုက သူမအား ပို၍ စိတ်၀င်စားလာစေခဲ့သည်။