အခန်း (၄၆၁)
Vol. 31 Ch. 461
Chapter-461
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ မြင့်မြတ်သားတော်များမှာ ရွှမ်ယီကဲ့သို့ ဖိအားများ၏ဗဟိုတွင် ရှိမနေသည့်တိုင်အောင် ၎င်းတို့၏ တည်ငြိမ်မှုများ စတင်ပျောက်ဆုံးလာခဲ့သည်။
အင်ပါယာအဆင့်ကျင့်ကြံသူဆိုသည်မှာ အရှေ့ပိုင်းတိုက်ကြီး၌ ရှားပါးသောအရာတော့ မဟုတ်ပေ။
သို့သော် ယခုတွင် တစ်ချိန်တည်း၌ အင်ပါယာအဆင့်ကျင့်ကြံသူ (၇)ယောက် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သည်။
တောင်ပိုင်းကောင်းကင်တံခါးနှင့် မြောက်ပိုင်းနတ်ဘုရားလမ်းတို့မှလွဲ၍ ကျန်နေရာများတွင် ဤကဲ့သို့ အခြေအနေဖြစ်ခဲ၏။
သို့သော် အင်ပါယာအဆင့်ကျင့်ကြံသူ (၇)ယောက် တစ်ပြိုင်နက် ပေါ်ထွက်လာခြင်းကြောင့် အံ့ဩထိတ်လန့်ခြင်းများ မပြီးဆုံးသေးမီ နောက်ထပ်မိုးခြိမ်းသံကဲ့သို့ စကားသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
“ရွှမ်ယီ ထွက်ခဲ့စမ်း…”
နောက်ထပ် အင်ပါယာအဆင့်ကျင့်ကြံသူနှစ်ယောက် ထပ်မံပေါ်ထွက်လာခြင်းဖြစ်၏။ ၎င်းတို့ မျက်ဝန်းများထဲတွင် ဒေါသအခိုးအငွေ့များ ပြည့်နှက်နေခဲ့ပြီး မဟာမူလကုန်းမြေ၏ အမှတ်အသားဖြစ်သော ဝတ်စုံများဝတ်ဆင်ထားကြသည်။
လျူရွှမ်၏ အသက်ကျောက်စိမ်းက တောင်ပိုင်းကောင်းကင်တံခါးမှ မဟာမူလကုန်းမြေဌာနခွဲတွင် ရှိနေခဲ့သည်။
မကြာသေးမီက ထိုအသက်ကျောက်စိမ်း ရုတ်တရက် အက်ကွဲသွားခဲ့၏။ ထို့အပြင် လျူရွှမ်အား ရွှမ်ယီသတ်ဖြတ်ခဲ့သော မြင်ကွင်းကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
ယခုထွက်ပေါ်လာသော မဟာမူလကုန်းမြေမှ အကြီးအကဲနှစ်ယောက်က လျူရွှမ်၏ တာအိုကာကွယ်သူများဖြစ်ကြ၏။
အစပိုင်းတွင် သူတို့က ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ ပါရမီရှင်များအား စုဆောင်းရန် စိတ်ကူးရှိနေခဲ့ကြသည်။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းရှိ ပါရမီရှင်စုဝေးပွဲ၌ အချင်းချင်းအကြား အဖုအထစ်ကလေးများ ရှိမည်ဖြစ်ကြောင်းလည်း သူတို့ နားလည်ထားကြ၏။
မည်သူမှ မိုက်ရူးရဲဆန်စွာပြုလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် လျူရွှမ်က ရွှမ်ယီအား ရန်စခဲ့ပြီး တစ်ချက်တည်း သတ်ဖြတ်ခံခဲ့ရ၏။
အကယ်၍ ကျန်မြင့်မြတ်သားတော်များ ဖြစ်ပါက မဟာမူလကုန်းမြေအပေါ် မျက်နှာသာပေးရန် ဖြစ်နိုင်သေးသော်လည်း ရွှမ်ယီ၏အမြင်တွင် ၎င်းတို့က ဘာမှမဟုတ်ပေ။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း ကောင်းကင်ယံထက်တွင် အင်ပါယာအဆင့်ကျင့်ကြံသူ (၉)ယောက် စုစည်းရောက်ရှိနေခဲ့သည်။
၎င်းတို့ ပစ်မှတ်က တစ်ယောက်တည်းသာ ဖြစ်၏။
နက်နဲခြင်းအင်ပါယာဂိုဏ်း၊ ရွှမ်ယီ...
“ရွှမ်ယီ… မင်း ငါတို့ ပဉ္စမမင်းသားကို သတ်ခဲ့တယ်… ဒီနေ့ မင်း သေကိုသေရမယ်…”
ကောင်းကင်ထက်ရှိ အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာတစ်ယောက်က အေးစက်စွာ အော်ပြောလိုက်သည်။
၎င်းက မဟာမူလကုန်းမြေမှ အကြီးအကဲများထက် သန်မာပြီး ဒုတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ဖြစ်၏။
ယခုအချိန်တွင် သူက မည်သည့်အတတ်ပညာကိုမှ အသုံးမပြုခဲ့သော်လည်း စကားသံများက ကြားလိုက်ရသူတိုင်းကို နားအူသွားစေခဲ့သည်။
“ ရွှမ်ယီ... တိမ်ကျောက်စိမ်းပုလဲကို လက်လွှဲပေးစမ်း… ဒါဆိုရင် ငါတို့ သန့်စင်ခြင်းမျှော်စင်က ဒီကိစ္စမှာ ၀င်မပါဘူး…”
အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာအဆင့်ကျင့်ကြံသူ (၄)ယောက်၏ဘေးတွင် ရပ်နေသော သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာ(၃)ယောက်အနက် တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။
“ သန့်စင်ခြင်းမျှော်စင် ပါတာ မပါတာကို ကျုပ်တို့ ဂရုမစိုက်ဘူး… ရွှမ်ယီက ကျုပ်တို့ မြင့်မြတ်သားတော်ကို သတ်ခဲ့တယ်… ဒါကြောင့် ဒီနေ့ မြင့်မြတ်ခြင်းမူလလေလံစံအိမ်တောင် သူ့ကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး…”
မဟာမူလကုန်းမြေမှ အင်ပါယာတစ်ယောက်က ကြုံးဝါးလိုက်၏။
စကားဆုံးသည်နှင့် ၎င်းတို့နောက်တွင် တာအိုတစ်ဝက်အဆင့် မှော်ရတနာနှစ်ခု ထွက်ပေါ်လာခဲ့ပြီး စူးရှသော စိတ်ဝိညာဉ်အလင်းတန်းများ တောက်ပလာခဲ့သည်။
ထို့နောက် သမုဒ္ဒရာကြီးတစ်စင်းအလား ကျယ်ပြောလှသော သတ်ဖြတ်ငွေ့များ ရွှမ်ယီထံသို့ ကျရောက်လာ၏။
သို့သော် ရွှမ်ယီက အနည်းငယ်မျှ ဂရုစိုက်ဟန်မရချေ။ အေးစက်စွာ ပြုံးနေခဲ့၏။
သူက သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာအဆင့်ကျင့်ကြံသူများအား ပထမဆုံးကြည့်လိုက်ပြီး လှောင်ရယ်လိုက်ကာ
“ တိမ်ကျောက်စိမ်းပုလဲကို ခင်ဗျားတို့ဆီ လွှဲပေးရမှာလား… ကြည့်ရတာ ခင်ဗျားတို့က သောက်ရူးတွေပဲ… တိမ်ကျောက်စိမ်းပုလဲကို ကျုပ် မျှမျှတတ လေလံဆွဲပြီးရခဲ့တာ လူတိုင်းသိတယ်… ပစ္စည်းကို ဝယ်လို့မရရင် လူသတ်ပြီး လုတယ်ဆိုတာ ခင်ဗျားတို့ သန့်စင်ခြင်းမျှော်စင်ရဲ့ အကွက်တွေထင်တယ်…”
“မင်း… ခွေးကောင်လေး.. ရိုင်းစိုင်းလှချည်လား…”
သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်၏။
အစပိုင်းတွင် သူတို့သုံးယောက်က တိမ်ကျောက်စိမ်းပုလဲအား ရွှမ်ယီထံမှ လုယူရန် စိတ်မဝင်စားကြချေ။
သို့သော် တိမ်ကျောက်စိမ်းပုလဲက အဆင့်(၆)ဆေးပင်မျှသာ ဖြစ်သော်လည်း အချို့သော အဆင့်(၇)ဆေးပင်များထက်ပင် ရှားပါး၏။
ထို့အပြင် သန့်စင်ခြင်းမျှော်စင်မှ မြင့်မြတ်သားတော်က မှော်ဆေးတာအို၌ အတားအဆီးတစ်ခု ကြုံတွေ့နေရသည်။
သူတို့ သန့်စင်ခြင်းမျှော်စင် သခင်ကလည်း ၎င်း၏မြေးဖြစ်သူအား အလွန်အလေးအနက်ထားသည်။
သို့ဖြစ်ရာ သူတို့အနေဖြင့် မျှော်စင်သခင်၏ အမိန့်ဖြစ်သဖြင့် မလိုက်နာ၍ မရတော့ချေ။
သန့်စင်ခြင်းမျှော်စင်အဖွဲ့အား ဦးဆောင်သော အင်ပါယာအဆင့်ကျင့်ကြံသူက အေးစက်စွာဖြင့်
“ ရွှမ်ယီ… စကားတွေ အများကြီးပြောမနေနဲ့… ချက်ချင်း တိမ်ကျောက်စိမ်းပုလဲကို ငါ့ဆီ လက်လွှဲပေးလိုက်… ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်…”
“ နောက်ကျသွားပြီ… တိမ်ကျောက်စိမ်းပုလဲကို ဆေးအဖြစ် သန့်စင်ပြီး ကျုပ်အသုံးပြုလိုက်ပြီးပြီ…”
ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“ ပြီးတော့ တစ္ဆေအိုကြီး... ခင်ဗျားလည်း ပုန်းမနေနဲ့တော့… ထွက်လာခဲ့လိုက်… ဒါမှ အားလုံးကို တစ်ပြိုင်တည်း သတ်လို့ရမှာ…”
ရွှမ်ယီ အေးစက်စွာ ပြောလိုက်၏။
“ မောက်မာတဲ့ ကောင်စုတ်လေး... သေခါနီးဖြစ်နေတာတောင် မင်းက လေမလျှော့သေးဘူးပဲ…”
ရွှမ်ယီ၏ စကားဆုံးသည်နှင့် ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း အထက်ကောင်းကင် လေဟာနယ်အတွင်းမှ အိုမင်းသော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သမုဒ္ဒရာတစ်စင်းကဲ့သို့ အလွန်ကျယ်ပြောကာ ကြောက်မက်ဖွယ်ကောင်းသည့် နတ်အသိအာရုံတစ်ခု ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာခဲ့၏။
လမ်းလျှောက်တုတ်တစ်ချောင်း ကိုင်ဆောင်ထားသည့် သန့်စင်ခြင်းမျှော်စင်ဝတ်စုံဖြင့် အဘိုးအိုတစ်ဦး လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
၎င်းအား မြင်လိုက်လျှင် သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာသုံးယောက် ချက်ချင်းဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
မဟာမူလကုန်းမြေနှင့် အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာများပင် ထွက်ပေါ်လာသူအား ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ကြ၏။
ထိုအဘိုးအိုထွက်ပေါ်လာသည်နှင့် ဆန်းကြယ်အနှစ်သာရနတ်ဘုရားမပင် မျက်နှာပျက်သွားခဲ့သည်။
“မှော်ဆေးအင်ပါယာ ကုချီ…”
“သန့်စင်ခြင်းမျှော်စင်က ဒီတစ်ခါ အကွက်အကြီးကြီးရွှေ့လိုက်တာပဲ…”
ကောင်းကင်ထက်တွင် မှော်ဆေးအင်ပါယာ ကုချီဆိုသည့် အဘိုးကြီးက ရွှမ်ယီအား အေးစက်စွာပြုံးလျက် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူ၏ညာလက်အား အသာအယာဝှေ့ယမ်းလိုက်လျှင် အလွန်ထုထည်ကြီးမားသော နတ်အသိစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ စိတ်ဝိညာဉ်ချီများအား လှုံ့ဆော်လိုက်၏။
ကျန်အင်ပါယာအဆင့် (၉)ယောက်တို့လည်း ၎င်းတို့ စိတ်ဝိညာဉ်စွမ်းအားများအား အတူတကွ အသုံးပြုလိုက်ကြသည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း ကုချီ၏ ဦးဆောင်မှုအောက်၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော တားမြစ်အစီအရင်ကြီးတစ်ခု ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်း၌ ဖြစ်ပေါ်လာခဲ့၏။
“ နက်နဲခြင်းအင်ပါယာဂိုဏ်း…”
“ မင်းရဲ့ဂိုဏ်းနာမည်ကတော့ ကြားရတာ တကယ်ကို ကြီးစိုးနိုင်စွမ်းရှိတာပဲ… ဒါပေမဲ့ မင်းမှာ အကူအညီရှိတယ်ဆိုရင်တောင်မှပဲ ဒီမဟာအင်ပါယာအစီအရင်ကြီးအတွင်းကို ဝင်နိုင်မှာမဟုတ်ဘူး… ပြီးတော့ မင်းလည်း အပြင်ကိုထွက်လို့မရဘူး…”
ကုချီထံမှ အေးစက်သော စကားသံ ထွက်ပေါ်လာခဲ့သည်။
သူက တားမြစ်အစီအရင်ကြီး၏ ဗဟို၌ ရပ်နေခဲ့ပြီး ရွှမ်ယီအား ရက်စက်မှုများပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
“ဆေးကို သောက်လိုက်ပြီးလည်း ကိစ္စမရှိဘူး… မင်းကို ဖမ်းဆီးပြီးတော့ ဆေးအဖြစ် သန့်စင်ပစ်လို့ရသေးတယ်…”
ထိုစကားအားကြားလျှင် မဟာမူလကုန်းမြေနှင့် အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာများ ပြုံးလိုက်ကြ၏။
ထိုအထဲမှ တစ်ယောက်က
“ ဆရာသခင် ကုချီ စိတ်မပူပါနဲ့… ကျုပ်တို့အားလုံး ပေါင်းလိုက်ရင် ဒီကောင်ကို အသက်ရှင်လျက် အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မယ်…”
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ ပါရမီရှင်များအနေဖြင့် ယခုအချိန်တွင် အလွန်မှင်သက်နေခဲ့ကြသည်။
ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်အား အင်ပါယာအဆင့်ကျင့်ကြံသူ (၁၀)ယောက် ဝိုင်းရံထားခဲ့၏။
ရွှမ်ယီ၏ကံကြမ္မာက ဤတစ်ကြိမ်တွင် လမ်းဆုံးသွားပြီဟု ထင်မှတ်ရသည်။
ထိုရွှမ်ယီဆိုသူက မကြာသေးခင်ကမှ ထွက်ပေါ်လာပြီး တစ်ခဏမျှသာ တောက်ပနိုင်ခဲ့သည်။ သို့သော် ၎င်းက ထွက်ပေါ်လာချိန် ခဏလေးအတွင်း နတ်ဆိုးကြယ်တစ်စင်းအလား အင်အားကြီးရန်သူများစွာကို ဆွဲဆောင်နိုင်ခဲ့၏။