← Chapters

အခန်း (၄၆၂)

Vol. 31 Ch. 462

အခန်း (၄၆၂)

Vol. 31 Ch. 462

Chapter-462

“နက်နဲခြင်းအင်ပါယာဂိုဏ်းတဲ့လား… ဟားဟားဟား… အစကတော့ မဟာအင်အားကြီးဂိုဏ်းတစ်ခုလို ထင်ခဲ့တာ… ကြည့်ရတာ ဟာသတစ်ခုထက် မပိုဘူးပဲ”

မြင့်မြတ်သားတော်တချို့က နတ်အသိများဖြင့် ပတ်ဝန်းကျင်အား လေ့လာကြည့်ခဲ့ကြသော်လည်း ထူးခြားမှု တစ်စုံတစ်ရာမျှ ရှိမနေကြောင်း တွေ့လိုက်ရသည်။

အစပိုင်းတွင် ရွှမ်ယီ၏ နက်နဲခြင်းအင်ပါယာဂိုဏ်းဟုခေါ်သော အင်အားစုမှ တာအိုကာကွယ်သူများ ရောက်လာလိမ့်မည်ဟု ထင်မှတ်နေခဲ့ကြသေး၏။

ကြည့်ရတာ သူတို့ အတွေးလွန်နေခဲ့မိဟန်ရသည်။

ဤသို့ဖြင့် လှောင်ပြောင်လိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။

သို့သော် ရွှမ်ယီ၏ အေးဆေးတည်ငြိမ်သော အမူအရာက ဆန်းကြယ်အနှစ်သာရ နတ်ဘုရားမ ရင်ထဲ၌ သံသယများ ဖြစ်ပေါ်လာစေခဲ့သည်။

ရွှမ်ယီ၏ပုံစံက အနည်းငယ်မျှ စိုးရိမ်ပူပန်ဟန် မရှိဘဲ တည်ငြိမ်လွန်းနေ၏။

သူမ သက်တမ်းတစ်လျှောက်လုံး ထိုသို့စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်တည်းကိုသာ မြင်ဖူးသည်။

၎င်းက သူမ၏ ဖခင်တစ်ဖြစ်လဲ မြင့်မြတ်ခြင်းမူလလေလံစံအိမ်မှ ဒုတိယအကြီးအကဲ မိုးကြိုးအင်ပါယာဖြစ်၏။

ဂျိန်း…

သူမ အတွေးလွန်နေစဉ် မြင့်မြတ်ခြင်းမူလစုဝေးပွဲရှိရာဘက်မှ ကျယ်လောင်သောအသံများ ထွက်ပေါ်လာခဲ့၏။

ထိုနေရာမှ ထွက်ပေါ်နေသည့် အငွေ့အသက်များက ယခင်အင်ပါယာအဆင့်ကျင့်ကြံသူ(၁၀)ယောက် ပေါင်းစပ်ထုတ်ဖော်ခဲ့သည့် စွမ်းအားထက် ပိုမိုပြင်းထန်နေခဲ့သည်။

အလွန်ပြင်းထန်သော အရှိန်အဝါအား ပိုင်ဆိုင်ထားသည့် ခရမ်းရောင်ပုံရိပ်တစ်ခုက တိမ်ပင်လယ်ကြီးအား ဖြတ်ကျော်ကာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း အထက်သို့ ရောက်ရှိလာခဲ့၏။

ထို့နောက် ခရမ်းရောင်အတွင်းမှ သိမ်မွေ့သလိုနှင့် မောက်မာဟန်ရသော စကားသံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

“အိုး… အရမ်းစည်ကားနေပါလား… ကျုပ် လီရွှမ်ကိုလည်း ပါဝင်ဆင်နွှဲခွင့်ပြုပါဦး…”

စကားပြောလိုက်သူက မြင့်မြတ်ခြင်းမူလလေလံစံအိမ်မှ ဒုတိယအကြီးအကဲဖြစ်သော မိုးကြိုးအင်ပါယာလီရွှမ်ဖြစ်၏။

သူက ပဉ္စမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်လည်းဖြစ်သည်။

ရွှမ်ယီအား သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ရောက်လာသော အင်ပါယာအဆင့်ကျင့်ကြံသူ (၁၀)ယောက်မှာ ပထမနှင့်ဒုတိယအတိဒုက္ခအဆင့် အင်ပါယာများသာဖြစ်ကြ၏။

ထိုအထဲမှ အသန်မာဆုံးသော လူသုံးယောက်ပင် တတိယအတိဒုက္ခအဆင့်အနားသို့ ရောက်ရုံမျှသာ ရှိသေးသည်။

ဤသို့ဖြင့် လီရွှမ်ထွက်ပေါ်လာပြီးနောက် ၎င်းတို့အားလုံး အေးခဲသွားကြ၏။

မှော်ဆေးအင်ပါယာ ကုချီက လီရွှမ်အား ကြည့်လိုက်ရင်း

“အင်ပါယာ လီရွှမ်… ခင်ဗျား ရွှမ်ယီကို ကာကွယ်ဖို့ ကြိုးစားနေတာလား…”

“ ကျုပ် ကာကွယ်ပေးမယ်ဆိုရင်ရော ဘာဖြစ်လဲ… ဒီမှာ လူအိုကြီးကုချီ… ရွှမ်ယီက ကျုပ်တို့ မြင့်မြတ်ခြင်းမူလလေလံစံအိမ်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်ပဲ… ပြီးတော့ ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းကလည်း ကျုပ်တို့ မြင့်မြတ်ခြင်းမူလလေလံစံအိမ်ရဲ့ စီရင်ခွင့်အောက်မှာ ရှိတယ်… ဒါကြောင့် ကျုပ်တို့ဧည့်သည်ကို ဘာမှ ထိခိုက်စေလို့ မရဘူး…”

“ဟမ့်… ငါတို့ဂိုဏ်းက မြင့်မြတ်သားတော်ကို မင်းရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်က သတ်ခဲ့တယ်… အဲဒါကိုရော ဘယ်လိုဖြေရှင်းပေးမလဲ…”

မဟာမူလကုန်းမြေမှ အင်ပါယာတစ်ယောက်က အေးစက်စွာ အော်ပြောလိုက်သည်။

လီရွှမ်က ထိုလူအား လှည့်ကြည့်လိုက်ပြီး

“ မင်းတို့ မဟာမူလကုန်းမြေက ငါတို့ မြင့်မြတ်ခြင်းမူလလေလံစံအိမ်ရဲ့ မျက်နှာသာပေးမှုနဲ့ မထိုက်တန်သေးဘူး…”

“မင်း…”

မဟာမူလကုန်းမြေမှအင်ပါယာ ဆက်ပြောရန် ပြင်နေစဉ် ကုချီ ကြားဖြတ်ဝင်ပြောလိုက်၏။

“လီရွှမ်… မင်း ဘာဖြစ်လို့ ရွှမ်ယီကို အကာအကွယ်ပေးချင်နေတာလဲ… အကြောင်းရင်းကို ပြောပြလို့ရမလား… ဒါဆိုရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ဆွေးနွေးလို့ရတယ်…”

“ဆွေးနွေးမှာလား…”

လီရွှမ်က ကုချီအား စောင်းငဲ့ကြည့်လိုက်ရင်း

“မဟာဆရာသခင်ရွှမ်က ငါ့သမီးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်… ခင်ဗျား အဲလိုလုပ်ပေးနိုင်လို့လား…”

“ဘာ…”

ကုချီ အတန်ငယ် ငေးငိုင်သွားခဲ့သည်။

သူက တောင်ပိုင်းကောင်းကင်တံခါးရှိ မှော်ဆေးအင်ပါယာများထဲမှ တစ်ယောက်ဖြစ်၏။

သို့ဖြစ်ရာ ဆန်းကြယ်အနှစ်သာရနတ်ဘုရားမ၏ နှစ်သွယ်အင်ပါယာခန္ဓာကိုယ်နှင့် ပတ်သက်သော အားနည်းချက်များအား ရှင်းလင်းစွာ သိရှိထား၏။

သို့သော် ယခုတွင် လီရွှမ်က ဘာပြောလိုက်သနည်း။

ရွှမ်ယီက ထိုကိစ္စကို ဖြေရှင်းနိုင်တယ်တဲ့လား…?

ကုချီမဆိုထားနှင့် ၊ ဆန်းကြယ်အနှစ်သာရနတ်ဘုရားမပင် သူမ အဖေဖြစ်သူ၏ စကားကြောင့် မှင်သက်သွားခဲ့လေသည်။

သို့သော် ချက်ချင်းပြန်လည်သတိဝင်လာ၏။

ထိုစကားက ရွှမ်ယီအား ကာကွယ်ရန်အတွက် ကာဗာအနေဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤသို့ဖြင့် သူမက ရွှမ်ယီထံသို့ ချက်ချင်းအသံပို့လွှတ်လိုက်၏။

“ဆရာရွှမ်ယီ... မြန်မြန်ပြန်ဖြေလိုက်…”

သို့သော် ရွှမ်ယီက မည်သည့်စကားမှမဆိုဘဲ သူမအား လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

ထို့နောက် သူက လေပေါ်သို့ ပျံတက်သွားပြီး မိုးကြိုးအင်ပါယာအနားသို့ ရောက်သွားခဲ့၏။

လက်ရှိအချိန်တွင် ရွှမ်ယီက မိုးကြိုးအင်ပါယာနှင့် ဘေးချင်းယှဉ်ရပ်လျက် အင်ပါယာအဆင့်ကျင့်ကြံသူ(၁၀)ယောက်အား မျက်နှာချင်းဆိုင် ရင်ဆိုင်နေခဲ့သည်။

ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။

“ မှန်တယ်… ဆန်းကြယ်အနှစ်သာရနတ်ဘုရားမရဲ့ ပြဿနာကို ကျုပ်ဖြေရှင်းပေးနိုင်တယ်…”

“ဒါပေမဲ့ အဲဒါက မိုးကြိုးအင်ပါယာ ကျုပ်ကို ဒီကိစ္စမှာ ကူညီပေးရုံနဲ့ ပြန်ပေးဆပ်လို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးနော်…”

လီရွှမ် မှင်သက်သွားလေသည်။

‘ဘာလဲ…? ငါက ဟန်ဆောင်နေတာလေ… မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အလေးအနက်ကြီးပြောနေတာလဲ… ဒီအသက်အရွယ်မှာ မှော်ဆေးအင်ပါယာတစ်ယောက် ဖြစ်လာတာက အရမ်းကောင်းမွန်နေပြီဆိုပေမဲ့ ငါတို့ မြင့်မြတ်ခြင်းမူလလေလံစံအိမ်က မင်းအပေါ်မှာ ဒီလောက်ထိ မျက်နှာသာပေးစရာ မလိုဘူးလေ…’

သို့သော် ဆက်လက်ထွက်ပေါ်လာသော ရွှမ်ယီ၏စကားကြောင့် လီရွှမ် ပို၍ထိတ်လန့်သွားခဲ့ရသည်။

“ မိုးကြိုးအင်ပါယာ… ခဏလောက်စောင့်ပေးပါ… ကျုပ် ဒီယင်ကောင်တွေကို အရင်ရှင်းလိုက်ဦးမယ်… ပြီးမှ ဆန်းကြယ်အနှစ်သာရနတ်ဘုရားမနဲ့ ပတ်သက်တဲ့ကိစ္စကို ဆွေးနွေးကြတာပေါ့…”

လီရွှမ်၏ အမူအရာက ပို၍ထူးဆန်းလာခဲ့၏။ သူက နတ်အသိဖြင့် ရွှမ်ယီအား အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့သည့်တိုင် ထူးခြားမှုတစ်စုံတစ်ရာမှ မရှိပေ။

၎င်းက ကောင်းကင်ဘုရင်အလယ်အလတ်အဆင့်၌သာ ရှိသေးသည်။

‘ ဒီကောင်လေး ဘယ်သူ့အားကိုးနဲ့ ဒီလိုပြောနေတာပါလိမ့်…’

သို့သော် အလုံးစုံ ဘေးကင်းစေရန်အတွက် လီရွှမ် မနေနိုင်ဘဲ ပြောလိုက်၏။

“ မဟာဆရာသခင်ရွှမ်ယီ မင်း အရမ်းကြီး ရှေ့မရောက်လွန်းနဲ့… မင်းသာ ငါ့သမီးရဲ့ပြဿနာကို ဖြေရှင်းဖို့ ယုံကြည်မှုရှိတယ်ဆိုရင် ငါ ဒီလူတွေကို နှင်လွှတ်လိုက်မယ်… ပြီးရင် မင်းအတွက် နောက်ထပ်လက်ဆောင်တစ်ခု ထပ်ပြီးစဉ်းစားပေးပါ့မယ်…”

ရွှမ်ယီ အသာအယာပြုံးလိုက်ပြီး

“ မလောပါနဲ့… ပြီးတော့ ဒီလောက်ထိ ယဉ်ကျေးနေစရာလည်း မလိုပါဘူး… ကျုပ်က ဆန်းကြယ်အနှစ်သာရနတ်ဘုရားမရဲ့ အရည်အချင်းတွေကို သဘောကျလို့ပါ…”

“ ဒါကြောင့်မို့လို့ ကျုပ်သာ ခင်ဗျားသမီးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ရင် သူမကို ကျုပ်တပည့်ဖြစ်ခွင့်ပေးမလား…?”

ရွှမ်ယီထံမှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် မိုးကြိုးအင်ပါယာသာမက ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းရှိလူတိုင်း မှင်သက်သွားကြ၏။

ဆန်းကြယ်အနှစ်သာရနတ်ဘုရားမကို တပည့်အဖြစ်လိုချင်နေတာလား…?

ထိုကောင် အင်ပါယာအဆင့် (၁၀)ယောက်ဆီမှာ ဝိုင်းရံခံရပြီးနောက် ရူးသွားတာများလား…?

သို့သော် မိုးကြိုးအင်ပါယာကမူ ထိုကိစ္စအား လေးနက်စွာ စဉ်းစားနေခဲ့သည်။

လက်ရှိအချိန်တွင် ဆန်းကြယ်အနှစ်သာရနတ်ဘုရားမ၏ ပြဿနာက မဖြစ်မနေ ဖြေရှင်းမှဖြစ်မည့် အခြေအနေသို့ ရောက်နေခဲ့၏။

လက်ရှိလူငယ်မျိုးဆက်တွင် မဟာအင်အားစုကြီးများမှ ထိပ်တန်းဆက်ခံသူများအားလုံး အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်နေကြပြီဖြစ်၏။

၎င်းတို့ထဲတွင် တစ်ယောက်မဟုတ်တစ်ယောက် မကြာခင် အင်ပါယာအဆင့်ရောက်သွားတော့မည်။ ထိုအချိန်ထိ ဆန်းကြယ်အနှစ်သာရနတ်ဘုရားမသာ အင်ပါယာအဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိသေးပါက လေလံစံအိမ်အတွင်းမှ သူမ၏ ရပ်တည်ချက်ကို ထိခိုက်လာတော့မည်။

လီရွှမ်အနေဖြင့် မြင့်မြတ်ခြင်းမူလလေလံစံအိမ်အတွင်းမှ ကောလဟလများစွာကို ကြားခဲ့ပြီးချေပြီ။

ထို့ကြောင့် သမီးဖြစ်သူအား ရွှမ်ယီနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် မှာကြားခဲ့ခြင်းဖြစ်၏။

လီရွှမ်က ရွှမ်ယီအား လှည့်ကြည့်လိုက်ပြီး

“ကောင်းပြီ ငါလက်ခံတယ်…”

သူက စကားဆုံးသည်နှင့် မျက်နှာချင်းဆိုင်မှ အင်ပါယာကျင့်ကြံသူ(၁၀)ယောက်အား စိုက်ကြည့်လိုက်ပြီး

“ကျုပ် မဟာဆရာသခင်ရွှမ်ယီကိုယ်စား ဒီလူတွေကို မောင်းထုတ်လိုက်တော့မယ်… ပြီးရင် ကျုပ်သမီးကိစ္စ အသေးစိတ်ဆွေးနွေးကြတာပေါ့….”

All Chapters