အခန်း (၄၆၃)
Vol. 31 Ch. 463
Chapter-463
“ အဲ့လိုလုပ်စရာ မလိုပါဘူး…”
ရွှမ်ယီ အသာအယာပြုံးလိုက်ပြီး
“ ပထမနဲ့ဒုတိယ အတိဒုက္ခအဆင့် အင်ပါယာတွေဆိုတာ ယင်ကောင်တွေသာသာပါပဲ…”
“ တကယ်လို့ ခင်ဗျားမယုံဘူးဆိုရင် ကျုပ်တို့ လောင်းကြေးတစ်ခု လုပ်ကြမလား…”
“ ကျုပ်သာ ဒီလူတွေအားလုံးကို သတ်နိုင်ခဲ့ရင် ဆန်းကြယ်အနှစ်သာရနတ်ဘုရားမရဲ့ ပြဿနာကို ဖြေရှင်းတဲ့အချိန် လိုအပ်တဲ့ ပစ္စည်းအားလုံး ခင်ဗျားတာဝန်ယူပေးရမယ်…”
စကားဆုံးသည်နှင့် ရွှမ်ယီက လီရွှမ်ထံမှ အဖြေကိုပင် မစောင့်တော့ဘဲ မျက်နှာချင်းဆိုင်မှ အင်ပါယာအဆင့် (၁၀)ယောက်အား လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ့ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခုက အသိစိတ်ပင်လယ်အတွင်းမှနေ၍ ပြင်ပကောင်းကင်ထက်သို့ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းတွင် ကောင်းကင်နှင့်မြေကြီးအား ပြောင်းပြန်လှန်ပစ်နိုင်လောက်သော သွေးစွမ်းအားများ သယ်ဆောင်လာသည့် ဓား(၇)ချောင်း ပေါ်လာခဲ့သည်။
ကြက်သွေးရောင် ဓား(၇)ချောင်း ထွက်ပေါ်လာသည်နှင့် ၎င်းတို့က ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်ပုံစံအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းတစ်ခုလုံးသို့ အလွန်ပြင်းထန်လှသော သတ်ဖြတ်ငွေ့များ ဖုံးလွှမ်းသွားခဲ့၏။
“ မင်းရဲ့ အရှိန်အဝါကတော့ မဆိုးပါဘူး… ဒါပေမယ့် မင်းက ကောင်းကင်ဘုရင်တစ်ယောက် ဖြစ်နေတုံးပဲ…”
“ မင်း ဒီနေ့ သေချာပေါက် သေရမယ်…”
မဟာမူလကုန်းမြေမှ အင်ပါယာ (၂)ယောက်အနက် တစ်ယောက်က ရွှမ်ယီအား ကျိန်ဆဲလိုက်သည်။
သူ့ နောက်ကျောဘက်၌ ပျံဝဲနေခဲ့သည့် အနက်ရောင်နတ်ဆိုးလှံက ရွှမ်ယီထံသို့ ဆိုးယုတ်သော အရှိန်အဝါများနှင့်တကွ ဦးတည်နေခဲ့၏။
ဘုန်း…
ထို့နောက် ကြမ်းကြုတ်သော နဂါးရိုင်းတစ်ကောင်အလား ပြေးထွက်သွားခဲ့သည်။
၎င်းက လေဟာနယ်အား တိုက်ရိုက်ထိုးခွင်းလျက် ရွှမ်ယီ၏ ဦးခေါင်းရှိရာသို့ လျှပ်တပြတ်ရောက်လာသည်။
ဘန်း..
ရွှမ်ယီ မခိုးမခန့်ပြုံးလိုက်၏။
ထို့နောက် ညာဘက် လက်ညှိုးအား အနည်းငယ် လှုပ်လိုက်လျှင် နတ်အသိစွမ်းအား အမျှင်လေးတစ်ခု ပြေးထွက်သွားပြီး ခုနှစ်သွယ် သတ်ဖြတ်ခြင်း အစီအရင်မှ ဓားတစ်ချောင်းထံ ကျရောက်သွားခဲ့သည်။
ထို သတ်ဖြတ်ခြင်းဓားက တုန်ခါသွားပြီး ကြက်သွေးရောင်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ အနီရောင်အလင်း တစ်ချက်လက်သွားပြီး အနက်ရောင် နတ်ဆိုးလှံအား တားဆီးလိုက်၏။
အုန်း…
ခရက်..
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အက်ကွဲသံ တစ်ခုထွက်ပေါ်လာခဲ့သည်။
အက်ကွဲသံက တာအိုတစ်၀က်အဆင့် လက်နက်ဖြစ်သော အနက်ရောင်နတ်ဆိုးလှံထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။
ပတ်၀န်းကျင်မှ အံ့အားသင့်နေသော အကြည့်များအောက်တွင် အနက်ရောင် နတ်ဆိုးလှံ၌ အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ပေါက်ကွဲသွားလေသည်။
ဘန်း…
ဝေါ့…
တိုက်ခိုက်လိုက်သော မဟာမူလကုန်းမြေမှ အင်ပါယာ သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းတစ်ဒါဇင်ကျော် ဆုတ်သွားခဲ့ရသည်။
ဒဏ်ရာ အပြင်းအထန် ရသွားဟန်ရ၏။
“ သူ့မှာ လျှို့ဝှက်လက်နက်တစ်ခုရှိနေတာ သေချာတယ်…”
“ မောက်မာတဲ့ ခွေးကောင်.. သေစမ်း…”
မဟာမူလ ကုန်းမြေမှ လက်ကျန် အင်ပါယာတစ်ယောက်နှင့် အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာတစ်ယောက်တို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
တာအိုတစ်၀က်အဆင့် လက်နက်နှစ်ခု ထွက်ပေါ်လာခဲ့သည်။
သက်တံ့ရောင်အလင်းများ ကောင်းကင်သို့ ဖြာထွက်သွားပြီး ပတ်၀န်းကျင်တစ်ခုလုံး လင်းထိန်သွားစေ၏။
ထို့နောက် ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီးက ရွှမ်ယီထံသို့ အပြင်းအထန် ၀င်ရောက်သွားခဲ့သည်။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ ပါရမီရှင်ဆိုသူများအားလုံး အသက်ရှုရန်ပင် မေ့နေခဲ့ကြ၏။
စောနတုံးက အင်ပါယာတစ်ယောက်ကို ရွှမ်ယီ ရိုက်နှက်ခဲ့တာလား…?
၎င်းက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ဖြစ်သော်ငြား ကမ္ဘာကြီးအား တုန်ခါသွားစေနိုင်စွမ်းရှိနေဆဲပင်။
သူတို့အားလုံး၏ မျက်လုံးများ အပြင်သို့ထွက်ကျမတတ် ပြူးကျယ်နေခဲ့သည်။
အုန်း…အုန်း…
အလွန်တောက်ပနေသော အလင်းများအကြား နောက်ထပ် လက်နက်ခြင်းထိခတ်သံ နှစ်ချက် ထွက်ပေါ်လာ၏။
အင်ပါယာအဆင့် ကျင့်ကြံသူ(၂)ယောက် ပေါင်းစပ်တိုက်ခိုက်လိုက်ခြင်းက ချက်ချင်း ပျက်စီးသွားခဲ့သည်။
ရွှစ်…
ရွှမ်ယီ၏ ပုံရိပ်က လျှပ်စီးကြောင်းတစ်ခုအလား လှုပ်ရှားသွားသည်။
မျက်စိတ်တစ်မှိတ်အတွင်း ခြေလှမ်းပေါင်း(၁၀၀၀)ကျော်လောက် ရုတ်ချည်း ဖြတ်သန်းသွားခဲ့ပြီး ပထမဆုံး တိုက်ခိုက်ခဲ့သော နတ်ဆိုးလှံကိုင်ဆောင်သူ ရှေ့သို့ ရောက်သွား၏။
“ ဒီနေ့ သေချာပေါက်သေရမှာက ကျုပ်မဟုတ်ဘူး… ခင်ဗျားပဲ…”
ရွှမ်ယီ၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။
ထို့နောက် ဓားမသုံးဘဲ လက်ဝါဖြင့် ရိုက်ထုတ်လိုက်၏။
ဘုန်း…
ဂျွတ်…
ထိုလူအနေဖြင့် အော်ဟစ်ရန်ပင် အချိန်မရခဲ့ချေ။ ရင်ဘတ်က အတွင်းသို့ ချိုင့်၀င်သွားပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။
ခန္ဓာကိုယ်အတွင်းပိုင်းမှ ထာ၀ရ နတ်ဘုရားစင်မြင့်(ပလ္လင်)တွင်လည်း အက်ကြောင်းများ ဖြစ်သွား၏။
ထိုဒဏ်ရာက တစ်သက်လုံး ဘယ်တော့မှ ပြန်ကောင်းလာတော့မည်မဟုတ်ပေ။
“ မကောင်းတော့ဘူး… သူ့ကိုတား…”
မဟာမူလ ကုန်မြေမှ လက်ကျန်အင်ပါယာ အလွန်စိုးရိမ်သွား၏။
ရွှမ်ယီ၏ ပုံရိပ် ထပ်မံလှုပ်ရှားသွားပြီး သူ့အဖော်နောက် လိုက်သွားကြောင်း မြင်လိုက်ရသည်။
ဤသို့ဖြင့် စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး ကြားဖြတ်တားဆီးရန် နောက်မှ အပြေးလိုက်သွားခဲ့၏။
သို့သော် မည်သို့ မှီနိုင်မည်နည်း။
လက်ရှိအချိန်တွင် ရွှမ်ယီက ရုပ်ခွန်အား တစ်ခုတည်းဖြင့် ပထမအတိဒုက္ခအဆင့် အင်ပါယာအား အနိုင်ယူနိုင်စွမ်း ရှိနေခဲ့သည်။
ထို့အပြင် ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင်ကိုလည်း နံဘေး၌ ဖြန့်ကျက်ထားသေး၏။
သူသာ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ပါက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အနေဖြင့် မည်သို့ တားဆီးနိုင်လိမ့်မည်နည်း။
တစ်ခဏမျှအကြာတွင် နတ်ဆိုးလှံကိုင် အင်ပါယာအား ရွှမ်ယီ လိုက်မှီသွားခဲ့သည်။
ထို့နောက် ၎င်း၏ ကြောက်လန့်နေသော မျက်၀န်းများအောက်၌ ရွှမ်ယီ၏ ညာလက်က ရင်ဘတ်ရှိရာသို့ တိုး၀င်သွားပြန်သည်။
ဘန်း…
ထိုအချိန်တွင် နောက်ဘက်မှ အင်ပါယာအဆင့်ကျင့်ကြံသူ(၈)ယောက်နှင့် မှော်ဆေးအင်ပါယာ ကုချီတို့အားလုံး လုပ်လက်စများအား ရပ်တန့်လိုက်ပြီး သူတို့ရှေ့မှ မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းအား ငေးကြည့်နေခဲ့ကြသည်။
ကောင်းကင်ဘုရင်တစ်ယောက်က အင်ပါယာတစ်ယောက်၏ ထာ၀ရနတ်ဘုရားစင်မြင့်အား တိုက်ရိုက်ထိုးဖောက်ခဲ့သည်။
ရွှမ်ယီက ညာလက်အား ပြန်ရုတ်သိမ်းလိုက်ပြီး သွေးများအား ယမ်းခါပစ်လိုက်၏။
နတ်ဆိုးလှံကိုင် အင်ပါယာ၏ မလိုလားသော မျက်၀န်းများအောက်၌ သူ၏ အသက်ဓာတ်များ တဖြည်းဖြည်း လျော့ပါး ပျောက်ဆုံးလာခဲ့သည်။
ထာ၀ရနတ်ဘုရားစင်မြင့်ကလည်း အလုံးစုံပျက်စီးသွားခဲ့၏။
ခန္ဓာကိုယ်အား ပြန်လည် တည်ဆောက်နိုင်ခြင်းမရှိတော့ချေ။
ဤသို့ဖြင့် ရွှမ်ယီ၏ လက်ဝါးအောက်၌ အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားတော့သည်။
“ ဒါ…ဒါကြီးက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
အောက်ဘက်မှ ကြည့်နေသော ပါရမီရှင်ဆိုသူများ၏ မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး နှုတ်ခမ်းများ တုန်ယင်နေလေသည်။
သူတို့မြင်နေရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေကြ၏။
တောင်ပိုင်းတိုက်ကြီး၌ မြင့်မြတ်သားတော်များ ၊ ပါရမီရှင်များ မရေမတွက်နိုင်အောင်ရှိသည်။
ထိုအထဲမှ ရွေးချယ်ခံသူတော်စင်များ ( Chosen Saints ) ထဲတွင် အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့်ဖြင့် ပထမအတိဒုက္ခအဆင့် အင်ပါယာအား အနိုင်ယူနိုင်သူများရှိ၏။
သို့သော် သတ်နိုင်သူတော့ မရှိပေ။
အဘယ်ကြောင့်ဆိုသော် အင်ပါယာအဆင့် ကျင့်ကြံသူများထံတွင် ထာ၀ရနတ်ဘုရားစင်မြင့်ကို ပိုင်ဆိုင်ထားပြီး ၎င်းတို့ ခန္ဓာကိုယ်အား ပြန်တည်ဆောက်နိုင်သည်။
၎င်းက ဂိမ်းတစ်ခုကို လိမ်ညာဆော့ကစားနေသည့်အလားပင်။
ထာ၀ရ နတ်ဘုရားစင်မြင့်အားကိုးနှင့် တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လည်ရှင်သန်လာနိုင်စွမ်းရှိကြ၏။ ဤသို့ဖြင့် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်စွမ်အင်များသာ ကုန်ခမ်းသွားပေလိမ့်မည်။
၎င်းတို့က သေမည်မဟုတ်ပေ။
သို့သော် သူတို့ လက်ရှိမြင်နေရသော မြင်ကွင်းက မည်သို့နည်း။
အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် ရွှမ်ယီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
ထာ၀ရနတ်ဘုရားစင်မြင့်ပင် တိုက်ရိုက်ဖျက်ဆီးခံလိုက်ရ၏။
၎င်းက ရွှမ်ယီ၏ ခွန်အား ပထမအတိဒုက္ခ အင်ပါယာအဆင့်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
အဲ့လိုမှမဟုတ်လျှင် ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်၏ နတ်ဘုရားစင်မြင့်အား ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ချေ။
ရုတ်တရက် ကောင်းကင်စိတ်ဝိညာဉ်ချိုင့်ဝှမ်း ကောင်းကင်ယံတွင် တိမ်မည်းများ အုံ့ဆိုင်းလာပြီး မိုးများ ရွာသွန်းလာ၏။
လက်ကျန် ကောင်းကင်ဘုရင်(၉) ယောက်တို့ မိုးရေများအကြား မှင်သက်ပြီး ရပ်နေခဲ့ကြသည်။