← Chapters

အခန်း (၄၆၄)

Vol. 31 Ch. 464

အခန်း (၄၆၄)

Vol. 31 Ch. 464

Chapter-464

ယခုအချိန်တွင် သူတို့ မောက်မာမှုများ ၊ စိတ်ကြီး၀င်မှုများအားလုံး မိုးရေများနှင့်အတူ ပါသွားခဲ့ချေပြီ။

မျက်၀န်းများထဲ၌ လေးနက်မှုများ ပြည့်နှက်လာခဲ့သည်။

ထိုကောင်လေးအား ဆက်လက်အသက်ရှင်စေ၍ မရတော့ပေ။

ကောင်းကင်ဘုရင်အဆင့်၌ပင် ကြောက်မက်ဖွယ်ခွန်အားကို ပိုင်ဆိုင်ထား၏။

အကယ်၌ ၎င်းသာ အင်ပါယာအဆင့် ရောက်သွားလျှင်မူ…

သူတို့ဆက်မတွေးဝံ့တော့ချေ။

အနာဂါတ်၌ သူတို့ အင်အားစုများ ကပ်ဘေးနှင့် ကြုံတွေ့ရတော့မည်။

“ သတ်…”

မှော်ဆေးအင်ပါယာ ကုချီ အားရပါးရ ကြုံးဝါးလိုက်၏။

သူ့လက်ချောင်းများလည်း တစ်ပြိုက်နက်တည်း လှုပ်ရှားသွားခဲ့ပြီး နတ်အသိစွမ်းအား အမျှင်ထောင်ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ကာ တားမြစ်အစီအရင်ကြီးအား အသက်၀င်စေလိုက်သည်။

အစီအရင်၏ ထောက်ပံ့မှုအောက်တွင် ကျန်အင်ပါယာ(၉)ယောက်လည်း တစ်ပြိုင်တည်း ဟစ်ကြွေးလိုက်ကြ၏။

၎င်းတို့ ထာ၀ရနတ်ဘုရားစင်မြင့်များအား ထုတ်ဖော်လိုက်ကြသည်။

ထို့နောက် သမုဒ္ဒရာကြီးတစ်စင်အလားကျယ်ပြန့် နက်ရှိုင်းသည့် ကြေက်မက်ဖွယ် စွမ်းအားလုံးကြီး တစ်ခု ဖြစ်ပေါ်လာ၏။

တစ်ဂျိန်းဂျိန်း မြည်ဟည်းသံများအကြား နက်မှောင်နေသော ဧရာမ ရုပ်ထုကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ အဲ့တာ သန့်စင်ခြင်းမျှော်စင်က လျှို့ဝှက်နတ်တန်ခိုးစွမ်းအားပဲ… သာမန် နတ်တန်ခိုးစွမ်းအား မဟုတ်ဘူး…”

ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ ပါရမီရှင်များ အသက်ရှုရန်ပင် မေ့လျော့သွားကြ၏။

မိုးကြိုးအင်ပါယာလီရွှမ်ပင် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

ထိုအနက်ရောင် ဧရာမရုပ်ထုကြီးက နတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့ပြီး ၎င်း၏ လှုပ်ရှားမှုတိုင်းက လေဟာနယ်ကို ကွဲအက်စေကာ ပတ်၀န်းကျင်တစ်ခုလုံး တုန်ခါစေသည်။

‌မှော်ဆေးအင်ပါယာကုချီ၏ ဦးဆောင်မှုအောက်၌ ၎င်း၏ စွမ်းအားက ဒုတိယအတိဒုက္ခအဆင့် အထွတ်အထိပ်နှင့် နီးကပ်နေချေပြီ။

ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမ၏ လှပသော မျက်၀န်းလေးများထဲတွင် စိုးရိမ်မှုများရှိနေခဲ့ပြီး မသိမသာဖြင့် အဖေဖြစ်သူလက်အား ဆွဲလိုက်မိသည်။

လီရွှမ်က လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး

“ မလောပါနဲ့.. တကယ်လို့ ရွှမ်ယီ မခံနိုင်တော့ဘူးဆိုရင် အဖေ၀င်ကူမှာပါ…”

ရွှမ်ယီအနေဖြင့် သမီးဖြစ်သူ၏ ပြသနာအား ဖြေရှင်းပေးနိုင်ခြင်းမရှိလျှင်တောင် ၎င်း၏ သိုင်းတာအို၌ အစွမ်းထက်မှုများ ၊ မှော်ဆေးတာအို၌ အောင်မြင်မှုများက လီရွှမ်အား ၀င်ရောက်စွက်ဖက်စေရန် လုံလောက်သည်။

သို့သော် လီရွှမ်၏ စကားမဆုံးခင် အနက်ရောင်ရုပ်ထုကြီးနှင့် ရွှမ်ယီတို့ ထိပ်တိုက်တွေ့ဆုံမှု၌ ရလဒ်ထွက်နေချေပြီ။

ဘုန်း…

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ပတ်၀န်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ပေါက်ကွဲသံထွက်ပေါ်လာရာ အလယ်ဗဟို ရွှမ်ယီရှိသည့်ဘက်မှ စူးရှသော ကြက်သွေးရောင် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာ၏။

နတ်စွမ်းအင်များ ၀န်းရံနေသည့် အနက်ရောင်ရုပ်ထုကြီးကမူ ကြက်သွေးရောင် ဓားရည်ရွယ်ချက်ကြောင့် တချက်တည်းဖြင့် နောက်သို့ ခြေလှမ်း(၁၀၀)၀န်းကျင် ဆုတ်သွားခဲ့ရသည်။

“ စွမ်းအားတော့ ကောင်းသားပဲ… ဒါပေမယ့် မလုံလောက်သေးဘူး…”

ကြက်သွေးရောင်ဓားအလင်း နောက်ကွယ်မှ ရွှမ်ယီ၏ ထီမထင်သော စကားသံ ထွက်ပေါ်လာခဲ့သည်။

သေမင်းခေါ်သံအလား ကြားလိုက်ရသူတိုင်းကို အေးစက်သွားစေ၏။

လက်ရှိအချိန်တွင် သူ၏ အဆင့်(၆) အထွတ်အထိပ် ဓားရည်ရွယ်ချက်က ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင်နှင့် လုံး၀ပေါင်းစပ်နေခဲ့ပြီး စွမ်းအား အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။

“ ရပ်.. သူ့ကို ရပ်အောင်လုပ်…”

အစီအရင်၏ အလယ်ဗဟို၌ ရှိနေသော မှော်ဆေးအင်ပါယာကုချီ ကျောရိုးတစ်လျှောက်လုံး အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။

ရွှမ်ယီ အသုံးပြုခဲ့သော ဓားရည်ရွယ်ချက် အဆင့်ကို သူ အတိအကျမပြောနိုင်သော်လည်း နှလုံးသားထဲမှနေ၍ သေးမင်းအငွေ့အသက်အား ခံစားမိနေခဲ့၏။

အမှန်တွင် ကုချီထံမှ သတိပေးချက်ပင် မလိုအပ်ချေ။

အင်ပါယာ(၈)ယောက်လုံး ၎င်းတို့ မျက်လုံးများ ချက်ချင်း မှိတ်လိုက်ကြပြီး အစီအရင်ကြီးအတွင်းသို့ အစွမ်းကုန် စွမ်းအားများ ပို့လွှတ်လိုက်ကြသည်။

ဤသို့ဖြင့် အနက်ရောင်ရုပ်ထုကြီး၏ အရှိန်အဝါများ ထပ်မံမြင့်တက်လာပြန်၏။

ကောင်းကင်ချိုင့်ဝှမ်းတစ်ခုလုံး လေပြင်းများ တိုင်ခတ်လာခဲ့သည်။

အကာအကွယ်အစီအရင်ရှိနေသည့်တိုင်အောင် မြေပြင်ထက်၌ အက်ကြောင်းကြီးများ ဖြစ်လာနေ၏။

ချိုင့်ဝှမ်း ပြိုကျတော့မည်။

လီရွှမ် အသာအယာဟစ်ကြွေးလိုက်ပြီး မြေပြင်ထက်သို့ ခြေတစ်ချက်ဆောင့်လျက် အကာအကွယ်အစီအရင်အား တည်ငြိမ်စေလိုက်သည်။

ကွဲအက်နေခဲ့ပြီးဖြစ်သော အက်ကြောင်းများကိုမူ ပြန်လည် ပြုပြင်ရန်အချိန်မရှိချေ။

ချိုင့်ဝှမ်းအတွင်းမှ မျက်လုံးများအားလုံး ရွှမ်ယီ ရှိရာသို့ စုပြုံကျရောက်နေခဲ့သည်။

လူငယ်ပါရမီရှင်များအားလုံး မျက်လုံးများ ကျွတ်ကျမတတ် အံ့အားသင့်နေခဲ့ကြ၏။

တစ်ဖက်တွင် ပဉ္စမ အတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ဖြစ်သော လီရွှမ်ကမူ ရွှမ်ယီ၏ စွမ်းအားကို သိထားမိခဲ့သည်။

ထိုစွမ်းအားမျိုးက ဓားရည်ရွယ်ချက် အဆင့်(၄) ၊ (၅)လောက်နှင့် ရနိုင်သောအရာမဟုတ်ချေ။

အနည်းဆုံး အဆင့်(၆) ဖြစ်ရမည်။ ပို၍ပင် မြင့်နိုင်သေး၏။

ဘန်း…

ရွှမ်ယီ လက်ထဲမှ ဓားဖြင့် လွှဲခုတ်လိုက်သည်။

ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင်မှ သတ်ဖြတ်ခြင်း စွမ်းအားများနှင့် အဆင့်(၆) အထွတ်အထိပ် ဓားရည်ရွယ်ချက်စွမ်းအားတို့ ပေါင်းစပ်သွားပြီး အနက်ရောင်ရုပ်ထုကြီး အလည်ဗဟို တည့်တည့်သို့ ၀င်ရောက်သွား၏။

အင်ပါယာအဆင့် (၈)ယောက်တို့ များပြားလှသော တိုက်ခိုက်ရေး ၊ ကာကွယ်ရေး မှော်ရတနာများအားလုံး ထုတ်ယူအသုံးပြုလိုက်ကြသည်။

သို့သော် အချည်းအနှီးသာ။

ရွှမ်ယီထံ ၀င်ရောက်သွားသော တာအိုတစ်၀က်အဆင့် တိုက်ခိုက်ရေးမှော်ရတနာများအားလုံး ဓားတစ်ချက်ဖြင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ သေစမ်း…”

ပြင်းထန်သော တိုက်ပွဲက ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတွင် အင်ပါယာ(၈) ယောက် ၎င်းတို့ အသက်များကိုပင် လောင်းကြေးထပ်လိုက်ကြ၏။

ယခင်ကဲ့သို့ အထင်သေးမှုများ မရှိတော့ဘဲ ရွှမ်ယီအား အသက်နှင့်ရင်းကာ အသည်းအသန်တိုက်ခိုက်နေခဲ့ကြသည်။

အနက်ရောင် ရုပ်ထုကြီးက အဆုံးမဲ့ နတ်အလင်းများဖြင့် တောက်ပလာခဲ့ပြီး အရှိန်အဝါများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

နောက်ဆုံးတွင် အကန့်အသတ်သို့ ရောက်သွားဟန်ဖြင့် ရပ်တန့်သွားတော့၏။

ဒုတိယအတိဒုက္ခအဆင့် ပြီးပြည့်စုံခြင်း…!

ဂရား..

အနက်ရောင်ရုပ်ထုကြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ထို့နောက် ရွှမ်ယီအား လက်သီးဖြင့် လှမ်းထိုးလိုက်၏။

လက်သီးချက် နှင့် ကပ်ပါလာသော လေများကပင် တောင်ကြီးတစ်လုံးအား အလွယ်တကူ ဖြိုခွဲနိုင်စွမ်းရှိနေသည်။

သာမန် တတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ပင် ထိုလက်သီးချက်အောက်၌ အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

သို့သော် ရွှမ်ယီ၏ အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။

ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားစေနိုင်သည့် ကြက်သွေးရောင် ဓားအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် သူ၏ ဓားရည်ရွယ်ချက်က အဆင့်(၆) အထွတ်အထိပ်၌ ရှိနေခဲ့ပြီး အဆင့်(၇)နှင့် ပါးလွှာသော အတားအဆီလေးတစ်ခုသာ ရှိတော့၏။

၎င်းအား ချိုးဖျက်ရန် ပြင်းထန်သော တိုက်ပွဲတစ်ခုလိုအပ်နေသည်။

ဤသို့ဖြင့် အင်ပါယာ(၁၀)ယောက်က ရွှမ်ယီအတွက် ပြည့်စုံသော ဓားသွေးကျောက်ဖြစ်လာခဲ့၏။

ဘုန်း… အုန်း…

ကောင်းကင်ထက်၌ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါနေခဲ့သည်။

တိုက်ပွဲမှသက်ရောက်မှုများက ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း၌သာ ရှိမနေခဲ့ချေ။

ပတ်၀န်းကျင် ကီလိုမီတာ (၁)သောင်းကျော်အထိ ပြန့်နှံ့သွား၏။

မြင့်မြတ်ခြင်းမူလ စုဝေးပွဲနေရာကပင် ကောင်းကင်ချိုင့်ဝှမ်းဘက်မှ အခြေအနေကို ခံစား သိမြင်နိုင်သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့် တုန်ခါမှုများကြောင့် လူတိုင်း ကောင်းကင်ထက်သို့ ပျံတက်ပြီး ‌ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းဘက်သို့ ကြည့်လိုက်ကြ၏။

ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆံပင်များ ထောင်သွားသလိုပင် ခံစားလိုက်ရသည်။

“ ဘုရားရေ.. အဲ့တာဘာကြီးလဲ…”

“ ကြယ်တစ်ပွင့်လား… ဒါမှမဟုတ် ကမ္ဘာကြီးတစ်ခုလား…”

“ မဟုတ်ဘူး… အဲ့တာ ဓားအလင်း… တိတိကျကျပြောရမယ်ဆိုရင် ဓာရည်ရွယ်ချက်စွမ်းအားပဲ…”

“ ကြောက်ဖို့ကောင်းလိုက်တာ… ဓားရည်ရွယ်ချက်က ကမ္ဘာကြီးနဲ့ ပေါင်းစပ်နေပြီ…”

အင်ပါယာအဆင့်ကျင့်ကြံသူများအားလုံး တုန်လှုပ်နေကြသည်။

ဤသို့ဖြင့် ရှေ့တိုးကြည့်ရန် ကြိုးစားလိုက်ကြ၏။

သို့သော် ကောင်းကင်ချိုင့်ဝှမ်းသို့ နီးကပ်လာသည်နှင့်အမျှ ထိုနေရာမှ ထွက်ပေါ်လာသည့် စွမ်းအင် လှိုင်းလုံးကြီးကြောင့် နောက်သို့ အနည်းငယ် ပြန်ဆုတ်သွားခဲ့ကြသည်။

၎င်းက မည်သို့စွမ်းအားမျိုးနည်း။

အင်ပါယာအဆင့်ကျင့်ကြံသူများ ဖြစ်နေလျက်ပင် အနီးသို့ချဉ်းကပ်နိုင်ခြင်းမရှိချေ။

အင်ပါယာအဆင့် ကျင့်ကြံသူများ တိုက်ပွဲပေလော…?

ဘယ်သူတွေ တိုက်ခိုက်နေကြသနည်း…?

All Chapters