အခန်း (၄၆၅)
Vol. 31 Ch. 465
Chapter-465
သို့သော် ကောင်းကင်ချိုင့်ဝှမ်းဘက်မှ ထွက်ပေါ်လာသည့် စကားသံတစ်ခုက ၎င်းတို့ ပဟေဠိများအား ဖြေရှင်းပေးလိုက်၏။
“ ခင်ဗျားတို့အားလုံး ကျုပ်နာမည်ကို မှတ်ထား… နက်နဲခြင်း အင်ပါယာဂိုဏ်းက ရွှမ်ယီပဲ… နောက်ဘ၀အထိ မမေ့စေနဲ့…”
အုန်းးးး
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး အပြင်းအထန် လှုပ်ခါလာခဲ့သည်။
ထိုအချိန်တွင် ရွှမ်ယီ၏ ဓားရည်ရွယ်ချက် အဆင့်(၇)သို့ ရောက်သွားခဲ့ချေပြီ။
ဖန်ဂျီဓား အဖျား၌ အဆင့်(၇) ဓားရည်ရွယ်ချက် စွမ်းအားများ စုစည်းလာပြီး ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်မှ သတ်ဖြတ်ခြင်း စွမ်းအားများနှင့် ပေါင်းစပ်သွားခဲ့သည်။
ထို့နောက် ဥက္ကာခဲကြွေကျသည့်အလား အနက်ရောင် ရုပ်ထုကြီးထံ ကျဆင်းသွား၏။
အုန်း…
မှော်ဆေးအင်ပါယာ ကုချီ နှင့် အင်ပါယာအဆင့် ကျင့်ကြံသူ(၈)ယောက် ပူပေါင်းဖွဲ့စည်းထားသော ဧရာမ အနက်ရောင် ရုပ်ထုကြီးနှင့် တစ်စစီ ပျက်စီးသွားခဲ့သည်။
သို့သော် ထိုမျှနှင့် မရပ်တန့်သေးပေ။
နောက်ဘက်မှ အင်ပါယာအဆင့် ကျင့်ကြံသူများထံ ဆက်လက် ၀င်ရောက်သွား၏။
ကြောက်မက်ဖွယ် ဓားစွမ်းအားအောက်၌ အင်ပါယာအဆင့်ကျင်ကြံသူ (၉)ယောက်လုံး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့ ပူးပေါင်းတည်ဆောက်ထားခဲ့သည့် အစီအရင်ကြီးလည်း ဘာမှမကျန်အောင် ပျက်စီးသွားတော့၏။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းတစ်ခုလုံး သေမင်းနယ်မြေကြီးတစ်ခုအလား တိတ်ဆိတ်သွားခဲ့သည်။
တစ်ဖျောက်ဖျောက်နှင့် မိုးသံသဲ့သဲ့ကိုသာ ကြားနေရ၏။
မိုးကြိုးအင်ပါယာ လီရွှမ် ၊ ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမနှင့် ရွှမ်ယီတို့ ထွက်သွားပြီးနောက်
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းတစ်ခုလုံး ပွတ်လောရိုက်သွားလေသည်။
အင်ပါယာအဆင့် ကျင့်ကြံသူ(၉)ယောက်…
မှော်ဆေးအင်ပါယာတစ်ယောက်ပင် ပါ၀င်သေး၏။
၎င်းတို့အားလုံး တောင်ပိုင်းကောင်းကင်တံခါး၌ နာမည်ကြီးပြီး နတ်ဆိုးများပင် ၎င်းတို့အား သိကြသည်။
သို့သော် ယခုတွင် အလောင်းပင်မကျန်ရှိဘဲ ဗလာနတ္ထိအဖြစ်သို့ ရောက်သွားချေပြီ။
ထို့အပြင် ထိုသို့ပြုလုပ်ခဲ့သူက ကောင်းကင်ဘုရင်အဆင့်၌သာ ရှိသေး၏။
အသက်ကလည်း (၂၀)စွန်းရုံသာ ရှိသေးသည်။
၎င်းက အင်ပါယာများကို သတ်နိုင်စွမ်းရှိနေသည့်အပြင် ဓားတာအို၌လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်စွမ်းရှိနေ၏။
ဤသတင်းပျံ့နှံ့သွားပါက တောင်ပိုင်းနယ်မြေတင်မက အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံး လှုပ်ခတ်သွားပေလိမ့်မည်။
နောက်ဆုံးတွင် ပါရမီရှင်တစ်ယောက် တစ်စုံတစ်ခုအား သတိရသွားပြီး
သတင်းပို့ကျောက်စိမ်းထုတ်ကာ ချက်ချင်း အသက်လိုက်၏။
နက်နဲခြင်း အင်ပါယာဂိုဏ်း နှင့် ရွှမ်ယီဆိုသော အမည်အား ဂိုဏ်းထံသို့ ချက်ချင်း သတင်းပို့ရမည်။
“ နက်နဲခြင်း အင်ပါယာဂိုဏ်းဆိုတဲ့ လျှို့ဝှက်ဂိုဏ်းကြီးတစ်ခု ပေါ်လာပြီ.. အဲ့ဂိုဏ်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူး… ဒါပေမယ့် အဲ့ဂိုဏ်းက ရွှမ်ယီဆိုတဲ့လူ... သူက အရမ်းအစွမ်းထက်တယ်… ရန်မစမိဖို့ သတိရပါ…”
“ ဆရာရွှမ်ယီ… ရှင် ဘယ်လိုတောင်လုပ်လိုက်တာလဲ… ကျွန်မဖြင့် အခုထိမယုံနိုင်သေးဘူး…”
ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမ ထံ၌ ယခင်ကဲ့သို့ သီးသန့်ဆန်သော အမူအရာရှိမနေတော့ချေ။
နောက်ဆုံးတွင် သူမက ငယ်ရွယ်သော မိန်းကလေးတစ်ဦးမျှသာ။ ရင်ထဲ၌ သိချင်စိတ်များ အလွန်များလာသောအခါ မထိန်းနိုင်ဘဲ မေးလိုက်မိတော့၏။
တစ်ဖက်တွင် လီရွှမ်၏ အမူအရာက သာမန်အတိုင်းသာ ရှိနေသော်လည်း မျက်လုံးများအတွင်းမှ အနက်ရှိုင်းဆုံးသောနေရာ၌ အံ့ဩခြင်းများရှိနေခဲ့သည်။
ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ထိတ်လန့်ဖွယ်ကောင်းလှ၏။ အထူးသဖြင့် အဆင့်(၇) ဓားရည်ရွယ်ချက်ဖြစ်သည်။
အရှေ့ပိုင်း တိုက်ကြီး၌တွင် ထိုအဆင့်သို့ ရောက်နေသူ မရှိပေ။ ၎င်းက ဓားတာအို၏ အထွတ်အထိပ်နီးပါးသို့ ရောက်နေခဲ့ခြင်းဖြစ်၏။
လီရွှမ်၏နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး လက်ရှိအချိန်တွင် ရွှမ်ယီ၏ဓားတာအိုကို မည်မျှအဆင့်ထိ ရောက်နေပြီဖြစ်ကြောင်းနှင့် မည်သို့လေ့ကျင့်ခဲ့ကြောင်း မေးမြန်းချင်နေခဲ့သည်။
သို့သော် နောက်ဆုံး သူသည်းခံထားခဲ့၏။
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ လူများအတွင်းမူ မိုးကြိုးအင်ပါယာ ရွှမ်ယီအပေါ် အလေးထားဆက်ဆံနေမှုများက အလွန်ထိတ်လန့်အံ့ဩဖွယ်ကောင်းလှ၏။
မိုးကြိုးအင်ပါယာဆိုသည်မှာ သူတို့လေလံစံအိမ်မှ ဒုတိယအကြီးအကဲဖြစ်သည်။ သူ့အထက်တွင် လေလံစံအိမ်သခင်တစ်ယောက်တည်းသာ ရှိတော့၏။
မြင့်မြတ်ခြင်းမူလစုဝေးပွဲ မဆိုထားနှင့် တောင်ပိုင်းကောင်းကင်တံခါး၌ပင် မိုးကြိုးအင်ပါယာက အထွတ်အထိပ်၌ ရပ်တည်နေပေသည်။
ထိုကဲ့သို့ဖြစ်တည်မှုက ကောင်းကင်ဘုရင်တစ်ယောက်အား အဘယ်ကြောင့် တရင်းတနှီးနှင့် လေးလေးစားစား ဆက်ဆံနေခဲ့ရသနည်း။
ယခုအချိန်တွင် ကောင်းကင်ချိုင့်ဝှမ်းအတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းက ပြင်ပသို့ ပျံ့နှံ့သွားခြင်း မရှိသေးပေ။
သို့သော် ၎င်းက မကြာမီ ဗုံးတစ်လုံးပေါက်ကွဲသည့်အလား ပျံ့နှံ့လာတော့မည်ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုသတင်းက တောင်ပိုင်းနယ်မြေတစ်ခုလုံးသာမက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ပင် ပျံ့နှံ့သွားနိုင်ခြေရှိသည်။
နက်နဲခြင်းအင်ပါယာဟူသော ဂိုဏ်းအမည်က ကမ္ဘာကြီးအား တုန်လှုပ်စေတော့မည်။
သို့သော် ရွှမ်ယီ၏ မျက်နှာထက်၌ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ ရှိမနေခဲ့ပေ။ အသိစိတ်တွင်းမှ နှစ်သွယ်ပြောင်းလဲခြင်းဆေးဖော်မြူလာအား စဉ်းစားရင်း တည်ငြိမ်စွာ လမ်းလျှောက်လာခဲ့၏။
အင်ပါယာ (၁၀)ယောက်အား သတ်ဖြတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အရံတာဝန်ကလည်း ပြီးမြောက်သွားခဲ့ကာ ဆုလာဘ်များ ရရှိခဲ့သည်။
နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးက အလွန်ထူးခြားလှ၏။
၎င်းက အဆင့်(၇)သို့ ရောက်ရှိနေပြီဖြစ်ကာ တာအိုဆေးလုံးဟုလည်း ခေါ်ဆိုနိုင်သည်။
တာအိုသဘောတရားများနှင့် ကမ္ဘာကြီးမှ လောကနိယာမများ ပေါင်းစပ်ပါဝင်နေသည်။
မှော်ဆေးတာအို၌ လက်ရှိသူ၏အောင်မြင်မှုများဖြင့်ပင် ထိုဆေးလုံးအား ဖော်စပ်လိုပါက အများကြီးပြင်ဆင်ရန် လိုအပ်၏။
ရွှမ်ယီ၏ အကြည့်က စနစ်သိုလှောင်ခန်းအတွင်းမှ တာအိုအရင်းအမြစ်များထံသို့ ကူးပြောင်းသွားခဲ့သည်။
ထိုအခါ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွား၏။
တာအိုအရင်းအမြစ်ဂျင်တစ်သောင်းဖြင့်ဆိုပါက အချိန်တိုအတွင်း သူ၏ကျင့်ကြံမှုက မြင့်တက်လာတော့မည်။
နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးအတွက် လိုအပ်သော ပစ္စည်းများစာရင်းကို လီရွှမ်ထံသို့ ပေးခဲ့ပြီးနောက် လေလံစံအိမ်မှ ၎င်းတို့၏ ဧည့်အကြီးအကဲများအတွက် ပြင်ဆင်ထားသော ကျင့်ကြံခြင်းအခန်းအတွင်းသို့ ရွှမ်ယီ ဝင်ရောက်လာခဲ့သည်။
တစ်ဖက်တွင် ဆန်းကြယ်အနှစ်သာရနတ်ဘုရားမလည်း ရွှမ်ယီထံမှ အမိန့်တစ်ခု လက်ခံရရှိထားခဲ့၏။
ဤသို့ဖြင့် တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့သည်။ ဆေးလုံးအား မသောက်သုံးမီ သူမ၏အခြေအနေအား အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမည်။
ဝုန်း…
တာအိုအရင်းအမြစ်ဂျင်တစ်သောင်းက ရွှမ်ယီ၏ရှေ့၌ တောင်ငယ်လေးတစ်လုံးအလား ထွက်ပေါ်လာခဲ့သည်။ အလွန်တောက်ပသော အလင်းရောင်များက အခန်းအတွင်း၌ ပြည့်နှက်သွားခဲ့ပြီး ကောင်းကင်ထက်သို့ပင် ထွင်းဖောက်သွားမတတ်ဖြစ်နေခဲ့၏။
ကံကောင်းစွာနှင့် ရွှမ်ယီရောက်ရှိနေသော ကျင့်ကြံရေးအခန်းက အင်ပါယာအဆင့်ကျင့်ကြံသူများအတွက် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ အခန်းထဲတွင် စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း အစီအရင်တစ်ခု ရှိရုံသာမက အခန်းအတွင်းမှ အရှိန်အဝါများကိုလည်း ပြင်ပသို့ ထွက်ပေါ်မလာစေရန် ဖုံးကွယ်ပေးထားသည်။
ထိုအစီအရင်က တာအိုအရင်းအမြစ်များမှ ထွက်ပေါ်နေသည့် အရှိန်အဝါအများစုကို ဖိနှိပ်ထားသော်လည်း ထွက်ပေါ်နေသေးသည့် နတ်အလင်းများက အလွန်တောက်ပလွန်းသည်ဖြစ်ရာ သာမန်ကျင့်ကြံသူများအနေဖြင့် ၎င်းအား မျက်စိဖြင့် တိုက်ရိုက်ကြည့်ရန်ပင် မဖြစ်နိုင်ပေ။
တခြားလူများသာ ထိုမြင်ကွင်းအား မြင်လိုက်ပါက အောက်မေးရိုး မြေကြီးပေါ်သို့ ကျသွားပေလိမ့်မည်။
တာအိုအရင်းအမြစ်ဂျင်တစ်သောင်းဆိုသည်မှာ အရှေ့ပိုင်းတိုက်ကြီး၌တွင်ပင် အလွန်ချမ်းသာကြွယ်ဝသည်ဟု ဆိုနိုင်သည်။
အင်အားစုကြီးများမှ ဆက်ခံသူများမဆိုထားနှင့်၊ အင်ပါယာအဆင့်ကျင့်ကြံသူများပင် ဤမျှများပြားသော အရင်းအမြစ်များကို စုဆောင်းရန် မလွယ်ကူပေ။
သို့သော် ရွှမ်ယီကမူ အလွန်တည်ငြိမ်နေခဲ့သည်။
တာအိုအရင်းအမြစ်ဂျင်တစ်သောင်းဆိုသော ပမာဏက ကျန်လူများအတွက် အလွန်များပြားသော်လည်း တာအိုအဆင့် နီဗားနားကျမ်းစာအား ကျင့်ကြံနေသော ရွှမ်ယီအတွက်မူ ၎င်းက မပြောပလောက်ပေ။
“ နောက်ကျရှိရင် ဟိုခွေးကောင်တွေရဲ့ မြင့်မြတ်နယ်မြေသုံးခုကို သွားရမယ်… သူတို့ရဲ့ အပြစ်တွေအတွက် တာအိုအရင်းအမြစ် နည်းနည်းလောက် လုယူသင့်တယ်…”