ပြင်းထန်သောအောင်ပွဲ
Vol. 9 Ch. 120
နှစ်ဦးသား ဆယ်ကြိမ်မက ထိုးနှက်တိုက်ခိုက်ပြီးနောက် လင်းရှီလုမှာ အလွန်အမင်း မွန်းကြပ်နေခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့် ပိုမြင့်ခြင်းနှင့် မှော်လက်နက်၏ အားသာချက်ကြောင့် ကျင်းချောင်ဟိုင် ကို လျင်မြန်စွာ သတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော်လည်း အောက်ခြေရှိ ကျင်းမိသားစုဝင်များ၏ ဟန့်တားမှုက အလွန်ပင် စိတ်ရှုပ်စရာ ကောင်းပြီး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများပင်လျှင် လုံးဝလျစ်လျူရှု၍ မရနိုင်ခဲ့ပေ။
လင်းထျန်းမင်နှင့် လင်းရှင်းကျီတို့၏ အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ လင်းရှီလုက ဗျူဟာကို ပြတ်သားစွာ ပြောင်းလဲလိုက်သည်။
ကျင်းချောင်ဟိုင်ကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်သည့်အတွက် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ မြေပြင်ပေါ်ရှိ ကျင်းမိသားစုဝင်များကို သတ်ဖြတ်ခြင်းဖြင့် ကျင်းချောင်ဟိုင်ကို တွေဝေသွားစေရန် ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် လင်းရှီလုသည် အဆောင်စာရွက် အများအပြားကို ပစ်ထုတ်လိုက်ပြီး ကျင်းချောင်ဟိုင်ကို ခဏတာ ဟန့်တားလိုက်သည်။
ဤတိုတောင်းသော အချိန်လေးကို အခွင့်ကောင်းယူကာ လင်းရှီလုသည် သူ၏ ဓားစွမ်းအင် ကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်ကာ သားကောင်ပေါ် ခုန်အုပ်သည့် ဝံပုလွေဆိုးတစ်ကောင်၏ သဘောထားဖြင့် မြေပြင်ရှိ မိသားစုဝင်များကြားသို့ တိုက်ရိုက် ခုန်ဆင်းသွားသည်။
ရုတ်တရက် ပစ်မှတ်ပြောင်းသွားခြင်းကြောင့် ကျင်းမိသားစုဝင်များ အလစ်အငိုက်မိသွားကြပြီး ကျင်းချောင်ဟိုင်သည် အဆောင်စာရွက်နှင့် ဓားစွမ်းအင်ကို ရှောင်တိမ်းပြီးသည့်နောက်တွင် သူတို့ကို ကယ်ဆယ်ရန် အချိန်မမီတော့ပေ။
ဓားစွမ်းအင် ဖြတ်သန်းသွားပြီးနောက်တွင် သွေးနှင့် အသားစများ ရောထွေးနေခဲ့ကာ ပြတ်တောက်နေသော ခြေလက်များနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများက တောင်ဝန်းကျင် ဝင်ပေါက်နေရာအနှံ့ ပျံ့ကျဲနေခဲ့သည်။
လင်းရှီလု၏ အရူးအမူးတိုက်ခိုက်မှုနှင့် မိသားစုဝင်များ၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုများက ကျင်းမိသားစု ကျင့်ကြံသူများ၏ ဦးရေပြားများကို ကြောက်စိတ်ဖြင့် ကျင်တက်စေခဲ့ပြီး မိသားစုဝင်များစွာမှာ အကြောက်လွန်၍ ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။
ဆုတ်ခွါခြင်းက အချည်းနှီးဖြစ်ပြီး ကျင်းမိသားစု၏ အရှုံးကိုသာ မြန်ဆန်စေမည်ကို သိသော ကျင်းချောင်ဟိုင်က အလျင်အမြန် အော်ဟစ်လိုက်သည်။
"မဆုတ်နဲ့ မဆုတ်နဲ့။ တိုက်ခိုက်မှုကို မြန်မြန်လုပ်..."
ဆုတ်ခွာနေသော ကျင်းမိသားစုဝင် အများစုမှာ သတိပြန်ဝင်လာပြီး ဝိုင်းအုံလာကြသော်လည်း အမျိုးသမီးဆွေမျိုးအချို့မှာ အခြေအနေကို သဘောမပေါက်သေးဘဲ အသက်ရှင်နိုင်မည်ဟု အချည်းနှီး ထင်နေဆဲပင်။
ကံမကောင်းစွာဖြင့် သူတို့၏ သဘောပေါက်မှုက အနည်းငယ် နောက်ကျသွားခဲ့သည်။
ကျင်းမိသားစုဝင်များ တွေဝေနေသည့်အချိန်ကို အခွင့်ကောင်းယူကာ လင်းထျန်းမင်အပေါ် ဖိအား များစွာ လျော့ကျသွားခဲ့သည်။
မြေကြီးနတ်ဆိုးဓားဖွဲ့စည်းမှု၏ ဖုံးလွှမ်းမှုဧရိယာက ထပ်မံ ကျုံ့ဝင်လာပြီး ယခုအခါ ပေသုံးဆယ်ပင် မပြည့်တော့ပေ။
"ကျုံ့လိုက်"
ဓားဖွဲ့စည်းမှု၏ အလယ်ဗဟိုတွင် ကျင်းချီလုံ မှာ မျက်လုံးများ နီရဲကာ ဆံပင်များ ရှုပ်ပွနေပြီး သူ့ခန္ဓာကိုယ်အနှံ့ နက်ရှိုင်းမှု အမျိုးမျိုးရှိသော ဒဏ်ရာများစွာဖြင့် သွေးစွန်းနေသော လူတစ်ဦးကဲ့သို့ပင်။
ကျင်းချောင်ကျွင်းပင် အခြေအနေ မကောင်းခဲ့ပေ။ သူ၏ သေးငယ်သော ဒိုင်းဝိညာဉ်ပစ္စည်းက ယခုအချိန်တွင် အပေါက်များဖြင့် ပြည့်နှက်နေသည်။ ပိုမိုပြင်းထန်လာသော ဓားစွမ်းအင်များနှင့် အသက်ရှင်ရပ်တည်ရန် ကျဉ်းမြောင်းလာသော နေရာတို့ကို ရင်ဆိုင်ရင်း သူသည် လုံးဝစိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားသည်။
ကျင်းချီလုံ နှင့် အခြားသူများ၏ အသက်ပျောက်လုနီးပါး အခြေအနေကို မြင်သောအခါ ကျင်းချောင်ဟိုင်က ဒေါသတကြီး တိုက်ခိုက်တော့သည်။
လင်းရှီလုသည် ယခုအခါ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီဖြစ်၍ သူ့ကို အလိုလိုက်မည် မဟုတ်ဘဲ လင်းထျန်းမင်ရှေ့သို့ ချက်ချင်း တက်လှမ်းရပ်လိုက်သည်။
လင်းရှီလုသည် သေးငယ်သော အပြာရောင်ဒိုင်းကာတစ်ခုကို ထုတ်ယူကာ လင်းထျန်းမင်ကို မြဲမြံစွာ ကာကွယ်ပေးလိုက်သည်။
ကျင်းချောင်ဟိုင်၏ တိုက်ခိုက်မှု နီးကပ်လာသည်နှင့်အမျှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေကြီးနတ်ဆိုးဓားဖွဲ့စည်းမှု အတွင်းမှ ကြေကွဲဖွယ် အော်သံနှစ်သံ ထွက်ပေါ်လာသည်။
လင်းရှီလုသည် ကျင်းချောင်ဟိုင်၏ သေစေတတ်သော တိုက်ခိုက်မှုကို အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ပြီး လင်းထျန်းမင်အား ကျင်းချီလုံနှင့် အခြားသူများကို သတ်ဖြတ်ကာ လွတ်မြောက်ခွင့် ရရှိစေခဲ့သည်။
နောက်ထပ် စိုးရိမ်စရာမရှိတော့ဘဲ လင်းရှီလုသည် ကျင်းချောင်ဟိုင်နှင့် တိုက်ပွဲကို တစ်ဖန် ပြန်လည်စတင်ခဲ့သည်။
မျှော်လင့်ချက်မဲ့လုနီးပါး အခြေအနေတွင် လင်းရှင်းကျီသည် ဟွေ့ယွမ်ဆေးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ သူ၏ လက်မောင်းများကို ဝှေ့ယမ်းကာ မြေကြီးနတ်ဆိုးဓား ဆယ့်ရှစ်ချောင်းကို ကျင်းမိသားစုဝင်များ၏ ခေါင်းများဆီသို့ ပစ်လွှတ်လိုက်ပြီး လူဒါဇင်ပေါင်းများစွာကို ဝိုင်းရံပိတ်ဆို့လိုက်သည်။
အဆင့်မြင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှု မရှိတော့သော်လည်း မြေကြီးနတ်ဆိုးဓားဖွဲ့စည်းမှု၏ အကွာအဝေးကို အသက်သွင်းပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့် ကျုံ့ဝင်သွားတော့သည်။
လင်းထျန်းမင် ဝင်ရောက်လာသည်နှင့်အမျှ နှစ်ဦးသား အတူတကွ တိုက်ခိုက်ရင်း ကျင်းမိသားစုဝင်များကို နောက်သို့ ဆုတ်စေခဲ့ရာ ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိခဲ့သည်။
သူ့ကို ချုပ်ကိုင်ထားသော မိသားစုဝင်များ မရှိတော့ခြင်းနှင့် အဆင့်ကွာဟမှုကြောင့် ကျင်းချောင်ဟိုင်၏ အခြေအနေက လျင်မြန်စွာ ဆိုးရွားလာခဲ့ပြီး ခုခံကာကွယ်မှုများသာ လုပ်နိုင်တော့ကာ ရှုံးနိမ့်ခြင်းဆီသို့ မလွဲမသွေ ဦးတည်နေခဲ့သည်။
ဤအချိန်တွင် ကျင်းချောင်ဟိုင်သည် အခြေအနေကို ကယ်တင်၍ မရတော့ကြောင်း သဘောပေါက်သွားပြီး တိုက်ခိုက်လိုစိတ် ပျောက်ဆုံးကာ မည်သည့်အချိန်မဆို ထွက်ပြေးရန် အသင့်ဖြစ်နေခဲ့သည်။
ကျင်းချောင်ဟိုင်သည် သူ၏ နည်းဗျူဟာကို ထပ်မံ အသုံးပြုခဲ့သည်။ လင်းထျန်းမင်ကို အားကုန်ထုတ် တိုက်ခိုက်ခြင်းဖြင့် လင်းရှီလုကို တွေဝေသွားစေရန်နှင့် လင်းရှီလု ကယ်ဆယ်နေစဉ်တွင် ကျင်းချောင်ဟိုင်က ကျင်းမိသားစုပိုင်နယ်မြေ၏ နောက်ဘက်တောင်ဘက်သို့ ထွက်ပြေးခဲ့သည်။
လင်းထျန်းမင်အတွက် တိုက်ခိုက်မှုကို ကာကွယ်ပေးပြီးနောက် လင်းရှီလုက ချက်ချင်း လိုက်လံခဲ့သည်။
အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ဦး ထွက်ပြေးလွတ်မြောက်ပြီး ကျင်းကျီယင်းနှင့် အောင်မြင်စွာ ပြန်လည်စုဖွဲ့နိုင်ပါက သူတို့သည် ထိတ်လန့်တကြား ထွက်ပြေးခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ကြောင်း ကောင်းစွာ သိရှိထားခြင်းပင်။
လင်းရှင်းရုန်နှင့်အတူ ပြေးရမည်ဆိုပါက အတော်လေး လွယ်ကူလိမ့်မည်။ သို့သော် လင်းထျန်းမင်နှင့် အခြားသူများကိုပါ ခေါ်ဆောင်ရမည်ဆိုပါက အောင်မြင်စွာ လွတ်မြောက်နိုင်ခြေ နည်းပါးလွန်းသည်။ မည်သည့်အခြေအနေမျိုးတွင်မှ လင်းထျန်းမင်ကို စွန့်ပစ်၍ မရနိုင်သောကြောင့် ကျင်းချောင်ဟိုင် သေဆုံးရမည်ပင်။
လင်းရှီလုနှင့် ကျင်းချောင်ဟိုင်တို့မှဋ တစ်ဦးက လိုက်လံပြီး တစ်ဦးက ထွက်ပြေးရင်း ကျင်းမိသားစုပိုင်နယ်မြေအတွင်း ဖြတ်သန်းကာ လျင်မြန်သော အရိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။
သူတို့ မသိလိုက်သည်မှာ ကျင်းချောင်ဟိုင်၏ ထွက်ပြေးရာလမ်းကြောင်းမှာ ပိတ်ဆို့ခံထားရပြီဖြစ်ပြီး လင်းရှင်းရုန်သည် ကျင်းမိသားစု၏ နောက်ဘက်တောင်ကုန်းတွင် ချောင်းမြောင်းနေနှင့်ပြီး ဖြစ်သည်။ ရှေ့ဘက်မှနေ၍ ဖောက်ထွက်ရန် ကြိုးစားပါက အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သေးသော်လည်း နောက်ဘက်တောင်ကုန်းသို့ ဝင်ရောက်ခြင်းက သေခြင်းဆီသို့ ဝင်ရောက်ခြင်းနှင့် တူလှသည်။
ကျင်းမိသားစု၏ နောက်ဘက်တောင်ကုန်း၌ လင်းရှင်းရုန်သည် သစ်ပင်တစ်ပင်ပေါ်၌ ပုန်းအောင်းနေသည်။ သူ၏လက်ထဲတွင် ဝိညာဉ်ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ၏ နတ်ဉာဏ်အားလုံးကို ထုတ်လွှတ်ကာ အနီးအနားမှ လှုပ်ရှားမှုအားလုံးကို အာရုံခံနေသည်။ သစ်ပင်တစ်ပင်နှင့် မြက်ပင်တစ်ပင်စီပင် သူ၏စိတ်ထဲ၌ ပုံရိပ်ထင်နေ၏။
ကျင်းမိသားစုပိုင်နယ်မြေမှ ဆက်တိုက်ထွက်ပေါ်လာသည့် ပေါက်ကွဲသံများကို ကြားရသောအခါ လင်းရှင်းရုန်၏ မျက်နှာအမူအရာက တင်းမာသွားတော့သည်။ သူ့အဖော်များ၏ ဘေးကင်းရေးကို အလွန်အမင်း စိုးရိမ်နေခဲ့ခြင်းပင်။
အမွှေးတိုင်တစ်တိုင်လောင်စာ အချိန်ခန့်ကြာပြီးနောက် လင်းရှင်းရုန်သည် ရေတံခွန်နောက်ကွယ်မှနေ၍ ကျင်းချောင်ဟိုင် ထွက်လာပြီး သူ့ဘက်သို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ မိုင်အတော်ကြာသည်။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် လင်းရှီလုလည်း ရေတံခွန်ရေစခန်းကို ဖြတ်ကျော်၍ ကျင်းချောင်ဟိုင်ကို လိုက်လံခဲ့သည်။
လင်းရှင်းရုန်က အလျင်စလို မလှုပ်ရှားခဲ့ပေ။ သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းထားပြီး သစ်ရွက်များကြား၌ ကျွမ်းကျင်စွာ ပုန်းကွယ်နေခဲ့သည်။
ထွက်ပြေးရန်သာ အာရုံစိုက်နေသည့် ကျင်းချောင်ဟိုင်က ဘာမှ မသိပုံရပြီး လင်းရှင်းရုန်ဘက်သို့ ဆက်လက်ထွက်ပြေးနေသည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ကိုက်တစ်ထောင်ပင် မရှိတော့ချေ။
လင်းရှင်းရုန်သည် အကွာအဝေးကို တိုင်းတာနေပြီး ဘယ်အချိန်မဆို သေစေနိုင်သည့် ထိုးနှက်ချက်ဖြင့် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
ကိုက်ခြောက်ရာ...
ကိုက်လေးရာ...
ကိုက်နှစ်ရာနား နီးကပ်လာသောအခါ လင်းရှင်းရုန်က ခုန်တက်ပြီး ဓားကို သုံးကြိမ် ဝှေ့ယမ်းကာ ကျင်းချောင်ဟိုင်ဆီသို့ ခုတ်ချလိုက်သည်။
ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ကျင်းချောင်ဟိုင်၏ နှလုံးသားထဲ၌ တုန်လှုပ်မှုတစ်ခု ဖြတ်သန်းသွားသည်။ အကွာအဝေးက အလွန်နီးလွန်းသောကြောင့် အချိန်မီ ရှောင်တိမ်း၍မရဘဲ သူ၏အသက်ကို ကယ်ရန်အတွက် ဒိုင်းကာသေးသေးလေးတစ်ခုကို အလျင်စလို ထုတ်ယူလိုက်ရသည်။
ကောင်းကင်၌ တောက်ပနေသည့် နေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့ပင် ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကျင်းချောင်ဟိုင်သည် တိုက်ခိုက်မှုဒဏ်ကို အပြည့်အဝခံလိုက်ရပြီး ကိုက်ဒါဇင်များစွာ နောက်သို့ လွင့်စဉ်သွားကာ သွေးလတ်လတ်ဆတ်ဆတ် အမြောက်အများ အန်ထွက်လာသည်။
မိုးရွာတုန်း ရေကြီးဆိုသကဲ့သို့ပင်။
သူသည် တိုက်ရိုက်ထိမှန်သည့် ဒဏ်ရာရခဲ့ရုံမက လင်းရှီလုသည်လည်း ကိုက်ရာပေါင်းများစွာအတွင်း ရောက်ရှိနေပြီဖြစ်ပြီး အကွာအဝေးက ဆက်လက်နီးကပ်လာနေသည်။
ကျင်းချောင်ဟိုင်သည် သူ၏ဒဏ်ရာများနှင့် ချောင်းမြောင်းခံရသည့် အကြောင်းရင်းများကို ဂရုမစိုက်ဘဲ လှည့်၍ ချက်ချင်း ထွက်ပြေးသည်။
လင်းရှင်းရုန်သည် ဓားကို အကြိမ်များစွာ ဝှေ့ယမ်းပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့ကာ လင်းရှီလုအတွက် အချိန်ဆွဲပေးလိုက်သည်။
လင်းရှင်းရုန်၏ ကျင့်ကြံမှုအဆင့်က သူ့ထက် နှစ်ဆင့်နိမ့်သည်ကို ကျင်းချောင်ဟိုင် သဘောပေါက်သွားသောအခါ ထိတ်လန့်တကြား ထိုးနှက်တိုက်ခိုက်ပြီး လွတ်မြောက်ရာလမ်းကို ရှာရန် ကြိုးစားလိုက်သည်။
လင်းရှင်းရုန်သည် သွေးရောင် ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူကာ သူ၏ကိုယ်ကို ကာကွယ်လိုက်ရင်း ချက်ချင်း ပေါက်ကွဲအားဖြင့် နောက်ဆုတ်လိုက်သည်။
မိုးခြိမ်းသံလို အုန်း ဆိုသည့် အသံကြီးနှင့်အတူ ကျောက်စိမ်းဆွဲပြားက အစအနပင် မကျန်အောင် ကြေမွသွားပြီး လုံးဝပျောက်ကွယ်သွားတော့သည်။
လင်းရှင်းရုန်၏ ကျင့်ကြံမှုအဆင့်က နည်းနည်းနိမ့်ကာ ကျင်းချောင်ဟိုင် ဒဏ်ရာရနေသော်လည်း သူ၏တိုက်ခိုက်မှုကတော့ အားကောင်းနေဆဲပင်။
ကျင်းချောင်ဟိုင်၏ အားကုန်ထုတ်တိုက်ခိုက်မှုကို ရင်ဆိုင်ရပြီး ရှောင်တိမ်း၍ မရတော့သောအခါ လင်းရှင်းရုန်သည် တိုက်ခိုက်မှု၏ လှိုင်းပုတ်ဒဏ်ကို ခံလိုက်ရပြီး ကိုက်ဒါဇင်များစွာ နောက်သို့ လွင့်စဉ်သွားကာ သစ်ပင်ကြီးအချို့ကို ဖြတ်ကျော်ပြီးမှ ရပ်တန့်နိုင်ပြီး ပြန်ထရပ်နိုင်ခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သွေးလတ်လတ်ဆတ်ဆတ်များ အန်ထွက်လာတော့သည်။
လင်းရှင်းရုန် နောက်ဆုတ်သွားသည်နှင့် လမ်းကြောင်းပွင့်သွားသည်ကို မြင်သောအခါ ကျင်းချောင်ဟိုင် ပျော်ရွှင်သွားပြီး ချက်ချင်း ဖြတ်ပြေးရန် ကြိုးစားလိုက်သည်။
သူ လင်းရှင်းရုန်ကို ကျော်ဖြတ်သွားသောအခါ လင်းရှီလု ရောက်လာပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်တော့သည်။
လင်းရှင်းရုန်သည် သူ၏ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ပြန်ထရပ်လိုက်ပြီး လင်းရှီလုနှင့်အတူ ကျင်းချောင်ဟိုင်ကို ထပ်မံဝိုင်းရံလိုက်သည်။
ခေါင်းချင်းဆိုင် အမူအရာပေးပြီးသည်နှင့် နှစ်ဦးသား စကားမပြောဘဲ နားလည်မှုဖြင့် ချက်ချင်း တိုက်ခိုက်တော့သည်။ ခဏတာအတွင်းမှာပင် သုံးယောက်သား တိုက်ပွဲဝင်နေကြ၏။
တစ်ဦးတည်းဆိုလျှင် ကျင်းချောင်ဟိုင်သည် လင်းရှီလုကို မယှဉ်နိုင်ပေ။ ယခု အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူဖြစ်သည့် လင်းရှင်းရုန်ပါ ပါလာသောအခါ သူက ကာကွယ်ရုံသာ လုပ်နိုင်တော့ပြီး ပြန်လည်တိုက်ခိုက်ရန် မတတ်နိုင်တော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ကျင်းချောင်ဟိုင်၏ အခြေအနေက ပိုမိုဆိုးရွားလာသည်။ သူ၏ဒဏ်ရာများကလည်း ပိုဆိုးလာပြီး အခြေအနေက လုံးဝမျှော်လင့်ချက်မဲ့နေ၏။
အားကုန်ထုတ် တိုက်ခိုက်ပြီးနောက် လင်းရှီလု၏ အသံ ပေါ်ထွက်လာတော့သည်။
"ရှင်းရုံ ငါတို့ ဒါကို အမြန်ဆုံး အဆုံးသတ်ရမယ်။ ထျန်းမင်က တိုက်နေတုန်းပဲ။ ကြာကြာဆွဲလေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်လေပဲ"
"ဟုတ်ပြီ အဆုံးအဖြတ်ပေးမယ့် တိုက်ခိုက်မှုအတွက် အင်အားစုပေါင်းပြီး သူ့ကို အပြီးသတ်လိုက်ရအောင်"
ထိုသို့ပြောပြီးသည်နှင့် လင်းရှင်းရုန်သည် အဆောင်စာရွက် ဆယ်ရွက်ကျော်ကို ပစ်ထုတ်လိုက်ပြီး အပေါ်မှနေ၍ ကျင်းချောင်ဟိုင်ကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လင်းရှီလုက အဇူရာအပြာရောင်ဓားကြီး ကို ဝှေ့ယမ်းပြီး ကျင်းချောင်ဟိုင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။
အဆောင်စာရွက်များကို ကိုင်တွယ်နေရသည့် ကျင်းချောင်ဟိုင်က ထိတ်လန့်တကြားနှင့် ရှုပ်ထွေးနေတော့သည်။ သူ၏ရှေ့မှ ဒိုင်းကာသေးသေးလေးကို အားကုန်သုံး၍ ဤသေစေနိုင်သည့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် မျှော်လင့်နေသည်။
"ဘုန်း..."
ချက်ချင်းဆိုသလို ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဓားမိုးရေများနှင့်အတူ ပါလာသည်။
ဒိုင်းကာသေးသေးလေးသည် လင်းရှီလု၏ မှော်ပစ္စည်းကြောင့် ထိုးဖောက်ခံရပြီး အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ ထို့နောက် အပြာရောင်ဓားကြီးဖြင့် သူ၏ရင်ဘတ်ဆီသို့ တိုက်ရိုက်ရိုက်ချလိုက်တော့သည်။
ကျင်းချောင်ဟိုင်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ ကောင်းကင်ကို ပျံတက်သွားပြီး ကွေးကွေးလေးဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ထိုအချိန်ရောက်သောအခါ ကျင်းချောင်ဟိုင်၏ ခန္ဓာကိုယ်သည် မှတ်မိနိုင်စရာမရှိအောင် ဖြစ်နေပြီ ဖြစ်သည်။ သူ၏ရင်ဘတ်တစ်ဝက်က ပျက်စီးနေပြီး အသက်ဓာတ်မရှိတော့ပေ။
လင်းရှီလုက အလျင်အမြန် ပြေးလာပြီး စိတ်မချသေးသည့်ပုံဖြင့် ဓားချက်တစ်ချက်တည်းဖြင့် ကျင်းချောင်ဟိုင်၏ ခေါင်းကို ဖြတ်ပစ်လိုက်တော့သည်။
ကျင်းချောင်ဟိုင်၏ ခန္ဓာကိုယ်နှင့် ခေါင်း ခွဲသွားသောအခါ လင်းရှီလုက သူ၏ သိုလှောင်အိတ်ကို သိမ်းယူပြီး သု၏အလောင်းကို မီးရှို့ပစ်ရန် မီးလုံးပညာကို သုံးလိုက်သည်။ ထို့နောက် မြေပြင်ပေါ်မှ တိုက်ပွဲ၏ ခြေရာလက်ရာမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။
အရာအားလုံးကို ရှင်းလင်းပြီးနောက် သူသည် လင်းရှင်းရုန်ကို ခေါ်ပြီး ကျင်းမိသားစုပိုင်နယ်မြေ၏ အတွင်းပိုင်းဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်သည်။