အတွင်းကမ္ဘာကို ဖိနှိပ်လိုက်ရခြင်း....
Vol. 20 Ch. 301
ချီခွန်ပင်မကြယ် ရှစ်စန်းတောင်ထိပ်ရှိ ခန်းမထဲတွင် လင်းယွမ်က မျက်လုံးများ ဖွင့်လာသည်။
" နှစ်ပေါင်းခြောက်ရာက....မျက်စိတစ်မှိတ်အတွင်းပါပဲလား...." လင်းယွမ်၏ စိတ်ထဲတွင် ထျန်းချင်းကမ္ဘာမှ အဖြစ်အပျက်များက လင်းလက်သွားပြီး ပြန်လည်တည်ငြိမ်သွားသည်။
နှစ်သိန်းချီ အသက်ရှင်နေသော ချီခွန်ကြယ်သခင်လိုလူအတွက် နှစ်ခြောက်ရာက ခနသာဖြစ်သည်။ သူ၏ စီနီယာအကိုသုံးယောက်အတွက်ပင် ခနကျင့်ကြံခြင်း သို့မဟုတ် နည်းစနစ်တစ်ခု လေ့ကျင့်သော အချိန်လောက်သာ ကြာပေလိမ့်မည်။ သို့သော် လင်းယွမ်အတွက်မူ ရှည်ကြာသော ကာလတစ်ခုဖြစ်သည်။
" ဟူး..." လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။
" ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ " လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေသည်။
ပင်မလေဟာနယ်ပုံစံ တစ်ထောင်ကျော်ကို နားလည်ပြီးသောအခါ လင်းယွမ်က နေရာတိုင်းတွင် လေဟာနယ်စွမ်းအားအတက်အကျကြောင့် ဖြစ်ပေါ်သော လှိုင်းများကို မြင်နေရလေသည်။
ထျန်းချင်းကမ္ဘာက ရေကန်ငယ်တစ်ခုကဲ့သို့ ဖြစ်ပြီး လင်းယွမ်က လှိုင်းများ၏ အဆုံးသတ်ကို မြင်နိုင်ပြီး အားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။
သို့သော် မူလကမ္ဘာ၏ ကြယ်စကြာဝဠာက ကျယ်ပြောသော သမုဒ္ဒရာတစ်ခုနှင့် တူပြီး လေဟာနယ်လှိုင်းတစ်ခုက အလွန်ဝေးကွာသော နေရာထိ ပျံ့နှံ့သွားပြီး လင်းယွမ်ပင် လှိုင်းဂယက်၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ မြင်နိုင်လေသည်။
" ကမ္ဘာတွေ အရွယ်အစားမတူတာက အမြင်နဲ့ ခံစားချက်တွေပါ မတူတော့ဘူး။ " လင်းယွမ်က အတွေးနက်နေသည်။
မူလကမ္ဘာသို့ ပြန်ရောက်လာသောအခါ ယခင် ပင်မလေဟာနယ်ပုံစံများကို လေ့လာခြင်းမှ ကြုံတွေ့ခဲ့ရသော အတားအဆီးများက အားလုံးမဟုတ်သော်လည်း အများစုက ပျောက်ကွယ်သွားခဲ့သည်။
" အခု အဲ့ဒါတွေ စိုးရိမ်စရာမလိုသေးဘူး။ ထျန်းချင်းကမ္ဘာနဲ့ အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးနဲ့ ဆက်သွယ်မှုကို စစ်ဆေးကြည့်ရအောင်..."
လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားပြီး ခမ်းနားထည်ဝါသော ဂိတ်တံခါးကြီးကို ကြည့်လိုက်သည်။
ထျန်းချင်းကမ္ဘာရှိ နောက်ဆုံးနှစ်နှစ်ရာတွင် လင်းယွမ်က ကျန်သည့်အရာများကို စွန့်လွှတ်ပြီး ကမ္ဘာစိတ်အသိကို အစားထိုးနိုင်သော နည်းစနစ်တစ်ခု ဖန်တီးရန် အာရုံစိုက်ခဲ့သည်။ ထိုလုပ်ရပ်မှာ ထျန်းချင်းကမ္ဘာကို ထိန်းချုပ်လိုသောကြောင့် မဟုတ်ပေ။
ထျန်းချင်းကမ္ဘာကို ထိန်းချုပ်လိုလျှင် လင်းယွမ်က ထိုမျှ အားထုတ်နေရန် မလိုအပ်ပေ။ ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ခွန်အားဖြင့်ပင် သူ၏ အမိန့်ကို မနာခံရဲသူ ရှိမည်မဟုတ်ပေ။
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အောက်ပိုင်းကို သေချာလေ့လာနေသည်။ ထိုနေရာတွင် ကမ္ဘာခြောက်ခု၏ ဆုံမှတ်များအပြင် ခုနှစ်ခုမြောက် ကမ္ဘာဆုံမှတ်အမှတ်အသားကလည်း ဖြစ်ပေါ်နေပြီး ၎င်းက ထျန်းချင်းကမ္ဘာ၏ ဆုံမှတ်များပင် ဖြစ်သည်။
လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ ဆုံမှတ်များကို ကြည့်နေပြီး အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဆင်းလာသည်။
" မျှော်လင့်ထားသလိုပဲ အခု ထျန်းချင်းကမ္ဘာကို ဆင်းသက်ဖို့က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ရဲ့ သုံးပုံတစ်ပုံပဲ ကုန်တော့တယ်။ " လင်းယွမ်က စိတ်ထဲမှ ကျေနပ်သွားသည်။
ကမ္ဘာတစ်ခုကို ဆုံမှတ်များအသုံးပြုပြီး ဆင်းသက်ခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကုန်လေသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ သုံးပုံတစ်ပုံကို စုဆောင်းဖို့ ရက်ကိုးဆယ်ပဲကြာလိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်၏။
" ပြီးတော့ ငါက အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးပေါ်က ကမ္ဘာဆုံမှတ်တွေကို ဖြတ်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ဆီက သတင်းတွေကို ရရှိနိုင်တယ်။ " လင်းယွမ်က ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
ယခု ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာ၏ စိတ်အသိ ကောင်းကင်တာအို ဖြစ်လာခဲ့သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်အတွက် ကိုယ်ပွားတစ်ခုကဲ့သို့ဖြစ်ပြီး စိတ်အသိကို မျှဝေထားကြသည်။
သို့သော် မူလကမ္ဘာနှင့် ထျန်းချင်းကမ္ဘာတို့က အဆုံးမရှိသော ဟင်းလင်းပြင်က ပိုင်းခြားထားပြီး တူညီသော အဆင့်မရှိသကဲ့သို့ အချိန်စီးဆင်းမှုလည်း မတူညီကြပေ။ ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် လင်းယွမ်တို့ကြားမှ ဆက်နွယ်မှုက ပြတ်တောက်သွားခဲ့သည်။ သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် သူတို့က အားနည်းသော ချိတ်ဆက်မှုတစ်ခု ရှိနေသည်။
" ဂိတ်တံခါးက ဒီလိုသုံးလို့ရလိမ့်မယ်လို့ မမျှော်ထားဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။
ထိုဆက်သွယ်မှုမှတစ်ဆင့် သူက ထျန်းချင်းကမ္ဘာ၏ အခြေအနေကို သိနိုင်ပြီး သူဆင်းသက်မည့်အချိန်ကိုလည်း အတိအကျ ဆုံးဖြတ်နိုင်လေသည်။ ထျန်းချင်းကမ္ဘာသို့ ဆင်းသက်ရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက သုံးပုံတစ်ပုံ မပြောနှင့် ဆယ်ပုံတစ်ပုံ ဖြစ်လျှင်တောင် ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ပေ။
ထျန်းချင်းကမ္ဘာနှင့် ဆက်သွယ်မှုကို အတည်ပြုပြီးနောက် လင်းယွမ်က သူ့ကိုသူ အာရုံစိုက်လိုက်သည်။
" ငါ့ရဲ့ အတွင်းကမ္ဘာကို ကြည့်ရအောင်..." လင်းယွမ်၏ စိတ်အသိက သူ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
လင်းယွမ်က ခြောက်ကြိမ်မြောက် ဆင်းသက်ခြင်းမပြုမီ သူ၏ အတွင်းကမ္ဘာက ပတ်လည်ဆယ်မိုင်သာ ရှိလေသည်။ ယခု သူ၏ စိတ်အသိ ဆင်းသက်လာချိန်တွင် လေဟာနယ်နိယာမများက ပေါင်းစပ်သွားပြီး အတွင်းကမ္ဘာက ကြီးမားစွာ ပြောင်းလဲသွားသည်။ ကမ္ဘာ၏ အစွန်တွင် လေဟာနယ်စွမ်းအားများ ပေါင်းစည်းသွားပြီး ကမ္ဘာက လျင်မြန်စွာ ကျယ်ပြန့်လာသည်။
လင်းယွမ်က နောက်တစ်ကြိမ် ရူးသွပ်စွာ ဆာလောင်လာပြန်သည်။ သတ္တမအလွှာသို့ တက်လှမ်းပြီး အတွင်းကမ္ဘာကို ဖန်တီးချိန်တွင် လင်းယွမ်က ထိုခံစားချက်ကို ခံစားခဲ့ရသည်။ ထိုအချိန်တွင် သူက အနီရောင်စိတ်ဝိညာဉ်အရည်ကို ပြင်ဆင်ထားသောကြောင့် အတွင်းကမ္ဘာ ဖန်တီးခြင်းက ချောမွေ့သွားခဲ့သည်။
" နေဦး ခနစောင့်ဦး..."
လင်းယွမ်က အတွင်းကမ္ဘာ၏ ကျယ်ပြန့်မှုကို ဖိနှိပ်လိုက်သည်။ လက်ရှိ လေဟာနယ်နိယာမအပေါ် နားလည်မှုဖြင့် သူ၏ အတွင်းကမ္ဘာက မိုင်တစ်သောင်းအထိ ကျယ်ဝန်းသွားနိုင်လေသည်။ ဆယ်မိုင်မှ မိုင်တစ်သောင်းထိ မြင့်တက်လာခြင်းက မရိုးရှင်းပေ။ စွမ်းအားလိုအပ်ချက်က ကြောက်စရာကောင်း၏။ လင်းယွမ်က ၎င်းကို မထိန်းချုပ်နိုင်လျှင် သူ၏ ခန္ဓာကိုယ်က ခြောက်သွေ့သွားနိုင်လေသည်။
" အတွင်းကမ္ဘာရဲ့ ကျယ်ပြန့်မှုကို ဖိနှိပ်လိုက်တဲ့ ငါ့ရဲ့ လုပ်ရပ်က လူသားမျိုးနွယ်ရဲ့ သမိုင်းမှာတောင် တော်တော်ရှားလိမ့်မယ်။ " လင်းယွမ်က သူ၏ ခေါင်းကိုခါလိုက်သည်။
ပုံမှန်အားဖြင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာချဲ့ထွင်မှုက လေဟာနယ်နိယာမအပေါ် နားလည်မှုကို အခြေခံပြီး တဖြည်းဖြည်း ကျယ်ပြန့်သွားခြင်းဖြစ်သည်။ လေဟာနယ်နိယာအပေါ် နားလည်မှုက အချိန်တိုအတွင်း ရုတ်တရက် ခုန်တက်သွားခြင်းမဟုတ်ဘဲ တဖြည်းဖြည်း တိုးတက်လာမည်သာ ဖြစ်သည်။ ပြင်ပစွမ်းအားများကို စုပ်ယူခြင်းဖြင့်လည်း အတွင်းကမ္ဘာကို ချဲ့ထွင်နိုင်လေသည်။
သို့သော် လင်းယွမ်က ခနအတွင်း ပင်မလေဟာနယ်ပုံစံ တစ်ထောင်ကျော်ကို နားလည်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ပြောပြလျှင် ဘယ်သူမှယုံကြည်ကြမည်မဟုတ်ပေ။
" အနီရောင်စိတ်ဝိညာဉ်အရည်ကို လျှောက်ထားရမယ်။ " လင်းယွမ်က VRကွန်ရက်နှင့် ချိတ်ဆက်ပြီး အနီရောင်စိတ်ဝိညာဉ်အရည် များစွာကို မှာယူလိုက်သည်။
" ရက်နည်းနည်းတော့ စောင့်ရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်ကို သာမန်ခွဲတမ်းသာ တောင်းခဲ့လျှင် နာရီပိုင်းအတွင်းပို့နိုင်သော်လည်း လင်းယွမ်တောင်းဆိုသော ပမာဏက များလွန်းသောကြောင့် ရက်အနည်းငယ် စောင့်ရခြင်းဖြစ်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သတ္တမအလွှာကဏ္ဍ...." လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်ကို စောင့်ဆိုင်းနေစဉ် သတ္တမအလွှာကဏ္ဍကို စစ်ဆေးလိုက်သည်။
ရာစုနှစ်အချို့ အဆက်မပြတ် ပြင်ဆင်ပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖး သတ္တမအလွှာကို ဖွဲ့စည်းနိုင်ခဲ့သည်။ လင်းယွမ် လုပ်ရမည့်အရာမှာ လူသားမျိုးနွယ် ဆင့်ကဲ့ပြောင်းလဲသူများ၏ ခန္ဓာကိုယ်များကို အခြေခံပြီး အနည်းငယ် ပြောင်းလဲရန်သာ ရှိလေသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က သတ္တမအလွှာကဏ္ဍကို တင်ပြလိုက်သည်။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် သင်ပို့ပေးသော သတ္တမအလွှာကဏ္ဍအား အကဲဖြတ်နေပါပြီ။ ကျေးဇူးပြု၍ စောင့်ဆိုင်းပေးပါ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
ချီခွန်ကြယ်မှ အလွန်ဝေးကွာသော ဆန်းကျယ်သည့်နေရာတစ်ခုတွင် ကြီးမားသော မျက်နှာပြင်များက လင်းလက်နေပြီး သိုင်းတာအို သတ္တမအလွှာ၏ အချက်အလက်များနှင့် အလားအလာကို စစ်ဆေးနေသည်။
" သတ္တမအလွှာကဏ္ဍက လမ်းစဉ်မျိုးစုံပါဝင်ပြီး နောက်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာတာကို တွေ့ရှိရပါတယ်။ လမ်းစဉ်အနည်းငယ်မှာ အတွင်းကမ္ဘာကို ဖွင့်လှစ်နိုင်တဲ့ အလားအလာရှိပါတယ်။ သတ္တမအလွှာကဏ္ဍက အမျိုးမျိုးသော ပြင်းထန်တဲ့ ပတ်ဝန်းကျင်တွေမှာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်းကို သိသိသာသာ တိုးတက်စေကြောင့် တွေ့ရှိရပါတယ်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်အကဲဖြတ်ခြင်း စတင်ပါပြီ။ "
" အကဲဖြတ်မှုအရ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာကို ရောက်နိုင်ချေ ၇၀ ရာခိုင်နှုန်းရှိပြီး နဝမအလွှာသို့ ရောက်နိုင်ချေ ၃၀ ရာခိုင်နှုန်းရှိပါတယ်။ "
" လူသားမျိုးနွယ်ရဲ့ စည်းမျဉ်းတွေအရ လွတ်လပ်ခြင်းနတ်ဘုရားနဲ့ တရားမျှတမှုနတ်ဘုရားတို့ကို ဆက်သွယ်နေပါပြီ။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ သတ္တမအလွှာကဏ္ဍက ကောင်းမှုအမှတ် သုံးသန်းတန်ဖိုးရှိပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူအတွက် အကာအကွယ်များ တိုးမြှင့်ပေးလိုက်ပါတယ်။ "
လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားထံမှ အကဲဖြတ်မှုကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
" တော်တော်ကြာတာပဲ။ " လင်းယွမ် အနည်းငယ် အံ့ဩသွား၏။ ယခင် သူကြုံတွေ့ခဲ့ရသော အကြာဆုံးအချိန်က ယင်ယန် ထိုက်ကျိ၏ ကန့်သတ်ချက်မှာ လွတ်မြောက်အောင် ပြောင်းလဲပစ်သော အချိန်ဖြစ်လေသည်။ သို့သော် ယခုတစ်ကြိမ်က ထိုအချိန်ထက် ကျော်လွန်သွားခဲ့သည်။
" ဘာမှမဖြစ်ဘူး။ စောင့်ရတာကြာလေ တန်ဖိုးကြီးလေပဲ။ " လင်းယွမ်အတွက် အပေါဆုံးက အချိန်ဖြစ်လေသည်။
" ငါ့ရဲ့ လက်ရှိနယ်ပယ်နဲ့ ခွန်အားတွေ ပြန်ရရင် ငါက သတ္တမအလွှာ ဘုရင်အဆင့် အထွတ်အထိပ်မှာ ရှိနေလိမ့်မယ်။ ဒါဆို ငါ့ပန်းတိုင်က အဋ္ဌမအလွှာကို ဖြတ်ကျော်ဖို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။