အဆင့်ခုနှစ်နိုင်ငံသား....
Vol. 20 Ch. 305
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးအကူအညီဖြင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရန် စဉ်းစားထားသော်လည်း ထိုနည်းလမ်းက မလုံခြုံပေ။ ၎င်းကို အသုံးပြုခဲ့လျှင် လင်းယွမ်က ကြိုးစားရန် လုံလောက်သော ယုံကြည်မှုရှိသည်အထိ စောင့်ရပေလိမ့်မည်။
ကြိုတင်ပြင်ဆင်မှုမရှိဘဲ ကြိုးစားပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးက စိတ်နှလုံးနတ်ဆိုးကို ခွဲထုတ်နိုင်ခြင်းမရှိခဲ့လျှင် သေခြင်းတရားကို ရှာဖွေခြင်းသာ ဖြစ်ပေလိမ့်မည်။
စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ခြင်းက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများအတွက် အရေးအကြီးဆုံးဖြစ်သည်။ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ကျရှုံးသည်နှင့် ပြန်လည်ရှင်သန်နိုင်စွမ်းမရှိဘဲ အစစ်အမှန် သေဆုံးခြင်းဖြစ်လေသည်။
ကြီးမြတ်သူတစ်ယောက်က ဝင်ရောက်စွက်ဖက်ပြီး အတင်းအကြပ် ကယ်တင်ခဲ့လျှင်တောင် စိတ်နှလုံးနတ်ဆိုးကို နှိမ်နှင်းနိုင်ခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပေလိမ့်မည်။
" အချိန်ကျပြီ။ ဆရာကို သွားတွေ့ရမယ်။ "
လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် နားလည်မှုအရ ချီခွန်ကြယ်သခင်က သူ၏ အတွင်းကမ္ဘာ ချဲ့ထွင်မှုကို ဖုံးကွယ်ရန် ထိုနေရာကို ပြင်ပနှင့် ခွဲခြားထားသည်ကို သတိပြုမိလေသည်။
လင်းယွမ်က ချီခွန်ကြယ်သခင်ကို အကူအညီတောင်းရသည့်အကြောင်းရင်းမှာ သတ္တမအလွှာနှင့် အတွင်းကမ္ဘာကို ဖွင့်လှစ်ခြင်းက စွမ်းအားကြီးသူများအတွက် သာမန်သာဖြစ်သော်လည်း လင်းယွမ်၏ အတွင်းကမ္ဘာချဲ့ထွင်ခြင်းက ကြောက်စရာကောင်းလွန်သောကြောင့် ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်လေသည်။
အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းကပင် သာမန်အဆင့်တက်ခြင်းသာဖြစ်သော်လည်း သတ္တမအလွှာနှင့် မိုင်ပေါင်းတစ်သိန်းကျော်သော အတွင်းကမ္ဘာကို ဖန်တီးနိုင်ခြင်းက မျိုးနွယ်ခြားများကို သတိပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
အပြင်သို့ ထွက်လိုက်ချိန်တွင် လင်းယွမ်က ချီခွန်ကြယ်သခင်ကို တွေ့လိုက်ရသည်။
" အားလုံး အဆင်ပြေရဲ့လား။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
" အကုန် အဆင်ပြေပါတယ် ဆရာ..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" တပည့်လေး မင်းက ငါ့ကို တကယ် အံ့ဩစေတာပဲ။ " ချီခွန်ကြယ်သခင်က သူ၏ ခေါင်းကို ခါလိုက်ပြီး သူ၏ အသံက ခံစားချက်များ ပြည့်နှက်နေသည်။
" မင်း ပင်မလေဟာနယ်ပုံစံတွေကို နားလည်တာက ဘယ်အဆင့်ရောက်သွားပြီလဲ။ " ချီခွန်ကြယ်သခင်က ဆက်မေးလိုက်သည်။
" ပင်မလေဟာနယ်ပုံစံတွေ..." လင်းယွမ်က ချီခွန်ကြယ်သခင်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသောကြောင့် အမှန်တိုင်း ပြောလိုက်သည်။ " သိပ်မများပါဘူး ၁၂၀၀တည်းပါ..."
အမှန်တွင် လင်းယွမ်က ထျင်းချင်းကမ္ဘာတွင် နောက်ဆုံး နှစ်နှစ်ရာကို လေဟာနယ်နိယာမအပေါ် လေ့လာခြင်းအား မရပ်တန့်ခဲ့လျှင် သူနားလည်နိုင်သော ပင်မလေဟာနယ်ပုံစံက ၁၅၀၀ ကျော်ပေလိမ့်မည်။
" ၁၂၀၀.... သိပ်မများဘူး..." ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်သည်။
" ဆရာ ကျွန်တော် လေဟာနယ်နိယာမအပေါ် နားလည်မှုက နောက်ပိုင်း ပိုနှေးလာပြီး ပိတ်ဆို့မှုတွေ မကြာခဏ ကြုံတွေ့ရတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အဲ့ဒါက ပုံမှန်ပါပဲ။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။ " မင်းရဲ့ အသက်အရွယ်နဲ့ ပင်မလေဟာနယ်ပုံစံ ၁၂၀၀ကို နားလည်နိုင်တာ အရမ်းရှားတယ်။ "
ချီခွန်ကြယ်သခင်က ညင်သာစွာ ပြောလိုက်သည်။ " နတ်ဘုရားသုံးပါးသာ အတည်ပြုထားတာမဟုတ်ရင် ငါမင်းကို မျိုးနွယ်ခြားသန်မာသူတစ်ယောက် ခန္ဓာသိမ်းပိုက်ထားတယ်လို့ ထင်မိမှာပဲ။ "
လင်းယွမ်က ပြုံးလိုက်သည်။ " ခန္ဓာသိမ်းပိုက်တယ်။ "
အမှန်တွင် ချီခွန်ကြယ်သခင်က ကြယ်ပင်လယ်ခွန်၏ ခန္ဓာကို သိမ်းပိုက်ခဲ့သကဲ့သို့ မျိုးနွယ်ခြားသန်မာသူများကလည်း လူသားဆင့်ကဲပြောင်းလဲသူများ၏ ခန္ဓာကို သိမ်းပိုက်နိုင်ကြလေသည်။
သို့သော် လင်းယွမ်က နတ်ဘုရားသုံးပါး၏ အတည်ပြုချက်ကို ရရှိထားသောကြောင့် သံသယဝင်စရာ မလိုပေ။
" မင်းရဲ့ နားလည်နိုင်စွမ်းက အစွမ်းထက်လွန်းတယ်။ " ချီခွန်ကြယ်သခင်က မှတ်ချက်ပေးလိုက်သည်။ သူက အခြားသူများကို ချီးကျူးသည်မှာ ရှားလေသည်။
" ကျွန်တော်ကံကောင်းလို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။
" ကံကောင်းမှုက မင်းဘက်မှာ အမြဲတမ်းရှိနေနိုင်မှာလား။ " ချီခွန်ကြယ်သခင်က သူ၏ ခေါင်းကို ခါလိုက်သည်။
" ဒါပေမယ့် အခု မင်းက အတွင်းကမ္ဘာကို ဖွင့်ပြီးပြီဆိုတော့ နောက်အာရုံစိုက်ရမှာက မင်းရဲ့ စိတ်စွမ်းအားပဲ။ " ချီခွန်ကြယ်သခင်က အနည်းငယ် လေးနက်စွာ ပြောလိုက်သည်။
လင်းယွမ်ကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကလည်း စိတ်စွမ်းအားကို ထိခိုက်နိုင်ချေ ပိုများလေသည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေသောကြောင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးအကြောင်း စဉ်းစားမိမည်မှာ အမှန်ပင်ဖြစ်သည်။
သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းရာတွင် အတွင်းကမ္ဘာဖန်တီးခြင်းက အခက်ခဲဆုံးအပိုင်းဖြစ်ပြီး စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို သာမန်ဆင့်ကဲပြောင်းလဲသူများပင် ကျော်ဖြတ်နိုင်ကြလေသည်။ သို့သော် အတွေးတစ်ချက်က ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်လေသည်။
ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းအတွင်း မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်များက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကြောင့် ကျဆုံးခဲ့ကြသည်။
" ကျွန်တော်သိပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်၏။ သူက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဘယ်တော့မှ လျှော့မတွက်ခဲ့ပေ။
" စိတ်စွမ်းအားကို တိုင်းတာဖို့ ခက်ခဲပေမယ့် ငါတို့လူသားမျိုးနွယ်မှာ အဲ့ဒါကို ခန့်မှန်းနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ ပြီးမှ ငါမင်းဆီပို့ပေးလိုက်မယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
ထိုနည်းလမ်းများကို မျိုးနွယ်ခြားများက အသုံးချနိုင်သောကြောင့် လူသားမျိုးနွယ်မဟာမိတ်အတွင်းပင် ထိပ်တန်းလျို့ဝှက်ချက်ဖြစ်လေသည်။ ထို့ကြောင့် ချီခွန်ကြယ်သခင်ကဲ့သို့ ကြယ်သခင်များသာ သိနိုင်လေသည်။
ချီခွန်ကြယ်သခင်နှင့် စကားပြောပြီးနောက် လင်းယွမ်က ခန်းမထဲသို့ ပြန်လာခဲ့သည်။
" အတွင်းကမ္ဘာ..." လင်းယွမ်က မိုင်၁၂၀၀၀၀ကျယ်ဝန်းသော အတွင်းကမ္ဘာက ပြင်းထန်သော ကမ္ဘာစွမ်းအားများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
" ဟမ် တစ်ယောက်ယောက် ငါ့ကို ရှာနေတာလား။ "
" ရှီဖုန်းလား။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
ခနကြာသောအခါ လင်းယွမ်က ရှီဖုန်းကို တွေ့လိုက်သည်။
"ဟားဟား ညီလေးရှစ်စန်း ကြယ်မဟာမိတ်ညီလာခံက နီးလာပြီ။ တက်ရောက်ဖို့ မမေ့နဲ့နော်။ " ရှီဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" အင်း " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူက ဝမ်ယွဲ့ကြယ်နယ်မြေမှ အကျိုးအမြတ်များကို ရယူထားသောကြောင့် သဘာဝအတိုင်း မေ့ထားမည်မဟုတ်ပေ။
ရွှေနဂါးကြယ်နယ်မြေမှ ကျင်းထျန်းကျိုး၏ ခြိမ်းခြောက်မှုကို လင်းယွမ်က စိတ်မဝင်စားပေ။ ကျင်းထျန်းကျိုးမပြောနှင့် ရွှေနဂါးကြယ်သခင်ပင် အဆင့်ခြောက်နိုင်ငံသားကို ဆန့်ကျင်ရဲမည်မဟုတ်ပေ။
လင်းယွမ်က ရှီဖုန်းနှင့် စကားခနပြောပြီး VR ကမ္ဘာမှ ထွက်ခွာသွားသည်။
" ဒါနဲ့ ငါ အခု အဆင့်ခုနှစ်နိုင်ငံသားအဖြစ် မြှင့်တင်ဖို့ ကောင်းမှုအမှတ်တွေ လုံလောက်နေပြီပဲ။ " လင်းယွမ်က တွေးမိသွားသည်။
အဆင့်ခြောက်မှ အဆင့်ခုနှစ်နိုင်ငံသားအဖြစ် မြှင့်တင်ရန် ကောင်းမှုအမှတ် နှစ်သန်းလိုအပ်လေသည်။ လင်းယွမ်က ထိုပမာဏက များသောကြောင့် ဆင်းသက်ခြင်း အနည်းငယ် ပြုလုပ်ပြီးမှ လုံလောက်မည်ဟု ထင်ခဲ့သော်လည်း သတ္တမအလွှာကဏ္ဍက ကောင်းမှုအမှတ် သုံးသန်းရရှိခဲ့လေသည်။
" အဆင့်မြှင့်မယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ကောင်းမှုအမှတ် သုံးသန်းက နှစ်သန်းလျှော့သွားသည်။
တစ်ချိန်တည်းတွင် လင်းယွမ်က အဆင့်ခြောက်နိုင်ငံသားမှ အဆင့်ခုနှစ်နိုင်ငံသား ဖြစ်သွားခဲ့သည်။
" အဆင့်ခုနှစ်နိုင်ငံသား..."
လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။ ကောင်းမှုအမှတ်များက အလွယ်တကူ မစုဆောင်းနိုင်သောကြောင့် အဆင့်ခုနှစ်နိုင်ငံသားကို သာမန်အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ မရောက်နိုင်ကြပေ။
လင်းယွမ်က တွေးနေချိန်တွင် အလယ်ပိုင်းကြယ်နယ်မြေမှ အဆင့်ခုနှစ်နိုင်ငံသား၏ အခွင့်အရေးများနှင့်ပက်သက်သော အီးမေးလ်များ ရောက်လာခဲ့သည်။
" ဒီအခွင့်အရေးတွေ..." လင်းယွမ်က အလယ်ပိုင်းကြယ်နယ်မြေမှ ပေးပို့သော အီးမေးလ်များကို စစ်ဆေးလိုက်သည်။
အဆင့်ခြောက်နိုင်ငံသားနှင့် နှိုင်းယှဉ်လျှင် အဆင့်ခုနှစ်နိုင်ငံသားများ၏ ထပ်လောင်းအခွင့်အရေးများက မများသော်လည်း တစ်ခုစီက ထင်ရှားလေသည်။
ပထမဦးစွာ အဆင့်ခုနှစ်နိုင်ငံသားများက အလယ်ပိုင်းကြယ်နယ်မြေမှ ပေးပို့သော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးနှင့် သတ္တမအလွှာ သက်ရှည်ဆေးတို့ကို ရရှိမည်ဖြစ်သည်။
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးနှင့် အတူတူပင်ဖြစ်သည်။ သောက်သုံးပြီးနောက် လူတစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို သတ္တမအလွှာထိ မြှင့်တင်ပေးနိုင်လေသည်။ ၎င်းက သတ္တမအလွှာသို့ ရောက်သွားခြင်းသာ ဖြစ်ပြီး နားလည်ထားသော နိယာမများနှင့် အရည်အချင်းများ မပါဝင်ပေ။
အလယ်ပိုင်းကြယ်နယ်မြေက ထိုသို့ လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ အဆင့်ခုနှစ်နိုင်ငံသားများ၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်များက မြင့်မားခြင်းမရှိဟု ယူဆထားကြသောကြောင့်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းဆေးက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။
နိယာမများကို နားမလည်လျှင်တောင် သတ္တမအလွှာသို့ ရောက်သည်နှင့် သူတို့၏ သက်တမ်းက နှစ်တစ်သိန်းကျော်အထိ ရောက်သွားပေလိမ့်မည်။ ထို့အပြင် သတ္တမအလွှာ သက်ရှည်ဆေးနှင့်ဆိုလျှင် အဆင့်ခုနှစ်နိုင်ငံသားတစ်ဦးက ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည် မည်မျှညံ့ဖျင်းသည်ဖြစ်စေ သူတို့က နှစ် နှစ်သိန်းမှ သုံးသိန်းအထိ ရှင်သန်နိုင်ကြပေလိမ့်မည်။
" သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေး..." လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။
လူတစ်ဦးအား အန္တရာယ်မရှိဘဲ သတ္တမအလွှာသို့ မြှင့်တင်ပေးနိုင်သော ထိုကဲ့သို့ ဆေးကို မရေတွက်နိုင်သော အင်အားကြီး မိသားစုများက လိုချင်ကြလေသည်။ သူတို့အတွက် မဟုတ်ဘဲ သူတို့နှင့် နီးစပ်သော လူများအတွက်သာ ဖြစ်သည်။
ကံမကောင်းစွာပင် လူသားများနွယ်က ဆင့်ကဲပြောင်းလဲခြင်းဆေးကို အရေးပါသော လူများအတွက်သာ ထောက်ပံ့ပေးနိုင်လေသည်။ ခွန်အားကို မြှင့်တင်ပေးနိုင်သော ဆေးများရှိသော်လည်း မတော်တဆမှုများ ဖြစ်ပေါ်လာနိုင်လေသည်။