ခန္ဓာကိုယ်အစိတ်အပိုင်း၏ လျို့ဝှက်ချက်....
Vol. 20 Ch. 313
ကြီးမြတ်သူ၏ ပလ္လင်က တစ်ခုသာရှိလေသည်။ ထိုအချိန်မှာပင် ကျင့်ကြံရန် အလျင်လိုရမည့်အစား သူက ထပ်ကြည့်ချင်သေးတာလား။
ထို့အပြင် ကြီးမြတ်သူဖြစ်လာမည့်အခွင့်အရေးက မျိုးနွယ်ခြားများတွင်လည်း ရှိလေသည်။ အချိန်တိုင်းက တန်ဖိုးကြီးလှသည်။
" ရှစ်စန်းတောင်ထိပ်သခင် မင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို မရွေးချယ်ဘူးဆိုရင် မင်းက စိတ်ဝိညာဉ်ဖိအားရဲ့ ဒဏ်ကို အဆက်မပြတ် ခံနေရလိမ့်မယ်။ ဒီလိုဖိအားအောက်မှ ကျင့်ကြံခြင်းက အများကြီး လျော့ကျသွားလိမ့်မယ်။ မင်း အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။ " ကောင်းဝူဖုန်းက ပြောလိုက်၏။
" ရှစ်စန်းတောင်ထိပ်သခင် နင်က အရင်သတိပေးချက်တွေကြောင့် ကျင့်ကြံရမှာ ကြောက်နေတာလား။ " ဇောင်ချိုးကွမ်းက ပြောလိုက်သည်။
" အခွင့်အရေးကြုံလာတဲ့အခါ အမိအရ ဆုပ်ကိုင်ဖို့ ငါ့ဆရာက ပြောခဲ့တယ်။ အခု ငါတို့သိထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေမှာ ပြဿနာရှိနိုင်ပေမယ့် စိုးရိမ်မှုကြောင့် ကျင့်ကြံတာကို ရပ်တန့်လိုက်မယ်ဆိုရင် လူသားမျိုးနွယ်က အခုအချိန်မှာ မိခင်ကမ္ဘာမှာပဲ ရှိနေလိမ့်မယ်။ "
" ဇောင်ချိုးကွမ်း မင်းပြောတာ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် ငါက နောက်ထပ် ကြည့်ချင်သေးတယ်။ " လင်းယွမ်က အခြားနှစ်ယောက်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ကြီးမြတ်သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်....
၎င်းက လင်းယွမ်ကို ဆွဲဆောင်နိုင်သော်လည်း ထင်သလောက်တော့ မဟုတ်ပေ။ အခြားကြီးမြတ်သူတစ်ယောက်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းထက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြီးမြတ်သူအဆင့်ထိ မြှင့်တင်ရန် ပို၍ လိုလားလေသည်။
ထို့အပြင် ထိုခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ရိုးရှင်းလှပြီး လင်းယွမ်က အားမရပေ။ လင်းယွမ်က သူ၏ စိတ်စွမ်းအားမြှင့်တင်မှုကိုလည်း မရပ်တန့်ချင်ပေ။
သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရွေးချယ်လိုက်သည်နှင့် စိတ်ဝိညာဉ်ဖိအားက လျှော့ကျသွားမည်ဖြစ်သည်။
ယခု လင်းယွမ်၏ ရည်ရွယ်ချက်က အဋ္ဌမအလွှာသို့ မချိုးဖျက်မီ သူ၏ စိတ်စွမ်းအားကို တစ်သောင်းသို့ မြှင့်တင်ရန်ဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စွန့်ပစ်ပြီး အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံရန် လက်ရှိ လင်းယွမ်အတွက် မဖြစ်နိုင်သေးပေ။
" ဒီခန္ဓာကိုယ်အစိတ်အပိုင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ကျင့်ကြံဖို့ မစီစဉ်ထားပေမယ့် အဲ့ဒါတွေကို အပြည့်အဝ နားလည်ပြီး ခွဲခြမ်းစိတ်ဖြာလိုက်ရင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲကို ပေါင်းစည်းလို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ယခု လင်းယွမ်အတွက် အားသာချက်နှစ်ခု ရှိ၏။ တစ်ခုမှာ စိတ်ဝိညာဉ်ဖိအားကို အသုံးပြုပြီး သူ၏ စိတ်စွမ်းအားကို မြှင့်တင်ရန်ဖြစ်သည်။ နောက်တစ်ခုမှာ နိယာမများကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေရန် ဖြစ်သည်။
ထိုခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ချို့ယွင်းချက်ရှိနိုင်သော်လည်း ၎င်းတို့တွင် အားသာချက်များရှိနိုင်လေသည်။ မဟုတ်လျှင် ကောင်းဝူဖုန်းနှင့် ဇောင်ချိုးကွမ်းတို့ကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
ကြီးမြတ်သူအဆင့်နှင့်ပက်သက်၍ လင်းယွမ်က ၎င်းကို လျစ်လျူရှုထားသည်။
မျက်စိတစ်မှိတ်အတွင်း တစ်လကြာသွားခဲ့သည်။
လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနေသည်။ မမြင်နိုင်သော ဖိအားက ကျဆင်းနေသကဲ့သို့ လင်းယွမ်၏ နားထဲတွင် မြည်ဟီးသံများ ထွက်ပေါ်နေပြီး သူ၏ စိတ်ဝိညာဉ်တွင် ပဲ့တင်ထပ်နေသည်။
လင်းယွမ်၏ အမူအရာက လေးနက်နေပြီး သူ၏ စိတ်စွမ်းအားများက ဖိအားကို ခုခံနေသည်။ ဤVR ကမ္ဘာတွင် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ပထမအလွှာတွင်သာ ရှိလေသည်။
" ခုခံဖို့ ပိုခက်လာပြီ။ "
မမြင်နိုင်သော ဖိအားက မရေတွက်နိုင်သော တူများကဲ့သို့ သူ၏ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားကို အဖက်ဖက်မှ ရိုက်ခတ်နေသည်။
သို့သော် လင်းယွမ်က လက်မလျှော့ပေ။ စိတ်စွမ်းအားကို ပစ်မှတ်ထားသော နေရာက အလွန်ရှားပြီး ၎င်းက အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်သော ဖြတ်လမ်းနည်းလည်းဖြစ်သည်။
စိတ်စွမ်းအားကို မြှင့်တင်ခြင်းအပြင် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအား လေ့လာခြင်းကိုလည်း မရပ်တန့်ခဲ့ပေ။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာပြီး သင်ရဲ့ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာပြီး သင်ရဲ့ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာပြီး သင်ရဲ့ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
ထိုခန္ဓာကိုယ်အစိတ်အပိုင်းက မူလကမ္ဘာ၏ အပြင်ဘက်မှ ဖြစ်သောကြောင့် ၎င်း၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက လူသားမျိုးနွယ်နှင့် ကွဲပြားသော အခြေခံသဘောတရာများနှင့် အနှစ်သာရများ ပါဝင်လေသည်။ မူလနိယာမအပေါ် မြင့်သည့် ဦးတည်ချက်များ ကွဲပြားသွားသော်လည်း အနှစ်သာရက အတူတူပင် ဖြစ်သည်။
" ဒါဆို လေဟာနယ်နိယာမကို ဒီလိုလည်း နားလည်လို့ရတာပေါ့။ "
" အသက်နိယာမရဲ့ ရှင်းပြချက်က ဘယ်လောက်အံ့ဩစရာကောင်းလဲ။ "
" ဒြပ်စင်ငါးပါးနိယာမ..."
လင်းယွမ်က အားလုံးကို လေ့လာပြီး အသိအမြင်များကို ခွဲခြမ်းစိတ်ဖြာနေသည်။
အခြားတောင်ထိပ်တစ်ခုပေါ်တွင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနေသည်။
သူ၏ ခန္ဓာကိုယ်မှ အော်ရာက တဖြည်းဖြည်း နက်ရှိုင်းလာပြီး သူသိမြင်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပိုအဆင့်မြင့်သည်အထိ ကျင့်ကြံနေသည်။
" ရှေ့ဆက်မယ့် လမ်းကြောင်းက ပိုပြီးရှင်းလင်းလာတယ်လို့ ငါခံစားမိပေမယ့် ဘာလို့အရမ်းချောမွေ့နေတာလဲ။ " ထိုဆင့်ကဲပြောင်လဲသူက ကြယ်နယ်မြေတစ်ခုမှ ပါရမီရှင်တစ်ယောက်ဖြစ်သကဲ့သို့ အသက်ကိုးဆယ်နှင့် သတ္တမအလွှာသို့ ဝင်ရောက်ခဲ့ပြီး အကန့်အသတ်မရှိသော အနာဂတ်ကို ပိုင်ဆိုင်ထားလေသည်။
ထိုခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ပြီးနောက် သူက စိတ်လှုပ်ရှားစွာ ကျင့်ကြံခဲ့၏။ သူက ပို၍ ကျင့်ကြံလာသည်နှင့် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူ့အတွက် ပြင်ဆင်ထားသကဲ့သို့ ခံစားလာရသည်။
သို့သော် ယခု ထိုဆင့်ကဲပြောင်းလဲသူက ကြောက်စရာကောင်းသော ခံစားချက်တစ်ခုကို ရနေသည်။
" ငါကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြဿနာတစ်ခုတော့ ရှိရမယ်။ အပေါ်ယံမှာ ပြည့်စုံနေပေမယ့် စပြီးကျင့်ကြံလိုက်တာနဲ့ နောက်ပြန်လှည့်လို့မရတော့ဘူး။ " ဆင့်ကဲပြောင်းလဲသူက တွေးလိုက်၏။
" ငါဘာလုပ်သင့်လဲ။ ကျင့်ကြံတာကို ရပ်လိုက်မလား။ " သူက မျက်မှောကြုတ်နေသည်။
" ကိစ္စမရှိဘူး။ ဒါက ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်အရေးပဲ။ ပြဿနာတစ်ခုခုရှိရင်တောင် ငါရအောင် ဖြေရှင်းမယ်။ ငါလုံးဝ လက်မလျှော့နိုင်ဘူး။ " ဆင့်ကဲပြောင်းလဲသူက ဆုံးဖြတ်လိုက်ပြီး ဆက်လက်ကျင့်ကြံနေသည်။
လင်းယွမ်ရှိသော တောင်ထိပ်တွင် ကောင်းဝူဖုန်းက ရုတ်တရက် မျက်လုံးများပွင့်လာပြီး သူ၏ အော်ရာက ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ဆင်တူလာသည်။
" ငါ..." ကောင်းဝူဖုန်းက အစပိုင်းတွင် သူ၏ ကျင့်ကြံခြင်းက ချောမွေ့နေသော်လည်း နောက်ပိုင်းတွင် မတည်မငြိမ်ဖြစ်လာသည်။ မထင်မှတ်စရာပင် သာမန်လူများတွင် ပေါ်လေ့ရှိသော ထိုခံစားချက်က သူ့ဆီတွင် ဖြစ်ပေါ်လာသည်။
" စိတ်နှလုံးနတ်ဆိုး..." ကောင်းဝူဖုန်း၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ပေါ်လာသည်။
သတ္တမအလွှာ ဘုရင်အဆင့် အထွတ်အထိပ်တစ်ယောက်အနေဖြင့် စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းရှိမှ ခုခံနိုင်သော စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို သိထားလေသည်။
ယခု ထိုခန္ဓာကိုယ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တစ်လနှစ်လ ကျင့်ကြံရုံနှင့် စိတ်နှလုံးနတ်ဆိုးက ထွက်ပေါ်လာတာလား။
" မဟုတ်ဘူး။ ငါဆက်ကျင့်ကြံလို့မရတော့ဘူး။ " ကောင်းဝူဖုန်းက တံတွေးများ မြိုချလိုက်သည်။
သူဆက်လက်ကျင့်ကြံလျှင် သူက စိတ်နှလုံးနတ်ဆိုးကပ်ဘေးနှင့် တိုက်ရိုက်ရင်ဆိုင်ရမည်ကို ကြောက်ရွံ့လေသည်။ သူက စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို နောက်ဆုံးတွင် ရင်ဆိုင်ရမည်ဖြစ်သော်ခည်း လက်ရှိ သူ၏ စိတ်စွမ်းအားနှင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ရလျှင် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးလေသည်။
တောင်ထိပ်များ၏ အထက်ကောင်းကင်တွင် ပုံရိပ်အချို့က ဆင့်ကဲပြောင်းလဲသူများစွာကို ကြည့်နေကြသည်။
" တစ်လကျော်သွားပြီ။ အချို့ကတော့ ပြဿနာကို သဘောပေါက်သွားပုံပဲ။ " ကြီးမားသော ပုံရိပ်ကို ထုတ်ဖော်ပြီး ဆင့်ကဲပြောင်းလဲသူများကို သတိပေးခဲ့သူက ပြောလိုက်သည်။
" အဲ့ဒီခန္ဓာကိုယ်အတွင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေမှာ အများစုက မှားနေတယ်။ အားလုံးက သေခြင်းကိုပဲ ဦးတည်သွားတယ်။ " ဒုတိယပုံရိပ်က တည်ငြိမ်စွာ ပြောလိုက်၏။
ကြီးမြတ်သူများက ၎င်းကို အစောကတည်းက ရှာတွေ့ခဲ့ပြီး ဆင့်ကဲပြောင်းလဲသူများကို ပြင်ပတွင် မလေ့ကျင့်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့က သေဆုံးခဲ့လျှင်တောင် VR ခန္ဓာသာ ပျက်ဆီးသွားမည်ဖြစ်ပြီး အစစ်အမှန်ခန္ဓာကိုယ်က ထိခိုက်မှုရှိမည်မဟုတ်ပေ။ အချို့က စိတ်စွမ်းအားကို ပစ်မှတ်ထားသော စိတ်နှလုံးနတ်ဆိုးကပ်ဘေးများ ပေါ်လာတတ်သော်လည်း ၎င်းက ဆင့်ကဲပြောင်းလဲသူများ၏ ရွေးချယ်မှုအပေါ်တွင် မူတည်လေသည်။
အကယ်၍ သူတို့က ဆက်လက်ကျင့်ကြံပြီး စိတ်နှလုံးနတ်ဆိုးထွက်ပေါ်ခဲ့လျှင် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်က သက်ရောက်မှု ရှိမည်ဖြစ်သည်။ သို့သော် ကျော်ဖြတ်နိုင်ခဲ့လျှင် ရှေ့ဆက်သွားနိုင်လေသည်။
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အများစုက မှားနေပေမယ့် ရှင်သန်ခြင်းကို ဦးတည်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေလည်း ရှိတယ်။ သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင် မလုပ်နိုင်ကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ " တတိယလူက ပြောလိုက်သည်။
ထိုဆင့်ကဲပြောင်းလဲသူများ၏ ရှင်သန်မှုကို သေချာစေရန်အတွက် ကြီးမြတ်သူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ပြန်လည်ရှင်သန်ရန် ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့လေသည်။