← Chapters

ကျုပ်တို့နဲ့အတူ လာပူးပေါင်းချင်လို့လား

Vol. 25 Ch. 346

ကျုပ်တို့နဲ့အတူ လာပူးပေါင်းချင်လို့လား

Vol. 25 Ch. 346

...

“ဘာလို့ ပြန်မပြောရတာလဲ”

သန့်စင်ပရောဟိတ်မ၏ ဖိအားပေးသည့် စကားသံသည် တိတ်ဆိပ်နေသော ထိုအခန်းထဲတွင် ပဲ့တင်ထပ်သွားလေသည်။

“သူ ဘယ်မှာလဲလို့ မေးနေတယ်လေ”

ဇီယာဆီမှ မည်သည့် တုံ့ပြန်မှုမှ ပြန်မလာခဲ့ပေ။

ဇီယာသည် သူမအား ဆက်ပြီး လှည့်စား၍ မရနိုင်တော့ချေ။

အာရန်သည် အခန်းထဲတွင် အမှန်တကယ် ရှိမနေသည်မှာ ထင်ရှားနေပြီဖြစ်၏။

သန့်စင်ပရောဟိတ်မသည် သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမ၏အကြည့်သည် စိတ်ပျက်အားငယ်မှုများဖြင့် ဇီယာအပေါ်သို့ ကျရောက်သွားသည်။

သူမသည် ၎င်းတို့အား အရှေ့တိုက်မှ ကိုယ်စားလှယ်များအဖြစ် ကောင်းမွန်စွာ ကြိုဆိုခဲ့ပါလျက် ၎င်းတို့သည် သူမအား ဝါးမြိုသူနှင့်ပူးပေါင်းကာ မကောင်း ကြံစည်ခဲ့ကြသည်တဲ့လား...။

“ဒီလိုဆိုရင်တော့ ထပ်ပြီး ဆွေးနွေးစရာ ဘာမှမရှိတော့ဘူးပေ့ါ”

သန့်စင်ပရောဟိတ်မသည် တစ်ခုခု ဆုံးဖြတ်ထားပြီးသား အမူအရာဖြင့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား ဇီယာကို ဖမ်းဆီးရန် အချက်ပြလိုက်ရင်း သူမ၏ သန့်စင်နယ်မြေအား ဤနေရာတစ်ခုလုံးကို ပိုမိုသက်ရောက်စေလိုက်၏။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူမ၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်ထားပြီး ဇီယာရှိရာ ရှေ့ဘက်သို့ လှမ်းလာခဲ့သည်။

“သန့်စင်ပရောဟိတ်မက ကျုပ်ကို အဲ့ဒီလောက်တောင် လွမ်းနေတာလား”

ရုတ်တရက် အသံတစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို ခြေလှမ်းများ ရပ်တန့်သွားစေခဲ့သည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် ပရောဟိတ်မ နှစ်ဦးစလုံးသည် အသံလာရာ ဘယ်ဘက်ခြမ်းသို့ လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် လူငယ်တစ်ဦးရှိနေသည်ကို တွေ့လိုက်ရ၏။

သူသည် ရေချိုးခန်း၏ တံခါး‌ပေါက်နားတွင် ရောက်ရှိနေကာ နံရံတစ်ခုကို အမှီသဟဲပြုရင်း သက်တောင့်သက်သာဟန်ဖြင့် ရပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် ချွေးများဖြင့် ရွှဲနစ်နေကာ ခန္ဓာကိုယ် အောက်ပိုင်းကို သဘက်တစ်ထည်ဖြင့် လျော့တိလျော့ရဲနိုင်စွာ ပတ်ထားလေသည်။

အာရန်၏ ထိုပုံစံကပင် တစ်မျိုးဆွဲဆောင်မှုရှိနေဟန် ရနေသော်လည်း အမှန်တကယ်မှာမူ ဟန်ချက်တစ်ခုကို ထိန်းထားနိုင်ရန် မည်မျှ ရုန်းကန်နေမှန်း သူကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်၏။

“အရှင်မကပါ ကျွန်တော်တို့နဲ့ အတူပူးပေါင်းချင်နေတာများလား”

အာရန်သည် ခေါင်းကို အနည်းငယ်စောင်းငဲ့ရင်း စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်သည်။

သို့သာ် အမှန်တကယ်တွင် သူ၏ မျက်လုံးများသည် ဝေဝါးလွန်းနေသဖြင့် သန့်စင်ပရောဟိတ်မ၏ ရုပ်ရည် သွင်ပြင်ကိုပင် ကောင်းစွာခွဲခြား၍ မမြင်နိုင်ခဲ့ပေ။

အာရန်သည် အပြင်ပမ်းတွင် တည်ငြိမ်နေဟန် ရသော်လည်း ကြမ်းပြင်ပေါ်သို့ မလဲကျစေရန်ပင် နံရံကိုသာ ခက်ခဲစွာ မှီထားနေရလေ၏။

သန့်စင်ပရောဟိတ်မက အာရန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။

အာရန်သည် သူမရှေ့တွင် ရပ်နေခြင်းဖြစ်သော်လည်း သူမ၏မျက်လုံးများမှာ သံသယများဖြင့် ပြည့်နှက်နေဆဲဖြစ်လေသည်။

ဤအရာက တကယ်ပဲ သူမ၏ နားလည်မှု လွဲမှားခြင်းသပ်သက်လော...။

သူမ မသေချာပေ။ သူမ၏ အတွင်းစိတ်ထဲတွင်မူ အာရန်တွင်သံသယဖြစ်ဖွယ်ရာ တစ်စုံတစ်ရာ ရှိနေသည်ဟုပင် ထင်မြင်နေဆဲဖြစ်သည်။

“ရှင်ကတော်တော်လေး အားနည်းနေပုံရတယ် ရှင့်ရဲ့ နှလုံးခုန်နှုန်းကလည်း ပုံမှန်ဟုတ်မနေဘူး ဘာလို့လဲဆိုတာ သိခွင့်ရှိမလား” သူမ က အာရန်အား ပြန်လည် မေးခွန်းထုတ်လိုက်သည်။

အာရန်သည် တည်ငြိမ်နေဟန် ဟန်ဆောင်ထားသော်လည်း သူမသည် သူ့ထံမှ မသင်္ကာစရာအချို့ကိုမူ ခံစားမိနေဆဲ ဖြစ်လေ၏။

ကံကောင်းထောက်မစွာဖြင့် အာရန်သည် သူ၏ကိုယ်ခန္ဓာကို ဓားဧကရာဇ်၏ အော်ရာဖြင့် ပြန်လည် ကာကွယ်ထားသောကြောင့် သူမသည် သူ၏ ကိုယ်ခန္ဓာကို ပို၍ အသေးစိတ်ကျစွာ မလေ့လာနိုင်ခဲ့ပေ။

“ကျုပ် အရှင်မကို ဘယ်လိုပြောပြရမှာလဲ”

အာရန်သည် ဇီယာကို လှည့်ကြည့်လိုက်ရင်း သူ၏ဦးခေါင်းကို ပြန်လည် ကုတ်နေလိုက်သည်။

“သူမက သေးငယ်ပြီး သာမန်မိန်းမငယ်လေးတစ်ဦး ဖြစ်ပုံရပေမဲ့ အိပ်ရာပေါ်မှာကျ လုံးဝ အခြားတစ်ယောက်ဖြစ်သွားသလိုပဲ အရမ်းဆရာကျလွန်းတယ် ကျုပ်ရဲ့ ခွန်အားတွေကို ဘယ်လောက်ထိ ကုန်ခမ်းစေခဲ့သလဲ ဆိုတာ အရှင်မ မျက်မြင်ပဲလေ”

အာရန်သည် ထိုအရာအတွက် ဆင်ခြေတစ်ခုကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သော်လည်း သူ့စကားများသည် ဇီယာအား တုန်လှုပ်စေခဲ့သည်။

ထိုကဲ့သို့သော အရာများနှင့်ပတ်သတ်၍ ယင်ဖိုပင်မသန်းခဲ့ဖူးသော သူမအား ထိုသူက ဤကိစ္စတွင် ‘အရမ်းဆရာကျလွန်းတယ်’ ဟု လူအများရှေ့တွင် ထုတ်ပြောလိုက်သည်တဲ့လား...။

ဇီယာ၏ မျက်နှာတစ်ခုလုံးသည် ခရမ်းချဥ်သီးတစ်လုံးနှယ် နီရဲတက်သွားခဲ့၏။

“ကျုပ်အခု အတော်လေး မောပန်းနေပုံရပေမယ့် နောက်ထပ် အကြိမ်ရေ အနည်းငယ်လောက်တော့ ဆက်ကစားပေးပေးနိုင်ပါသေးတယ် ဒါကြောင့် တကယ်လို့ အရှင်မအနေနဲ့ ပူးပေါင်းပါဝင် ချင်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်”

အာရန်သည် ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ကာ သန့်စင်ပရောဟိတ်မအား အခက်တွေ့စေမည့် မေးခွန်းတစ်ခုကို ပြန်လှည့်ပစ်လိုက်သည်။

သန့်စင်ပရောဟိတ်မ၏ အကြည့်များမှာလည်း မှောင်မိုက်သွားခဲ့သည်။

‘ဒီအရှက်မရှိတဲ့လူက ဒီလိုရှက်စရာ ကိစ္စမျိုးအတွက် သူမကို အမှန်တကယ်ပင် ဖိတ်ခေါ်ရဲသည်တဲ့လား...’

သူမသည် ချက်ချင်းပင် အာရန်အား ထရိုက်သတ်ချင်စိတ်ပေါက်သွားသောကြောင့် သူမကိုယ်သူမ အလျှင်အမြန်ပင် ပြန်လည်ထိန်းချုပ်လိုက်ရ၏။

“အချစ်ရေ... ကျွန်မက ရှင့်အတွက် မလုံလောက်သေးဘူးလား တခြားမိန်းမတွေကို ဘာလို့ ထပ်ပြီး ဖိတ်ခေါ်နေရတာလဲ”

ဇီယာသည် သူမ၏ ရှက်ရွံ့မှုကို ထိန်းချုပ်ရင်း အာရန်နှင့်အတူ အလိုက်အထိုက် ထပ်မံ၍ သရုပ်ဆောင်လိုက်ရသည်။

“ပြီးတော့ အရှင်မမှာ အခြား လုပ်စရာ ကိစ္စတွေလည်း ရှိနေဦးမယ်လို့ ထင်ပါတယ်” သူမသည် အာရန်အား ရှင်းပြရန်ကျိုးစားနေဟန်ဖြင့် သန့်စင်ပရောဟိတ်မအား ထွက်ခွာသွားစေရန် သတိပေးဖို့လည်း မမေ့ခဲ့ပေ။

“ဒီအိမ်တောင်ထဲကို ကျူးကျော်သူတစ်ဦးဝင်ရောက်လာခဲ့လို့ပါ ကျွန်မက ရှင်တို့ အဆင်ပြေကြရဲ့လားဆိုတာ လာပြီးအတည်ပြုရုံသက်သက်ပါ”

သန့်စင်ပရောဟိတ်မက ပြန်ပြောလိုက်လေသည်။

“ဟုတ်လား ကျူးကျော်သူတွေ ဝင်ရောက်လာတာလား...”

အာရန်သည်လည်း ထိုစကားကြောင့် အတော်လေး အံ့သြသွားဟန် ဟန်ဆောင်လိုက်သည်။

“အရှင်သခင်တစ်ဦးရှိနေတာကိုတောင် ဘယ်သူကများဒီလောက်အတင့်ရဲနိုင်ရတာလဲ သူတို့ကိုယ်သူတို့ အသက်တစ်ချောင်းအပိုရှိတယ်လို့များ တကယ်ကြီး ထင်နေကြတာလား အဲ့လို ငမိုက်သားတွေက တကယ်ပဲ ရှိနေသေးတာလား”

“ဒါနဲ့ နေပါဦး အရှင်မ ဒီကိုကိုယ်တိုင် ရောက်လာတယ်ဆိုတော့ အဲဒီကျူးကျော်သူတွေကို မဖမ်းမိသေးဘူးလား အဲ့ဒီ ကျူးကျော်သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့တော့ ကျုပ်ကို မပြောနဲ့နော် ဒါနဲ့ အရှင်မက ကျုပ် အကူအညီကိုများ ထပ်လိုအပ်နေသေးလို့လား”

အာရန်သည် ပြောရင်းပြောရင်းဖြင့် မယုံကြည်နိုင်ဖြစ်သွားဟန် ထပ်မံဟန်ဆောင်လိုက်သည်။

“ဒါမျိုး ကျုပ်တို့ မိစ္ဆာဂိုဏ်းမှာသာ လာလုပ်လို့ကတော့ ကျုပ်တို့ ဂိုဏ်းချုပ်က အဲ့ငနဲသားတွေ ဂိုဏ်းထဲကို ခြေချလိုက်တာနဲ့ ချက်ချင်း အမှုန့်ချေပစ်ပြီးသားပဲ ဒါပေမယ့် အရှင်မတို့ အရှေ့တိုက်ကတော့ သနားညှာတာတဲ့ စိတ်အခံကြောင့် အဲဒီလောက်အထိ မလုပ်ဆောင်နိုင်ခဲ့တာလည်း ကျုပ်နားလည်ပါတယ်”

အာရန်၏ စကားလုံးများသည် သာမန်အားဖြင့် ရိုးရိုးသားသား ပြောနေဟန် ရသော်လည်း အမှန်တကယ်မှာမူ ဝှက်ထားသော ဓားသွားများကဲ့သို့ အဓိပ္ပါယ်များ ပြည့်နှက်နေခဲ့ပြီး ၎င်းတို့သည် သန့်စင်ပ‌ရောဟိတ်မအား အရှိုက်တည့်တည့်သို့ ထိမှန်စေခဲ့၏။

“ကျွန်မ ရှင့်ကို အကူအညီထပ်တောင်းဖို့ စိတ်မဝင်စားပါဘူး ရှင်တို့အဆင်ပြေရဲ့လား သိချင်ရုံသက်သက် လာခဲ့တာပါ”

သန့်စင်ပရောဟိတ်မ၏ နှုတ်ခမ်းများသည် ဒေါသကြောင့် ထပ်မံ တုန်ခါသွားခဲ့သည်။

အာရန်၏ စကားလုံးများထဲတွင် သူတို့ဂိုဏ်း၏ ဂုဏ်ရည်ကို သာသာလေးထည့်သွေးသွားခဲ့ကာ သူ၏ မောက်မာဟန်ရသော စကားလုံးများနောက်ကွယ်ရှိ အဓိပ္ပါယ်ကို သူမအနေနှင့် အထင်းသား မြင်နိုင်ခဲ့သောကြောင့်ပင်တည်း။

ထိုသူသည် သူမအား သူ၏ အကူအညီကို ရယူရန် လိုအပ်နေသလားဟုပင် ပြောလိုက်သေးသည်။

သူသည် ပင်လယ်နဂါးဧကရီကို ဖမ်းဆီးရာတွင် သူမအား ကူညီခဲ့သည်ဆိုသည့် အချက်အား သတိရသွားစေရန် တဖက်လှည့်ဖြင့် အသားပေးပြောဆိုလိုက်ခြင်းလည်း ဖြစ်၏။

“ရှင့်ရဲ့ အကူအညီကို မလိုအပ်ပါဘူး အဲဒီလူကို မကြာခင် ကျွန်မကိုယ်တိုင် ဖမ်းမိမှာပါ”

သူမသည် အာရန်၏ မောက်မာသောစကားများကို ဆက်လက်သည်းမခံနိုင်တော့ပေ။

“ရှင်တို့နှစ်ယောက် စိတ်ကြိုက် လုပ်စရာရှိတာ ဆက်လုပ်နေကြပါ”

ထိုသို့ တစ်ချက်ပြောလိုက်ပြီးနောက် သူမသည် နောက်သို့တစ်ချက်ပင် လှည့်မကြည့်ပဲ ချက်ခြင်း ထိုအခန်းတွင်းမှ ထွက်ခွာသွားခဲ့၏။

ဤနေရာတွင် နောက်ထပ်အချိန်အနည်းငယ်ခန့် ဆက်လက်ရှိနေမိလျှင်ပင် ထိုသူအား သူမသည် အမှန်တကယ် သတ်ဖြတ်မိလိမ့်မည်ဖြစ်ကြောင်း သူမကိုယ်သူမ သေခြာနေခဲ့သည်။

အာရန်ကို သူမ သံသယရှိနေဆဲဖြစ်သော်လည်း အရာအားလုံးသည် ကွဲပြားသော လမ်းကြောင်းတစ်ခုဆီသို့သာ ညွှန်ပြနေကြသည်။

ထိုသူသည် ဇီယာနှင့်အတူ အခန်းထဲတွင် တစ်ချိန်လုံး ရှိနေခဲ့သည်မှာ ရှင်းလင်းနေသည်။

သူ၏ မောပန်းနွမ်းနယ်နေသော ပုံစံမှာလည်း သူသည် မည်သည့်လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်နေခဲ့ကြောင်းကို အတည်ပြုနေလေသည်။

ထိုအတောအတွင်း ဝါးမြိုသူကမူ သူမထံမှ ထွက်ပြေးလွတ်မြောက်စဉ်အချိန်က လုံးဝအဆင်ပြေနေခဲ့ပုံရသည်။

အာရန်၏ ယခုကဲ့သို့ အားအင်ကုန်ခမ်းနေမှုသည် သိသာထင်ရှားသော ကွဲပြားခြားနားမှုကို ဖန်တီးမိခဲ့၏။

သူသည် ထိုသို့ အားအင်ကုန်ခမ်းနေကြောင်း ဟန်ဆောင်နေခြင်းမဟုတ်သည်မှာတော့ အမှန်ပင်တည်း။

ဤအချက်ကြောင့်ပင် သန့်စင်ပရောဟိတ်မသည် သူမ၏ အစောပိုင်း ကောက်ချက်ချမှုများကို သူမကိုယ်တိုင် ပြန်လည် သံသယဝင်မိခဲ့သည်။

သူမပင် မှားယွင်းနေခဲ့တာလား။ ဤနှစ်ဦးသည် ဝါးမြိုသူနဲ့ အမှန်တကယ်ပင် ဘာမှမပတ်သက်ဘူးလား။ သူမ မသေချာပေ။

သူမသည် အာရန်ကို သတ်ချင်နေဆဲဖြစ်သော်လည်း အလျင်စလိုတော့ မပြုလုပ်လိုသေးပေ။

အာရန်သည် အမှန်တကယ် ဝါးမြိုသူ မဟုတ်ပါက သူ့အား အချိန်တစ်ခုထပ်မံ ရှင်သန်ခွင့် ပေးထားရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူမအတွက် အရှေ့တိုက်နှင့်ဆက်ဆံရေးတွင် အရေးပါနေဆဲဖြစ်သောကြောင့်ပင်တည်း...။

ယခုအချိန်အတွက် သူမ၏ ပထမဦးစားလုပ်ဆောင်ရန်မှ ထိုနတ်ဆိုးဝါးမြိုသူကို အမြန်ဆုံး ရှာဖွေဖမ်းဆီးနိုင်ရန်ပင် ဖြစ်လေသည်။

သန့်စင်ပရောဟိတ်မနှင့်အတူ ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် အခြားသူများသည်လည်း အခန်းထဲမှ ထွက်ခွာသွားကြပြီး တံခါးကို ပြန်ပိတ်လိုက်ကြသည်။

.....

တံခါးပြန်ပိတ်သွားမှသာ အာရန်သည် သူ့ကိုယ်သူ အားတင်းထားမှုများကို ပြန်လည် ဖြေလျှော့လိုက်နိုင်လေ၏။

သူကိုယ်တိုင်သာလျှင် ထိုမိနစ်အနည်းငယ်ခန့်ကို ကြံ့ကြံ့ခံနိုင်ရန် မည်မျှ အားတင်းထားခဲ့ရကြောင်း နားလည်နိုင်ပေမည်။

သူ၏ ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်နေပြီး သူ၏ ကိုယ်တွင်းရှိ သွေးများစီးဆင်းမှုသည်လည်း ထို့အတူပင် ဖြစ်၏။

သူ၏ နှလုံးခုန်နှုန်းမှာ အလွန်လျင်မြန်နေသကဲ့သို့ သူ၏ ကိုယ်ခန္ဓာသာ အနည်းငယ် ပိုမို အားနည်းနေခဲ့ပါက အစောပိုင်းကာလကတည်းကပင် သူသည် အမှန်တကယ် သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

ဆက်သွယ်ရေး ဂိတ်တံခါးပေါက်တစ်ခုတည်းပင် သူ့အတွက် ငရဲကဲ့သို့ ခံစားရလေသည်။

သို့သော် ယခုသူသည် အချိန်မီ ပြန်ရောက်နိုင်ရန် ဆက်ထားသည့် ဂိတ်တံခါးပေါက် နှစ်ခုတိတိကို အသွားအပြန် အလျင်အမြန် ဆက်တိုက်ပင် ဖြတ်ကျော်ခဲ့ရသည်။

သူသည် အရာရာ အောင်မြင်နိုင်ခဲ့သော်လည်း သူ့၏ ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုများမှာ မသေးလှပေ။

“သူမ နောက်ဆုံးတော့ ပြန်ထွက်သွားခဲ့ပြီ”

အာရန်သည် သူ၏နှာခေါင်းနှင့် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ သူသည်လည်း ကြမ်းပြင်ပေါ်သို့ အင်အားချိနဲ့စွာ ထိုင်ချလိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်ခြင်းဖြစ်၏။

အာရန်သည် အလွန်ပင် ပင်ပမ်းနွမ်းနယ်လျက်ရှိကာ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး အနာကျက်ဆေးတစ်လုံးကို မော့သောက်လိုက်သည်။

၎င်းသည် ယခုအခြေအနေတွင် သူ့အတွက် အသုံးမဝင်မှန်း သိနေသော်လည်း သူ့အား ထိုဝေဒနာများကို အမှန်တကယ် ပျောက်ကင်းစေခြင်းထက် ဤနာကျင်မှုများဆီမှ ခဏတာ အိပ်ပျော်သွားစေရန်အတွက်မူ ကောင်းစွာ အလုပ်ဖြစ်ခဲ့လေသည်။

#Catfoot

All Chapters