← Chapters

မမျှော်လင့်သော ဧည့်သည်

Vol. 25 Ch. 348

မမျှော်လင့်သော ဧည့်သည်

Vol. 25 Ch. 348

…

အာရန်သည် သူ၏ အဝတ်အစားများကို ပြန်လည် ပြောင်းလဲ ဝတ်ဆင်လိုက်ပြီးနောက် သူ၏ သံတမန်တစ်ဦးအနေဖြင့် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် မဟာအကြီးအကဲတစ်ဦး၏ ဝတ်ရုံကို ပြန်လည်၍ ငုံ့ကြည့်လိုက်သည်။

သို့သော်လည်း သူသည်အနည်းငယ်မျှ တုံ့ဆိုင်းနေမိသေး၏။

အဘယ်ကြောင့်ဆိုသော် ဤဝတ်ရုံမှာ အတော့်ကိုပင် လေးလံနေသောကြောင့် ပင်တည်း။

ပုံမှန်ဆိုလျှင် ၎င်းသည် ပြဿနာတစ်ခု မဟုတ်သော်လည်း ယခုအခိုက်အတန့်တွင် မူ သူသည် ထိခိုက်ဒဏ်ရာ ရနေခဲ့သည်။

ဝတ်ရုံကို ပေါ့ပါးစေရန် နဂါးလျှာအစွမ်းကို အသုံးပြုရန် စဉ်းစားမိလိုက်သော်လည်း ညကဖြစ်ရပ်များအပြီးတွင် ထိုရွေးချယ်မှုမှာ ပိုမိုအန္တရာယ်များနေပုံရ၏။

နောက်ဆုံးတွင် အာရန်သည် ထိုဝတ်ရုံကို ပခုံးပေါ်သို့ တင်ထားလိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိ‌တော့ချေ။

‘ဘုရားရေ မေ့နေတာ အဲဒီပရောဟိတ်မနဲ့အတူ သန့်စင်မြို့တော်ထဲကို ဝင်ဖို့ နောက်ထပ် ဂိတ်ပေါက်တစ်ခု ထပ်ဖြတ်ရဦးမှာပဲ ငါ့ကိုသာ သတ်လိုက်ပါတော့လား...’

အာရန်သည် သူ၏နဖူးကို ပြန်လည်ပွတ်သပ်ရင်း အခန်းတံခါးကို တွန်းဖွင့်လိုက်ကာ ထွက်လာခဲ့လိုက်သည်။

သူသည် နဂိုအစောပိုင်းက ကုန်သည်သင်္ဘောဖြင့်သာ ထိုသန့်စင်မြို့တော်သို့ သွားရောက်လိုနေခဲ့သည်။

သို့သော် လမ်းတစ်လျှောက်တွင် ယခုကဲ့သို့ များစွာသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့မိပေ။

ဂိတ်ပေါက်များကို ရှောင်ရှားမည့်အစား သူသည် ဆက်တိုက်ပင်ပို၍ ဖြတ်သန်းခဲ့ရလေသည်။

ကံမကောင်းစွာဖြင့် ၎င်းသည် သူ၏ ဆုံးဖြတ်ချက်သာ ဖြစ်သောကြောင့် သူ့တွင် နောင်တရခွင့်ပင် မရှိခဲ့ပေ။

အာရန်သည် အခန်းထဲမှ ထွက်လာလိုက်သည်နှင့် စင်္ကြံလမ်း၏ အစွန်းနှစ်ဖက်တွင် ရပ်၍စောင့်နေသော အစောင့်များကို သတိထားမိလိုက်၏။

ညကနှင့်မတူဘဲ ၎င်းတို့သည် ပုန်းကွယ်၍မနေကြတော့ဘဲ သူတို့၏ တည်ရှိခြင်းကို ပေါ်ပေါ်တင်တင်ပင် ဖော်ထုတ်ထားခဲ့သည်။

သန့်စင်ပရောဟိတ်မသည် သူတို့အား သံသယရှိနေဆဲဖြစ်သည်မှာ ရှင်းလင်းလှသည်။

သို့သော်လည်း သူမသည် သူတို့အား ဖမ်းဆီးခြင်းမရှိခဲ့သည့်အတွက် အခြေအနေများ လုံလောက်အောင် ကောင်းမွန်နေသေးသည်ဟု ယူဆ၍ရလေ၏။

သန့်စင်ပရောဟိတ်မသည် အာရန်အား မည်သူမည်ဝါဖြစ်သည်ဟူသော အချက်အလက်ကို သက်သေသာဓကများဖြင့် မဖော်ထုတ်နိုင်သေးသမျှ ကာလပတ်လုံး သူမတွင် ရွေးချယ်စရာများစွာ ရှိနေမည်မဟုတ်ပေ။

ထို့နောက်အာရန်သည် သူ၏ တပည့်မလေး အနားယူနေသည့် အခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။

သူ၏ အခန်းကဲ့သို့ပင် ယူလင်း၏ အခန်းထဲတွင်လည်း မည်သူမဆို ဝင်‌ရောက်ခဲ့ပါက အာရုံခံသိရှိနိုင်စေရန် အရံအတားတစ်ခုကို သူဖန်တီးထားခဲ့သေးသည်။

ထိုအရံအတားသည် မပျက်စီးသေးဘဲရှိနေခြင်းကြောင့် မည်သူမျှ သူမကို အနှောင့်အယှက်မပေးခဲ့သည်မှာ သေခြာသွားခဲ့၏။

မည်သူမျှ ထိုမျှငယ်ရွယ်သော ကလေးမတစ်ဦးမှာ ထိုကိစ္စများနောက်ကွယ်တွင် ပါဝင်ပတ်သတ်နေလိမ့်မည်ဟု မထင်ခဲ့ကြပေ။

အာရန်သည် တံခါးကို တစ်ချက်ခေါက်လိုက်ကာ ယူလင်းအား ခေါ်ထုတ်လိုက်သည်။

ယူလင်းသည် သူမ၏ အခန်းတံခါးကို ဖွင့်ရန် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး သူမသည် အရာအားလုံးကို အသင့်ပြင်ဆင်ပြီးသား ဖြစ်ပုံရလေသည်။

သူမ၏ ပြင်ဆင်ထားမှုက အာရန်ကိုပင် အံ့အားသင့်စေခဲ့သည်။

သူမသည် တံခါးတစ်ဖက်ခြမ်းတွင် သူ့ကို စောင့်နေခဲ့သည်လားဟုပင် တွေးမိလိုက်သည်။

သို့သော်အာရန်သည် ထိုအကြောင်း သူမကို ထပ်မံ မမေးခဲ့ဘဲ ထိုအရာသည် တိုက်ဆိုင်မှုတစ်ခုဟုသာ မှတ်ယူထားလိုက်သည်။

အာရန်၊ ဇီယာတို့နှင့်အတူ ယူလင်းသည်လည်း အစောင့်များနှင့်အတူ လိုက်ပါလာခဲ့ကာ သူတို့အား စောင့်ဆိုင်းနေသည့် သန့်စင်ပရောဟိတ်မနှင့် တွေ့ဆုံရန် ထွက်ခွာလာခဲ့ကြသည်။

ယူလင်း မထွက်ခွာခင် သူမ၏ အခန်းတံခါးကို ပြန်ပိတ်ထားခဲ့သည်။

အခန်းသည် အနည်းငယ် တိတ်ဆိတ်သွားသော်လည်း ခဏတာမျှသာ ဖြစ်၏။

ထို့နောက် အပြင်မှ မည်သူမျှ မမြင်တွေ့လိုက်ရသော ပုံရိပ်တစ်ခုသည် အခန်းထဲရှိ တစ်နေရာတွင် တစ်ချိန်လုံးရပ်လျှက် တည်ရှိနေခဲ့လေသည်။

အကယ်၍ အာရန်သာ ထိုအမျိုးသမီးကို မြင်တွေ့ခဲ့မိပါက အလွန်အံ့အားသင့် သွားခဲ့မိလိမ့်မည်ဖြစ်၏။

အထူးသဖြင့် ထိုအခန်းပတ်လည်၌ တည်ရှိနေသော အတားအဆီးများအပါအဝင် သူထားခဲ့သော အရံအတားအစီအရင်တစ်ခုသည်ပင် ထိုအမျိုးသမီးအပေါ်တွင် လုံးဝ သက်ရောက်မှု မရှိနေခဲ့သောကြောင့်ပင်တည်း။

သူမသည် ဤနေရာသို့ မည်သို့မည်ပုံ ဝင်ရောက်လာနိုင်သည်ကိုပင် မည်သူမျှ မသိနိုင်သဖြင့် ထောက်လှမ်းတွေ့ရှိရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသည်မှာ သူမတွင် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင် တစ်စိုးတစ်စိမျှပင် ရှိမနေခဲ့သော်လည်း သန့်စင်နယ်မြေ ကိုယ်တိုင်ကပင် ထိုအမျိုးသမီး၏တည်ရှိမှုကို မထုတ်ဖော်နိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။

အာရန်သည် အခန်းအပြင်ဘက်မှနေ၍ ထိုအမျိုးသမီးကို မမြင်နိုင်ခဲ့သော်လည်း ယူလင်းကမူ သူမကို မြင်တွေ့ခဲ့လေသည်။

သို့တိုင် သူမသည် အာရန်အား ထိုအကြောင်းကို မပြောပြခဲ့ပေ။

သူမသည် ထိုအမျိုးသမီးကို ကြောက်ရွံ့နေခြင်းထက် သူမတို့နှစ်ဦးကြားတွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိနေခဲ့ပုံရလေ၏။

ထိုအမျိုးသမီးတွင် နက်ပြာရောင် သန်းနေသော ရှည်လျားသည် ဆံနွယ်ရှည်ကြီးများ ရှိနေခဲ့သည်။

သူမ၏ မျက်လုံးသူငယ်အိမ်အရောင်မှာ ရေခဲတုံးတစ်ခုကဲ့သို့ ကြည်လင်လျက်ရှိနေပြီး အရိပ်တွင်းမှနေ၍ ပိတ်သွားသော တံခါးဘက်သို့ စိုက်ကြည့်နေခဲ့၏။

ထိုအမျိုးသမီး၏ အေးစက်စက် အကြည့်များသည် အနည်းငယ် ပျော့ပျောင်းသွားပြီး နောက် သူမသည် လက်ထဲရှိ ပုံတူပန်းချီကားတစ်ချပ်ဆီသို့ အာရုံပြန်စိုက်လိုက်သည်။

ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ်ကွေးညွတ်သွားခဲ့ပြီး လှပသော အပြုံးတစ်ခု အဖြစ်ပြောင်းလဲသွားခဲ့၏။

သူမ၏ လက်ချောင်းလေးများသည် ထိုပုံတူပန်ချီကားအတွင်းရှိ ပုံဖော်ထားသော လူတစ်ယောက်၏ ပုံကို လွမ်းဆွတ်သတိရနေဟန်ဖြင့် ပွတ်သပ်နေမိသည်။

“သိပ်မကြာတော့ပါဘူး...” ဟု သူမသည် တိုးတိုးလေးတစ်ချက် ရေရွတ်လိုက်သည်။

ထို့နောက် အခန်းထဲရှိ အပူချိန်သည် ရုတ်တရက် အေးခဲမှတ်အောက်ရောက်သည်အထိ ထိုး၍ ကျဆင်းသွားခဲ့သည်။

ထိုအရာသည် သူမ၏ စကားလုံးအနည်းငယ်မှ သက်ရောက်မှုတစ်ခု ဖြစ်သွားခဲ့ဟန် ရလေသည်။

အခန်း၏ ပတ်ပတ်လည်ရှိ နံရံများတွင် ရေခဲထုကြီးတစ်ခု ဖုံးလွှမ်းသွားခဲ့ပြီး အခြားအရာအားလုံးသည်လည်း ထိုကဲ့သို့ပင်ဖြစ်သွားခဲ့သည်။

ထိုအမျိုးသမီးနှင့် သူမ၏ လက်ထဲရှိ ပုံတူပန်းချီကားတစ်ချပ်သာ ထိုအအေးဓာတ်၏ သက်ရောက်မှုကိုမခံရဘဲ နဂိုအတိုင်း တည်ရှိနေခဲ့ခြင်း ဖြစ်လေ၏။

.....

အပြင်ဘက်တွင်မူ အာရန်နှင့် ဇီယာတို့သည် သူတို့အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြသော အစောင့်များဝန်းရံလျက် ယူလင်းနှင့်အတူ စင်္ကြံလမ်းတစ်လျှောက် အတူတကွ လျှောက်လာခဲ့ကြလေသည်။

ဇီယာသည် ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို သိထား၏။

သူမသာ သူတို့နေရာတွင် ရှိနေပါကလည်း ညက သူမပြုလုပ်မူခဲ့မိသည့် အသံများအတွက် အလားတူပင် သူမတို့အား အာရုံစိုက်မိလိမ့်မည်ပင်။

မသိစိတ်ဖြင့်ပင် သူမသည် အာရန်၏ ခါးကို လှမ်း၍ လိမ်ဆွဲလိုက်မိသည်။

ထိုအရာအတွက် သူမသည် ယခုအချိန်တွင် ရှက်ရွံ့မှုများခံစားနေရဆဲဖြစ်သည်။

စင်္ကြံလမ်းအဆုံးသို့ ရောက်ခါနီးတွင် ယူလင်းက သူမ၏အခန်းဘက်သို့ လျင်မြန်စွာ တစ်ချက်လှမ်းကြည့်လိုက်မိသည်။

သို့သော် ထိုအမူအရာကို အာရန်သည် သတိမပြုမိခဲ့ပေ။

သူ၏အာရုံမှာ ရှေ့တွင်ရှိသော အရာအပေါ်၌သာ ကျရောက်နေခဲ့သည်။

မကြာမီမှာပင် သူတို့သည် မြို့စားမင်းအိမ်တော်၏ အလယ်ဗဟိုရှိ ခမ်းနားသော ပင်မ ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

၎င်းသည် ဤအိမ်တော်ရှိ အလုံခြုံဆုံးနေရာတစ်ခုဟုလည်း ယူဆ၍ရလေသည်။

မြို့စားအိမ်တော်ရှိ အစောင့်များအားလုံးကို ဤနေရာတွင် ခေါ်ဆောင်ထားခဲ့ကာ အရာရာကို ကာကွယ်ထားသကဲ့သို့ပင် ဖြစ်နေသောကြောင့်ပင်တည်း။

သန့်စင်မြို့တော်သို့ သွားသော လမ်းကြောင်းတစ်ခု....

အထူးသဖြင့် သန့်စင်မြို့တော်ပတ်လည်ရှိ အကာအကွယ်လွှာကို ကျော်လွန်နိုင်သော လမ်းကြောင်းတစ်ခုကို ဖွင့်တော့မည်ဟု နားလည်ထားကြသောကြောင့်လည်း ဖြစ်လေ၏။

သန့်စင်ပရောဟိတ်မကိုယ်တိုင် ဤနေရာတွင် ရှိနေသော်လည်း ညကဖြစ်ပျက်ခဲ့သည့် အရာများနောက်ပိုင်းတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် မည်သည့် မတော်တဆမှုများမှ ထပ်မံဖြစ်ပွားခွင့် မပြုနိုင်တော့ပေ။

ဝါးမြိုသူကဲ့သို့သော တစ်စုံတစ်ယောက်သည်သာ သန့်စင်မြို့တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် မည်ကဲ့သို့သော ကပ်‌ဘေးမျိုး ဖြစ်လာနိုင်မည်ကို သူကိုယ်တိုင်ပင် ခန့်မှန်းကြည့်နိုင်လေသည်။

သန့်စင်ပရောဟိတ်မသည် ထိုခမ်းနားသောခန်းမဆောင်ကြီး အတွင်း၌ စောင့်ဆိုင်းလျက်ရှိနေခဲ့ပြီး သန့်စင်မြို့တော်သို့ ချိတ်ဆက်ထားသော ဂိတ်တံခါးပေါက်တစ်ခု၏ ရှေ့တွင် ရပ်လျက်ရှိနေခဲ့၏။

ထိုဂိတ်တံခါးပေါက်၏ ဖွဲ့စည်းပုံ အစီအရရင်များမှာ အလွန်ရှုပ်ထွေးလှလွန်းသဖြင့် ၎င်းကို စုံလင်စွာ မှတ်သားထားသူတစ်ဦးပင် ထပ်တူအရာတစ်ခုကို ပြန်လည်ဖန်တီးရန် ခက်ခဲနေလိမ့်မည်ဖြစ်သည်။

ထို့အပြင် တစ်စုံတစ်ယောက်သည် ထိုဖွဲ့စည်းပုံအခြေခံအချက်များကို မှတ်သားနိုင်ခဲ့၍ ၎င်းကို ထပ်မံဖန်တီးရန် လိုအပ်သော ပစ္စည်းများကို ရှာဖွေနိုင်ခဲ့လျှင်ပင် ၎င်းကို အသက်သွင်းရန်မှာ မဖြစ်နိုင်သေးပေ။

ထို ဂိတ်တံခါးပေါက်၏ ဖွဲ့စည်းမှု ပုံစံကွက်ကို အသက်သွင်းနိုင်သူမှာ သန့်စင်ပရောဟိတ်မ သို့မဟုတ် သူမ၏ ခွင့်ပြုချက်ရရှိထားသူတစ်စုံတစ်ယောက်သာ ဖြစ်နိုင်ပေလိမ့်မည်။

“အနောက်တိုက်ရဲ့ အရှင်သခင်ဖြစ်တဲ့ သန့်စင်ပရောဟိတ်မ ကို ကျုပ် အကြီးအကဲရန်မှ ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ်”

အာရန်သည် ခန်းမထဲသို့ ခြေချလိုက်သည်နှင့် သန့်စင်ပရောဟိတ်မကို ချက်ချင်း ပင် နှုတ်ဆက်လိုက်သည်။

သို့သော် သန့်စင်ပရောဟိတ်မကမူ ညက အာရန်၏ မလေးမစားပြုမူမှုကို မမေ့သေးသဖြင့် သူ့အား လျစ်လျူရှုထားလိုက်သည်။

“အခုတော့ လူစုံသွားပြီဆိုတော့ ဂိတ်တံခါးပေါက်ကို ကျွန်မကိုယ်တိုင်ပဲ ဖွင့်ပေးလိုက်ပါ့မယ်”

သန့်စင်ပရောဟိတ်မသည် ထိုသို့ ပြောလိုက်ပြီးသည်နှင့် ထိုဆက်သွယ်ရေး ဂိတ်တံခါးပေါက်ကို စတင် အသက်သွင်းလိုက်၏။

ထို့နောက် အစီအရင်ပုံစံကွက်များ ချထားသည့်နေရာမှ အလင်းရောင်များစတင် လင်းထိန်လာခဲ့ကာ ခမ်းနားသောခန်းမဆောင်၏ အလယ်ဗဟိုတွင် ဂိတ်တံခါးပေါက်တစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။

#Catfoot

All Chapters