စိတ်ကူးယဉ်နှင့် အရှိတရား
Vol. 25 Ch. 351
….
“ကြိုဆိုပွဲလုပ်မယ်ဆိုတာလား” ဟု အာရန်က ပြန်မေးလိုက်သည်။
“အဲ့ဒါက နဲနဲကြီးကျယ်သလို ဖြစ်နေတယ်မထင်ဘူးလား ကျုပ်တို့က ကျုပ်တို့လူတွေ ပျောက်ဆုံးမှုကို စုံစမ်းဖို့ရောက်လာကြတာပါ ဒီကို ပျော်ပါးဖို့ရောက်လာကြတာမှ မဟုတ်ပဲ”
“ကျွန်ုပ်တို့ကတော့ ကြီးကျယ်တယ်လို့ လုံးဝမထင်ပါဘူး” ဟု ထရီနီယယ်က ပြန်ဖြေလိုက်၏။
“ခင်ဗျားတို့က အရှေ့ပိုင်းတိုက်ကြီးက အရှင်သခင်တစ်ဦးကို ကိုယ်စားပြုပြီး ဒီကိုရောက်လာကြတဲ့ အထူးဧည့်သည်တော်တွေပါ ဒါကြောင့် အနောက်ပိုင်းတိုက်ကြီးရဲ့ အုပ်ချုပ်သူတစ်ဦးအနေနဲ့ သန့်စင်ဧကရာဇ်က ခင်ဗျားတို့ကို နွေးထွေးစွာ ကြိုဆိုချင်တာပါ”
ကာဒီနယ်ရဟန်းအမတ်မှ သန့်စင်ဧကရာဇ်အား အနောက်ပိုင်းတိုက်ကြီး၏ အုပ်ချုပ်သူဟု ရည်ညွှန်းပြောဆိုသည်အား ကြားလိုက်ရသောအခါ အာရန်တစ်ယောက် မျက်မှောင်ကြုတ်မိသွားသည်။
သန့်စင်ဧကရာဇ်သည် သန့်စင်အင်ပါယာ၏ အုပ်ချုပ်သူဟု ပြောဆိုကြသော်လည်း အမှန်တကယ် အကြွင်းမဲ့အာဏာမှာမူ သန့်စင်ပရောဟိတ်မ၏ လက်ထဲတွင် ရှိနေခဲ့ခြင်းဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။
အစစ်အမှန်အာဏာအား ချုပ်ကိုင်ထားသူသည် တော်ဝင်နန်းတော်မှ မဟုတ်ပဲ ယင်းအစား သူကိုယ်တိုင် ယခုရပ်နေသော နေရာသည်သာ အမှန်တကယ် ချုပ်ကိုင်ထားသူ မဟုတ်ပါလော...။
ထရီနီယယ်သည် တစ်စုံတစ်ခုကို သန့်စင်ဧကရာဇ်ဆီသို့ လွှဲချလိုနေပုံရပြီး သူတို့ကြား လှုပ်ရှားမှုများတွင် ခြားနားမှုများရှိနေကြောင်း သူ့အား အသိပေးလိုပုံလဲရလေ၏။
အာရန်သည် ၎င်းတို့ကြားတွင် ဖုံးကွယ်ထားသော တခြား လျှို့ဝှက်လှုပ်ရှားမှုများ ရှိနေနိုင်မလားဟုပင် တွေးမိလိုက်သည်။
သန့်စင်ဘုရားကျောင်းနှင့် သန့်စင်အင်ပါယာမှာ တစ်ဘက်တည်းတွင် ဖြစ်နေသင့်လေသည်။
သို့သော် သန့်စင်ပရောဟိတ်မသည် သူတို့အား မြောက်ပိုင်းတိုက်ကြီးကို ဆန့်ကျင်တိုက်ခိုက်မည့် ဓားတစ်ချောင်းကဲ့သို့ အသုံးချချင်ရုံသက်သက်သာ မဟုတ်ကြောင်းလည်း အာရန်တစ်ယောက် အနည်းငယ် ရိပ်မိလာခဲ့သည်။
ထိုအရာက တကယ်ကြီး ဤသို့ဖြစ်နေခြင်းလား သို့မဟုတ် သူ၏ စိတ်များရှုပ်ထွေးနေ၍သာ တောင်တွေးမြောက်တွေး တွေးနေမိခဲ့ခြင်းများလား ... အာရန်သည် သူ့ကိုယ်သူ မသေချာတော့ပေ။
သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်အား အမှန်တကယ် ဖယ်ရှားလိုပါက အဘယ်ကြောင့် တခြားအပြင်လူများ၏ အကူအညီကို လိုအပ်မည်နည်း။
သူမ လိုအပ်သည်မှာ အမိန့်တစ်ခုပေးလိုက်ရုံသာမဟုတ်ပေဘူးလား...။
သူမတွင် ထိုမျှဆောင်ရွပ်ရုံနှင့်ပင် ဤအရာအားလုံး လုပ်ဆောင်နိုင်စွမ်းရှိလေသည်။
အနည်းဆုံး သန့်စင်ဧကရာဇ်တွင် သန့်စင်ပရောဟိတ်မအား ထိုကဲ့သို့အမိန့်မျိုး မထုတ်ပြန်နိုင်အောင် တားဆီးနိုင်သည့် အားသာချက်တစ်စုံတစ်ရာ ရှိမနေခဲ့လျှင် ဖြစ်လေသည်။
......
.....
“...အရှင်..”
“အရှင်မင်းကြီးခင်ဗျာ”
ဝိုးတဝါး အသံတစ်ခုသည် လူတစ်ယောက်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုအသံသည် အနည်းငယ်ဝေဝါးနေပုံရသော်လည်း မပြည့်စုံသေးသလို ခံစားမိလိုက်သည်။
သူ သတိပြန်ရလာသည်နှင့်အမျှ ထိုအသံကို ပိုမို၍ ပိုမိုရှင်းလင်းစွာကြားလိုက်ရသည်။
“အရှင်မင်းကြီးခင်ဗျာ”
ထိုအသံနှင့်အတူ တံခါးခေါက်သံများလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
ထိုသူသည် သူ၏ မျက်လုံးကို တစ်ချက်ပြန်ပွတ်သပ်လိုက်ပြီး သမ်းဝေလိုက်၏။
“အမေရယ် ခေတ်ဟောင်းရုပ်ရှင်တွေ ကြည့်ရင်လည်း အသံလေးဘာလေး လျှော့ထားလို့မရဘူးလား ကျွန်တော် ဒီမှာ အိပ်နေတယ်လေ”
ထိုသူသည် ထိုသို့တုံ့ပြန်လိုက်သော်လည်း တံခါးခေါက်သံများသည် ရပ်မသွားခဲ့ပေ။
ယင်းအစား ပို၍ပင် ပြင်းထန်လာခဲ့သည်။
“အရှင်မင်းကြီးခင်ဗျာ အရှေ့ပိုင်းတိုက်က ဧည့်သည်တော်တွေ ရောက်လာပါပြီ သူတို့နဲ့အတူ ကာဒီနယ်ရဟန်းအမတ်တစ်ပါးလည်း လိုက်ပါလာပါတယ် ကျေးဇူးပြုပြီး ထတော်မူပါဦး”
“ဟာကွာ .. အသံကို လျှော့ပေးပါဦးဆို တကယ်ပဲ”
ဒေါသထွက်နေသော ထိုလူသည် သူ၏ မျက်လုံးများကို အိပ်မှုန်စုံမွှားဖြင့် ဖွင့်လိုက်ရတော့သည်။
ထို့နောက် ဒေါသတကြီးဖြင့် အိပ်ရာပေါ်မှ ဆင်းလိုက်ကာ တံခါးဆီသို့ တန်းတန်းမက်မက် ပြေးသွားခဲ့သည်။
သူသည် အိပ်ချင်မူးတူးဖြစ်နေဆဲပင် ဖြစ်သောကြောင့် သူ၏မျက်စိရှေ့ မြင်ကွင်းများမှာ ဝေဝါးနေဆဲပင် ဖြစ်၏။
“ဟင် တံခါးလက်ကိုင်က ဘယ်ရောက်သွားတာလဲ”
သူသည် တံခါးနားသို့ ရောက်သည့်အခါမှသာ တံခါးကို ဖွင့်လို့မရသည်ကို သတိပြုမိလိုက်သည်။
ထိုတံခါးတွင် လက်ကိုင်ဘုသီး ရှိမနေခဲ့ပေ။
တံခါးဖွင့်သည့် စနစ်မှာ သူသိထားသည်နှင့် ကွဲပြားနေခဲ့သည်။
တံခါးလက်ကိုင်တစ်ခုတည်းသာ ကွဲပြားသည်မဟုတ်ဘဲ တံခါးတစ်ခုလုံး သည်ပါ ကွဲပြားနေခြင်းဖြစ်ကြောင်း သတိထားမိရန်အတွက် အချိန်ခဏခန့် ယူလိုက်ရသည်။
သူ၏ မျက်နှာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသော်လည်း တံခါးတစ်ခုလုံး သည် တစ်ညတာတည်းနှင့် မည်သို့ ပြောင်းလဲသွားနိုင်ရသနည်းဟု တွေးမိလိုက်၏။
အခန်း၏ ကျန်ရှိနေသည့်နေရာများကို လေ့လာကြည့်လိုက်ပြီးနောက်တွင်မူ အခန်းတစ်ခုလုံး ကွဲပြားနေသည်ကို သူသတိပြုသွားခဲ့သည်။
ယခုအခန်းသည် သူ၏ မူလအခန်းနှင့် လုံးဝကွဲပြားခြားနားနေသည်။
ပိုမိုကြီးသွားရုံသာမကပဲ အဆပေါင်းများစွာ ပို၍ ခမ်းနားထည်ဝါလွန်းနေခဲ့သည်။
အိပ်ရာတစ်ခုတည်းကပင် သူ၏ နဂို အခန်းတစ်ခုလုံးထက်ပင် အများကြီး ပိုကြီးနေသည်။
“ငါ အိပ်မက်မက်နေတုန်းပဲလား”
ထိုလူသည် သူ၏ ခေါင်းကို ပြန်ကုတ်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် မိမိကိုယ်ကိုယ် ပြန် မေးလိုက်မိ၏။
သူသည် အစောပိုင်းလေးကတင် လန့်နိုးလာသည်ဟု သူ့ကိုယ်သူ ယုံကြည်ထားခဲ့သည်။
အဘယ်ကြောင့် အိပ်မက်ဆက်မက်နေရဦးမည်နည်း...။
နေပါဦး ဤအရာသည် အမှန်တကယ်ပင် အိပ်မက်ထဲမှ အိပ်မက်ပင်လော...။
ထိုသူသည် သူ့ကိုယ်သူ နိုးထစေရန်အတွက် သူ၏ မျက်နှာကို ဆွဲလိမ်လိုက်သော်လည်း သူခံစားရသည့် နာကျင်မှုသည် ထိုအရာမှာ အိမ်မက်မဟုတ်ကြောင်း ဖော်ပြနေခဲ့သည်။
“အား နာတယ်ဟ”
ထိုအရာသည် အိပ်မက်မဟုတ်မှန်း သူလက်ခံလိုက်ရလေသည်။
သို့သော် ထိုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။
သူသည် အဝေးရှိ ကိုယ်လုံးပေါ်မှန်တစ်ခုဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားလိုက်သည်။
ထို့နောက်သူ့ကိုယ်သူပြန်ကြည့်လိုက်ကာ သူ၏ လက်ချောင်းများက သူ၏ ပါးပြင်ကို ပြန်လည် ပွတ်သပ်နေမိသည်။
အစောပိုင်း ဆွဲဆိတ်ထားမှုကြောင့် သူ၏ ပါးပြင်တစ်ဖက်မှာ အနည်းငယ် အနီရောင်သန်း၍ ရောင်ရမ်းနေဆဲ ဖြစ်၏။
သူသည် အလယ်ခေတ်လောက် ကျက်သရေရှိစွာနှင့် ခေတ်ဆန်သော တော်ဝင်ဝတ်စုံတစ်တည်ကို ဝတ်ဆင်လျက်သားရှိနေခဲ့ပြီး သူ၏ ယခု ရုပ်ရည်သွင်ပြင်ကြောင့်လည်း သူသည်ပို၍ပင် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦးနှင့် တူနေခဲ့သည်။
သူ၏ ရွှေအိုရောင်ဆံပင်များသည် ခါးလည်အထိ ရှည်လျားကျနေကာ ပိုးသားများကဲ့သို့ ချောမွေ့စွာဖြင့် အရောင်များ တလက်လက်တောက်ပနေလေသည်။
သူသည် ၎င်းတို့ကို အလွန်ပင် ဂရုတစိုက် ထိန်းသိမ်းထားသည့်အလားပင်။
သူ၏ အသားအရေမှာလည်း အပြစ်အနာအဆာ တစ်စုံတစ်ရာမရှိပဲ ပကတိ ပြီးပြည့်စုံနေခဲ့သည်။
သူ၏ ပုံရိပ်ကို ပြန်ကြည့်ရင်း ထိုထူးခြားသော ရုပ်ရည်သွင်ပြင်ကြောင့် သူ၏ မေးစေ့သည် အောက်သို့ပြုတ်ကျလုနီးပါး အံ့အားသင့်သွားခဲ့ရသည်။
ထိုအရာသာ သူ၏ ရုပ်ရည်သွင်ပြင်အမှန် ဖြစ်ခဲ့ပါက သူ့အား တန်းတန်းစွဲဖြစ်နေခဲ့မည့် အမျိုးသမီးအရေအတွက်ကို စိတ်ကူး၍ပင် ကြည့်မိလိုက်သည်။
စစ်တပ်တွင် အမှုထမ်းခဲ့စဉ်က မျက်နှာတွင် ရရှိထားသော အမာရွတ်များနှင့် သာမန်လူတစ်ယောက်အတွက်မူ ထိုအရာသည် လုံးဝကွဲပြားခြားနားသော အတွေ့အကြုံတစ်ခုဟု ယူဆနိုင်လေသည်။
သူသည် အင်္ကျီကို ချွတ်လိုက်ကာ သူ၏ ရင်ဘတ်ကို ပြန်လည် စစ်ဆေးကြည့်လိုက်သောအခါတွင်လည်း သူ၏ ခန္ဓာကိုယ်တွင် တစ်ချိန်က ရရှိခဲ့သော အမာရွတ်များသည် တစ်စိုးတစ်စိမျှပင် မတွေ့ရတော့ပေ။
စစ်ပွဲအတွင်း ရရှိခဲ့သော သူ၏ ဒဏ်ရာဒဏ်ချက်များသည် ရုတ်တရက်ကြီး လုံးဝပျောက်ကွယ်သွား သကဲ့သို့ပင် ဖြစ်နေ၏။
“ဒါက ဘာတွေဖြစ်နေတာလဲ”
သူသည် တွေးမိလေလေ ပို၍ ရှုပ်ထွေးလေလေ ဖြစ်လာခဲ့သည်။
မိသားစုနှင့်အတူတကွ ပြန်လည်နေထိုင်ရန် သူ၏ စစ်တပ်ဆီမှ ခွင့်အဖြစ် ရက်အနည်းငယ် ရရှိထားခဲ့သည်ကို မှတ်မိနေသေးသည်။
သို့သော် စစ်ပွဲမှ ခွဲခွလာာခဲ့ရသည့်အချိန်များသည် အလွန်ပျင်းရိဖွယ်ကောင်းနေခဲ့သည်။
စစ်ပွဲမှ ပြန်လာပြီးနောက် သူသည် မိသားစုနှင့် ပို၍ပို၍ ဝေးကွာလာပုံရလေသည်။
သူ၏ ခန္ဓာကိုယ် အမာရွတ်များနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးမှုများ ခံစားနေရသဖြင့် အပြင်သို့ မျက်နှာထွက်ပြရမည်ကိုပင် စိုးရွံ့နေခဲ့ခြင်းကြောင့် အခန်းထဲတွင်သာ သူ၏ အချိန်အများစုကို ကုန်ဆုံးပစ်ရန် ဆုံးဖြတ်ခဲ့သည်။
ဤကာလအတွင်း သူသည် အွန်လိုင်းမှ ဝတ္ထုအနည်းငယ်ကို ဖတ်ရှုရင်းဖြင့် အချိန်ဖြုန်းနေခဲ့မိသည်။
ထိုသို့ဖြင့် သူ၏ ခွင့်ရထားသော နေ့ရက်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် သူ၏ ခွင့်ရက်ပြည့်ရန် နောက်ဆုံးတစ်ရက်သာ ကျန်ရှိတော့ပြီး နောက်နေ့မနက်တွင် သူ၏ တာဝန်များကို ပြန်လည်ထမ်းဆောင်ရန် နေအိမ်မှ ပြန်လည် ထွက်ခွာသွားတော့မည်ဖြစ်၏။
ကံမကောင်းစွာဖြင့် ထိုနောက်ဆုံးညတစ်ညကပင် သူ့အတွက် ကြီးမားသောပြောင်းလဲမှုတစ်ခုကို သယ်ဆောင်လာပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုသူသည် ဤမရင်းနှီးသောနေရာတွင် ရောက်နေသောကြောင့်ပင်တည်း...။
“အရှင်မင်းကြီး နိုးပြီလားခင်ဗျာ...”
အသံတစ်သံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။
“အရှင်မင်းကြီး.... အရှေ့ပိုင်းတိုက်ကြီးက သံတမန်တွေ..... ကာဒီနယ်ရဟန်းအမတ်တွေ... ဒီအခေါ်အဝေါ်တွေကို ငါ ဘာလို့ ရင်းနှီးနေရတာလဲ”
ထိုလူသည် ထိုစကားလုံးများကို ဘယ်မှာကြားဖူးသည်ကို ပြန်မှတ်မိရန် ကြိုးစာကြည့်လိုက်သည်။
ထိုစကားလုံးများကို ဘယ်မှာကြားဖူးခဲ့သည်ကို ပြန်မှတ်မိရန် သူသည် အတော်လေး ကြိုးစားလိုက်ရသည်။
“ဒါက ညကဖတ်တဲ့ ဝတ္ထုရဲ့ အစပိုင်းအပိုင်းတွေထဲက မဟုတ်ဘူးလား”
သူသည် ထိုအရာကို မှတ်မိလိုက်သည်နှင့် သူ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့တော့သည်။
မဖြစ်နိုင်စရာတစ်ခုဟု ထင်ရသော်လည်း အချက်အလက်များအားလုံးသည် ထိုအရာကိုသာ ညွှန်ပြနေကြသည်။
ယခုသူသည် သူ၏ မူလကမ္ဘာမြေပေါ်တွင် ရှိနေခြင်းမဟုတ်တော့ပေ။
သူသည် ညကဖတ်ခဲ့သော ထိုဝတ္ထုကမ္ဘာအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးဖြစ်နေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဝိညာဉ်ကူးပြောင်းသွားမှုက သိပ္ပံနည်းအရ ဘယ်လိုမှ လက်တွေ့မဖြစ်နိုင်ဘူးလေ ဒါက မဖြစ်သင့်ဘူး ဒါ....ဒါဆို ဘယ်လိုလုပ် ဖြစ်သွားရတာလဲ... ငါ...ငါက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာရတာလဲ”
#Catfoot