← Chapters

အနီရောင်ကမ္ဘာ

Vol. 25 Ch. 354

အနီရောင်ကမ္ဘာ

Vol. 25 Ch. 354

….

အာရန်တို့အား အစေခံတစ်ဦးမှ ၎င်းတို့အတွက် စီစဉ်ပေးထားသော အခန်းများဆီသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

သူတို့သုံးဦးအတွက် စီစဉ်ပေးထားသော အခန်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေကြသော်လည်း နန်းတော်၏ လုံးဝကွဲပြားခြားနားသော အစိတ်အပိုင်း တစ်ခုစီတွင် နေရာချထားခြင်း ဖြစ်လေ၏။

၎င်းတို့သည် ပင်မခန်းမဆောင်နှင့် ဧကရာဇ်နေထိုင်ရာ နေရာနှင့် ဝေးကွာသောနေရာတစ်ခုတွင် တည်ရှိခြင်းလည်းဖြစ်လေသည်။

ဤနေရာတွင် လုံခြုံရေးအစောင့်များ နည်းပါးနေသည်။

ဧည့်သည်တော်များ ပို၍ သက်တောင့်သက်သာရှိစေရန်အတွက်လည်းဖြစ်နိုင်သည်။

အမြဲတမ်း စောင့်ကြည့်ခံနေရသော အကျဉ်းသားများကဲ့သို့ ခံစားရစေမည့်အစား သူတို့အား အချင်းချင်း လွတ်လပ်စွာသာ ထားရှိပြီး အစောင့်များကို ထိုနေရာ၏ အနည်းငယ်တွင်သာ ချထားခြင်းမျိုးဟုယူဆ၍လည်းရသည်။

ဧကရာဇ်၏ ရှုထောင့်မှကြည့်လျှင်မူ ၎င်းသည် နားလည်ပေးနိုင်သော်လည်း အာရန်သည် ဤအရာသည် ထိုဧကရာဇ်၏ ဆုံးဖြတ်ချက်မဟုတ်ဟု ခံစားမိသည်။

ဧည့်သည်များကို သက်တောင့်သက်သာဖြစ်အောင် ပြုမူပေးခြင်းသည် ကောင်းမွန်သော်လည်း ဧကရာဇ်က ထိုသို့သော အန္တရာယ်များသောအလုပ်ကို အဘယ်ကြောင့် လုပ်မည်နည်း။

အကယ်၍ သူ၏ တော်ဝင်နန်းတော်တွင်သာ ဧည့်သည်များ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက အပြစ်သည် သူ့ခေါင်းပေါ်သို့သာ ပုံကျလာမည်မဟုတ်ပါလား...။

ထို့ကြောင့် ထိုအရာသည် အခြားတစ်စုံတစ်ဦး၏ လက်ချက်သာဖြစ်ပေလိမ့်မည်ဟု နားလည်လိုက်သည်။

အာရန်သည် အစောင့်များ နေရာချထားမှုနှင့်ပတ်သက်၍ စဉ်းစားနေစဉ် ဧကရာဇ်၏ အချက်အလက်များနှင့်ပတ်သတ်၍ စနစ်ဖန်သားပြင်ပေါ်တွင် သူမြင်ခဲ့ရသည်များကို ပြန်လည် သုံးသပ်လိုက်မိ၏။

.................

အမည်- ဒေမီယန် ဗယ်လာရီယန် (ဂျိတ် ရေဇင်ဟော)

ရာထူး - သန့်စင်အင်ပါယာ၏ ဧကရာဇ်

အချက်အလက် - ကမ္ဘာမြေမှ ဝိညာဉ်ကူးပြောင်းလာသူ

ကျွမ်းကျင်မှုများ - အမှား XXX

.................

အာရန်သည် သန့်စင်ဧကရာဇ်မှာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိပြီးသားဖြစ်သော်လည်း ထိုဧကရာဇ်ကို ကမ္ဘာကူးပြောင်းလာသူတစ်ဦး ဝင်ရောက် ပူးကပ်နေလိမ့်မည်ဟုတော့ လုံးဝမျှော်လင့်မထားမိခဲ့ပေ။

ဤသို့ဖြင့် နောက်ဆုံးတွင် သူသည် အနောက်ဘက်တိုက်ကြီးအတွင်းမှ ကမ္ဘာကူးပြောင်းလာသူ တစ်ဦးကိုလည်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်၏။

ယခု သူသည် တိုက်ကြီးတိုင်းလိုလိုရှိ ဝိညာဉ်ကူးပြောင်းလာသူများ၏ နေရာများကို ခန့်မှန်းခြေအားဖြင့် သိရှိထားပြီဖြစ်သည်။

အရှေ့ဘက်တိုက်ကြီးတွင် တစ်ဦးတည်းသော ဝိညာဉ်ကူးပြောင်းသူမှာ အာရန်ကိုယ်တိုင်ပင်ဖြစ်သည်။

တောင်ပိုင်းတိုက်ကြီးတွင်မူ ဝိညာဥ်လမ်းလျှောက်သူနှင့် ပရောဖက်တို့ ရှိနေကြပြီး နှစ်ဦးစလုံးသည် အရေးပါသော ရာထူးများကို ပိုင်ဆိုင်ထားကြလေသည်။

မြောက်ပိုင်းတိုက်ကြီးတွင်မူ ဖေးရှိနေခဲ့ပြီး သူသည် အာရန်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီးဖြစ်သည်။

နောက်ဆုံးတွင် ဤအနောက်တိုင်းတိုက်ကြီးတွင်မူ သန့်စင်ဧကရာဇ်ကိုယ်တိုင်ပင်ဖြစ်လေသည်။

ဤဝိညာဉ်ကူးပြောင်းလာသူ လေးဦးအနက် ဖေးတစ်ဦးတည်းသာ နောက်ခံ ဩဇာအာဏာမရှိသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်၏။

သူသည် တိုက်ပွဲတွင်ကျရှုံးခဲ့ပြီးသား လေမျှောင်စင်၏ အမွေဆက်ခံသူတစ်ဦး ဖြစ်သည်။

သို့သော် ကျန်ရှိနေသောသူ၏ အခြားမျိုးနွယ်စုဝင်များကိုမူ သူကိုယ်တိုင်ပင် ပြန်လည် သတ်ပစ်ခဲ့ပြီး ဖြစ်၏။

အာရန်၏ အမြင်အရမူ ဖေးသည် သူရင်ဆိုင်ရမည့်သူများထဲတွင် အန္တရာယ်အရှိဆုံးသူဖြစ်သည်ဟု ယူဆထားခဲ့သည်။

အထူးသဖြင့် သူ့၏ အရှင်သခင်များကိုပင် ကျွန်ပြုနိုင်သော စွမ်းရည်သည် အတော်လေး ခေါင်းခဲစရာတစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။

ဝိညာဉ်ကူးပြောင်းလာသူ လေးဦးအနက် ဖေးသည် အာရန်တစ်ယောက် အမြန်ဆုံး သတ်ပစ်လိုသည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။

အာရန်သည် မြောက်ဘက်တိုင်နှင့် ဤအနောက်ဘက်တိုက်တို့တွင် ဝိညာဉ်ကူးပြောင်းသူ တစ်ဦးစီလော သို့မဟုတ် ထို့ထက်ပို၍ ရှိနေမည်လော မသေချာသေးသော်လည်း ယခုသိထားသလောက်ဖြင့်ပင် အမှောင်ထဲတွင် စမ်းတဝါးဝါး ရှာဖွေနေရခြင်းထက်တော့ ပို၍ ကောင်းမွန်နေသေး၏။

ဤမျှသိလိုက်ခြင်းဖြင့်ပင် အာရန်သည် စာရေးဆရာအပေါ် မေးခွန်းတစ်ခုစာ ထပ်မံ ဖြုန်းတီးရန် မလိုအပ်တော့ပေ။

အလွန်အဖိုးတန်သော အချက်အလက်များစွာကို စုဆောင်းထားပြီး ဖြစ်သောကြောင့် အာရန်သည် စာရေးဆရာဆိုသူနှင့် တွေ့ဆုံမှုတစ်ခုပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ အတော်အသင့်ပြုလုပ်ပြီးပြီဟု ခံစားလိုက်ရသည်။

အာရန်တွင် စာရေးဆရာဆိုသူအား မေးမြန်းရန် ရည်ရွယ်ထားသော သီးသန့်မေးခွန်း တစ်ခုလည်း ရှိနေခဲ့၏။

သို့သော် ထိုမေးခွန်းမမေးမှီ ယခုအချိန်တွင် သူ့အတွက် အနားယူရန် အလွန်လိုအပ်နေသည်။

အဘယ်ကြောင့်ဆိုသော် သန့်စင်ဧကရာဇ်နှင့် ပတ်သက်သော အချက်အလက်များကို စဉ်းစားရန်အတွက်ပင် သူ၏ စိတ်မှာ အတော်လေးကို ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ကြောင့်ပင်တည်း။

ဤတွေ့ရှိမှုအသစ်များနှင့် ပတ်သတ်၍ပင် လက်ရှိသူ၏ အလွန်အနားယူ ရန်လိုအပ်နေသော အခြေအနေဖြင့် ထိုအရာကို အလွန်အကျွံ စဉ်းစားမနေနိုင်ခဲ့ပေ။

ထို့နောက် အာရန်သည် နိုးတစ်ဝက်အိပ်မက်တစ်ခုတွင် စမ်းတဝါးဝါး လျှောက်လှမ်းနေသကဲ့သို့ ခံစားနေရပြီး လက်တွေ့ဘဝနှင့် အိပ်မက်များကြားတွင်ပင် ခွဲခြားသိမြင်နိုင်ရန် တဖြည်းဖြည်း ပိုမို ခက်ခဲလာပြီမှန်း သဘောပေါက်လိုက်၏။

မကြာမီပင် သူတို့အား စီစဉ်ပေးထားသော အခန်းများတည်ရှိရာနေရာသို့ ရောက်ရှိသွားလေသည်။

အာရန်သည် သူ၏ အချိန်များကို ထပ်မံ မဖြုန်းတီးတော့ဘဲ အခန်းထဲသို့ တန်း၍ ဝင်ရောက်သွားလိုက်သည်။

သို့သော် သူသည် မိန်းကလေးနှစ်ဦးကိုလည်း ချန်ထားခဲ့ခြင်းမရှိပေ။

သူတို့၏ လက်များကို တစ်ဖက်တစ်ချပ်စီတွင် ဆုပ်ကိုင်ကာ သူ၏ အခန်းတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လိုက်ပို့ပေးသည့်အစေခံလေးအား အခြားအခန်းများ မလိုအပ်တော့ကြောင်း အသိပေးလိုက်သည်။

ထို့နောက် အာရန်သည် အခန်းတံခါးကို ဆောင့်၍ ပိတ်လိုက်ရာ အစေခံသည် အံ့အားသင့်စွာဖြင့် ကျန်ရစ်ခဲ့တော့သည်။

‘မဟာအကြီးအကဲအမျိုးသမီးကိုတော့ နားလည်ပေးနိုင်ပေမယ့် ဟိုမိန်းကလေးကကျ သူ့တပည့်မလေး မဟုတ်ဘူးလား သူက... သူမနဲ့တောင်....ဟူး သူတို့ ဂိုဏ်းကလူတွေက ကြားထားတဲ့ သတင်းတွေ အတိုင်းပါပဲလား”

အစေခံကောင်လေးသည် စက်ဆုပ်ရွံရှာသော မျက်နှာဖြင့် အခန်းတံခါးဝကို တစ်ချက်ခန့် စိုက်ကြည့်နေလိုက်ပြီးနောက် နောက်သို့ ပြန်လှည့်သွားခဲ့သည်။

‘အရေးမကြီးပါဘူး မင်းတို့ ပျော်နိုင်တုံးပျော်ထားကြဦးပေ့ါ မင်းတို့ရဲ့ သာယာတဲ့အချိန်လေ‌‌းတွေဟာ သိပ်တော့ ကြာကြာမခံတော့ပါဘူးလေ...’

.....

အာရန်အား စီစဉ်ပေးထားသော အခန်းသည် မြို့စားအိမ်တော်ရှိ အခန်းကဲ့သို့ပင် အတော်လေးသပ်ရပ်လှပနေခဲ့သည်။

ထို့ပြင် ယခုအခန်းသည် ၎င်း၏ ကိုယ်ပိုင်ထူးခြားသော ရနံ့များဖြင့်သင်းပျံ့နေ၍ ပို၍ပင် ခမ်းနားထည်ဝါနေပုံရလေ၏။

အာရန်သည် ထိုအရာများကို ဂရုစိုက်ရန်ပင် အာရုံမရတော့ပေ။

သူသည် အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်ကာ ခေါင်းအုံးထဲသို့ မျက်နှာအပ်လိုက်သည်နှင့် ကလေးငယ်တစ်ယောက်ကဲ့သို့ ချက်ချင်းပင် အိပ်ပျော်သွားခဲ့သည်။

ဇီယာနှင့် ယူလင်းတို့အား သူ၏ အခန်းသို့ ခေါ်ဆောင်လာခြင်းမှာ သူတို့အား ပိုမို လုံခြုံမှုရှိစေရန် သူ၏အကြံဉာဏ် တစ်ခုပင်ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ခု မှားယွင်းခဲ့ပါက အနည်းဆုံးတော့ သူတို့သည် အတူတကွရှိနေကြသောကြောင့် ဖြေရှင်းရပိုမိုအဆင်ပြေမည်ဖြစ်၏။

ယခု သန့်စင်ဘုရားကျောင်းသည် တစ်စုံတစ်ရာကို ပြုလုပ်ရန် စီစဉ်နေမှန်း သူသေခြာသွားပြီဖြစ်သဖြင့် သူတို့နှစ်ဦးအား တစ်ယောက်တစ်နေရာစီ ထားခဲ့၍ မဖြစ်နိုင်တော့ပေ။

......

ကာဒီနယ်ရဟန်းအမတ်တစ်ဦးဖြစ်သည့် ထရီနီယယ်သည် ဧကရာဇ် နှင့် စကားပြောခွင့်မရခဲ့သဖြင့် တော်ဝင်နန်းတော်အတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

သူသည် တော်ဝင်နန်းတော်ရှိရာဘက်သို့ တစ်ချက်တစ်ချက် ပြန်လှည့်ကြည့်ကာ သူ၏ ထိုအကြည့်များအတွင်း သံသယအချို့ပါဝင်နေခဲ့သည်။

“သူများ တစ်ခုခု ရိပ်မိသွားလို့များလား” ဟု တွေးမိလိုက်သည်။

“ဒါပေမယ့် သူသိရင်တောင် သူ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူးလေ သန့်စင်ဧကရာဇ် နဲ့ နစ်ခရိုမန်ဆာမျှော်စင်ကို အတူတကွ ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီ”

ထရီနီယယ်၏ နှုတ်ခမ်းများတွင် ကောက်ကျစ်သည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး သူသည် တိမ်များ ထူထပ်နေသော ကောင်းကင်ပြင်ကြီးကို တစ်ချက်ငေးမော ကြည့်မိလိုက်သည်။

“သိပ်မကြာတော့တဲ့ကာလတစ်ခုမှာ တိုက်ကြီးလေးခုစလုံး ကျုပ်တို့ နတ်ဘုရားမရဲ့ ကျေးဇူးတော်ကို ချီးမွန်းကြရလိမ့်မယ်”

.....

အချိန် မည်မျှကြာသွားသည်မသိ ..... အာရန်တစ်ယောက် သတိပြန်ရလာခဲ့လေသည်။

သူသည် မျက်လုံးများ မဖွင့်ရသေးခင်မှာပင် မျက်မှောင်ကြုတ်မိလျက်သား ဖြစ်နေခဲ့၏။

အဘယ်ကြောင့်ဆိုသော သူလဲလျောင်းမိနေသော အိပ်ရာကြမ်းပြင်သည် အတော်လေး ကြမ်းတမ်းနေသောကြောင့်ပင်တည်း...။

အာရန်တစ်ယောက်သတိထားမိလိုက်သည်မှာ သူသည် အစောပိုင်း အိပ်ပျော်သွားခဲ့စဥ်ကကဲ့သို့ နူးညံ့သောအိပ်ရာခင်းတစ်ခုပေါ်တွင် ရှိနေခြင်းနှင့် လုံးဝတူမနေခဲ့ပေ။

“ငါ့အိပ်ရာက ဘာလို့များ ကျောက်ဖျာကြီးတစ်ချပ်လို မာမာတောင့်တောင့်ကြီးလို့ ခံစားမိနေရတာလဲ” ဟု တွေးမိလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ထိခိုက်ထားသောကြောင့်များ နူးညံ့သောအိပ်ရာပင် ဤမျှ မာ‌ကျောနေသည်ဟု ခံစားနေရခြင်းများလားဟုလည်း ထပ်မံ၍ တွေးမိလိုက်ပြန်သည်။

ထို့နောက် ဖြည်းဖြည်းချင်းဖြင့် သူ၏ မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်ရာ သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် နီညိုရောင် သန်းလျက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

၎င်း၏ မျက်နှာပြင်တစ်ခုလုံးသည် ကြက်သွေးရောင်များ ခြယ်သထားသကဲ့သို့ပင် ဖြစ်နေ၏။

ဤသည်မှာ သူအစောပိုင်း အိပ်ပျော်သွားခဲ့သော အခန်းတစ်ခုအတွင်း မဟုတ်ပေ။

ထို့နောက်အာရန်သည် သူ၏ ခန္ဓာကိုယ်အား အားတင်း၍ ထူမတ်လိုက်ကာ သူနှင့်မရင်းနှီးသော ထိုပတ်ဝန်းကျင်ကို တစ်ချက်လေ့လာကြည့်လိုက်သည်။

သူသည် အိပ်ရာပေါ်တွင် ရှိနေခြင်းမဟုတ်ပဲ မြို့တစ်မြို့လောက် အရွယ်အစား ကြီးမားသော တွင်းနက်ကြီးတစ်ခု၏ ထိပ်ဝပိုင်း ကျောက်ဆောင်ကြီးတစ်ခု၏ မျက်နှာပြင်အလယ်ပိုင်းလောက်တွင် လဲလျောင်းနေခဲ့ခြင်းဖြစ်၏။

အာရန်ယခု မြင်မြင်သမျှအရာတိုင်းသည် သူယခင်က ရင်းနှီးခဲ့ဖူးသော မည်သည့်နေရာနှင့်မျှ တူညီနေသည့်လက္ခဏာမျိုး တစ်စိုးတစ်စိမျှပင် ရှိမနေခဲ့ပေ။

“ငါ ဘယ်ရောက်နေတာလဲ” ဟု အာရန်သည် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်ပြီး သူသည် အိပ်မက်ကမ္ဘာတစ်ခုထဲသို့ရောက်ရှိနေသလားဟု တွေးမိလိုက်ပြီး သူ၏ လက်ဖမိုးကို တစ်ချက်ခန့် ဆွဲလိမ်ကြည့်လိုက်သည်။

သို့သော် ခံစားလိုက်ရသော နာကျင်မှုများအရ ဤနေရာသည် တကယ့်အစစ်အမှန် နေရာတစ် ခုဖြစ်နေဟန်ရကြောင်း တွေ့ရှိလိုက်ရလေသည်။

#Catfoot

All Chapters