အကြွင်းမဲ့ခွန်အား
Vol. 25 Ch. 356
....
ကောင်းကင်ယံရှိ အက်ကွဲကြောင်းကြီးသည် အာကာသနှင့် လက်ရှိကမ္ဘာကို ဆက်သွယ်ပေးထားသော အက်ကြောင်းတစ်ခု ဖန်တီးလိုက်သကဲ့သို့ပင် ပိုမို ကျယ်ပြန့်လာခဲ့သည်။
အစောပိုင်း နွေးထွေးနေခဲ့သော လေထုသည် ရုတ်ချည်းပင်ပို၍ အေးစက်လာလေ၏။
သူ၏ ပတ်ဝန်းကျင်ရှိ ခြောက်သွေ့အက်ကွဲနေသော ကန္တာရဆန်သော မြေပြင်သည်ပင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။
တွင်းနက်ကြီးများအချို့၌ ပြည့်နှက်နေသော သွေးရေကန်ကြီးများသည် မြူခိုးငွေ့များအဖြစ် အသွင်ပြောင်းသွားကာ လေထုထဲသို့ လွင့်ပါးပျောက်ကွယ်သွားကြသည်။
အာရန်၏ လက်ထဲရှိ ဓားမှာမူ အသက်ဝင်နေသကဲ့သို့ နွေးထွေးမှုတစ်ခုကို ထုတ်လွှင့်ပေးနေဆဲဖြစ်၏။
ဓားသည် သူ၏ နှလုံးခုန်သံနှင့် စည်းချက်ညီနေသကဲ့သို့ အနည်းငယ် တုန်ခါနေခဲ့သည်။
၎င်းဓားရှိ အော်ရာအငွေ့အသက်သည် အဆိပ်လည်ဆွဲနှင့် ဆင်တူပုံရသော်လည်း ၎င်းဆီမှပို၍ အစွမ်းထက်သည့် စွမ်းအင်များထုတ်လွှတ်လျက်ရှိကြောင်း အာရန်တစ်ယောက် ခံစားသိနိုင်နေသည်။
အဆိပ်လည်ဆွဲသည်ပင် ဤဓားမှပိုင်ဆိုင်ထားသည့် စွမ်းအားများ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။
ထိုထူးဆန်းသည့်ဓားကြီးသည် အာရန်၏ လက်ထဲသို့ ရောက်ရှိသွားသည့် အချိန်တွင်မူ သူ၏လည်ပင်း ပတ်ပတ်လည်ရှိ အဆိပ်ဆွဲကြိုးလေးမှာ ၎င်း၏နောက်ဆုံးကျန်ရှိသော စွမ်းအင်များကို အသုံးချပြီးဖြစ်၍ ပျက်စီးပျောက်ကွယ်သွားခဲ့လေသည်။
ကောင်းကင်ယံရှိ အက်ကွဲကြောင်းသည် တဖြည်းဖြည်း ပိုမိုကြီးထွားလာရာ နောက်ဆုံးတွင် အခြားကမ္ဘာတစ်ခုသို့ ဆက်သွယ်ထားသော တံခါးပေါက်တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းမှတစ်ဆင့် အာရန်သည် မျက်စိစူးလောက်အောင် တောက်ပနေသော အလင်းရောင်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုကို မြင်တွေ့လိုက်ရသည်။
ထိုကြီးမားသော အာကာသအက်ကွဲကြောင်းကြီးဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်များသည် တစ်စုံတစ်ရာမှ ၎င်း၏ရှေ့တွင်ပိတ်ရပ်လိုက်သကဲ့သို့ ချက်ခြင်းပြန်လည် မှေးမှိန်သွားခဲ့သည်။
အာရန်သည် သူ၏ကိုယ်ခန္ဓာတစ်ခုလုံး အေးစက်သွားသည်ကို ခံစားရသည်။
အဘယ်ကြောင့်ဆိုသော် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုကြီးတစ်ခုမှ သူ့အား စိုက်ကြည့်နေသည်ဟု ခံစားလိုက်မိသောကြောင့် ပင်တည်း။
အာရန်သည် ထိုဝေဟင်ထက်ရှိ အာကာသအက်ကွဲကြောင်းကြီးကိုသာ ငေးကြည့်နေလျက်ရှိပြီး ထိုနေရာဆီမှ မျက်စိအကြည့်ကို လုံးဝမခွာနိုင်တော့ပေ။
ထို့နောက် ထိုအက်ကွဲကြောင်းကြီးမှတစ်ဆင့် သူ့အား လေ့လာစူးစမ်းနေဟန်ရသော ကြီးမားသည့် မျက်လုံးကြီးတစ်လုံးကို ပီပြင်စွာ မြင်တွေ့လိုက်ရလေတော့၏။
အာရန်သည် သူ့အား ထိုမျက်လုံးကြီးမှ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ရင်ဘတ်ထဲမှ အလိုလို လှိုက်တက်လာသော ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။
၎င်းသည် သူတစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော ကြောက်ရွံ့မှုမျိုးပင်။
၎င်းသည် သေခြင်းတရားထက်ပင် ကျော်လွန်သည့် ကြောက်ရွံ့မှုမျိုးလည်း ဖြစ်လေသည်။
သူ၏ သေခြင်း၊ ရှင်ခြင်းသည်ပင် ထိုအရာ၏ အလုံးစုံ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းသာ အလိုရှိခဲ့ပါက သူသည် သာမန်ရုပ်သေးရုပ်လေး တစ်ရုပ်ကဲ့သို့ပင် လွယ်ကူစွာ ဖျက်ဆီးခံရလိမ့်မည်ဟုလည်း ခံစားမိလိုက်သည်။
အာရန်၏ စိတ်ပိုင်းဆိုင်ရာ သန်မာမှုများသည် ထိုမျက်လုံးကြီးကို မြင်တွေ့လိုက်ရသည့်အချိန်မှာပင် အရာအားလုံး ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီး သူ၏လက်များသည် ဆောက်တည်ရာမရဖြစ်ကာ တုန်ယင်လာကြသည်။
အာရန်သည် ဤကမ္ဘာမှာ မည်သို့သော ကမ္ဘာမျိုးဖြစ်ကြောင်း သို့မဟုတ် သူသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ရကြောင်းပင် နားမလည်နိုင်ခဲ့ပေ။
သို့သော် ဤအတိုင်းဆိုပါက ထိုဓားကိုဆွဲနှုတ်ခဲ့ခြင်းအတွက်ပင် သူသည် အနည်းငယ် နောင်တရစိတ်များ ဝင်လာခဲ့သည်။
သူပင် အနားကပ်၍ မရနိုင်သော ဤကဲ့သို့ ဘာမှန်းမသိသည့် ဖြစ်တည်မှုကြီးတစ်ခု၏ရှေ့တွင် သူသည် သာမန်ပုရွဲဆိပ်လေးတစ်ကောင်ကဲ့သို့ သေဆုံးသွားရမည့် နေရာတစ်ခုပင်လားဟု တွေးမိလိုက်သည်။
“မင်းက ဒီလောက်ဟာလေးကိုတောင် အဲ့လောက်ထိ ကြောက်နေရသလား”
အာရန်သည် စိတ်ဓာတ်များအားလုံး ပြိုကျလုနီးပါးဖြစ်သွားချိန်မှာပင် သူ၏ နားထဲ၌ လူတစ်ယောက်၏ ပြတ်သားသော အသံတစ်သံကို ကြားလိုက်ရ၏။
ထိုအသံမှာ သူ့အနေနှင့် ပထမဆုံးအကြိမ်အဖြစ် ယခုမှ ကြားဘူးသော အသံပင်ဖြစ်သည်။
မည်သူပြောနေသည်ကို သိရှိနိုင်ရန် နောက်သို့ လှည့်ကြည့်ရန် ကျိုးစားလိုက်သော်လည်း ကံမကောင်းစွာဖြင့် သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တစ်လက်မမျှပင် လှုပ်ရှား၍ မရနိုင်တော့ကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိလိုက်ရသည်။
အာရန်၏ ခန္ဓာကိုယ်သည် အာရန်၏ စကား နားထောင်ရန် ရိုးရှင်းစွာဖြင့် ငြင်းဆန်နေသကဲ့သို့ပင်...။
ထိုသို့ အာရန်တစ်ယောက် ထိတ်လန့်မှုများဖြင့် စိတ်ရှုပ်ထွေးနေဆဲအချိန်မှာပင် တစ်စုံတစ်ဦး၏ လက်ချောင်းများသည် သူ၏ လက်တစ်ဖက်အား လာရောက် ထိကိုက်လိုက်သည်ဟု ခံစားမိလိုက်သည်။
သို့မဟုတ် သူ၏လက်ထဲရှိဓားကို ထိလိုက်ခြင်းဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။ ထိုလူ၏လက်ဖြင့် ထိတွေ့မိလိုက်သည်နှင့်တစ်ပြိုင်နက် အာရန်၏ လက်ရှိ ခံစားနေရသော ဖိအားများသည် လုံးဝ ယူပစ်သလို ပျောက်ကွယ်သွားကာ ထိုအမည်မသိပုဂ္ဂိုလ်မှ အာရန်၏ လက်မှတဆင့် ထိုဓားကို ဆွဲယူလိုက်၏။
ထိုပုဂ္ဂိုလ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်လက် လှမ်းလိုက်သည်။
အာရန်သည် သူ၏မျက်လုံးများကို ရှေ့သို့အာရုံ ပြန်စိုက်လိုက်ရာ ထိုပုဂ္ဂိုလ်၏ပုံရိပ်ကို တဖြည်းဖြည်းချင်း ထင်ရှားစွာ မြင်လိုက်ရသည်။
ကံမကောင်းစွာဖြင့် ထိုပုဂ္ဂိုလ်၏ကျောဘက်ကိုသာ မြင်တွေ့ရခြင်းဖြစ်ကာ အာရန်သည် ထိုပုဂ္ဂိုလ်၏ ပုံပန်းသွင်ပြင် သို့မဟုတ် အသက်ကိုပင် ခန့်မှန်း၍ မရနိုင်ခဲ့ပေ။
ထိုပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာပုံစံကိုပင် မမြင်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ပခုံးပတ်လည်တွင် အစိမ်းနက်ရောင်ဝတ်ရုံတစ်ခု ကိုခြုံလွှမ်းထားကာ ၎င်းဝတ်ရုံဆီမှ ရှေးဟောင်းအက္ခရာများသည် အသက်ဝင်နေသကဲ့သို့ စက္ကန့်တိုင်းတွင် နေရာတစ်ခုစီသို့ ရွှေ့ပြောင်းနေလေသည်။
ထိုဝတ်ရုံသည် ထိုပုဂ္ဂိုလ်၏ ခြေမျက်စိအထိတိုင် ရှည်လျားလေသည်။
ထိုပုဂ္ဂိုလ်သည် ထိုဓားကို သူ၏ကိုယ်ပိုင်ဓားကဲ့သို့ပင် လုံးဝပုံမှန်အတိုင်း ကိုင်ဆောင်ထားခြင်းမျိုးဖြစ်သည်။
ထိုသူ၏လက်ထဲတွင် ဓားသည် ပို၍ပင် အစွမ်းထက်လာပုံရပြီး ဓား၏ မူလ အစိမ်းရောင်သန်းနေသောသွင်ပြင်မှာ ပိုမို၍ တောက်ပလာခဲ့ကာ ပြင်းထန်သော အော်ရာတစ်ခုသည် ထိုဓားဆီမှ ထပ်မံထွက်ပေါ်လာခဲ့သည်။
ထိုဓားပတ်လည်ရှိ အဆိပ်ရနံ့တို့သည် အလွန်ပြင်းထန်လွန်းသောကြောင့် တစ်ချက်ရှူရှိုက်မိရုံဖြင့်ပင် သာမန်လူတစ်ဦးကို ချက်ခြင်း သေဆုံးသွားစေနိုင် လောက်လေသည်။
သို့သော် အာရန်ကိုမူ အကြောင်းတစ်ခုခုကြောင့် ထိုအဆိပ်သည် သက်ရောက်မှု ရှိမနေခဲ့ပေ။
ထိုပုဂ္ဂိုလ်သည် အာရန်အား နောက်ထပ်စကားတစ်ခွန်းမျှပင် ထပ်မံ မပြောတော့ပဲ ဓားရိုးကိုသာ သူ၏ လက်ဖြင့် ပိုမို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
မကြာမီ သူသည် ဓားကို ကိုင်မြှောက်လိုက်သည်။
သူ၏ ဓားလှုပ်ရှားမှုတိုင်းသည် ဤကမ္ဘာ၏ ဥပဒေသများနှင့်အတူ လိုက်ပါစီးမျောသွားပြီး ၎င်းသည် တစ်ထပ်တည်းကျသွားသကဲ့သို့ပင်...။
ဤကမ္ဘာ၏ အနီရောင်အခိုးအငွေ့များသည် ထိုဓား၏ ပတ်ပတ်လည်တွင် စုဝေးရောက်ရှိလာကြသည်။
မကြာမီမှာပင် ထိုပုဂ္ဂိုလ်သည် ဓားကို ကောင်းကင်ဘက်သို့ ခုတ်လွှဲချလိုက်၏။
ကြီးမားသော ဓားခုတ်ချက်ကြီးတစ်ခုသည် ကောင်းကင်ထက်သို့ ကွေးညွှတ်တက်သွားကာ ကောင်းကင်ယံရှိ အက်ကွဲကြောင်းရှိရာဆီသို့ ရောက်ရှိသွားလေသည်။
အာရန်ကို ထိုမျှကြောက်ရွံ့စေခဲ့သော ကြီးမားသည့်မျက်လုံးကြီးများသည် ထိုဓားချက်အားမြင်လိုက်သည့် ခေတ္တတွင် အလွန်အမင်ပြူးကျယ်သွားခဲ့ကာ ထိုသို့ဖြစ်ရခြင်းမှာ အံ့အားသင့်ခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းကြောင့် ဖြစ်တန်ရာ၏။
ထို့နောက်ဓားချက်သည် အက်ကွဲကြောင်းကြီးအားထိမှန်သွားပြီး ထိုနေရာမှ အလင်းရောင်များသည် ပိုမိုပြင်းထန်စွာထွက်ပေါ်လာခဲ့ကာ ၎င်း၏ မျက်နှာပြင်ပေါ်သို့ ထက်မြလွန်းသည့် ဓားငွေ့ရိပ်များကို ပစ်လွှတ်လိုက်သကဲ့သို့ပင်တည်း။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်သံကြီးတစ်ခုသည် ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ဓားသည် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်အရာဝတ္ထုနှင့်မျှ ထိတွေ့မိခဲ့ခြင်း မရှိသော်လည်း လေထုထဲသို့ဖြတ်သွားသော ၎င်း၏ဓားချက်တစ်ချက်ကပင် အလွန် ပြင်းထန်သော သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
၎င်းသည် အက်ကွဲကြောင်းမှတဆင့် စောင်းငဲ့ကြည့်နေသည့် ဖြစ်တည်မှုကြီးကို ဆန့်ကျင်လိုက်သော ဒေါသတကြီး တုံ့ပြန်သံတစ်ခုကဲ့သို့လည်း ထင်မှတ်ရလေသည်။
ထိုဓားချက်သည် ကောင်းကင်ယံရှိ ထိုအက်ကွဲကြောင်းကြီး၏ တည်ရှိမှုကို ပိတ်ပစ်လိုက် သကဲ့သို့ပင်။
ထိုအက်ကွဲကြောင်းကြီးသည် ခေတ္တခန့် မတည်မငြိမ်ဖြစ်လာပြီးနောက် ထူးဆန်းသည့် မျက်လုံးကြီးသည် နာကျင်သွားမှုကြောင့်ပင်လောမသိ ကျဥ်းမြောင်းသွားကာ တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားခဲ့လေသည်။
အက်ကွဲကြောင်းကြီးသည်လည်း တဖြည်းဖြည်း ပြန်လည်ပိတ်ဆို့သွားခဲ့ပြီး မျက်စိစူးလောက်အောင် လင်းလက်နေသောအလင်းရောင်တန်းများသည်လည်း ဒီရေလှိုင်းများပမာ နောက်သို့ပြန်လည် ဆုတ်ခွာသွားကြ၏။
ထို့နောက် အက်ကွဲကြောင်းကြီးသည် အနည်းငယ်မှိတ်တုတ်မှတ်တုတ် ဖြင့် တစ်ချက်နှစ်ချက်ခန့် လင်းလက်သွားပြီးနောက် ကောင်းကင်သည် မူလအတိုင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သွေးရောင်မြူခိုးငွေ့များ ပျံ့လွင့်သွားပြီးနောက် လေထုသည်လည်း ပြန်လည် ကြည်လင်လာခဲ့သည်။
အာရန်သည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သာမက သူ၏ခန္ဓာကိုယ် အတွင်းပိုင်းအထိပါ ယခင်ကဲ့သို့ နွေးထွေးမှုများ ပြန်လည်ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
အစောပိုင်းသူ၏ ခန္ဓာကိုယ်ကို စိုးမိုးထားခဲ့သော အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသည့် ခံစားချက်များသည် လုံးဝယူပစ်သလို ပျောက်ကွယ်သွားခဲ့ကာ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်သည်လည်း ပြန်လည် လှုပ်ရှားနိုင်ခဲ့လေသည်။
ထို့နောက် ထိုပုဂ္ဂိုလ်သည် နောက်ပြန်လှည့်ကြည့်လိုက်ရာ ပထမဆုံးအကြိမ်အဖြစ် အာရန်သည် ၎င်း၏မျက်နှာကို မြင်တွေ့လိုက်ရလေသည်။
အာရန်သည် ထိုပုဂ္ဂိုလ်အား ပထမဆုံးအကြိမ် သေသေချာချာ မြင်လိုက်ရသောအချိန်တွင် လုံးဝအံ့အားသင့်သွားခဲ့ရသည်။
ထိုပုဂ္ဂိုလ်ဆီမှ လုံးဝထူးဆန်းသည့်ခံစားချက်တစ်ခုကို ပေးစွမ်းနေကာ သူ၏မျက်နှာသည် အလွန်ယောင်္ကျားပီသ၍ ချောမောလွန်းနေခဲ့သည်။
ထိုပုဂ္ဂိုလ်တွင် လုံးဝချို့ယွင်းချက်ဟူ၍ ရှာမတွေ့နိုင်ဘဲ သူ၏ အစိမ်းရောင်မျက်လုံးများသည် ထင်ရှားပေါ်လွင်နေခဲ့ကာ သူ၏ကျောဘက်တွင် မြင်းမြီးကဲ့သို့ ချည်နှောင်ထားသော အစိမ်းရောင်ဆံပင်များနှင့် လိုက်ဖက်ညီစွာ ဖြင့် တင့်တည်လျှက် ရှိနေလေသည်။
ထိုမျှထူးဆန်းသည့်အရာတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူသည် ထူးဆန်းစွာဖြင့် အလွန်ပင် တည်ငြိမ်လွန်းနေခဲ့၏။
ထိုလူသည် အာရန်ဆီသို့ ပိုမိုနီးကပ်စွာလျှောက်လာလိုက်ကာ အာရန်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ထိုပုဂ္ဂိုလ်သည် တစ်စုံတစ်ရာကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်...။
“ငါထင်ထားတဲ့အတိုင်းပဲ”
ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ၏နဖူးကို ပြန်လည်ပွတ်သပ်လိုက်သည်။
သူသည် သူ၏တွေ့ရှိမှုတစ်ခုကြောင့် အနည်းငယ် စိတ်ပျက်နေပုံရလေသည်။
“ဒါပေမဲ့ ခုထိ စောနေသေးတယ်လို့ ထင်မိသေးတယ်”
“.....”
“ကောင်းပြီလေ မင်းကို ငါပဲ ထပ်ပြီး ကူညီပေးလိုက်ပ့ါမယ်”
ထိုပုဂ္ဂိုလ်၏ နှုတ်ခမ်းများတွင် ထူးဆန်းသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ အာရန်၏ နဖူးတည့်တည့်သို့ လက်ချောင်းတစ်ချောင်း ဖြင့် ထောက်လိုက်လေသည်။
#Catfoot