ကြိုးတန်းပေါ်လမ်းလျှောက်ရသလို
Vol. 25 Ch. 360
…..
ဤကိစ္စအတွက် သန့်စင်ဘုရားကျောင်းအား အပြစ်တင်လိုသူတစ်ဦးဦး ရှိနေမည်ဆိုလျှင်ပင် သူတို့သည် အမှန်တကယ် အပြစ်တင်၍ မရနိုင်တော့ပေ။
ကာကွယ်ရေးဝန်ကြီးသည် ကောင်းချီးစွမ်းရည်များကို အသုံးမပြုခဲ့ပေ။
ထို့အပြင် သူသည် သန့်စင်ဘုရားကျောင်းအား သစ္စာခံထားသူမဟုတ်ပဲ သန့်စင်ဧကရာဇ်အတွက် အလုပ်အကျွေးပြုနေသူတစ်ဦးဖြစ်၏။
သန့်စင်ဧကရာဇ်ကို ယခုကဲ့သို့ချောက်ချနိုင်ရန်အတွက် ဘုရားကျောင်းသည် အရာအားလုံးကို အချိန်များစွာယူ၍ ဂရုတစိုက်စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ အခြားသံတမန်တစ်ဦးသာဆိုပါက ဤလှည့်ကွက်အတွင်းသို့ ကောင်းကောင်းကြီး ကျဆင်းသွားမည်ဖြစ်ပြီး သန့်စင်ဧကရာဇ်ကိုပင် ကွပ်မျက်နိုင်သည်အထိပင် ဘုရားကျောင်းအား ဖိအားပေးပေလိမ့်မည်။
အာရန်နှင့်မတူဘဲ မိစ္ဆာဂိုဏ်းမှ အခြားမဟာအကြီးအဲများသည် အတော်လေး ရက်စက်ကြမ်းကြုပ်ကြပြီး တစ်ခုခုဆိုပါက စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်ကြလေသည်။
တစ်စုံတစ်ဦးသည် ၎င်းတို့အား သတ်ရန် ကြိုးစားမိပါက ထိုသူနှင့်အတူ ၎င်းတို့၏ မိသားစုတစ်ခုလုံးကိုပါ ရှင်းလင်းပစ်လေ့ရှိပြီး ထိုအရာအတွက် နှစ်ခါပြန် မစဥ့်စားကြပေ။
အကယ်၍ မိစ္ဆာဂိုဏ်းမှ အခြားသံတမန်တစ်ဦးသာ ဆိုပါက ၎င်းတို့သည် အနောက်ဘက်တိုက်တွင် ရှိနေခြင်း သို့မဟုတ် အနောက်ဘက်တိုက်၏ အရှင်သခင်ကိုပင် ဂရုစိုက်မည်မဟုတ်ပေ။
သန့်စင်ဘုရားကျောင်းသည် ကာကွယ်ရေးဝန်ကြီးကဲ့သို့သော ရာထူးမြင့်မားသူ တစ်ဦးကိုပင် ထိုးကြွေးရန်ဆုံးဖြတ်ခဲ့ခြင်းအား အာရန်သည် အတော်လေး အံ့အားသင့်နေဆဲဖြစ်၏။
၎င်းတို့သည် မိစ္ဆာဂိုဏ်းအား ဤရှုပ်ထွေးမှုများထဲသို့ ဆွဲသွင်းရန် စွန့်စားမှုများစွာ ပြုလုပ်ထားကြောင်း ဤမျှအရေးပါသောလူတစ်ဦးကိုပင် အသုံးပြုနေခြင်းအား ထောင်ရှု၍ ခန့်မှန်းကြည့်နိုင်လေသည်။
“ကျွန်ုပ်တို့ဟာ ဧကရာဇ်ပေးအပ်တဲ့တာဝန်အတွက် အသက်ပေးပြီးထမ်းဆောင်ပ့ါမယ်” ဟု ကာကွယ်ရေးဝန်ကြီးသည် အော်ဟစ်ကြိမ်းဝါးလိုက်သည်။
ထို့နောက် သူ၏ဓားကို အာရန်ထံသို့ ရုတ်တရက် ပစ်လွှဲချလိုက်သည်။ အခြားလုပ်ကြံသူများသည်လည်း ၎င်းတို့၏ ပုန်းအောင်းရာနေရာများမှ အသီးသီး ခုန်ထွက်လာကြပြီး ယူလင်းနှင့် ဇီယာတို့အား တစ်ပြိုင်နက်ပူးပေါင်း တိုက်ခိုက်လိုက်ကြသည်။
၎င်းတို့၏တိုက်ခိုက်ပုံများသည် လွန်စွာအကြမ်းပြင်းဆန်လွန်းလှပြီး ထူးခြားသည့်စွမ်းရည်များ ရှိနေသည့်ဟန်မရကြပေ။
ဇီယာသည် ယူလင်းရှေ့တွင် ဝင်ရောက်ကာဆီးထားလိုက်ပြီး သူမ၏ အော်ရာကို စတင်၍ ပြင်းထန်စွာထုတ်လွှတ်လိုက်သည်။
သူမသည် နောက်ဆုံးတွင် သူမ၏ ခွန်အားအစစ်အမှန်အချို့ကို ပြသရန် အချိန်တန်ပြီဟုတွေးမိလိုက်သည်။
သူမသည် တောက်ဘက်တိုက်ကြီးသို့ တန်ဆာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရစဥ်က ဘိုးဘေးအကြီးအကဲယန်သည် သူမအား သတိလတ်လွတ်ဖြစ်နေချိန်တွင် အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ သူမသည် ထိုစဥ်က တစ်ချက်ကလေးမျှပင် ပြန်လည် မခုခံနိုင်ခဲ့ပေ။
အကယ်၍ ထိုအချိန်က သူမသာ အနည်းငယ်ပို၍ သတိထားနေခဲ့လျှင် ထိုမျှလွယ်ကူစွာ အဖမ်းခံခဲ့ရမည် မဟုတ်ချေ။
သူမ၏ ထိုစဥ်က ပေ့ါဆခဲ့မှုအတွက် ယခုအချိန်အထိ အရှက်ရနေဆဲ ဖြစ်၏။
သို့သော် သူမသည် အာရန်နှင့်အတူ ဤနေရာသို့ရောက်လာခဲ့ပြီးနောက် ယခုအချိန်ထိ အစောင့်များအား အာရုံပျံ့လွင့်စေရန် အရှက်ရဖွယ် ညည်းညူသံများ ပြုလုပ်ခဲ့ခြင်းအပါအဝင် ယူလင်း၏ ကလေးထိန်းအဖြစ် တာဝန်များကြားတွင်သာ ပိတ်မိနေခဲ့လေသည်။
အချိန်အတာ်ကြာပြီးနောက် နောက်ဆုံးတွင် သူမသည် သူမ၏အစွမ်းများကိုပြသရင်း လွတ်လပ်စွာ လူသတ်နိုင်မည့်အခွင့်အရေးတစ်ခု ရရှိတော့မည်ဖြစ်သည်။
သူမသည် ကိုယ်လုံးကိုယ်ပေါက် သေးငယ်သူတစ်ဦးဖြစ်ပြီး ထိုမျှ ရက်စက်ကြမ်းကြုပ်တတ်သူတစ်ဦးဟု ထင်ရက်စရာမရှိသော်လည်း အမှန်တကယ်မှာမူ သူမသည် အတော်လေးကို ခွန်အားကြီးမားသူတစ်ဦး ဖြစ်လေသည်။
“ဟင်”
ဇီယာသည် ထိုချောင်းမြောင်းလုပ်ကြံရန် ကျိုးစားနေသူများ၏ ဦးခေါင်းအချို့ကို ရိုက်ခွဲရန် ပြင်ဆင်လိုက်စဥ်မှာပင် သူမလှုပ်ရှားမှုတစ်ခုတစ်လေမျှ မပြုလုပ်နိုင်ခင် ထိုနေရာရှိ အပူချိန်သည် ရုတ်တရက်ထိုးကျသွားကာ အလွန်အေးစက်စက်နိုင်သည် စွမ်းရည်အချို့၏ သက်ရောက်မှုတစ်ခုကို ခံစားလိုက်မိသည်။
လုပ်ကြံသူများ၏ ခန္ဓာကိုယ်များသည် လေထဲတွင် ရှိနေဆဲမှာပင် ထူထဲသော ရေခဲတုံးများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။
ထို့နောက် ဒုန်းခနဲ အသံများဖြင့်အတူ ရေခဲတုံးကြီးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြပြီး လုပ်ကြံသူများ၏ ခန္ဓာကိုယ်များသည် အပိုင်းအစငယ်များအဖြစ် သို့ ကြေမွသွားခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုပ်ကြံသူများအားလုံး သေဆုံးသွားရာ ထိုအရာက ဇီယာကို အတော်လေး မှင်သက်မိစေခဲ့သည်။
ဇီယာသည် ယူလင်းရှိရာသို့ ပြန်လှည့်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းအိမ်အတွင်း၌ လှပသောအပြာရောင်အလင်းတန်းတစ်ခုဖြစ်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက်မကြာမှီမှာပင် သူမ၏ ထိုမျက်ဝန်းအိမ်များသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။
လုပ်ကြံသူများသည် အလွန်အင်အားမကြီးနေသော်လည်း အရမ်းအားနည်းနေသူများဟုတော့ မဆိုနိုင်ပေ။
၎င်းတို့အား တစ်ခဏအတွင်း သတ်ပစ်နိုင်ခြင်းသည် အထင်ကြီးစရာကိစ္စတစ်ခုပင်ဖြစ်သည်။
အထူးသဖြင့် ဂိုဏ်းတွင် အချိန်ခဏခန့်သာ သင်ယူခဲ့ရသေးသည့် ယူလင်းကဲ့သို့သော သာမန်တပည့်တစ်ဦးအတွက်မူ ပို၍ပင် ထင်ရှားလေသည်။
ဇီယာသည် ဂိုဏ်း၏ မဟာအကြီးအကဲအဆင့်ဖြစ်သော်လည်း ယူလင်းအသုံးပြုခဲ့သည့် စွမ်းရည်ကျင့်စဥ်ကို မသိနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဂိုဏ်း စာကြည့်တိုက်အတွင်းရှိ ကျင့်စဥ်များထဲမှ တစ်ခု မဟုတ်သောကြောင့်ပင်တည်း။
သူမသည် ထိုနေရာရှိ အရေးပါသော ကျင့်စဥ်များအားလုံးကို သိရှိထားပြီးဖြစ်သည်မဟုတ်ပါလား...။
အဂ္ဂိရက်ပညာရှင်တစ်ဦးအနေဖြင့် တပည့်များအား ဂိုဏ်းမှ သင်ကြားပေးလေ့ရှိသော ကျင့်စဥ်များအကြောင်း သိရှိထားခဲ့ပြီး သင့်တော်သော ဆေးဝါးများကို ပြင်ဆင်ပေးရန် မှာ သူမ၏တာဝန်ပင်ဖြစ်သည်။
ယူလင်း၏ စွမ်းရည်သည် မိစ္ဆာဂိုဏ်းနှင့် မသက်ဆိုင်သည့်အပြင် ကြည့်ရသည်မှာ အဆင့်မြင့်စွမ်းရည်ကျင့်စဥ်တစ်ခုလည်း ဖြစ်ပုံရလေသည်။
ဇီယာပင် ယူလင်းမှာ အနာဂတ်တွင် သူမနှင့် တူညီသောအဆင့်သို့ ရောက်ရှိလာပါက ယခုအသုံးပြုခဲ့သောစွမ်းရည်ဆီမှ သူမကိုယ်တိုင်ပင် လွတ်မြောက်နိုင်ပ့ါမလားဆိုသည်ကို သံသယဝင်မိလိုက်သည်။
ဇီယာသည် ယူလင်းတစ်ယောက် ယခင်က လေ့ကျင့်နေသည်ကို မြင်ဖူးထားသော်လည်း ဤစွမ်းရည်ကို အသုံးပြုသည်ခြင်းအားမူ ယခုသည် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းဖြစ်လေသည်။
ဇီယာသည် ယူလင်းပြသခဲ့သည့် စွမ်းရည်ကြောင့် အံ့အားသင့်နေစဉ် ကာကွယ်ရေးဝန်ကြီးသည်လည်း သူ၏လူများ ထိုမျှလွယ်ကူစွာ သေဆုံးသွားရသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားခဲ့သည်။
ဤကိုယ်စာလှယ်များသည် သူထင်ထားသည်ထက် ပို၍ပင် အစွမ်းထက်သည်မှာ သေချာနေသည်။
သို့သော် သူသည် ၎င်းတို့ကို မကြောက်ရွံ့ခဲ့ပေ။
တကယ်တမ်းဆိုလျှင် သူသည် ပို၍ပင် ပျော်ရွှင်နေပုံရသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူအား လျင်မြန်စွာဖြင့် နာကျင်မှုမရှိဘဲ သေဆုံးရတော့မည်ဟု အဓိပ္ပာယ်သက်ရောက်နေသောကြောင့် ပင်တည်း။
‘ကျုပ်တော့ နတ်ဘုရားမကို နောင်ဘဝမှာပဲ ထပ်ပြီးခစားနိုင်တော့မယ် ထင်တယ်’ ဟု တွေးလိုက်ပြီးနောက် သူ၏ဆုံးဖြတ်ချက်သည် ပိုမို၍ ခိုင်မာလာခဲ့သည်။
ထို့နောက် ဝန်ကြီးသည် သူ၏ခွန်အားအားလုံးဖြင့် သူ၏ဓားဆီသို့ ပို့လွှတ်၍ လွှဲခုတ်ရန် ပြင်လိုက်စဉ် အာရန်သည် ရိုးရှင်းစွာပင် သူ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ထိုတိုက်ခိုက်မှုသည် သူ့အတွက် အလွန်နှေးကွေးလွန်းနေသောကြောင့်ပင်တည်း...။
အထူးသဖြင့် အရှိန်မြှင့်တင်ခြင်းအစွမ်းကို ထုတ်ဖော်ထားသည့် ယခုကဲ့သို့အချိန်တွင် ဖြစ်လေသည်။
အာရန်သည် မည်သည့်အချိန်တွင်မဆို ထိုတိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်တိမ်းနိုင်သော်လည်း သူသည် အခြားအရာတစ်ခုကို စူးစမ်းကြည့်လိုနေခဲ့သည်။
အထူးသဖြင့် အခြားသူတစ်ဦး၏ ရောက်ရှိလာမှုကို ရုတ်တရက် အာရုံခံစားမိလိုက်သောကြောင့်ပင်တည်း။
အာရန်သည် သူ၏အာရုံခံနိုင်မှုများပိုမို မြင့်မားလာခဲ့ခြင်းကြောင့် ထိုသူသည် တစ်ဦးတည်းမဟုတ်ကြောင်းလည်း သူခံစားမိထားသည်။
ထိုသူသည် သံချပ်ကာစစ်သည်တော်များက သူ၏နောက်တွင် ခြံရံစေ၍ အပြေးလာနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အာရန်သည် သူ့ကို တိုက်ခိုက်ရန် အခြားအဖွဲ့များ ထပ်မံရောက်ရှိလာဦးမည်လားဟု မသေချာနေခဲ့ပေ။
သို့သော် ထိုအရာသည် သန့်စင်ဘုရားကျောင်း၏ ထောင်ချောက်တစ်ခုသာဖြစ်ခဲ့ပါက ထိုသို့ မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေးဝန်ကြီး သေဆုံးသည်နှင့် ထိုလှည့်ကွက်သည် အသက်ဝင်ပြီးသားဖြစ်ကာ အရာရာသည် ပွဲပြီးသွားပြီ ဖြစ်သောကြောင့်ပင်တည်း။
အာရန်က ကာကွယ်ရေးဝန်ကြီးအား ကိုယ်တိုင် မသတ်ခဲ့လျှင်ပင် ထိုဝန်ကြီးသည် မည်သည့်နည်းလမ်းဖြင့်မဆို သူ့ကိုယ်သူ အဆုံးစီရင်ရန် ပြင်ဆင်ထားခဲ့မည်မှန်း သူသေချာသိနေခဲ့သည်။
ထိုသို့ဆိုလျှင် ယခုရောက်ရှိလာသူမှာ သန့်စင်ဧကရာဇ်သာ ဖြစ်နိုင်ပေသည်။
အကယ်၍ ဝတ္ထုကိုသာ သူသည်ဖတ်ထားခဲ့မိပါက ကာကွယ်ရေးဝန်ကြီးသည် သစ္စာဖောက်တစ်ဦးဖြစ်ကြောင်း သူအစောကတည်းကရိပ်မိနေမည်မှာ ထင်ရှားလေသည်။
ထိုဖြစ်နိုင်ချေ မသေချာသေးသည့် တစ်ခုတည်းသောအရာမှာ အာရန်ကို တိုက်ခိုက်သည့်အချိန်ဖြစ်သည်။
ဤနေရာ၌ သူ၏တည်ရှိမှုသည် ဇာတ်လမ်းဇာတ်ကွက်တစ်ခုလုံးကို ပြောင်းလဲသွားစေပုံရလေသည်။
ပုံမှန်အားဖြင့် ဤအရာသည် အစစ်အမှန် သံတမန်ရောက်လာသောအချိန်တွင်သာ ဖြစ်ပွားသင့်လေသည်။
သို့သော် ယခုမူထိုသို့မဟုတ်ခဲ့ပေ။
သူသည် သန့်စင်အင်ပါယာအတွင်းသို့ မိစ္ဆာဂိုဏ်း၏ သံတမန်အဖြစ် ဟန်ဆောင်၍ ဝင်ရောက်လာခြင်းသာ ဖြစ်ပြီး တကယ့်သံတမန်အစစ်မှာ လမ်းပေါ်တွင်သာ ရှိနေပေဦးမည်။
“အဲဒီမှာ ရပ်လိုက်ကြစမ်း”
မကြာမီ သန့်စင်ဧကရာဇ်သည် အာရန်၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူသည် သူ၏ ခွန်အားအားလုံးစုံကို အသုံးပြ၍ အော်ဟစ်လိုက်သော်လည်း သူသည် အတော်လေး နောက်ကျသွားပြီဖြစ်မှန်း သဘောပေါက်လိုက်သည်။
သူမှတ်မိသလောက်ဆိုလျှင် သံတမန်များကို လုပ်ကြံတိုက်ခိုက်မှုသည် ဧည့်ခံပွဲပြုပြီး နောက်မှသာ ဖြစ်ပွားရမည်ဖြစ်၏။
ထို့ကြောင့် သူသည် ယခုညတွင် သိပ်၍ သတိမထားမိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မူလဝတ္ထုတွင် ယခုကဲ့သို့ ဓားပျောက်ဆုံးမှုသည်လည်း ယခုအချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းမျိုးမရှိပေ။
ထိုဓားပျောက်ဆုံးသွားခြင်းကြောင့် သူ၏အစောင့်များသည် နေရာအနှံသို့ ပျံ့နှံ့သွားခဲ့ရသည်။
၎င်းသည် ကာကွယ်ရေးဝန်ကြီးအား အာရန်ကို တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ပေးခဲ့ပြီး မြို့တစ်ဝိုက်လုံးကို ရှာဖွေသွားခဲ့ကြသည့် မူလအစောင့်များကို သူ၏လူများဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။
သန့်စင်ဧကရာဇ်၏ ထိတ်လန့်တကြားဖြစ်နေသာ အမူအရာများကို မြင်လိုက်သောအခါ အာရန်သည် ထိုသူမှာ ဤကိစ္စနှင့် မည်သို့မျှ မပတ်သက်ကြောင်း ပို၍ သေချာသွားခဲ့သည်။
၎င်းသည် သူမျှော်လင့်ထားသည့် အတိုင်း အရာရာဖြစ်သွားခဲ့သည့်ပုံပင်။
သန့်စင်ဧကရာဇ်သည် ဤဖြစ်ရပ်ကို ရပ်တန့်ရန် အသဲအသန်ပြေးလာနေခဲ့ကာ ဤအရာသည် သူ၏ အသက်ဆက်လက်ရှင်သန်ရေးအတွက် အလွန်အရေးပါသော ကိစ္စတစ်ခုလည်း ဖြစ်ဟန်ရလေသည်။
#Catfoot