← Chapters

အခန်း (၆၉၁)

Vol. 47 Ch. 691

အခန်း (၆၉၁)

Vol. 47 Ch. 691

မုန့်ချီနှင့် ကူရှောင်စန်းတို့က မိစ္ဆာသတ်စင်မြင့်နှင့် အလွန်သိပ်သည်းသော မြူခိုးလမ်းကြောင်းကို ဖြတ်ကျော်ပြီးသွားသည့်အချိန်တွင် အဖြူရောင်မြူခိုးထဲမှ ထွက်လာနိုင်ခဲ့သည်။ သူတို့၏ ညာဘက်ခြမ်းတွင်တော့ အောက်ခြေကို မမြင်ရသော လွင့်မျောတိမ်တိုက် ပင်လယ်ကြီးတစ်ခု ရှိနေသလို ထင်မှတ်ရပြီး သူတို့၏မျက်လုံးထဲတွင် ပျင်းရိလာသလို ထင်မှတ်နေရသည်။

သူတို့၏ ဘယ်ဘက်ခြမ်းတွင်တော့ ဆယ်မီတာခန့် အကျယ်ရှိသော ရေကန်တစ်ကန် ရှိနေသည်။ ရေကန်၏ မျက်နှာပြင်ပေါ်တွင်တော့ ပွက်ပွက်ဆူနေသော အသံများကို ကြားလိုက်ရပြီး အဖြူရောင်အငွေ့များ ထွက်ပေါ်၍ တိမ်တိုက်များ ဖြစ်ပေါ်နေခဲ့သည်။ ထို့ကြောင့် ရေကန်တစ်ခုလုံးက နတ်သမီးနယ်မြေတစ်ခုကဲ့သို့ ထင်မှတ်ရပြီး မှောင်မည်းနေပြီး ကြောက်စရာကောင်းသော ကောင်းကင်ဘုံ တရားစီရင်ရေးတံခါးနှင့် ဆန့်ကျင်နေခဲ့သည်။

ရေကန်၏ အနားတွင်တော့ စကားလုံးများကို ရေးသားထားသော ကျောက်တိုင်တစ်ခု ရှိနေသည်။

“နတ်သမီးတားမြစ်ရေကန်..”

ထိုအရာက အင်မော်တယ်များနှင့် ဓမ္မကာရအဆင့် ပညာရှင်များ၏အရိုးကိုပင် ဖျက်စီးပစ်နိုင်သော ရေကန်တစ်ခုဖြစ်သည်။ ထိုအရာက လူတိုင်းကို မူလအခြေအနေသို့ ပြန်ရောက်သွားစေနိုင်၏။ သူတို့၏နောက်တွင် ဓမ္မကာရအဆင့် ပညာရှင်နှစ်ယောက်က မုဆိုးများကဲ့သို့ လိုက်နေသည့်အတွက် မုန့်ချီကတော့ အစောပိုင်း စိတ်ခံစားချက်များ ပျောက်ကွယ်သွားရပြီး ထိုရေကန်ထဲမှရေကို ယူဆောင်၍ရမရ စမ်းသပ်နိုင်ခြင်း မရှိတော့ချေ။

သူက လေလှိုင်းတစ်ခုကဲ့သို့ ပြေးထွက်သွားခဲ့ပြီး သူ့နောက်တွင် အရိပ်များပင် ကျန်နေခဲ့သည်။ သူက ထိုနေရာကို ဖြတ်ကျော်သွားပြီး သုံးဘဝကျောင်းဆောင်ကို တတ်နိုင်သမျှ အမြန်ဆုံး တွေ့ချင်ခဲ့၏။ သူက စာချုပ်ကို လျင်မြန်စွာ ပြီးဆုံးချင်နေပြီး အန္တရာယ်ထဲမှ ရုန်းထွက်ချင်နေခဲ့သည်။

ထိုအချိန်တွင် သူတို့၏လမ်းကြောင်းတွင် ရှိနေသော မြူခိုးများထဲမှနေ၍ လူတစ်ယောက် ထွက်လာခဲ့၏။ အရပ်ရှည်ရှည်လူရိပ်က အနက်ရောင်ဝတ်စုံတစ်ခု ဝတ်ဆင်ထားခဲ့၏။ သူက ရှေးဟောင်းနေနတ်ဘုရားမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။

“ငါက မင်းတို့ကို စောင့်နေတာ တော်တော်ကြာပြီ…”

သူ့အသံ ပျောက်မသွားခင် ခန္ဓာကိုယ်ကို ခါးထိ ငုံ့လိုက်ပြီးနောက် လက်သီးနှင့် ထိုးလိုက်၏။ လေထဲတွင် ခရမ်းရောင်တိမ်တိုက်လေးများ လွင့်မျောလာပြီး သူ၏ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်၍ ဖြစ်ပေါ်လာခဲ့သည်။ သူ၏လှုပ်ရှားမှုများက ပြောင်းလဲမှုများမရှိဘဲ အလွန်ရိုးရှင်းလွန်းလှသည့်အတွက် အပေါ်ယံကဲ့သို့သာ ထင်မှတ်ရသည်။

ထိုသို့ဆိုရာတွင် မုန့်ချီကတော့ သူ၏ပတ်ဝန်းကျင် ပြောင်းလဲမှုများကို ခံစားမိနေသေးသည်။ ဓာတ်ကြီး(၅)ပါးစွမ်းအင်များက မထင်မရှားဖြစ်လာပြီး ကြယ်တာရာ(၂၈) မျိုး၏ မျိုးကွဲ(၄)ခုကလည်း ပျက်စီးသွားသည့်အခြေအနေကို ပြန်ရောက်သွားခဲ့သည်။ ကြည့်ရသည်မှာ ဤကမ္ဘာကြီးနှင့်မြူခိုးများ၏ စည်းမျဉ်းများအားလုံးက ရှုပ်ထွေးသော အခြေအနေတစ်ရပ်သို့ ကျရောက်သွားသလို ထင်မှတ်ရသည်။ တချိန်တည်းလိုလိုပင် သူတို့က ပုံသဏ္ဍာန်နှင့်သဘာဝလည်း ကင်းမဲ့သွားခဲ့၏။

ကောင်းကင်ဘုံတရားစီရင်ရေးတံခါး၏ ဖိနှိပ်မှု မရှိတော့သည့်အတွက် ပတ်ဝန်းကျင်မှ အနှစ်သာရများ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီးနောက် သိုင်းသခင်အနည်းငယ်ကသာ အသက်ရှင်နိုင်စွမ်း ရှိသည်။ အကယ်၍ ဤနေရာတွင် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကသာ ထိုကဲ့သို့ ကမ္ဘာမြေကြီး၏အစွမ်းများနှင့် ဆက်သွယ်လိုက်မည်ဆိုလျှင် သူ၏စွမ်းအားကုန်ဆုံးမှုက အလွန်များပြားပါလိမ့်မည်။ အဆိုးဆုံး အခြေအနေတစ်ရပ်အဖြစ် သူ၏စွမ်းအားများက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်အဖြစ်ပင် လျော့ကျသွားနိုင်၏။

“ကျိ လား…

သူတော်ကောင်းတရား(၅)ပါးနှင့် ငါးပါးသီလကို လေ့ကျင့်ပြီး အဆုံးမဲ့အခြေအနေကို ပြန်ရောက်ဖို့ ကြိုးစားနေတဲ့ တစ်ယောက်လား…”

မုန့်ချီကတော့ တစ်ဖက်လူ၏ မျက်နှာဖုံးနှင့် စွမ်းရည်များကို ကြည့်ပြီး ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့သားတစ်ယောက်ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။

ကျိက ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်ပြီး သိုင်းသခင်တစ်ယောက် ဖြစ်လာသည်မှာ အံ့သြစရာတော့ မရှိချေ။ မုန့်ချီ ပို၍အံသြသွားခဲ့သည်မှာ သူက မုန့်ချီတို့နှစ်ယောက်ထက်အရင် ရှေ့ကို ကြိုရောက်ပြီး သူတို့ကို တားဆီးနေခြင်းကြောင့် ဖြစ်သည်။

သူတို့က မက်မွန်ဥယျာဉ်ထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် ချိတ်တံဆိပ်က အကောင်းအတိုင်း ရှိနေသေး၏။ သူတို့၏ လမ်းတစ်လျှောက်တွင်လည်း ခက်ရင်းခွပုံစံ လမ်းဆုံတစ်ခု မရှိပေ။ သူတို့က မိစ္ဆာသတ်စင်မြင့်နှင့် နတ်ဆိုးသတ်စင်မြင့်တို့အနားတွင် လျှပ်စီး၊ မီးတောက်နှင့် ဖရိုဖရဲစွမ်းအင် လမ်းကြောင်းများကိုသာ တွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ကို ကျော်တက်သွားရန် လုံးဝမဖြစ်နိုင်ပေ။

မည်သို့ဖြစ်စေကာမူ ကျိ က အလွန်ထူးဆန်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး မုန့်ချီနှင့် ကူရှောင်စန်းတို့ သတိမထားမိနိုင်သော စွမ်းရည်များလည်း ရှိနေနိုင်သည်။ သို့သော် ဓမ္မဘုရင်တူရှီက အမှောင်ထဲမှနေ၍ သူတို့၏နောက်ကို လိုက်လာခဲ့ခြင်း မဟုတ်ပေလော။သူက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ စစ်ဆေးမှုကို မည်သို့ ပုန်းကွယ်နေခဲ့သနည်း။

သို့သော် ကျိက အလစ်ချောင်း တိုက်ခိုက်ရမည့်အစား ဘာကြောင့် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လိုက်ကြောင်း မုန့်ချီက နားလည်ပေးနိုင်သည်။ ထိုအရာကလည်း သူတော်ကောင်းတရား(၅)ပါးနှင့် ငါးပါးသီလကို အလေးထားရသော သူတော်စင်ကောင်းကျိုးများကြောင့် ဖြစ်သည်။ အလစ်ချောင်းတိုက်ခိုက်လိုက်ခြင်းက သူ၏အကျိုးတရားများနှင့် ကုသိုလ်များကို ကုန်ဆုံးသွားစေနိုင်၏။

ကျိ၏ ခန္ဓာကိုယ်က လက်သီးနှင့်တတန်းတည်း လှုပ်ရှားနေပြီး မျက်စိတမှိတ်အတွင်း ဆယ်မီတာခန့် လျှောက်လှမ်းလာ၍ ကူရှောင်စန်းကို တိုက်ခိုက်လိုက်သည်။ ထိုလက်သီးချက်က အလွန်ကြီးမားသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားပြီး လက်သီး၏ရှေ့တွင် အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းလေးများ စုစည်း၍ ခရမ်းရောင်အလင်းစက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကူရှောင်စန်းက စိုးရိမ်ထိတ်လန့်နေခဲ့ခြင်း မရှိချေ။ သူမ၏ လက်ကိုဖိနှိပ်ပြီး လှုပ်ရှားလိုက်သည့်အချိန်တွင် သူမ၏ရှေ့ဘက်၌ ဝဲကတော့ပေါင်းများစွာ ပေါ်လာခဲ့သည်။ လေဟာနယ်က ဝဲကတော့များ ဖြစ်ပေါ်လာရန် ပျက်စီးသွားသလို ထင်မှတ်ရ၏။

သူတို့၏ပတ်ဝန်းကျင်ကလည်း အလွန်နက်ရှိုင်းသော ပင်လယ်ကြမ်းခင်းကြီးတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ ဝဲကတော့တစ်ခုချင်းဆီက ပြောင်းပြန်လည်နေပြီး ခန္ဓာကိုယ်၊ လက်နှင့် ခြေထောက်များကိုထိန်းချုပ်၍ ထိုလက်သီးချက်၏ အရှိန်အဝါနှင့်အစွမ်းကို ခုခံနေခဲ့သည်။

“ဖျောက်…”

လက်သီးချက်က ဝဲကတော့ကို အသံကင်းမဲ့စွာ တိုက်ခိုက်လိုက်မိသည့်အချိန်တွင် လေဟာနယ် တစ်စိတ်တစ်ပိုင်းက ပျက်စီးသွားသလို ထင်မှတ်ရသည်။ သူတို့၏ ပုံသဏ္ဍာန်ကလည်း ပျက်စီးသွားခဲ့ပြီး မူလအခြေအနေကို ပြန်ရောက်သွားခဲ့၏။ ထိုလက်သီးချက်ကို တားဆီးနိုင်သည့်အရာ ရှိပုံမရချေ။

အပြစ်ကင်းစင်ပြီး သန့်စင်သော ကူရှောင်စန်းက သူမ၏လက်ချောင်းလေးများကို ပုံသဏ္ဍာန်မျိုးစုံ လှုပ်ရှားလိုက်ပြီး လူသားကမ္ဘာကြီး၏ အငွေ့အသက်များ သယ်ဆောင်ထားသော ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုအရာများက လက်ညှိုးတစ်ချောင်းတည်းအဖြစ် စုစည်းသွားခဲ့၏။ ကြည့်ရသည်မှာ ထိုအရာက သူမ၏ကံကြမ္မာကို လက်ခံလိုက်သလို ထင်မှတ်ရသည်။

သူမက ထိုလက်ညှိုးနှင့်လက်သီးကို ရင်ဆိုင်လိုက်၏။ ရှည်လျားပြီး သေးသွယ်သော လက်ညှိုးလေးက ကျောက်စိမ်းတစ်ခုကဲ့သို့ ဖြစ်နေပြီး လက်သီးပေါ်ကို တိုက်ခိုက်လိုက်မိသည်။ ထိုအချိန်တွင် အလွန်တည်ငြိမ်ပြီး အစွမ်းထက်သော လက်သီးချက်က မထင်မရှား ဖြစ်လာပြီး စတင်အေးခဲလာခဲ့သည်။

ထိုမြင်ကွင်းက အလွန်လှပသော ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသလို ထင်ရ၏။ အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းများက ခရမ်းရောင်အလင်းစက်လေး၏ ပတ်ပတ်လည်တွင် လည်ပတ်နေပြီး လက်ချောင်းလေးမှတဆင့် ကူရှောင်စန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမက သက်ရှိများအားလုံး၏ မွေးဖွားရာ ၊ သတ္တဝါအားလုံး၏ နေအိမ် ၊ လေဟာနယ်မြို့တော်ကဲ့သို့ ဖြစ်လာခဲ့သည်။

ကူရှောင်စန်း၏ လက်ချောင်းထဲတွင် ပေါင်းစပ်လာသော စွမ်းအင်များက ကျိ၏ ပြိုင်ဘက်ကင်းလက်သီးချက်ကို ဝါးမြိုသွားခဲ့သည်။ နောက်ဆုံးတွင်တော့ အဖြူရောင်ကြာပန်းလေးတစ်ပွင့် ကျဆင်းလာခဲ့ပြီး ကောင်းကင်တေးသံများ လွှမ်းခြုံနေခဲ့သည်။

ကူရှောင်စန်းက ငှက်မွှေးလေးတစ်ခုကဲ့သို့ နောက်ကို ပျံသန်းသွားခဲ့ပြီး ကျိ နှင့် လူချင်းခွဲလိုက်သည်။ ကောင်းကင်ဘုံ တရားစီရင်ရေးတံခါးထဲတွင် ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရသော အခက်အခဲကြောင့် သိုင်းသခင်နှင့် ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်၏ ကွာဟချက်က လျော့ကျသွားသော်လည်း ထိုကွာဟမှုက လော့ရန်ဝင်္ကပါထဲတွင် ရှိနေသကဲ့သို့ ပြည့်စုံမှု မရှိချေ။ ထို့ပြင် ကူရှောင်စန်း၏ ကျွမ်းကျင်မှုက သူမ၏ခွန်အားပေါ်တွင် မဟုတ်ချေ။ ထို့ကြောင့် သူမက တိုက်ခိုက်မှုကို ရှောင်တိမ်းရမည်သာ ဖြစ်သည်။

သူတို့နှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေသည့်အချိန်တွင် မုန့်ချီကလည်း ငြိမ်သက်မနေရဲပေ။ ဓာတ်ကြီး(၅)ပါးစွမ်းအင်များက မထင်မရှားဖြစ်နေပြီး ကြယ်တာရာ(၂၈)မျိုး၏ ဖရိုဖရဲ(၄)မျိုးက တခြားသူများကို ဖိနှိပ်နေသည့်အချိန်တွင် သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေမျိုးက သူ့အတွက် နေအိမ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။

မုန့်ချီက စွမ်းအားများကို စုစည်းလိုက်ပြီး သူ၏အတွင်းပိုင်းထဲတွင် တိတ်တဆိတ် လှုံဆော်လိုက်၏။ သူ၏ပေါင်မှနေ၍ စွမ်းအားများ စီးဆင်းလာပြီး ခြေထောက်ထဲသို့ ရောက်လာခဲ့သည်။ နောက်ဆုံးတွင်တော့ တိမ်တိုက်မြေပြင်ကြီးထဲသို့ ထိုးဖောက်သွားခဲ့၏။

“ဖောက် ..”

သူ့ခြေထောက်နှင့် မြေပြင်ထိလိုက်သည့်နေရာတွင် လေစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက ကျိ၏ မျက်နှာရှိရာကို ချက်ချင်း ခုန်သွားခဲ့သည်။ သူက ညာဘက်လက်ထဲတွင် ကိုင်ထားသော ဓားမောက်ကို နှိမ့်ချလိုက်ပြီး ခဏရပ်တန့်လိုက်သလို ထင်ရ၏။

“ဗုန်း.”

ခြေထောက်အောက်မှနေ၍ နောက်တစ်ကြိမ် တွန်းကန်မှုတစ်ခု ထွက်လာသည့် အချိန်တွင် သူက ဓားမောက်နှင့်အတူ ရှေ့သို့ ခုန်သွားခဲ့သည်မှာ အချုပ်အနှောင်မှ လွတ်မြောက်လာပြီးနောက် ပင်လယ်ထဲကို ရောက်သွားသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

အလွန်တောက်ပသော ဓားအလင်းရောင်က အမှောင်ထုကြီးကို ဖြတ်ကျော်လာခဲ့၏။ ဖရိုဖရဲအခြေအနေက အက်ကွဲသွားခဲ့ပြီး ယင်နှင့်ယန် ဖြစ်ပေါ်လာခဲ့သည်။

“ဗုန်း .”

ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်း ယင်နှင့်ယန် စွမ်းအားများကို လှုံဆော်နိုင်ခဲ့၏။ မကြာခဏဆိုသလို အသံများ ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံများကို ကြားလိုက်ရသည်။

ကူရှောင်စန်းကြောင့် နောက်ဆုတ်သွားလိုက်ရသော ကျိ က မုန့်ချီ၏တိုက်ခိုက်မှုကို မြင်သည့်အချိန်တွင် စဉ်းစားမနေဘဲ ထူးဆန်းသော နေရာတစ်ခုကို လက်မနှင့် တိုက်ခိုက်လိုက်သည်။ အမှောင်ထု၏ အကျိုးသက်ရောက်မှုက တားမြစ်ခံလိုက်ရသည့် အချိန်တွင် ကမ္ဘာမြေကြီး၏အလင်းရောင်များကလည်း မှေးမှိန်လာခဲ့ရသည်။

သူ့လက်ချောင်းလေးနှင့် ထိလိုက်သည့်နေရာတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုနေရာက အရာအားလုံးကို စတင်ခဲ့သော နေရာတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ သူ၏လက်ချောင်းလေးက ဖြည်းညင်းစွာ လှုပ်ရှားနေပုံရသော်လည်း မုန့်ချီ၏ ဓားမောက်အလင်းရောင်နှင့် လိုက်လျောညီထွေ လှုပ်ရှားနေခြင်းဖြစ်ပြီး သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

“အကြွင်းမဲ့စတင်ခြင်းက ပြောင်းလဲမှုတွေအားလုံးကို မွေးဖွားပေးနိုင်တယ် .”

ကျိ ၏ လက်ချောင်းလေးနှင့် မုန့်ချီ၏ဓားမောက်တို့က တိုက်ခိုက်မိတော့မည့်အချိန်တွင် မုန့်ချီက သူ၏ဓားမောက်ကို အပေါ်ဘက်သို့ ခုတ်ချလိုက်သည်။ သူ၏ထိန်းချုပ်မှုက လုံးဝကိုပုံမှန်မဟုတ်ဘဲ သူက ထိုကွာဟမှုလေးကို အခွင့်ကောင်းယူ၍ သိုင်းကွက်ကို ပြောင်းလဲလိုက်သည်။ ထိုအရာက ဓားမောက်သိုင်းပညာကို ခက်ခက်ခဲခဲ လေ့ကျင့်လာခဲ့ပြီးနောက် ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။

“ချွမ် .”

လက်မက လွဲချော်သွားခဲ့ပြီးနောက် ဓားမောက်က ကျိ၏ပုခုံးကို တိုက်ခိုက်မိခဲ့သည်။ အဝါရင့်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအချိန်တွင် ခေါင်းမှခြေဖျားထိအောင် ရွှေရောင်ကျောင်းဆောင်လေးတစ်ခုက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး ဓားမောက်အလင်းရောင်များကို ဖယ်ရှားပစ်ခဲ့သည်။

မုန့်ချီက ထိတ်လန့်သွားခြင်းမရှိသလို ဒေါသထွက်သွားခြင်းလည်း မရှိပေ။ သူက ရေလှိုင်းမီးတောက်ဓားနှင့် ကျိ ၏မျက်ခုံးတည့်တည့်ကို ထပ်မံတိုက်ခိုက်လိုက်သည်။ ထိုအရာကမှ သူ၏အစစ်အမှန် သတ်ဖြတ်ရေးသိုင်းကွက် ဖြစ်၏။

အလွန်သန့်စင်သော ဓားအလင်းတန်းက ကျိ ၏မျက်နှာဆီသို့ လျင်မြန်စွာ ရောက်လာခဲ့သည့်အချိန်တွင် မုန့်ချီ၏လက်က လှုပ်ရှားသွားခဲ့သည်။ သူ့ဓားက နောက်ပြန်လွင့်သွားခဲ့ပြီး သူ့ဓားနှင့် ဖြတ်နိုင်ခဲ့သည်မှာ ဆံပင်မွှေး တစ်ချောင်းတည်းသာဖြစ်သည်။ သူ့ဓားက ကျိ ကို ဒဏ်ရာရအောင်ပင် မလုပ်နိုင်ခဲ့ပေ။

“သူတော်စင်ကောင်းမှု .”

ထိုကဲ့သို့ အခွင့်ကောင်းတစ်ခုကို လက်လွှတ်သွားခဲ့ရသည့်အတွက် မုန့်ချီလည်း ရွေးချယ်စရာမရှိတော့ဘဲ နောက်ကျွမ်းထိုးလိုက်ရသည်။ သူက အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းများ လွှမ်းခြုံနေသော ကျိ ၏လက်သီးချက်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

ထိုအချိန်တွင် သူ၏နောက်ကျောဘက်မှနေ၍ အေးစက်သော ခံစားမှုတစ်ခုကို ခံစားနေရသည်။ ရန်သူတစ်ယောက်က အမှောင်ထဲတွင် ပုန်းနေပြီး သူ့ကို သတ်ဖြတ်ရန် စောင့်ဆိုင်းနေပုံရ၏။

ရုတ်တရက်ဆိုသလို လေဟာနယ်ထဲမှနေ၍ လေစီးကြောင်းလေးတစ်ခု ထွက်ပေါ်လာပြီး တချိန်တည်းလိုလိုပင် ပုံရိပ်ယောင်တစ်ခု ပေါ်လာကာ အလွန်ထူးဆန်းသော အမူအရာနှင့် ကျိ ကို တိုက်ခိုက်လိုက်သည်။

ကူရှောင်စန်းကတော့ နတ်သမီးလေးတစ်ပါးကဲ့သို့ ပုံရိပ်ယောင်သဖွယ် ဖြစ်နေခဲ့၏။ သူမက ကျိ ကို နှောင့်ယှက်နေသည်မှာ မုန့်ချီ၏နောက်ကို လိုက်လံ တိုက်ခိုက်ခွင့်မရစေရန် ဖြစ်သည်။

သို့သော် မုန့်ချီက ရုတ်တရက် အကြံတစ်ခု ရသွားခဲ့၏။ သူက အလွန်ဆိုးရွားသော အခြေအနေတစ်ခုဖြစ်သွားသလို ဟန်ဆောင်လိုက်သည်။ သူက ချီစွမ်းအင်လက်သီးကို ရှောင်တိမ်းရုံသာ ရှောင်တိမ်းခဲ့ပြီး တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဟာကွက်တစ်ခုကို ပြသလိုက်သည်။

……….

လေဟာနယ်က ပျက်စီးသွားပြီးနောက် လျှပ်စီးကြောင်းများ ၊ မီးတောက်များနှင့် ဖရိုဖရဲတွင်းပေါက်များက လမ်းကြောင်းတစ်ခုဆီ ပေါ်လာခဲ့၏။ လမ်းကြောင်းထဲတွင် စုစုပေါင်း လမ်းခွဲ(၆)ခုရှိနေပြီး သူတို့အားလုံးက မိစ္ဆာသတ်စင်မြင့်နှင့် နတ်ဆိုးသတ်စင်မြင့်တို့၏ရှေ့တွင် ရှိနေခဲ့သည်။

ကောင်းလန်က ညာဘက်လက်ကို မြှောက်လိုက်ပြီး ညင်သာစွာ ဖိနှိပ်လိုက်၏။ ထိုအခါ ခရမ်းရောင်နှင့် အစိမ်းရောင်လျှပ်စီးကြောင်းများက ချက်ချင်းပင် သိမ်မွေ့လာပြီး ကြောက်စရာကောင်းသော ယန်စွမ်းအားများကို ဆုံးရှုံးသွားခဲ့ရသည်။ လျှပ်စီးကြောင်းများက ထိုနေရာမှ ထွက်သွားနိုင်သော လုံခြုံသည့် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ဖက်တွင်တော့ မီးတောက်လမ်းကြောင်းပေါ်တွင် ခြေချလိုက်သော ဟန်ကွမ်းဆီမှ ဝဲကတော့များ ထွက်လာခဲ့၏။ လောင်ကျွမ်းနေသော မီးတောက်များက ရုတ်တရက် အေးခဲသွားခဲ့သည်။ သူတို့က အပြာရောင်နှင့် အဖြူရောင်ကြွေထည်ပေါ်တွင် ရေးဆွဲထားသော ခရမ်းရောင်ကြာပန်း ပန်းချီကားလေးများကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုပွင့်ဖက်တစ်ခုချင်းဆီက အလွန်ထင်ရှားနေသည့်အတွက် အစစ်အမှန်ကဲ့သို့ ထင်မှတ်ရ၏။

သူတို့က လူခွဲ၍ သွားကြသည်မှာ ဓမ္မဘုရင်တူရှီက သူတို့၏နောက်ကို လိုက်လာသည့်အချိန်တွင် ရှုပ်ထွေးသွားအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူက သူတို့ထဲမှ တစ်ယောက်ကို တားဆီးလိုက်မည်ဆိုလျှင် တခြားတစ်ယောက်ကတော့ လွတ်မြောက်သွားနိုင်သည်။

ဓမ္မဘုရင်တူရှီကတော့ ထိုအရာကို လုံးဝဂရုမစိုက်ခဲ့ပေ။ အလွန်ကြည်လင်နေသော သူ၏ပုံရိပ်က ပျက်စီးနေသော လေဟာနယ်နှင့် ပေါင်းစပ်နေပြီး တခဏအတွင်း ကောင်းလန်၏ရှေ့တွင် ပေါ်ထွက်လာခဲ့၏။ ထို့နောက် ဟန်ကွမ်း၏ခေါင်းပေါ်တွင် လျင်မြန်စွာ ပေါ်လာခဲ့ပြန်သည်။

သူက ရေထဲကို ရောက်နေသော ငါးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ သူက ဓမ္မကာရအဆင့် ပညာရှင်နှစ်ယောက်ကို အနိုင်ရရန် လုံးဝမဖြစ်နိုင်သော်လည်း သူတို့နှစ်ယောက်ကို ခဏကြာ အနှောင့်အယှက်ပေးရန်တော့ အခက်အခဲမရှိချေ။ အကယ်၍ သူတို့နှစ်ယောက်ကသာ သူ့ကို လိုက်လံတိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့က ရတနာများကိုရယူရန် အစွမ်းကျန်နေနိုင်ဦးမည်လော။

……………..

မုန့်ချီ၏ခြေလှမ်းများက ရှုပ်ထွေးနေသည့်အချိန်တွင် သူ၏ဦးခေါင်းနှင့် ယုကျန်းသွေးကြောကို ဦးတည်နေသော ကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်တစ်ခုကို ခံစားမိခဲ့သည်။ တိုက်ခိုက်သူက ထူးထူးခြားခြားကို လျင်မြန်လွန်းလှပြီး မုန့်ချီကိုယ်တိုင်ကလည်း သူ့ကို ဝိုးတဝါး အာရုံခံမိခဲ့ခြင်းသာဖြစ်သည်။

“သူက ထောက်ချောက်မိသွားပြီ.”

မုန့်ချီက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ၏နောက်စေ့နှင့် ဓားချီစွမ်းအင်များကို ဖျက်စီးခဲ့သည်။ ထိုအချိန်တွင် ဓားချီစွမ်းအင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီ၏မျက်လုံးများက ဝင်းလက်သွားခဲ့ပြီး သူ၏အငွေ့အသက်များအားလုံးကလည်း တခဏအတွင်း ထွက်ပေါ်လာခဲ့သည်။

မုန့်ချီက ခန္ဓာကိုယ်အကာအကွယ် ကျင့်စဉ်တစ်ခု ပိုင်ဆိုင်ထားသော ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း မြောက်ပိုင်းဓူဝံကြယ်က သတိမထားမိဘဲ နေမည်လော။ သို့သော် မုန့်ချီ၏အနီရောင်ရေလှိုင်းမီးတောက်ဓားကို သတိထားမိသွားသည့်အချိန်တွင် မုန့်ချီက သူ့ကို တချိန်လုံးစောင့်နေခဲ့သလို ထင်မှတ်ရသည်။

ထိုဓားအလင်းတန်းက ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး တည်ငြိမ်နေသော စွမ်းအားများကို ထက်ပိုင်းခွဲပစ်လိုက်သည်။ သူတို့က တစ်ခုပြီးတစ်ခု အချင်းချင်း ဆက်သွယ်သွားပြီး ပြောင်းလဲမှုလှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့၏။ တခဏအတွင်း သူတို့က မြောက်ပိုင်းဓူဝံကြယ်ကို လွှမ်းခြုံသွားခဲ့သည်။

“ချွမ် ချွမ် ချွမ် .”

ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး မြောက်ပိုင်းဓူဝံကြယ်က တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် အဝေးတွင် ပြန်ပေါ်လာခဲ့ရ၏။ အစောပိုင်းတိုက်ခိုက်မှုက သူ၏လျှို့ဝှက်ရတနာများစွာကိုပင် ဖျက်စီးပစ်နိုင်ခဲ့သည်။ သူက မုန့်ချီနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။ထို့ပြင် သူ ရရှိခဲ့သော ဒဏ်ရာများက အတော်လေးကိုပြင်းထန်၏။ ထို့ကြောင့် သူက မိစ္ဆာသတ်စင်မြင့်ရှိသောနေရာသို့ နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။

တိုက်ပွဲ၏အခြားတစ်ဖက်တွင် ကျိ ၏ခန္ဓာကိုယ်ထဲမှ အလင်းတန်းများ တောက်ပလာနေခဲ့၏။ သူတို့က ခရမ်းရောင်၊ အဝါရင့်ရောင်၊ အနက်ရောင်နှင့် အဖြူရောင်များ ဖြစ်ကြသည်။ ထိုအထဲတွင် အမှောင်ထု၏ကောင်းကျိုး၊ အဖြူရောင်အငွေ့များနှင့် သူတော်စင်ကောင်းမှုလှိုင်းလုံးများလည်း ပါဝင်နေခဲ့သည်။ သူ၏နောက်ဘက်တွင်တော့ ကောင်းမှု(၅)ပါးစွမ်းအင်များက ဇာမဏီတစ်ကောင် ဖြစ်ပေါ်လာခဲ့သည်။

“သူတော်ကောင်းတရား(၅)ပါးနှင့် ဖန်တီးထားသော ဇာမဏီတစ်ကောင် .”

ထိုဇာမဏီက ဦးတည်ချက်မရှိသော အမူအရာနှင့် လေထဲသို့ ပျံသန်းလာခဲ့သည်။ ကူရှောင်စန်း၏ လေစီးကြောင်းလေးများက ထိုဇာမဏီ၏အနားသို့ကပ်ရန် ခက်ခဲနေကြောင်း တွေ့လိုက်ရ၏။ ထိုအချိန်တွင် ဇာမဏီက လေစီးကြောင်းလေးကို ဖြတ်သန်းသွားနိုင်ခဲ့သည်။

ကူရှောင်စန်း၏အမူအရာက တည်ငြိမ်နေခဲ့၏။ သူမ၏မျက်လုံးထဲတွင် ကြာပန်းဖြူလေးနှစ်ပွင့် ပွင့်လန်းလာပြီး သူမ၏နှုတ်ခမ်းလေးက ပြုံးနေခဲ့၏။ သူမက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် လေစီးကြောင်းလေးများက သူ၏ပတ်ပတ်လည်တွင် စက်ဝိုင်းသဖွယ် ဖြစ်ပေါ်လာပြီး ကျိ ကို ရင်ဆိုင်ရန် လူခွဲသွားကြသည်။

မုန့်ချီကတော့ လေဟာနယ်၏ တစ်စိတ်တစ်ပိုင်း ဖြတ်တောက်ခံလိုက်ရသလို ခံစားမိနေခဲ့၏။ ထိုလေစီးကြောင်းအမျှင်လေးများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့ပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့က ကျိ ကို လွှမ်းခြုံနေသော လှောင်အိမ်တစ်ခု ဖြစ်သွားခဲ့၏။

“နတ်ဆိုးမက လေဟာနယ်ရဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်အောင် ဘယ်လောက် အစွမ်းထက်နေတာလဲ .”

မုန့်ချီက မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ကူရှောင်စန်းက ကျိ ကို ကြည့်ပြီး တိုးတိုးလေး ပြုံးလိုက်၏။

“နင်က အစစ်အမှန်မီးတောက်လမ်းကြောင်းကနေ ဒီနေရာကို ရောက်လာတယ်လို့ ငါခန့်မှန်းမိတယ် .”

သူမကတော့ ကျိ ကို တိုက်ခိုက်ပြီး စွမ်းအားများ ကုန်ဆုံးလိုခြင်းမရှိသလို ဤနေရာတွင် အချိန်ဖြုန်းလိုခြင်းလည်း မရှိချေ။

သူမက မုန့်ချီကို စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

“မြန်မြန်လုပ် ယောကျာ်း.... တကယ်လို့ အချိန်ဆွဲမယ်ဆိုရင် နောက်ထပ်ပြောင်းလဲမှုတွေ ရှိလာမှာ စိုးရတယ် ….”

…………….

ကောင်းလန်က လျှပ်စီးလမ်းကြောင်းအတိုင်း လျင်မြန်စွာ ပျံသန်းလာပြီး ဓမ္မဘုရင်တူရှီကို နောက်ဆုတ်သွားအောင် လက်သီးနှင့် ထိုးလိုက်သည်။ သို့သော် သူကတော့ လမ်းကြောင်း၏အဆုံးသို့ ရောက်မလာနိုင်သေးပေ။

ဓမ္မဘုရင်က ဟန်ကွမ်းကိုလည်း နှောင့်ယှက်နေကြောင်း မြင်လိုက်ရသည့်အခါ ကောင်းလန်က မျက်နှာပျက်လာခဲ့၏။ ထို့ပြင် သူတို့၏နောက်မှနေ၍ ကွေချင်းဟယ်ကလည်း လိုက်လာနေသေးသည်။ သူက နေရာတွင် ချက်ချင်း ရပ်တန့်လိုက်ပြီး ညာဘက်လက်ကို ဖြန့်လိုက်၏။ ထို့နောက် ကျယ်လောင်သောအသံနှင့် ပြောလိုက်သည်။

“ငါ့ရဲ့ဓား လာခဲ့စမ်း.”

သူ့အသံပျောက်ကွယ်သွားခြင်း မရှိသေးခင် ခါးမှနေ၍ ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။ ထိုဓားက မလှုပ်ရှားနိုင်သော အမှောင်ထုကြီးကို လျင်မြန်စွာ ဖယ်ရှားပစ်ခဲ့၏။ ထိုဓားဆီမှ အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာနေခဲ့သည်။

နေ ၊ လ ၊ ကြယ် ၊ တောင်တန်း ၊ စမ်းချောင်းနှင့်မြစ်များ၏ ပုံရိပ်များက ဓားကိုယ်ထည်ပေါ်တွင် အလှဆင်ထားခဲ့သည်။ နောက်ကျောဘက်တွင်တော့ နတ်ဆိုးကိုးကွယ်သူ အဖွဲ့သားများ ဒူးထောက်နေသည့် ပုံရိပ်များရှိနေ၏။ ဓားလက်ကိုင်ပေါ်တွင်တော့ လူသားများ၏ လက်ရေးများ ၊ လယ်စိုက်ခြင်း ၊ ငါးဖမ်းခြင်းနှင့် တိရိစ္ဆာန်မွေးမြူခြင်း ပုံရိပ်များ ရှိနေခဲ့သည်။ ထိုအရာအားလုံးက လူသားများ၏လုပ်ဆောင်မှုအားလုံးလည်း ဖြစ်သည်။ ဓား၏အတွင်းထဲမှနေ၍ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာအငွေ့အသက်များက ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ဘုံတရားစီရင်ရေးတံခါးက အကောင်းအတိုင်း ရှိနေသော်လည်း ပုံရိပ်ယောင်နဂါးများနှင့် လျှပ်စီးအကြွင်းအကျန်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဖိနှိပ်မှုများအားလုံးကလည်း ပျက်စီးသွားခဲ့၏။

လေဟာနယ်ထဲတွင် ဓမ္မဘုရင်တူရှီက နောက်သို့ခြေလှမ်းပေါင်းများစွာ လွင့်သွားခဲ့ပြီး အံသြနေသည့် အမူအရာနှင့် ပြောလိုက်မိသည်။

“လူသားဧကရာဇ်ရဲ့ဓား .”

အလွန်ကြီးမားပြီး အကန့်အသတ်မရှိသော အငွေ့အသက်တစ်ခုက အထွဋ်အထိပ်သို့ ရောက်လာသည်ကို ခံစားမိသည့်အခါ ကူရှောင်စန်းကလည်း နောက်ကို ခြေတစ်လှမ်း ဆုတ်မိသွားခဲ့သည်။သူမ၏မျက်နှာလှလှလေးပေါ်တွင် ရှိနေသော အမူအရာကလည်း ပြောင်းလဲသွားခဲ့ပြီး ခံစားချက်ပေါင်းများစွာ ပေါ်လာခဲ့၏။

သူမကလည်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။

“လူသားဧကရာဇ်ရဲ့ဓားလား….”

ထိုအရာက တည်ငြိမ်မှု မရှိတော့သော သူမကို မုန့်ချီ ဒုတိယအကြိမ် တွေ့ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူ့စိတ်ထဲ၌ ကူရှောင်စန်း ဟူသည်မှာ အားနည်းချက် မရှိတော့သော မိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။ သူမ၏ အစီအစဉ်များကို ပျက်စီးသွားစေနိုင်သောအရာများ ရှိနေသေးသည်။

ထိုအခါ သူ့စိတ်ထဲတွင် အချိန်အတော်ကြာ ဖိအားပေးနေခဲ့သော စိတ်ဒဏ်ရာတစ်ခုကလည်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့လိုက်ရ၏။

Translated by Hein Htet.

All Chapters