← Chapters

အခန်း (၆၉၂)

Vol. 47 Ch. 692

အခန်း (၆၉၂)

Vol. 47 Ch. 692

"လူသားဧကရာဇ်ရဲ့ဓား…"

ဟန်ကွမ်း၏ ပတ်ပတ်လည်တွင် ရှိနေသော အစိမ်းရောင်နှင့် ခရမ်းရောင်မီးတောက်များက ရုတ်ချည်း သေဆုံးသွားခဲ့သည်။ သို့သော် သူကတော့ ရှေ့ကိုဆက်သွားရန်ပင် လျစ်လျူရှုထားမိခဲ့သည်။

တစ်ချိန်တုန်းက မကောင်းဆိုးဝါး ဉာဏ်ကြီးရှင် တစ်ယောက်အဖြစ် ရှောင်လင်ကျောင်းတော်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရုပ်ဖျက်ခဲ့ဖူးသော သူ့ဆီတွင် နောက်ဆုံးတွင် အံ့သြသည့် အရိပ်အယောင်တစ်ခု ပြသလာခဲ့သည်။

"လူသားဧကရာဇ်ရဲ့ဓား ...

အချိန်အရိပ်ဓား၊ ကောင်းကင်သတ်ဖြတ်ခြင်းပုဆိန်တို့နဲ့ အဆင့်တူတဲ့ဓားက နောက်ဆုံးပေါ်လာပြီလား။ ပြီးတော့ ကောင်းလန်ရဲ့လက်ထဲကို ရောက်သွားခဲ့တာလား…"

ကောင်းလန်၏ အမည်မသိ ယုံကြည်မှုအပေါ် သူလည်း သံသယဝင်နေခဲ့သည်မှာ ကြာခဲ့ပါပြီ။ သူက ကောင်းလန်၏ လက်ထဲတွင် ရှိထားသော ဝှက်ဖဲကို အချိန်တော်တော်ကြာ ခန့်မှန်းကြည့်နေခဲ့သော်လည်း ပျောက်ဆုံးနေသည်မှာ ကြာခဲ့ပြီဖြစ်သော လူသားဧကရာဇ်၏ဓားဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။

ကောင်းလန်က အလွန်မာနကြီးပြီး ခပ်တည်တည် အမူအရာ ရှိနေသည့်အတွက် နက်မှောင်တောက်ပနေသော ဟန်ကွမ်း၏ မျက်လုံးထဲတွင် သူ၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ခန့်ညားသော အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ညာဘက်လက်ကို မြှောက်လိုက်ရာ လက်ထဲတွင် ကိုင်ထားသော ရွှေရောင်ဓားဆီမှ အလင်းတန်းများ ထွက်လာခဲ့၏။ နတ်ဘုရားများ၊ မကောင်းဆိုးဝါးဝိညာဉ်များ၊ အင်မော်တယ်များနှင့် နတ်ဆိုးများ၏ပုံရိပ်များ၊ တံလျှပ်များက သူ၏ပတ်ပတ်လည်တွင် ပျံဝဲနေကြသည်။

တောင်တန်းများနှင့်မြစ်များ၏ ပုံရိပ်များ၊ ကောင်းကင်ပေါ်ရှိ ခန္ဓာများကလည်း သူ့ဘေးတွင် ရှိနေသော ဧရာမမြေပုံကြီးပေါ်တွင် အလိုလို ပေါ်လာကြသည်။ သူက အစစ်အမှန်ဘုရင် တစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ သူ၏ပတ်ပတ်လည်တွင် နယ်မြေတစ်ခုလုံးကို ဖိနှိပ်ထားသော လေလှိုင်းများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

တစ်ချိန်တုန်းက နဂါးစင်မြင့်ပေါ်တွင် သုတ်သင်ခံခဲ့ရသော နဂါးများ၏ လက်တုံ့ပြန်ဝိညာဉ်များကလည်း အလွန်ကြောက်စရာကောင်းသော ပညာရှင် တစ်ယောက်၏ လက်အောက်သို့ ရောက်သွားသည့်အလား တိတ်ဆိတ်သွားကြသည်။ ဒေါသထွက်နေသော မိုးကြိုးများက ဘေးဖယ်သွားကြပြီး မီးတောက်များကလည်း ဖရိုဖရဲလေဟာနယ်၏ အရိပ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ဘုံ တရားစီရင်ရေးတံခါး၏ နယ်မြေပတ်ပတ်လည်တွင် ရှိနေသော အနှစ်သာရများ၊ မှော်ဆန်သော ကန့်သတ်ချက်များအားလုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်(၉)သွယ်တစ်ခုလုံးတွင် ပျံသန်းခြင်းမရှိရ ဟူသော နောက်ဆုံးကန့်သတ်ချက်တစ်ခုသာ ကျန်နေတော့သည်။

သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ကောင်းလန်ဆီသို့ ရောက်ရှိလာကြပြီး သူ့ကို ကမ္ဘာမြေ၏ အုပ်စိုးသူအဖြစ် အသိအမှတ်ပြုနေခဲ့သည်။ သူ့လက်ထဲတွင် အကြွင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူက အရာအားလုံးကို သိမ်းပိုက်နိုင်သလို ဖြစ်နေခဲ့၏။

သူ့ဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကြောင့် လေထဲတွင် ရှိနေသော ဖိနှိပ်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး နတ်သမီးတားမြစ်ရေကန်၏ အနားတွင် ရှိနေသော အရာများအားလုံးကလည်း ပျောက်ကွယ်သွားခဲ့သည်။

ရေကန်၏ ပတ်ပတ်လည်တွင် ရှိနေသော မှော်ဆန်ဆန် ကန့်သတ်ချက် အားလုံးကလည်း ပျက်စီးသွားခဲ့၏။ ရေကန်တွင် ရှိနေသော နောက်ဆုံးမြူခိုးများ ပျောက်ကွယ်သွားသည့် အချိန်တွင် အသက်ဝင်နေသော မက်မွန်သီးတစ်ခြမ်းက ပေါ်လာခဲ့သည်။ သွေးရောင်အလင်းတန်းများကို ကြည့်နေသည့်အချိန်တွင် သူက ပုန်းနေသည့်နေရာမှ ဒယိမ်းဒယိုင် ထွက်လာခဲ့၏။

သို့သော် မုန့်ချီကတော့ ကူရှောင်စန်း တီးတိုးရေရွတ်ခဲ့သော စကားကြောင့် သူ့ကို အလေးမထားမိခဲ့ပေ။

"လူသားဧကရာဇ်ရဲ့ဓား ... လူသားဧကရာဇ်ရဲ့ဓား…"

ချက်ချင်းဆိုသလိုပင် မုန့်ချီက သူ၏သွေးသောက်အစ်ကို ကောင်းလန်နှင့်အတူ မီးပင်လယ် နဂါးစင်မြင့်နှင့် လူသားဧကရာဇ်၏ ရှေးဟောင်းလမ်းကြောင်းပေါ်သို့ သွားခဲ့သောခရီးကို အမှတ်ရသွားခဲ့၏။ သူ၏သွေးသောက်အစ်ကိုက မီးတောက်ထဲတွင် အချိန်တော်တော်ကြာ ရှာဖွေနေခဲ့သော်လည်း သံချောင်းတစ်ချောင်းနှင့် ရေလှိုင်းမီးတောက်ဓားကို သန့်စင်ရန် အသုံးပြုခဲ့သော သံတုံးလေးတစ်ခုသာ ထွက်လာခဲ့သည်။ လူသားဧကရာဇ်၏ဓား ပေါ်လာသည့်လက္ခဏာမျိုး မရှိခဲ့ချေ။

သို့သော် ယခုတော့ ကောင်းကင်ခုံရုံးထဲကို ရောက်လာသော ဒဏ္ဍာရီအဖွဲ့ထဲမှ ဓမ္မကာရအဆင့် ပညာရှင်(၂)ယောက်ထဲတွင် တစ်ယောက်က ထိုဓားကို ကိုင်ဆောင်ထားခြင်းပေလော။ ရှေးဟောင်းဒဏ္ဍာရီ လျှို့ဝှက်ချက်များနှင့် ပတ်သက်ပြီး ကူရှောင်စန်း၏ ဗဟုသုတများက လုံးဝမမှားနိုင်ပေ။

ထို့ပြင် သံသရာအရှင်သခင်၏ စာရင်းထဲ၌ ထိုဓားက မရှိကြောင်း ပြသထားသည်။ တစ်ခုမျှပင် မရှိသည့်အတွက် တာအိုသခင်ချုံဟယ်ကဲ့သို့ အစွမ်းထက်သော သံသရာခရီးသွား တစ်ယောက်ကပင် သံသရာအမှတ်များနှင့် လဲလှယ်၍ မရနိုင်ပေ။

လွန်ခဲ့သော တိုင်းပြည်မှတ်တမ်းများအရ အစစ်အမှန် အင်ပါယာတံဆိပ်ကို လူသားဧကရာဇ်၏ ဓားအငွေ့အသက်များနှင့် ဖန်တီးထားခဲ့သည်။ လူသားဧကရာဇ်၏ဓားက နဂါးစင်မြင့်ထဲတွင် ဖုံးကွယ်ထားသည်မှာ အလွန်ဖြစ်နိုင်ချေ ရှိသည်။ ထို့ပြင် နတ်ဆိုးဗုဒ္ဓ၏ ဖျက်ဆီးမှုများ ပြီးဆုံးသွားပြီးနောက် သူနှင့်ကောင်းလန်အပြင် နဂါးစင်မြင့်သို့ တစ်ယောက်မျှဝင်လာခြင်းရှိမရှိ ပြောပြနိုင်ခြင်းလည်း မရှိချေ။

“အဲဒီအချိန်တုန်းက သူရထားတဲ့ သံချောင်းလေးက ဓားအစစ်များ ဖြစ်နေမလား…”

မုန့်ချီ၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

“ဟန်ကွမ်းနဲ့အတူ ပါလာတဲ့ ဓမ္မကာရအဆင့် ပညာရှင်က ငါ့ရဲ့သွေးသောက်အစ်ကိုလား။ မဟုတ်ဘူး။ ဒါက သူ့ရဲ့တခြားအကျင့်စရိုက် ၊ အစစ်အမှန် အရူးမင်းသားပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ ဒါသာ အမှန်ဆိုရင် ငါ့ရဲ့ကံကောင်းမှုကြီးတွေကြောင့် ဘာတွေဖြစ်လာတာလဲ…”

မုန့်ချီက ထိုအကြောင်းကို စဉ်းစားမိနေရင်း စိတ်ထဲတွင် အကြောက်တရားများ ပို၍ကြီးထွားလာခဲ့သည်။ ထို့နောက် နောက်တစ်ကြိမ် ဟန်ကွမ်းက အနောက်ပိုင်းနယ်မြေထဲမှနေ၍ ကြောက်မက်ဖွယ်ရာအစွမ်းမျိုး ရှိနေသည့် လူတစ်ယောက်ကို ခေါ်လာခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးမိခဲ့၏။

ဥပမာအနေနှင့် ပြောရလျှင် နတ်ဘုရားကမ္ဘာကြီးထဲမှ ပညာရှင် တစ်ယောက်လည်း ဖြစ်နိုင်၏။ သူက လူသားဧကရာဇ်၏ဓားကို မထင်မှတ်ဘဲ တွေ့လိုက်ရပြီး သူ့ကို ဒဏ္ဍာရီအဖွဲ့ထဲသို့ ဖိတ်ခေါ်ထားခြင်း ဖြစ်နိုင်သည်။

မုန့်ချီကတော့ ဓားကိုင်ထားသူ၏ အဆင့်အတန်းကို တွက်ချက်ရန် အချိန်မရခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူက လော်အဖွဲ့အစည်းမှ ဓမ္မဘုရင်တူရှီ မဟုတ်ချေ။ ဓမ္မဘုရင်တူရှီက မကောင်းဆိုးဝါးသခင်ဟန်ကွမ်းနှင့် ဓားကိုင်ထားသူ (၂)ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်ရုံလေးသာ ရှိသည်။ အကယ်၍ ဓားကိုင်ထားသူကသာ ဓား၏အစွမ်းများကို ထိန်းချုပ်နိုင်မည်ဆိုလျှင် မည်သည့်အချိန်ထွက်ပြေးနိုင်မည်နည်း။ ယခုထွက်ပြေးရမည် မဟုတ်ပေလော။

မုန့်ချီ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော သွေးကြောမှတ်များက ပွင့်လာပြီး သူသုံးလိုက်သော စွမ်းအင်များအရ သူက တတ်နိုင်သမျှ အရှိန်မြှင့်ရန် ကြိုးစားလိုက်သည်။

သို့သော် သူက ကူရှောင်စန်းကို သတိထားမိလိုက်သည့်အချိန်တွင် မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် သူမကတော့ မှင်တက်နေသေးပုံရ၏။

ကောင်းကင်ခုံရုံးနှင့် ပတ်သက်ပြီး သူ၏ဗဟုသုတများအရ မုန့်ချီက လွတ်လမ်းကိုမသိခဲ့ပေ။ ကူရှောင်စန်းသာ လမ်းမပြခဲ့လျှင် သူ့အတွက် ဒုက္ခများက ပိုပြီးကြီးမားလာနိုင်သည်။ လက်ရှိမုန့်ချီ၏ မျက်လုံးထဲတွင်တော့ ကူရှောင်စန်းက အရာအားလုံးကို ပြီးပြည့်စုံစွာ စီစဉ်ထားနိုင်သော လော်အဖွဲ့အစည်းမှ နတ်ဘုရားမ မဟုတ်တော့ပေ။ သူမက ကြိုတင်ခန့်မှန်းထားနိုင်ခြင်း မရှိသော အဖြစ်အပျက်ကြောင့် အံ့သြထိတ်လန့်နေခဲ့၏။

မုန့်ချီက သူ့ကိုယ်သူ ပို၍ယုံကြည်ချက် ရှိလာသလို ခံစားမိလာခဲ့သည်။ သူတို့ နောက်တစ်ကြိမ် ရင်ဆိုင်ရသည့်အချိန်တွင် သူမကြောင့် လမ်းလွှဲခံရခြင်း လုံးဝမရှိနိုင်တော့ပေ။ သူက လှည့်စားမှုအရာတွင် သူမကို မယှဉ်နိုင်သော်လည်း နောက်ပိုင်းတွင်တော့ သူမက သူ့ကို လုံးဝသိမ်းသွင်းနိုင်တော့မည် မဟုတ်ချေ။

“စဉ်းစားကြည့်လိုက်ရင် ကောက်ကျစ်တဲ့ နတ်ဆိုးမ ကူရှောင်စန်းကို အံ့သြအောင် လုပ်လိုက်တာက ငါ့ရဲ့သွေးသောက်အစ်ကို ကောင်းလန်ဖြစ်နိုင်တယ်။ ပြီးတော့ ဒီတစ်ကြိမ် သူက ဓားကို ကိုင်ထားတဲ့သူလည်း ဖြစ်နိုင်တယ်။ ငါက နတ်ဆိုးမရဲ့ လှည့်ကွက်တွေကနေ လွတ်မြောက်ဖို့အတွက် တစ်ခုခုကြံစည်ထားရမလား…”

သို့သော် ကူရှောင်စန်းကတော့ ခဏတာ ထိတ်လန့်သွားခဲ့ခြင်းသာ ဖြစ်သည်။ မုန့်ချီက သူမကို စစ်ဆေးကြည့်နေသည့်အချိန်တွင် သူမက သတိပြန်ဝင်လာခဲ့၏။ သူမက မုန့်ချီကို သေချာစိုက်ကြည့်လိုက်ပြီး သူတို့လမ်းကို ဆက်သွားရန် အချက်ပြလိုက်သည်။

“သူ့ရဲ့လက်ထဲမှာ နောက်ထပ်ဝှက်ဖဲတစ်ခု ရှိနေသေးတာလား…”

မုန့်ချီက အံ့သြနေခဲ့သည်။

သူမကတော့ ပြန်လည်တည်ငြိမ်သွားသည့်အတွက် အနည်းငယ် စိတ်ပေါ့သွားသလို ခံစားလိုက်ရ၏။ ရုတ်တရက်ဆိုသလို သူတို့က အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

သဘာဝတရားကြီး၏ အချုပ်အနှောင်များ မရှိတော့သည့်အတွက် နေနတ်ဘုရားကျိက သူ၏စွမ်းအားများကို ပြည့်ပြည့်ဝဝ အသုံးပြုနိုင်လာသည်။ သူ၏နောက်ကျောဘက်မှနေ၍ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး မတူညီသော အရောင်များ ဖြစ်ကြသည့် အညိုရောင်၊ အဝါရောင်၊အနက်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်နှင့် တခြားအရောင်များ ရှိနေကြသည်။

ပုံရိပ်ယောင်ခန္ဓာ၏ နောက်ဘက်တွင် နူးညံ့သိမ်မွေ့သော ကျောင်းဆောင်နှင့် ထိုက်ကျိသင်္ကေတတစ်ခု ရှိနေခဲ့သည်။ ထိုအရာများက သူ၏ညာဘက်လက်သီးတွင် စုစည်းလာပြီးနောက် သူက ဒေါသတကြီး ပြေးလာခဲ့၏။

"ခလွပ် ..."

ကူရှောင်စန်း ဖန်တီးထားခဲ့သော အချုပ်အနှောင်များက ပျက်စီးသွားခဲ့ပြီး ရန်သူက လွတ်မြောက်လာခဲ့သည်။ ယခုမုန့်ချီနှင့် ကူရှောင်စန်းတို့၏ရှေ့တွင် ရပ်နေသည်မှာ အစစ်အမှန်သိုင်းသခင် တစ်ယောက်ဖြစ်သည်။

နောက်မှ လိုက်လာသူများကလည်း ဓမ္မကာရအဆင့်စွမ်းအားများ ပိုင်ဆိုင်ထားပြီး လူသားဧကရာဇ်၏ဓားလည်း ရှိနေသည်။ တခြားရန်သူတစ်ယောက်ကတော့ သူတို့၏ လမ်းကြောင်းကို တားဆီးထားသော သိုင်းသခင်အဆင့် ရန်သူ ဖြစ်နေသည်။

မုန့်ချီနှင့် ကူရှောင်စန်းတို့က အချင်းချင်း စိုက်ကြည့်နေခြင်းမရှိဘဲ စိတ်ဝိညာဉ်နှင့် ဆက်သွယ်နေကြ၏။ သူတို့ ဘာလုပ်ရမလဲဟူသည်ကို (၂)ယောက်လုံး ပြောစရာမလိုဘဲ သိနေကြသည်။ နောက်မှ လိုက်လာသော ဓမ္မကာရအဆင့် ပညာရှင်များကို ရင်ဆိုင်တိုက်ခိုက်သည်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နေနတ်ဘုရားကျိကို ရင်ဆိုင်တိုက်ခိုက်ခြင်းကသာ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဖြစ်ကြသည်။ သူတို့က အမြန်တိုက်ခိုက်ရန် လိုအပ်ပြီး ကောင်းကင်ခုံရုံး၏ အတွင်းပိုင်းထဲကို အလျင်အမြန် ထွက်ပြေးရန် လိုအပ်သည်။

ဟန်ကွမ်းတို့အဖွဲ့၏ အဓိကရည်ရွယ်ချက်က ရတနာများကို ရှာဖွေရန်ဖြစ်သည့်အတွက် ကောင်းကင်ခုံရုံး၏ ဝင်္ကပါလမ်းများထဲတွင် သူနှင့် ကူရှောင်စန်းတို့က အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးသည်။ အချိန်က အဓိကဖြစ်သည့်အတွက် သူတို့က မည်သည့်အရာကိုမျှ မစဉ်းစားနိုင်ကြတော့ပေ။ နတ်ဘုရားလက်နက်ဖန်တီးရန် ပစ္စည်းတစ်ခုကို သုံးလိုက်ခြင်းကလည်း လက်တွေ့မကျသေးပေ။

တိမ်တိုက်များ လွင့်မျောနေသော နတ်သမီးတားမြစ်ရေကန်က ဘေး(၂)ဖက်တွင် ရှိနေပြီး ထိုအထဲသို့ ကျသွားသူတိုင်းက သေချာပေါက် သေဆုံးသွားနိုင်သည်။ ထိုအရာက ပစ္စည်းများကို ဖောက်ခွဲပစ်နိုင်သော နေရာတစ်ခုကဲ့သို့ဖြစ်နေခဲ့၏။

သို့သော် ထိုရေကန်က (၁၀)မီတာခန့်သာ အကျယ်ရှိသည်။ ကျိက သူတို့၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး နောက်ပိုင်းတွင် သူတို့ကို တန်ပြန်တိုက်ခိုက်နိုင်သည်။ အကယ်၍ ပစ်မှတ်ကို တိုက်ခိုက်ရန် မအောင်မြင်လျှင် တိုက်ခိုက်မှုတစ်ခုက မည်မျှအစွမ်းထက်စေကာမူ အသုံးမဝင်နိုင်ပေ။

ထို့ကြောင့် မုန့်ချီက နိယာမဖြစ်စဉ်ကိုသုံးပြီး ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် စဉ်းစားလိုက်သည်။ ခေါင်း(၂)လုံးနှင့်လက်အပိုများ ရှိနေသည့်အပြင် ဓားရှည်နှင့် ဓားမောက်တို့၏ တိုးတက်လာသော စွမ်းရည်များကြောင့် သူက ကျိကို အကောင်းဆုံး အချိန်ဆွဲထားနိုင်ပြီး ကူရှောင်စန်းက သေစေနိုင်သော တိုက်ခိုက်မှုကို တိုက်ခိုက်နိုင်သည်။

လော်အဖွဲ့အစည်းမှ နတ်ဘုရားမဖြစ်ပြီး အဂတိသခင်မ၏ ကိုယ်ပွား ဖြစ်နေသည့်အတွက် သူမက ပစ္စည်းမျိုးစုံကို အသုံးပြုနိုင်သည်။ တာဝန်ကျရာအသီးသီး ထမ်းဆောင်နေရသော အခြေအနေမျိုးတွင် သူ၏တွဲဖက်အတွက် အခွင့်အရေးဖန်တီးရန် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ထွက်လာခဲ့စမ်း…"

မိုးကြိုးဟိန်းသံနှင့်အတူ မုန့်ချီက သူ၏အစွမ်းများကို သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က (၁၀)မီတာခန့် ကြီးထွားလာခဲ့၏။

ခေါင်း(၂)လုံးက ကျိကို စိုက်ကြည့်နေပြီး သူ၏ခြေလက်များက ရေလှိုင်းမီးတောက်ဓား၊ ကောင်းကင်ပြစ်ဒဏ်ဓား၊ ခရမ်းမိုးကြိုးဓားနှင့် ဆန်းကြယ်လိပ်ဓားဟူသည့် ဓား(၄)ချောင်းကို တစ်ပြိုင်နက်တည်း ကိုင်ထားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်မှ သူ ဆွဲယူနိုင်သော စွမ်းအားများနှင့် ရန်သူကိုတိုက်ခိုက်လိုက်သည်။

ကူရှောင်စန်းကလည်း လက်ထဲတွင် တံဆိပ်ပေါင်းစုံ ဖန်တီးလိုက်ပြီး လက်ဖဝါးပေါ်တွင် စွမ်းအားများကို စုစည်းလိုက်၏။ အလွန်လှပသော နတ်ဘုရားပုံရိပ်တစ်ခုလည်း ပေါ်လာပြီး သူမက ဤကမ္ဘာကြီးထဲတွင် အလွန်သန့်စင်သော ခံစားမှုတစ်ခု ပေးနိုင်သည်။

ရုပ်တု၏အရိပ်က သူမ၏နဖူးထဲသို့ ပျံသန်းလာပြီး သူမ၏အငွေ့အသက်များက လျင်မြန်စွာ ကြီးထွားလာခဲ့၏။ အလွန်ထူးခြားသော လေလှိုင်းများကလည်း ရုတ်တရက် ထွက်ပေါ်လာပြီး ဂရုဏာရှိနေသည့် အငွေ့အသက်မျိုး ပေါ်လာခဲ့သည်။ သူမ၏ပတ်ပတ်လည် လေထဲတွင်လည်း ရွတ်ဖတ်သံများကို ကြားနေရ၏။

"အဂတိသခင်မ လေဟာနယ်မြို့တော်…"

ထိုအချိန်တွင် ကျိက ရွှေနှင့်ဖန်တီးထားသော အနက်ရောင်ငှက်မွေးလေးတစ်ခုကို ထုတ်လိုက်သည်။

သူ၏ရန်သူကို အစစ်အမှန် တိုက်ခိုက်ခြင်း မရှိသေးဘဲ မုန့်ချီက ငှက်မွှေးလေးပေါ်တွင် မီးတောက်များကို မြင်လိုက်ရသည်။ အလွန်ပြင်းထန်သော အပူရှိန်များက မုန့်ချီ၏ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်လာပြီး အပူရှိန်များကို ကြည့်လိုက်ရုံနှင့်ပင် သူကိုယ်တိုင် အရည်ပျော်သွားသလို ခံစားနေရ၏။ ထိုအရာက သူ၏နေမီးတောက်နှလုံးသားကို သတိရသွားခဲ့သည်။

"နတ်ဘုရားလက်နက် ပင်မပစ္စည်း…"

မုန့်ချီက ရုတ်တရက်တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ငှက်မွေးလေး၏ အန္တရာယ်ကို သတိထားလိုက်မိသည်။

“ကျိကလည်း သူ့ရဲ့မှော်ရတနာတွေကို သုံးဖို့ စဉ်းစားမနေဘူးပဲ…”

သူက တိုက်ရိုက် တိုက်ခိုက်ခံလိုက်ရမည်ဆိုလျှင် ထိုမှော်ရတနာကြောင့် ပေါက်ကွဲပြီး သေဆုံးသွားနိုင်သည်။

ချက်ချင်းဆိုသလိုပင် မုန့်ချီက ဘေးဘက်သို့ ခုန်ဆုတ်လိုက်ပြီး သူ့ဆီသို့ ရောက်လာနေသော မီးတောက်များကို ရှောင်တိမ်းလိုက်ရသည်။

"ဘုန်း ..."

အစိမ်းရောင်နှင့် ခရမ်းရောင်မီးတောက်များက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့ပြီး သူ၏တာအိုဝတ်စုံကို လောင်ကျွမ်းသွားစေခဲ့သည်။ သို့သော် သူ့ဆီမှ အကာအကွယ် အလင်းရောင်များ ထွက်ပေါ်လာသည့်အတွက် လောင်ကျွမ်းနေသော မီးတောက်များက မှေးမှိန်သွားခဲ့၏။

ထိုအချိန်တွင် သူ့ရှေ့၌ ရှိနေသော နတ်သမီးတားမြစ်ရေကန်က အမြှုပ်များ ထွက်နေကြောင်း မုန့်ချီက မြင်လိုက်ရသည်။ သို့သော်သူကတော့ လေထဲတွင် နင်းစရာနေရာ မရှိခဲ့ချေ။ သူ့နောက်ကျောတွင် နာကျင်မှုကို ခံစားနေရသည့်အတွက် မုန့်ချီက အခြေအနေကို နားလည်သွားခဲ့၏။

ကျိက ထိုငှက်မွေးလေးနှင့် သူ့ကို တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ ထိုအစား ကျိက သူ့ကို နတ်သမီးတားမြစ်ရေကန်ထဲသို့ ကျသွားအောင် တွန်းအားပေးလိုက်ခြင်းဖြစ်ပြီး အစစ်အမှန် ဦးတည်ချက်ကတော့ ကူရှောင်စန်းအတွက်သာ ဖြစ်သည်။

မုန့်ချီက ကောင်းကင်ခုံရုံး၏ ကန့်သတ်ချက်များကြောင့် ပျံသန်းနိုင်ခြင်း မရှိချေ။ သူ့အောက်တွင်တော့ စောင့်ကြိုနေသော နတ်သမီးတားမြစ်ရေကန်ရှိနေသည်။ ထိုအရာက သူ့ကို သာမန်လူတစ်ယောက် ပြန်ဖြစ်သွားစေနိုင်၏။ “အဂတိသခင်မ လေဟာနယ်မြို့တော် ..” ဟူသော ရွတ်ဖတ်သံကလည်း နားထဲတွင် ကြားနေရပြီး သူက ရေရနံ့များကို ရှုရှိုက်မိနေခဲ့သည်။

သူက စိုးရိမ်မှုများမရှိဘဲ ခန္ဓာကိုယ်ကို ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက ပျံသန်းနိုင်သေးတယ်လေ။ တကယ်လို့ ကောင်းကင်ပေါ်မှာ ပျံသန်းဖို့ တားမြစ်ထားတယ်ဆိုရင်တောင် ငါ့ရဲ့အတောင်ပံတွေနဲ့ လေဟုန်စီးလို့ ရနိုင်သေးတယ်။ ပြီးတော့ ငါ့မှာ လေဟာနယ်ခြေလှမ်းသိုင်းလည်း ရှိနေသေးတယ်…”

မုန့်ချီက သူ့အောက်တွင် ရှိနေသော ရေကန်ထဲမှ ထွက်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။ မူလတုန်းက တိတ်ဆိတ်နေသော ရေကန်၏ မျက်နှာပြင်ပေါ်တွင် အလွန်ကြီးမားသော ရေပူဖောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

ထို့နောက် ရေကန်ထဲမှနေ၍ အဖြူရောင်အရိပ်တစ်ခု ထွက်လာပြီး သူ၏မျက်နှာကို ရှုပ်ပွနေသော ဆံပင်များ ဖုံးအုပ်နေသည်။ သူက သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့်အတွက် ခန္ဓာကိုယ်က ပုပ်ပွနေခဲ့သည်။ သူ၏မျက်လုံးများက တလက်လက် တောက်ပနေပြီး အရောင်ကင်းမဲ့နေခဲ့၏။

မုန့်ချီက အောက်ဘက်မှ ရောက်လာသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ခေါင်းထဲတွင်လည်း လူသေတစ်ယောက်၏ ခေါ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။ သူ ပြောင်းလဲထားသော ငှက်ပုံစံက ချက်ချင်းဆိုသလိုပင် ကျောက်တုံးတစ်တုံးကဲ့သို့ စတင်ပြုတ်ကျလာခဲ့သည်။

သို့သော် မုန့်ချီက အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အတည်ငြိမ်ဆုံးဖြစ်သည်။ လူက လူသားပုံသဏ္ဍာန် ပြောင်းလဲလိုက်ပြီး ချီစွမ်းအားများကို လှုံ့ဆော်၍ လေထဲကို ခုန်တက်လိုက်သည်။ ထို့နောက် သူက ရေကန်၏အစွန်ကို လှမ်းခုန်လိုက်၏။

ထိုအချိန်တွင် ကူရှောင်စန်းကတော့ ကျိ နှင့် အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။ သို့သော် သူ့ကို အောက်သို့ ဆွဲချနေသောစွမ်းအားက ရုတ်တရက်မြင့်တက်လာပြီး အော်သံတစ်ခုက သူ့ကို ရေကန်ထဲသို့ ဆွဲချနေခဲ့သည်။

မုန့်ချီ၏လက်က ရှေ့ကို အားယူနေခဲ့၏။ သူက ရေကန်၏အစွန်နှင့် အလွန်နီးကပ်နေသော်လည်း အမှန်တကယ်တော့ ဝေးနေသေးသလို ထင်ရ၏။ ရေကန်ထဲတွင် ရှိနေသောရေများက တပွက်ပွက် ဆူနေသည်မှာ မုန့်ချီအတွက်တော့ စိတ်ပျက်စရာ ဖြစ်နေခဲ့၏။

ထိုအချိန်တွင် ရေကန်ထဲသို့ မုန့်ချီ၏ ကျဆင်းသွားမှုက ရပ်တန့်သွားခဲ့ပြီး သူ့ခါးတွင် အဝါရောင်ဖဲပြားလေးတစ်ခု ရစ်ပတ်ထားသည့်အတွက် လေထဲတွင် လွင့်မျောနေခဲ့၏။

“ကူရှောင်စန်းက ငါ့ကိုကယ်ခဲ့တာလား…”

မုန့်ချီက မယုံကြည်နိုင်သလို လှည့်ကြည့်လိုက်မိရာ ကူရှောင်စန်းက ရန်သူ၏ တိုက်ခိုက်မှုကို မခုခံနိုင်သည့်အတွက် အသည်းအသန် ရှောင်တိမ်းနေရကြောင်း မြင်လိုက်ရသည်။ ထိုသို့ဆိုရာတွင် သူမ၏မျက်လုံးများက မည်းနက်နေပြီး သူမ၏အစစ်အမှန် ရည်ရွယ်ချက်ကတော့ ဝေဝါးနေသေး၏။

"ခလွပ်…"

အသွင်ပြောင်းမက်မွန်သီးလေးက ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး အလောင်း၏ဦးခေါင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် အလောင်းက ရေကန်၏ အတွင်းပိုင်းထဲကို ပြန်ကျသွားခဲ့၏။

မုန့်ချီက နောက်ထပ်စဉ်းစားနေခြင်း မရှိတော့ဘဲ ကမ်းစပ်ဆီသို့ လှမ်းခုန်လိုက်သည်။ သူ့လက်ထဲတွင်တော့ ရေခဲမျက်လုံးသလင်းကျောက်ကို ကိုင်ထားလိုက်၏။ ကူရှောင်စန်းက ကျိကို ထိန်းသိမ်းနေသည့်အချိန်တွင် သူလည်း တတ်နိုင်သမျှ တိုက်ခိုက်ရမည်ဖြစ်သည်။

မုန့်ချီ ပြန်ရောက်လာသည်ကို သတိထားမိသည့်အချိန်တွင် ကျိ၏ နောက်ကျောဘက်၌ ကံကြမ္မာခရမ်းရောင်ချီစွမ်းအင်များနှင့် ဖန်တီးထားသော အတောင်ပံ(၂)ချောင်း ပေါက်လာခဲ့သည်။ သူက ကူရှောင်စန်းနှင့် တိုက်ခိုက်ရာတွင် အသာစီးရနေသေးသော်လည်း လေထဲသို့ လှမ်းခုန်လိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့၏။ သူက တိမ်တိုက်များထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ လမ်းကြောင်းက အလိုလိုပွင့်သွားခဲ့၏။

Translated by Hein Htet.

All Chapters