အခန်း (၆၉၃)
Vol. 47 Ch. 693
အသွင်ပြောင်းမက်မွန်သီးလေးက လေထဲသို့ ခုန်လာပြီး အလွန်သိပ်သည်းသော မြူခိုးများထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူက မြင်ကွင်းထဲမှ ပျောက်ကွယ်မသွားသေးခင် မုန့်ချီကို စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သေး၏။
မုန့်ချီက သူ့ခါးမှဖဲပြားကို လျှော့လိုက်သည်။ ထို့နောက် တပတ်ကျွမ်းထိုးလိုက်ပြီး ရှေ့သို့ တရှိန်ထိုး ပြေးထွက်သွားခဲ့သည်။
ကူရှောင်စန်းကလည်း သူ့နောက်မှ လိုက်လာခဲ့ပြီး သူမ၏ခြေထောက်အောက်တွင် ပုံရိပ်ယောင်ကြာပန်းလေးများ ပွင့်လန်းနေခဲ့သည်။ သူတို့က အချိန်ဆွဲနေရန် မဖြစ်နိုင်ပေ။ သူတို့က ဒဏ်ရာရနေသော မှော်သားရဲတစ်ကောင်ကဲ့သို့ မြန်မြန်သွားရန် လိုအပ်သည်။ သူတို့၏နောက်မှလိုက်လာသော ဓမ္မကာရအဆင့်ပညာရှင်များက သူတို့ကို အချိန်မရွေး မီသွားနိုင်၏။
သူတို့ ဖြတ်သန်းသွားသည့်အချိန်တွင် နတ်သမီးတားမြစ်ရေကန်က ပွက်ပွက်ဆူနေခဲ့၏။ ထိုအရာက နှစ်သန်းပေါင်းများစွာကြာအောင် နတ်ဘုရားများ ၊ အင်မော်တယ်မြောက်များစွာ၏ အသက်ကို ယူဆောင်ထားခဲ့သည်။
ကောင်းကင်(၉)သွယ် တည်ရှိနေစဉ် အတောအတွင်း လူပေါင်းများစွာက ထိုရေကန်ထဲသို့ ကျဆင်းသွားနိုင်သည်။ သူတို့ကို ကယ်တင်သူမရှိလျှင် လေထဲ၌ ပျံသန်းနိုင်စွမ်း မရှိသည့်အတွက် ထိုရေကန်ထဲတွင် အသက်ဆုံးရှုံးသွားရနိုင်သည်။
နတ်သမီးတားမြစ်ရေကန်ကို တစ်ကြိမ်လှည့်ကြည့်လိုက်ပြီး မုန့်ချီက ကူရှောင်စန်းကို စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
“နတ်သမီးတားမြစ်ရေကန်ထဲက ရေတွေက လူတစ်ယောက်ရဲ့အစွမ်းတွေကို ဖယ်ရှားနိုင်တယ်။ ငါတို့ကသာ ပုလင်းတစ်ခုထဲမှာ သိမ်းထားနိုင်မယ်ဆိုရင် တော်တော်လေး အသုံးဝင်နိုင်တယ်…”
မက်မွန်သီးများကို ခူးပြီး စားသုံးနိုင်သည့်အတွက် နတ်သမီးတားမြစ်ရေကန်ထဲမှ ရေကိုလည်း သိမ်းဆည်းထား၍ ရနိုင်သည်။
“နင်က နတ်သမီးတားမြစ်ရေကန်ထဲက ရေတွေကို သာမန်ပုလင်းတွေနဲ့ သိမ်းလို့မရဘူး။ မှော်အစွမ်းတွေ ၊ တံဆိပ်တွေကို ခံနိုင်တဲ့ပစ္စည်းတွေ ၊ မှော်ကျင့်စဉ်တွေနဲ့ ကာကွယ်ထားတဲ့ ပစ္စည်းတွေကတောင် သူတို့ရဲ့စွမ်းအားတွေ ပျောက်ကွယ်ပြီး သာမန်ပစ္စည်းအဖြစ် ပြောင်းသွားလိမ့်မယ်။ ကောင်းကင်ခုံရုံးက နတ်သမီးကျောက်စိမ်းပုလင်းလေးတွေကပဲ အဲဒီလိုအရည်တွေကို သိမ်းထားနိုင်တယ်။ ဒါပေမဲ့ အဲ့ဒါက သံသရာအရှင်သခင်ရဲ့စာရင်းထဲမှာ မရနိုင်ဘူးလို့ပြောထားတယ်..”
ကူရှောင်စန်းက အလျင်အမြန် ရှင်းပြလိုက်သည်။
အကယ်၍ သူတို့က ထိုကျောက်စိမ်းပုလင်းမျိုးကို သူတို့နှင့်အတူ ယူဆောင်လာမည်ဆိုလျှင်ပင် သူတို့က နတ်သမီးတားမြစ်ရေကန်ထဲ၌ စောင့်နေသော အန္တရာယ်များကို တစ်ခုမျှမသိနိုင်ပေ။ အနည်းငယ် အမှားလုပ်မိလိုက်ရုံနှင့် အသက်ဆုံးရှုံးသွားနိုင်၏။ ယခုလို ခက်ခဲသည့်အချိန်မျိုးတွင်တော့ သူတို့အတွက် ပို၍ပင် ခက်ခဲနိုင်သည်။
တိမ်တိုက်များ ပြည့်နှက်နေသော လမ်းမကြီးက တဖြည်းဖြည်းပို၍ ကျယ်လာပြီး မြူခိုးများကလည်း သိပ်သည်းမှု မရှိတော့ချေ။ မြူခိုးများက ကောင်းကင်ကြီးနှင့် အဝေးမိုးကုတ်စက်ဝိုင်းတွင်သာ ဖုံးလွှမ်းနေတော့၏။
မုန့်ချီက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ရုတ်တရက် မေးလိုက်သည်။
“မိန်းကလေးရှောင်စန်း....
အရူးမင်းသားကောင်းလန်ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို သိလား .”
“ဘာလို့ အခုချိန်ကျမှ မေးရတာလဲ။ ငါတို့နောက်ကနေ လိုက်လာတဲ့ အမည်မသိ ဓမ္မကာရအဆင့်ပညာရှင်က သူလို့ ထင်နေတာလား .”
ကူရှောင်စန်းက လျင်မြန်စွာ နားလည်သွားခဲ့သည်။ မုန့်ချီက အနည်းငယ်ပြောလိုက်ရုံနှင့် လူသားဧကရာဇ်ဓားက ကောင်းလန်၏လက်ထဲတွင် ရောက်သွားသည်ဟု သူမက ခန့်မှန်းမိခဲ့၏။
မည်သို့ဖြစ်စေကာမူ သူက ဘယ်ကမှန်းမသိ လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာပြီး မုန့်ချီကိုခေါ်ဆောင်၍ အစစ်အမှန်အင်ပါယာတံဆိပ်ကို ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် သူက နဂါးစင်မြင့်ကို ပစ်မှတ်ထားနိုင်သည်ဟု ခန့်မှန်းကြည့်ရန်မခက်ချေ။
သေရေးရှင်ရေးအခြေအနေမျိုးတွင် မုန့်ချီကလည်း ထိုအချက်အလက်များကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။
“အဲဒါက သူဖြစ်နိုင်ချေ များတယ် ၊ ဒါမှမဟုတ် တခြားအမည်မသိ ဓမ္မကာရအဆင့်ပညာရှင် တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့က အသတ်ခံဖို့ကို စောင့်နေလို့တော့ မရဘူး။ တကယ်လို့ အဲဒီအရာကသာ တခြားအမည်မသိ ဓမ္မကာရအဆင့် ပညာရှင်ဆိုရင် ငါတို့က ကျိရဲ့ဥပမာအတိုင်း လမ်းကြောင်းထဲကနေ လုံလုံခြုံခြုံထွက်သွားဖို့ကြိုးစားရမယ်။ တကယ်လို့ အဲ့ဒါက ကောင်းလန်ဆိုရင်တော့ ငါတို့က သူ့ရဲ့ စိတ်နှစ်ခွရောဂါကို ပြန်ပေါ်လာအောင် ကြိုးစားကြည့်လို့ရနိုင်တယ်….”
ကူရှောင်စန်းက ကောင်းလန်၏အခြေအနေကို သိမသိ နားမလည်သော်လည်း မုန့်ချီကတော့ သူ၏သွေးသောက်အစ်ကို၏ စိတ်နှစ်ခွရောဂါကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
သူ၏အကျင့်စရိုက်တစ်ခုကတော့ သဘောကောင်းပြီး ရင်းနှီးဖော်ရွေတတ်သည်။ တခြားအကျင့်စရိုက်တစ်ခုကတော့ အေးစက်ပြီး တည်ငြိမ်၏။ အကယ်၍ သူတို့ကသာ သူ၏အကျင့်စရိုက်ကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် အသက်ကို စွန့်စားရန်မလိုဘဲ မုန့်ချီနှင့် ကူရှောင်စန်းတို့က အသက်ရှင်ရန် နည်းလမ်းရှိနိုင်သေးသည်။
ကူရှောင်စန်းက အပြုံးနှင့်ပြောလိုက်၏။
“နင်က အစစ်အမှန်အင်ပါယာတံဆိပ်ကြောင့် အရူးမင်းသားနဲ့ ရင်းနှီးသွားခဲ့တာလား...ယောကျာ်း .”
“ငါတို့က သွေးသောက်ညီအစ်ကိုတွေလေ .”
မုန့်ချီက ရှုံ့မဲ့ပြီး တယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ ယခုချိန်တွင် သူတို့က ကောင်းလန်၏ တခြားအကျင့်စရိုက်ကို လှုံဆော်နိုင်ခြင်းရှိမရှိ အလောင်းအစား လုပ်ရမည်ဖြစ်၏။
ကူရှောင်စန်းက အချိန်မဖြုန်းတော့ဘဲ ကောင်းလန်၏ဇာတ်လမ်းကို မှတ်မိသလောက် ဖြည်းညင်းစွာ ပြောပြလိုက်သည်။
“သူက သူ့ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကြောင့် ချန်းကယ်မြို့မှာရှိတဲ့ အထက်တန်းလွှာတွေကို သတ်ပစ်ခဲ့တယ် ပြောရမယ်။ အမှန်အတိုင်းပြောရရင်တော့ သူက စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို တိုက်ရိုက်ကြုံတွေ့ခဲ့ရပြီး အရူးမင်းသားဆိုတဲ့ အကျင့်စရိုက်ကို လှုံ့ဆော်ခဲ့တာ ဖြစ်နိုင်တယ်….”
ထို့နောက် သူမက တိတ်တဆိတ် ပြောလိုက်သည်။
“သူ့ချစ်သူရဲ့နာမည်က ရန်ယန်လို့ခေါ်တယ် ၊ သူက ရန်ကလန်က သာမန်မိန်းကလေး တစ်ယောက်ပဲ။ အစောပိုင်းနှစ်မှာ သူ့ကို သိုင်းပညာနဲ့ဗုဒ္ဓစာပေတွေ သင်ကြားဖို့အတွက် ဆွေယွဲ့သီလရှင်ကျောင်းကို ပို့ခဲ့တယ် ၊ သီလရှင်ဝတ်ဖို့တော့ မဟုတ်ဘူး …”
“အဲဒီအချိန်ကတည်းကစပြီး သူက တပည့်တွေထဲမှာ အကြီးဆုံးဖြစ်ခဲ့ပြီး အရည်အချင်း တော်တော်ရှိတယ် ၊ တော်တော်လေးလည်း လှတယ်။ သူက ကရုဏာရှိပြီး သနားကြင်နာတတ်ပေမဲ့ တရားစီရင်တဲ့နေရာမှာတော့ သနားကြင်နာမှုကို မပြတတ်ဘူး။ သူက မြောက်ပိုင်းကျိုးအင်ပါယာထဲမှာရှိတဲ့ သိုင်းလောကထဲမှာ တော်တော်လေးကို နာမည်ကျော်ကြားတယ်….”
မုန့်ချီက သူမ၏အသံထဲတွင် အထင်သေးမှုအနည်းငယ်ကို ခံစားမိခဲ့သည်။ သူမကတော့ ထိုအချက်ကို လက်ခံပုံမရချေ။
“ရန်ယန်က ဘယ်လိုလူမျိုးကို ဆန့်ကျင်ခဲ့တာလဲ…”
သူက မေးလိုက်သည်။
ကူရှောင်စန်းက အရှိန်ကို နှေးကွေးခြင်းမရှိဘဲ အထင်သေးသည့်အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ရန်ယန်က တော်တော်လေး ထူးခြားတယ် ၊ ကောင်းလန်လို လူတစ်ယောက်ကိုတောင် သူက လုံးဝကြိုက်မလာခဲ့ဘူး ၊ ဒါပေမဲ့ သူ့အပေါ်ကောင်းလန်ရဲ့ ခံစားချက်တွေ စစ်မှန်လာတဲ့အချိန်မှာတော့ သူက အသုံးမဝင်တော့တဲ့အတွက် တခြားလူတစ်ယောက်ရဲ့ လက်ထဲမှာ စွန့်ပစ်ခံခဲ့ရတဲ့နယ်ရုပ်လေးတစ်ခုပဲ ဖြစ်ခဲ့တယ်..”
“နယ်ရုပ်.... စွန့်ပစ်ခံရတယ်…”
မုန့်ချီက တီးတိုးရေရွတ်လိုက်ပြီး ရင်ထဲတွင် လှုပ်ရှား၍ တစ်စုံတခုကို နားလည်သွားခဲ့သည်။
“သူက ဆန်းကြယ်နတ်သမီး နီမဏကာရတွေထဲက တစ်ယောက်လား .”
ကူရှောင်စန်းက သူ၏ထင်မြင်ချက်ကို အတည်ပြုလိုက်သည့်အလား အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ဘယ်သူကမှ သူ့ရဲ့အစစ်အမှန် အဆင့်အတန်းကို ခန့်မှန်းမိကြမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ငါကတော့ ဆန်းကြယ်နတ်သမီးရဲ့ နီမဏကာရကိုယ်ပွားတွေထဲက တစ်ယောက်ကို အချိန်တော်တော်ကြာ ထိန်းချုပ်ခဲ့ဖူးတယ်။ ငါကြုံတွေ့ခဲ့ရတဲ့အရာတွေကြောင့် ငါက သူ့ဆီကနေ လျှို့ဝှက်ချက်တွေ အများကြီးကိုလည်း သိခဲ့ရတယ် …”
“ရန်ယန်က နီမဏကာရဆိုတဲ့နေရာကနေ အနားယူလိုက်တဲ့အတွက် ဆန်းကြယ်နတ်သမီးက သူ ပျောက်သွားတဲ့အချက်ကို တကယ်ပဲဖုံးကွယ်ထားခဲ့တယ်..”
“သနားစရာပဲ .”
မုန့်ချီကတော့ သူ၏သွေးသောက်အစ်ကိုအတွက် အနည်းငယ် သနားသွားသလို ခံစားလိုက်ရသည်။ အချစ်ငှက်ငယ်လေးနှစ်ကောင်က အချင်းချင်း သဘောကျနေခဲ့ကြသော်လည်း ကံကြမ္မာကြောင့် ကွဲကွာသွားခဲ့သည်မှာ အလွန်ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းတစ်ခုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ တစ်ယောက်က နီမဏကာရ ကိုယ်ပွားတစ်ခုဖြစ်နေပြီး အသုံးမဝင်တော့လျှင် စွန့်ပစ်ခံရမည့် နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်သည်။ အကယ်၍ သူကလည်း တူညီသော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ဆိုလျှင် ဝမ်းနည်းပူဆွေးမိနိုင်၏။
ကောင်းလန်၏ ဒဏ်ရာကို ပို၍ဆိုးရွားသွားစေခဲ့သည်မှာ သူ လေ့ကျင့်ထားသော အသက်ပေါင်းစုံရတနာခန္ဓာက အသုံးပြုသူကို ရူးသွပ်သွားစေနိုင်သည့်အတွက် အရူးမင်းသားဟူသောနာမည်ကို ရခဲ့ခြင်းဖြစ်သည်။
“တခြားလူရဲ့ခံစားချက်ကို ဆော့ကစားတဲ့ လူတွေက တော်တော်ရွံဖို့ကောင်းတယ်...”
တဖြည်းဖြည်းနှင့် သူတို့က အမည်မသိလမ်းခွဲတစ်ခုကို ရောက်လာကြပြီး လမ်းနှစ်ခုလုံးကို မြူခိုးများ လွှမ်းခြုံနေခဲ့သည်။
သို့သော် ကူရှောင်စန်းက စဉ်းစားနေခြင်းမရှိဘဲ ချက်ချင်းဘယ်ဘက်သို့ လှည့်သွားပြီး မုန့်ချီကို စိတ်ဝိညာဉ်စွမ်းအားနှင့် ရှင်းပြလိုက်သည်။
“ငါတို့က သုံးဘဝကျောင်းဆောင်ကို ဆက်ပြီးသွားကြမယ်…”
…………….
သံချောင်းများက သူ့ဆီကို အညှာအတာကင်းမဲ့စွာ ဆက်တိုက်ကျဆင်းလာနေခဲ့သည်။ သူက ဆက်၍ ထိန်းမထားနိုင်တော့ကြောင်း ခံစားမိနေခဲ့သည့်အတွက် ဓမ္မဘုရင်တူရှီက လေထဲတွင် ပျောက်ကွယ်သွားပြီး မုန့်ချီနှင့် ကူရှောင်စန်းတို့၏ ခြေရာလက်ရာကို အာရုံခံ၍ ထွက်ပြေးလာခဲ့သည်။ အကယ်၍ ရတနာများ၊ ပစ္စည်းများကို မြင်တွေ့မည်ဆိုလျှင်တော့ တခြားသူများကိုမရစေရန် တားဆီးမည်ဖြစ်သည်။
ကောင်းလန်က လက်ထဲတွင် ဓားကိုကိုင်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ရှေ့ကိုတစ်လှမ်း လှမ်းလိုက်ပြီး မည်းနက်နေသော အမှတ်အသားများ ရှိနေသည့် လမ်းကြောင်းအတိုင်း လျှောက်လာခဲ့၏။ သူက မိစ္ဆာသတ်စင်မြင့်ကိုဖြတ်ကျော်ပြီး နတ်သမီးတားမြစ်ရေကန်၏ပိုင်နက်ထဲသို့ ဝင်လာခဲ့သည်။
ဟန်ကွမ်းကတော့ ကိုယ်ပိုင်ခြံဝန်းထဲတွင် လမ်းလျှောက်နေရသည့်အလား လက်နောက်ပစ်ပြီး အေးအေးဆေးဆေး လျှောက်လာခဲ့၏။သူ၏ပတ်ပတ်လည်မှနေ၍ ဝဲကတော့လေးများ ထွက်ပေါ်လာပြီး သူ၏စွမ်းအားများကို တုံ့ပြန်နေခဲ့သည်။ သူက သူ့အဖော်၏လက်ထဲတွင် ကိုင်ထားသော လူသားဧကရာဇ်ဓားကို စူးစူးနစ်နစ် စိုက်ကြည့်နေပြီး အရှိန်မြန်ရန် အစွမ်းတစ်ခု သုံးလိုက်၏။
“အရင်အင်ပါယာမှာရှိတဲ့ ဟန်ကလန်က အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပေမဲ့ လူသားဧကရာဇ်ဓားကို ပြန်ယူဖို့ မအောင်မြင်ခဲ့ဘူး ၊ သူတို့က အစစ်အမှန်အင်ပါယာတံဆိပ်ကို ကူးယူဖို့ပဲ လုပ်နိုင်ခဲ့တယ် ၊ မဟုတ်ရင် တိုင်းပြည်တစ်ခုလုံးက ဟန်ကလန်ရဲ့ အုပ်စိုးမှုအောက်မှာ ရှိနေပြီး အဆင့်မြင့်ကလန်တွေအားလုံးကလည်း သူတို့ရဲ့ခြေထောက်အောက်မှာ ပြားပြားဝပ်နေကြရလိမ့်မယ်…”
အရှိန်မြန်လာသည့်အတွက် သူတို့က တခဏအတွင်းလမ်းဆုံကို ရောက်လာကြသည်။
ဟန်ကွမ်းက ခဏရပ်ပြီး ပြောလိုက်၏။
“ဘယ်ဘက် .”
ခြေရာလက်ရာများကို ဖယ်ရှားထားခဲ့ပြီး အလွန်သိပ်သည်းသော မြူခိုးများ ဖုံးကွယ်နေသော်လည်း ဟန်ကွမ်းကတော့ ကောင်းကင်ဧကရာဇ်၏ကျင့်စဉ်များဆီမှ အလွန်ထူးခြားသော အမြင်အာရုံတစ်ခုကို လက်ဆောင်ရထားခဲ့သည်။ သူ၏အာရုံခြောက်ပါးက သူ့ကို ဘယ်ဘက်လှည့်ရန် တိုက်တွန်းနေခဲ့၏။
ကောင်းလန်က စကားတစ်ခွန်းမျှမပြောဘဲ ခေါင်းညိတ်၍ ဘယ်ဘက်ကို လျှောက်လာခဲ့သည်။ သူတို့က ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် ချက်ချင်းရပ်သွားခဲ့၏။
ဟန်ကွမ်းကလည်း သူ့အဖော်၏ အမူအရာပြောင်းလဲမှုကို သတိထားမိသွားသည့်အတွက် လှမ်းကြည့်လိုက်ရာ အလွန်သိပ်သည်းသော မြူခိုးများ၏အလယ်တွင် ခရမ်းရောင်မိုးကြိုးများနှင့် ရေးထားသော စာသားတစ်ခုကို တွေ့လိုက်ရသည်။
“အတုအယောင်အချစ်နဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ ချစ်ခြင်းမေတ္တာတရားတွေက ပျောက်ကွယ်သွားတယ်။ ဘဝကြီးရဲ့နာကျင်မှုတွေကို ဘာပြောနိုင်မှာလဲ....၊ အချစ်ဆိုတာကရော အလွယ်တကူ ပြတ်တောက်သွားခဲ့တာပဲလား….”
ထိုစာသားများက ရင်ကွဲပက်လက်ဖြစ်နေသော မိန်းကလေးတစ်ယောက်၏နာကျင်မှုကို ဖော်ပြနေသလို ထင်မှတ်ရသည်။
“အတုအယောင်အချစ်နဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ ချစ်ခြင်းမေတ္တာတရားတွေက ပျောက်ကွယ်သွားတယ် .”
ဟန်ကွမ်းကိုယ်တိုင်ကပင် ထိုစကားလုံးများကို ဖတ်ရှုပြီး ရင်ထဲ၌အလွန်ရှုပ်ထွေးသော ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ ဘာကြောင့်မှန်းမသိသော်လည်း ထိုစကားလုံးများက ရေးသားသူ၏ မူလဇစ်မြစ်ကို ဖော်ထုတ်နိုင်သလို ထင်ရသည်။
“ကြည့်ရတာတော့ လေဟာနယ်မိန်းမပျိုဂိုဏ်းက လူတစ်ယောက် ရေးထားသလိုမျိုးပဲ ၊ သူတို့က ငါတို့ကို အာရုံလွှဲဖို့အတွက် တစ်ခုခု လုပ်ထားတာများလား .”
ကောင်းလန်က နှာခေါင်းရှုံ့ပြီး အေးစက်စွာ ပြောလိုက်သည်။
“ကလေးဆန်တဲ့ လှည့်စားမှုလေးတွေ … တော်တော်ကောက်ကျစ်တာပဲ .”
သူတို့က ရှေ့ကိုဆက်လျှောက်လာကြရာ ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် ရေးသားထားသော နောက်ထပ်အလားတူ စကားစုများကို တွေ့လိုက်ရသည်။
“ငါက ငါပဲ၊ ငါတစ်ယောက်တည်းပဲ၊ ငါ့မှာ တစ်ယောက်တည်းပဲ ရှိတယ်၊ ငါဆိုတဲ့ ငါက ထူးခြားတယ်၊ ဘာလို့တခြားတစ်ယောက် ရှိရမှာလဲ၊ ငါက သူဖြစ်ဖို့ ငြင်းဆန်တယ်၊ ငါ့ရဲ့ချစ်ခြင်းမေတ္တာတရားက ငါချစ်တဲ့သူဆီမှာပဲ ရှိနေတယ်…”
ထိုစကားလုံးက ရှုပ်ထွေးနေသော်လည်း အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှုနှင့် ပြတ်သားမှုများကို ဖော်ပြနိုင်ခဲ့သည်။ ထိုစကားလုံးကို ဖတ်ရှုနေသူများက စကားလုံးထဲမှ စိမ့်ထွက်လာသော ခံစားချက်များကို ခံစားမိနိုင်ခဲ့၏။
ဟန်ကွမ်းက အစစ်အမှန်အဓိပ္ပာယ်ကို နားမလည်သော်လည်း ထိုခံစားချက်များကို ခံစားမိနေခဲ့သည်။ ရေးသားသူ၏ ခံစားချက်များကို ဖော်ထုတ်နိုင်သော စာသားများက စိတ်ပိုင်းဆိုင်ရာထွက်ပေါက်တစ်ခုကဲ့သို့ ထင်မှတ်ရ၏။
ကောင်းလန်၏ခြေလှမ်းများက ရပ်တန့်သွားခဲ့ပြန်သည်။ သူက ရှေ့တွင်ရှိနေသော စာသားများကို စိုက်ကြည့်နေမိခဲ့၏။ သူကတော့ သူမကို သတိမရမိအောင် ဟန်ဆောင်နေရသည့်အလား ၊ သူက စိတ်ဓာတ်ကျဖွယ်ရာ ချစ်ခြင်းမေတ္တာနွံအိုင်ထဲသို့ နစ်မြုပ်သွားမှာကို ကာကွယ်နေသည့်အလား ထင်မှတ်ရသည်။
သူ့ရှေ့တွင် ရှိနေသောစကားလုံးများကတော့ ဆင်ခြေများမရှိချေ။ သူ၏ဆန္ဒများနှင့် သူ့ခံစားချက်များကို လိမ်ညာရန် ကြိုးစားနေမှုများက တခြားသူများကို လှည့်စား၍သာရနိုင်သည်။
“ငါက ငါပဲ ၊ ငါတစ်ယောက်တည်းပဲ .”
ကောင်းလန်ကတီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်နှာဖုံးနောက်မှနေ၍ အေးစက်သောအသံတစ်ခု ထွက်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ဟန်ကွမ်းက ကောင်းလန်၏အတိတ်အကြောင်းကို အမှတ်ရသွားခဲ့ပြီး တစ်စုံတစ်ခုလွဲမှားနေကြောင်း သတိထားမိသွားခဲ့သည်။ သူက ထိုစာသားများ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ထိုအရာက ကောင်းလန်၏ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိနေခဲ့သည်။
သူက ခဏကြာစဉ်းစားပြီး သတိပေးလိုက်၏။
“သူတို့ အသုံးချတာကို မခံရအောင် ဂရုစိုက်ပါ .”
ဟန်ကွမ်းက သူ့အပေါ်ကို အပြစ်မတင်မိစေရန် သတိထားခဲ့သည်။ သူက အချစ်ဇာတ်လမ်းအစား စွမ်းအားနှင့် အခွင့်အာဏာအတွက် ရည်မှန်းချက်များရှိသင့်သည်ဟု ပြောခဲ့၏။ ကောင်းလန်ကို နာကျင်စေမည့်အစား ထိုကဲ့သို့ချည်းကပ်မှုကသာ သူ့အဖော်၏ ကြမ်းတမ်းခက်ထန်သော စိတ်အခြေအနေကို မီးရှို့ပေးနိုင်ပါလိမ့်မည်။
ကောင်းလန်က အေးစက်စွာ ပြန်ဖြေလိုက်၏။
“ ငါ သိတယ် .”
ကောင်းလန်က ခရမ်းမိုးကြိုးများနှင့် ရေးသားထားသော စာသားများကို မကြည့်တော့ဘဲ ကိုယ်ဖော့ပညာကိုသုံးပြီး ဟန်ကွမ်းနှင့်အတူရှေ့သို့ အမြန်လျှောက်လာခဲ့ကြသည်။ သူတို့က လမ်းတွင် အလားတူရေးသားထားသော ကဗျာများကို တွေ့ခဲ့သော်လည်း ရပ်၍ဖတ်မနေတော့ပေ။ သူ့မျက်လုံးထဲတွင်တော့ ရည်မှန်းချက်နှင့် အာဏာရှိနေသည့်အတွက် ဆုံးဖြတ်ချက်က ပြတ်သားနေခဲ့၏။
ထိုအချိန်တွင် သူတို့၏မြင်ကွင်းထဲ၌ တစ်ဝက်ခန့်ပျက်စီးနေသော နန်းတော်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုနန်းတော်ကြီး၏တည်ဆောက်ပုံက (၃)ပိုင်းကွဲနေခဲ့၏။ ဘေးနှစ်ဖက်က ပျက်စီးလုနီးပါးဖြစ်နေပြီး အလယ်တွင်တော့ အလွန်ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခု ရှိနေသေးသည်။ ထိုနေရာတွင်ပင် တည်ဆောက်ပုံတစ်ဝက်နီးပါးခန့် ဆုံးရှုံးနေခဲ့၏။
ခန်းမ၏ရှေ့တွင်တော့ ပျက်စီးနေသော သစ်သားဆိုင်းဘုတ်တစ်ခု ရှိနေသည်။ ထိုအရာကို သေချာဖတ်ရှုကြည့်လိုက်မိ၏။
“ သုံးဘဝကျောင်းဆောင် .”
သူတို့က ခန်းမ၏ဝင်ပေါက်ရှေ့တွင် ရပ်နေကြသေးသည်။ကောင်းလန်က သူ့ဓားကို မြှောက်ပြီး သူတို့၏ရှေ့တွင်ရှိသော လေဟာနယ်ထဲသို့ လူသားဧကရာဇ်ဓားနှင့် လွှဲခုတ်လိုက်သည်။ ထိုအချိန်တွင် သာမန်လူသားများ ၊ မြစ်ချောင်းအင်းအိုင်များ၏ပုံရိပ်များက သူတို့ရှေ့တွင် ပေါ်လာပြီး အလွန်ထက်မြက်သော ခုတ်ချက်ထဲသို့ ပေါင်းစည်းသွားခဲ့သည်။
သူ့ဓား၏ခုတ်ချက်က လေဟာနယ်ကို ဖြတ်သန်းသွားခဲ့ပြီး သူတို့၏ရှေ့တွင် ထောင်ချောက်များ ၊ မှော်ဝင်္ကပါများမရှိကြောင်း ပြသနေခဲ့သည်။
“ခလွပ် .”
အလယ်နန်းတော်၏မြင်ကွင်းက နှစ်ပိုင်းပျက်စီးသွားခဲ့ပြီး နန်းတော်ကြီးကို တားဆီးနေသော အကာအကွယ်မှော်အစွမ်းများက ပျောက်ကွယ်သွားခဲ့သည်။ သူ၏အစွမ်းများကို ကျွမ်းကျင်မှုရှိရှိ သုံးလိုက်သော ကောင်းလန်က သူ့ဓားကို လှုပ်ရှားလိုက်ပြီး ခန်းမထဲတွင် ရှိနေသော မှန်ကို မတိုက်ခိုက်မိစေရန် ဦးတည်ထားခဲ့သည်။ သူက လျှို့ဝှက်ရတနာများကို ထိခိုက်မှုမရှိအောင် ထိန်းသိမ်းထားခဲ့၏။
ရုတ်တရက်ဆိုသလို မှန်ထဲမှနေ၍ ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုမှန်ထဲတွင်တော့ သူ၏ပတ်ပတ်လည်၌ ရှိနေသော အရာအားလုံး၏ အလင်းရောင်များ ပေါ်နေခဲ့၏။
ကောင်းလန်က လူသားဧကရာဇ်ဓားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်တင်ထားပြီး ခုခံကာကွယ်ရန် အဆင်သင့်ပြင်ထားသည်။ ဟန်ကွမ်းကလည်း နတ်ဆိုးဧကရာဇ်ခန္ဓာကို အသုံးပြုရန် ပြင်ဆင်၍ ပုန်းအောင်းနေသော ဓားမောက်အငွေ့အသက်များကို စိုက်ကြည့်နေခဲ့သည်။
သူတို့၏ရှေ့တွင် ရှိနေသောမှန်က သူတို့၏ မြင်ကွင်းများကို ပြနေခဲ့သည်။ ထိုအခါ သူတို့၏အတိတ်မှတ်ဉာဏ်များအားလုံးက တဖြည်းဖြည်း ပေါ်လာခဲ့ရ၏။
ဟန်ကွမ်းက ရှေ့သို့ဆက်လျှောက်သွားခဲ့ပြီး သူ၏စွမ်းအားများကို ပြန်လည်စုစည်းလိုက်သည်။ သူက အလယ်ခန်းမ၏ ပျက်စီးနေသောအခန်းထဲတွင် မုန့်ချီနှင့်ကူရှောင်စန်းတို့၏ အငွေ့အသက်ကို ခံစားမိနေခဲ့၏။ တိမ်တိုက်များ၊ မြူခိုးများ၏ အကာကွယ်သာမရှိလျှင် သူတို့က အသက်ရှင်ရန် မျှော်လင့်ချက်မရှိတော့ချေ။
“ဟင်းး .”
သူက ခနဲ့သလို သက်ပြင်းချလိုက်မိ၏။
ထိုအချိန်တွင် ကူရှောင်စန်းနှင့်မုန့်ချီတို့က သူတို့၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက အဖြူရောင်နှင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ တခြားမည်သည့်အရာမျှ ပေါ်မလာတော့ပေ။
သူတို့၏ပတ်ပတ်လည်တွင် အရာအားလုံးက တည်ငြိမ်နေသလို ဖြစ်လာခဲ့၏။ သူတို့၏လှုပ်ရှားမှုနှင့် သူတို့၏အတွေးများကပင် အေးခဲသွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဟန်ကွမ်း၏ရှေ့၌ လက်တစ်ဖက် ပေါ်လာပြီး နတ်ဆိုးဧကရာဇ်၏ခန္ဓာ အသုံးမပြုနိုင်ရန် တားဆီးထားသည်။
အလွန်စိတ်လှုပ်ရှားပြီး အံ့သြနေသော ဟန်ကွမ်းက ပြန်လှည့်ကြည့်လိုက်ရာ သူ့ကို တားနေသည်မှာ ကောင်းလန်ဖြစ်ကြောင်း မြင်လိုက်ရသည်။
ကောင်းလန်က ဝမ်းနည်းနေသော ခံစားချက်များကို ဖိနှိပ်ပြီး ကျယ်လောင်စွာ အော်ခေါ်လိုက်၏။
“ထွက်လာခဲ့တော့.... ညီငယ်လေး ။ ဘာမှရန်ဖြစ်နေဖို့မလိုဘူး၊ ဒါက မင်းရဲ့အစ်ကို(၂) ဟန်ကွမ်းပဲ....”
ခန်းမကြီးထဲတွင် လေလှိုင်းများ တိုက်ခတ်လာပြီး လုံးဝကိုတိတ်ဆိတ်သွားခဲ့သည်။ ထိုစကားကို ပြောခဲ့သော ကောင်းလန်ကလွဲရင် မုန့်ချီ ၊ ကူရှောင်စန်း နှင့် ဟန်ကွမ်းတို့အားလုံးကပင် မယုံကြည်နိုင်သလို ခံစားလိုက်ရ၏။
“ဗုန်း….”
မှော်အကာအကွယ်ကလည်း ခရမ်းရောင်လျှပ်စီးများကြောင့် ပျက်စီးသွားခဲ့လေသည်။
Translated by Hein Htet.