အခန်း (၆၉၆)
Vol. 47 Ch. 696
မုန့်ချီက တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံကို ကြားနေရသည်။ သူ၏ရိုးတွင်းခြင်ဆီထဲမှ ထွက်ပေါ်လာသော သွေးများက သွေးကြောများထဲကို လျင်မြန်စွာ စီးဆင်းသွားပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာကို လျင်မြန်စွာ ဖြန့်ဝေလိုက်သည်။
ယခုတစ်ကြိမ်တော့ မုန့်ချီက သေခြင်း၊ ရှင်ခြင်းကြားထဲကို အမှန်တကယ် ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ယခုလက်တစ်ကမ်းအလိုတွင် အန္တရာယ်ကြီး ရှိနေသည့်အတွက် သူ၏ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားသော မျှခြေများအားလုံးက ပျက်စီးသွားခဲ့ရသည်။
ယခင် သူက ဆရာကြီးလု၏နာမည်ကို မတော်တဆ ပြောမိခဲ့သည့်အချိန်တွင် သူ၏သွေးသောက်အစ်ကို ကောင်းလန်က အေးစက်ပြီး မောက်မာသော ကောင်းလန်အဖြစ် ပြန်ပြောင်းသွားခဲ့သည်။ သို့သော် ယခုတော့ တခဏအတွင်း ဟန်ကွမ်းက ဆရာကြီးလုနှင့် တာအိုသခင်ချုံဟယ်တို့၏ နာမည်ကို ပြောခဲ့သည်။ ရလဒ်က အလွန်ကြောက်စရာကောင်း၏။
သွေးသောက်အစ်ကို၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးက ပျောက်ကွယ်သွားသည်ကို မုန့်ချီက ဝိုးတဝါး မြင်လိုက်ရသည်။ သူ၏မျက်လုံးထဲတွင် ရှိနေသော နွေးထွေးမှုကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်၍ နှလုံးသားကင်းမဲ့သော မျက်လုံးတစ်စုံကသာ အစားထိုးဝင်ရောက်လာခဲ့သည်။
ထိုကဲ့သို့ အပြောင်းအလဲကို သူ မကြောက်ဘဲ နေနိုင်မည်လော။ သူက ခေါင်းထဲသို့ ရုတ်တရက် ရောက်လာသော အတွေးများကို မည်သို့တားဆီးနိုင်မည်နည်း။ သူ့အတွက် အခွင့်အရေး မရှိနိုင်တော့ပေ။
မုန့်ချီက မြန်မြန်လှုပ်ရှားရမည်ဖြစ်ကြောင်း သိနေခဲ့၏။ သူ၏သွေးသောက်အစ်ကိုက ရူးသွပ်နေသော အခြေအနေသို့ ပြန်ပြောင်းရန် လွယ်ကူနေသည့်အတွက် မုန့်ချီက သူ၏လုံခြုံမှုအတွက် ထွက်ပြေးရန်သာ သိနေခဲ့သည်။ သူ၏ပြောင်းလဲမှုကသာ ပြီးဆုံးသွားမည်ဆိုလျှင် သူ့အတွက် အသက်ရှင်ရန် အခွင့်အရေးက နည်းပါးနိုင်သည်။
ဟန်ကွမ်းက ကောင်းလန်၏စိတ်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်လိုက်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ၏လှည့်ကွက်က အမှန်တကယ် အောင်မြင်လိမ့်မည်ဟု ဟန်ကွမ်းက ယုံကြည်ချက်မရှိချေ။ ထို့ကြောင့် သူက မုန့်ချီ ထွက်ပြေးခြင်းကို တားဆီးထားရန်လည်းမဖြစ်နိုင်ပေ။ ထို့ပြင် သူက သူတို့ကို အလွယ်တကူ ပြန်ဖမ်းနိုင်ပြီး သူတို့က ပြိုင်ဘက်ကင်းသည်ဟူသောအချက်ကလည်း ခေါင်းထဲတွင် ရှိနေသေး၏။
ကောင်းလန် ပုံမှန်အခြေအနေသို့ ပြန်ပြောင်းလာသည့်ဖြစ်စဉ်က တဖြည်းဖြည်း ဖြစ်သော်လည်း အချိန်များများ မလိုအပ်ပေ။ အချိန်ခဏလေးအတွင်း ရောက်ရန်တော့ ခက်ခဲသည်။ ဓမ္မဘုရင်တူရှီက မဟာမိတ်တစ်ဝက်ဖြစ်နေပြီး ကူရှောင်စန်းကလည်း သူ့ကို တားဆီးထားလိမ့်မည် မဟုတ်ချေ။ ယခုအချိန်က အဓိကဖြစ်သည်။
သူက မပြတ်သားသော လူတစ်ယောက် မဟုတ်သည့်အတွက် မုန့်ချီက လက်ထဲတွင် အနက်ရောင်အဆောင်လေးတစ်ခုကို ထုတ်လိုက်ပြီး ရေလှိုင်းမီးတောက်ဓား၏ လက်ကိုင်ကို ကိုင်ထားခဲ့သည်။ ထိုအဆောင်ပေါ်တွင် ရှေးဟောင်းမှော်အင်းကွက်များ ပြည့်နှက်နေပြီး ထိုအရာများကို ဖတ်ရှုရန် ခက်ခဲနိုင်၏။ သို့သော် မမှားနိုင်သော စကားလုံး(၂)ခုတော့ ရှိနေသေး၏။
"လေဟာနယ် ထိုးဖောက်ခြင်း…"
မုန့်ချီက သူ၏ဘေးကင်းလုံခြုံမှုအတွက် ဝှက်ဖဲမရှိဘဲ ကောင်းကင်(၉)သွယ် ကမ္ဘာကြီးထဲတွင် လုံးဝလှည့်လည်သွားလာလိမ့်မည် မဟုတ်ချေ။ သူက အလွန်ကောက်ကျစ်စဉ်းလဲသော နတ်ဆိုးမကူရှောင်စန်း၏ သဘာဝကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘဲ မည်သို့နေနိုင်မည်နည်း။
ရှေးဟောင်းလေဟာနယ်ထိုးဖောက်ခြင်းအဆောင်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ကောင်းကင်(၉)သွယ် ထွက်ပေါ်လာခြင်းအကြောင်း ဆင်ခြေကို အသုံးပြုပြီး ဘိုးဘေးလင်းပေါင်ကို အကူအညီတောင်းရန် မုန့်ချီက ယွမ်လိဟောင်ကို တောင်းဆိုခဲ့သည်။ သူက ထိုအကူအညီအတွက် ယွမ်လိဟောင်ကို အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို ဒုတိယတစ်ကြိမ် လေ့လာခွင့်နှင့် ကမ်းလှမ်းထားခြင်းဖြစ်သည်။
သူကိုင်ထားသော အဆောင်က သူ့ကို လုံလုံခြုံခြုံပို့ပေးရန် အကောင်းဆုံးပစ္စည်း ဖြစ်ကြောင်း သိနေခဲ့သည်။ ကျောင်းဆောင်ထဲသို့ ရောက်မလာခင် အဆောင်ကို အလျင်စလိုအသုံးပြုပြီး ကောင်းကင်(၉)သွယ်ထဲမှ ထွက်မသွားသင့်ကြောင်း မုန့်ချီက သိနေခဲ့သည်။ ထိုအစား သူက မီးတောက်ထဲမှ ထွက်သွားပြီး အကြော်အိုးထဲသို့ ရောက်သွားမှာကို စိုးရိမ်နေခဲ့သည်။
အစောပိုင်း ဟန်ကွမ်း၏ အချိန်စွမ်းအားနှင့် ထိန်းချုပ်ခံလိုက်ရသည့်အချိန်တွင် သူက ထိုအဆောင်ကို အသုံးမပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကူရှောင်စန်းဆီတွင် သူမကို ကာကွယ်နိုင်သော လှည့်ကွက်များ၊ ပစ္စည်းများရှိနေမည်ဟု သေချာသိနေခဲ့သည်။ ထို့ပြင် ကောင်းလန်က ပြန်မကောင်းသေးခင် ဓမ္မဘုရင်တူရှီက သူတို့၏အနားတွင် ရှိနေခဲ့သည်။
ယခုတော့ ဟန်ကွမ်းက ကောင်းလန်၏စိတ်ကို အကျိုးရှိရှိ လှုံ့ဆော်နိုင်ခဲ့သည့်အတွက် အလွန်ဆိုးရွားသော အခြေအနေက သူတို့၏ရှေ့တွင် ရောက်လာခဲ့သည်။ သူကတော့ နောက်ထပ်စိုးရိမ်မှုများကို မသိတော့ပေ။
သူက ကူရှောင်စန်းအတွက်လည်း စိုးရိမ်ပေးစရာ မလိုအပ်ပေ။ လော်အဖွဲ့အစည်းမှ အထွဋ်အမြတ်နတ်ဘုရားမက သူတို့နှင့်အတူ မြေအောက်ခန်းထဲကို ဝင်လာရဲသည့်ျအတွက် သူမဆီတွင် လျှို့ဝှက်ထားသော လှည့်ကွက်များစွာ သေချာပေါက် ရှိနေနိုင်သည်။ ထို့ပြင် ဓမ္မဘုရင်တူရှီကလည်း သူမကို လုံခြုံအောင် စောင့်ရှောက်ပေးနိုင်၏။
အရှိန်က နှေးကွေးသွားသည့်အချိန်တွင် ခံစားချက်ကင်းမဲ့သော ကောင်းလန်က တဖြည်းဖြည်းပါးစပ်ဟလိုက်သည်ကို မုန့်ချီက မြင်လိုက်ရသည်။ သူက စဉ်းစားမနေတော့ဘဲ သူ၏အစွမ်းများကိုသုံး၍ အဆောင်ကို အသက်သွင်းလိုက်၏။ သူက လှေကားဆီသို့ဦးတည်၍ ပြန်လည်ပို့ဆောင်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
မြေအောက်ခန်းထဲတွင် ရှိနေသော နံရံများ၊ မြေပြင်များက ထူးဆန်းသော မှော်အစွမ်းသတ္တိများရှိ၊မရှိ သူလည်း သေချာမသိခဲ့ပေ။ သူကတော့ ထွက်ပြေးရန်အတွက် အသေးစိတ်အခြေအနေများကို ဂရုစိုက်ရန် လိုအပ်သည်။
လျှို့ဝှက်လမ်းကြောင်းထဲမှ ထွက်သွားပြီးလျှင် သူက တိမ်တိုက်များထဲသို့ ခုန်သွားပြီး လေဟုန်စီး၍ ရနိုင်၏။ အကယ်၍ ဟန်ကွမ်းက သူ့ကို တားဆီးရန်ကြိုးစားမည်ဆိုလျှင် သဘာဝချုပ်နှောင်ခြင်းကျင့်စဉ်ကလည်း ရှားပါးတွင်းထွက်ပစ္စည်းများကို ဖောက်ခွဲပစ်လိုက်ရုံနှင့် အသက်ဝင်လာနိုင်သည်။
"ဟား ဟား ဟား ဟား ဟား ဟား ...
ငါက လူသားဧကရာဇ်ရဲ့ဓားကို နိုးထလာအောင် လုပ်နိုင်တဲ့အစွမ်း ရှိလာကတည်းက လုတာ့နဲ့တာအိုသခင်ချုံဟယ်တို့က ငါ့အတွက် ဘာမှမဟုတ်တော့ဘူး…"
ကောင်းလန်က အားရပါးရရယ်လိုက်သည်။ ထိုအသံက အလွန်အေးစက်ပြီး အလွန်သက်တောင့်သက်သာရှိသော ရယ်သံမျိုးလည်း ဖြစ်၏။ သူက သူ၏အစွမ်းအပေါ် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေခဲ့သည်။
"ဟာ ..."
အလွန်ငယ်ရွယ်နုပျိုနေသော သွေးသောက်အစ်ကို၏ပုံစံကိုကြည့်ပြီး မုန့်ချီကတော့ မည်သို့ဆက်လုပ်ရမှန်း မသိတော့ပေ။ တခဏအတွင်း အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။
ကောင်းလန်က အံ့သြသွားခဲ့ပြီး လှမ်းခေါ်လိုက်သည်။
"ဘယ်သွားမလို့လဲ ညီလေး…"
ကောင်းကင်(၉)သွယ်၏ အကျိုးသက်ရောက်မှုများကြောင့် မုန့်ချီက ဝေးဝေးကို မရောက်နိုင်ပေ။ သူ ပြန်ပေါ်လာသည့်အချိန်တွင် သူက ကျောင်းဆောင်၏ဝင်ပေါက်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက ဘယ်ဘက်ခြမ်းသို့ ခုန်ထွက်လိုက်ပြီး အနာဂတ်ခန်းမ၏ ညာဘက်ထောင့်ကို ရောက်သွားခဲ့၏။
"ငါက ထွက်လာတာ အလျင်လိုသွားတယ်…"
"ဘယ်သွားမလို့လဲ ညီလေး"ဟူသော ကောင်းလန်၏ခေါ်သံက သူ့နားထဲတွင် ကြားနေရသေးသည်။ သို့သော် မုန့်ချီကိုယ်တိုင်ကတော့ တိမ်တိုက်ထဲကို ရောက်နေပြီဖြစ်၏။ သူက သူ့ကိုယ်သူ သိန်းငှက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး အတောင်ပံများကိုဖြန့်၍ ကောင်းကင်ကြီးပေါ်တွင် လေဟုန်စီးနေခဲ့သည်။
"ဘယ်သွားမလို့လဲ ညီလေး…"
ကောင်းလန်၏အသံက သူ့နားထဲတွင် ပဲ့တင်ရိုက်ခတ်နေသည်။ သိန်းငှက်တစ်ကောင် ပုံသဏ္ဍာန် ပြောင်းလဲထားသော မုန့်ချီက အားနည်းစွာ ပြုံးနေခဲ့၏။
"ကျွန်တော့်ကို အစ်ကိုကြီးပဲ မောင်းထုတ်လိုက်တာပဲလေ…."
သူ၏သွေးသောက်အစ်ကိုက ဆရာကြီးလုနှင့် တာအိုသခင်ချုံဟယ်တို့၏ နာမည်ပြောလျှင်ပင် သက်ရောက်မှု မရှိတော့သော အခြေအနေသို့ အသွင်ပြောင်းသွားကြောင်း သူလည်း မသိခဲ့ပေ။ အစောပိုင်းအခြေအနေတွင် မုန့်ချီက သေရေးရှင်ရေး အခြေအနေသို့ တွေးမိခဲ့သည်မှာ သူ၏အတွေ့အကြုံအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့မိခြင်းဖြစ်သည်။
‘တစ်ခါတစ်လေ အတွေးလွန်တာ ဒါမှမဟုတ် မြန်မြန်ဆန်ဆန် လုပ်လိုက်တာ၊ ဒါမှမဟုတ် အတင်းအကြပ် လုပ်လိုက်တာမျိုးက အကူအညီထက် ထိခိုက်မှုပဲ ပိုပြီးဖြစ်နိုင်တယ်..’
သူက အလွန်ရှုပ်ထွေးနေသောအမူအရာနှင့် သိပ်သည်းသော မြူခိုးများထဲကို ငေးကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူက ကောင်းလန်၏စစ်ဆေးမှုကို ဖြတ်တောက်နိုင်ခဲ့၏။ လှုပ်ရှားနေသော လေလှိုင်းများနှင့် အဖြူရောင်တိမ်တိုက်များက ကောင်းလန်၏ အာရုံခံစွမ်းရည်များကို ဖြတ်တောက်ပစ်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးမကတော့ သူ့ရဲ့အသက်ကို စိုးရိမ်နေဖို့မလိုဘူး…”
မုန့်ချီက တွေးလိုက်မိသည်။ မုန့်ချီကို ကူရှောင်စန်းက တစ်ကြိမ်ကယ်တင်ပေးခဲ့ဖူး၏။ အထူးသဖြင့် သူက ထိုကဲ့သို့အရာမျိုးကို ပြန်လည်ပေးဆပ်တတ်သော လူတစ်ယောက်ဖြစ်သည်။
သုံးဘဝကျောင်းဆောင်ထဲရှိ လျှို့ဝှက်မြေတိုက်ခန်းလေးထဲတွင်…
ကောင်းလန်က မုန့်ချီ၏ လက်ကို လှမ်းဆွဲလိုက်သည်။ သို့သော် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည့်အတွက် သူလည်း သတိမထားမိဘဲ မှင်သက်မိသွားသည်။ သူ၏မျက်လုံးကို အလွန်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံထားသည့်အတွက် မုန့်ချီကို သူ့ဆီသို့ပြန်ဆွဲခေါ်ရန် အလွန်နောက်ကျသွားခဲ့သည်။
ဟန်ကွမ်းက စောစောတုန့်ပြန်နိုင်ခဲ့သော်လည်း သူ လှုပ်ရှားလိုက်သည့်အချိန်တွင် မုန့်ချီက မြူခိုးထဲသို့ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူက နယ်မြေတစ်ခွင်လုံး တိုက်ခိုက်နိုင်သော မှော်အစွမ်းတစ်ခုကိုသုံးရန် စဉ်းစားမိခဲ့သော်လည်း ကောင်းလန်က မူလအခြေအနေအတိုင်းသာ ရှိနေသေးကြောင်း အမှတ်ရသွားခဲ့၏။ ထို့ကြောင့် သူက ထိုအတွေးကို လက်လျှော့လိုက်သည်။
မုန့်ချီက အလျင်အမြန်နောက်ဆုတ်သွားခြင်းကြောင့် ကူရှောင်စန်းကပင် အံ့သြသွားမိခဲ့သည်။ သူ၏လျင်မြန်သွက်လက်မှုနှင့် ပြတ်သားမှုကို ချီးကျူးရမလား။ သူမပင် မသိတော့ချေ။
သူမက အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ကောင်းလန်နှင့် ဟန်ကွမ်းတို့ကို တလေးတစား ပြောလိုက်သည်။
"ကြည့်ရတာ ယောကျ်ားက ရုတ်တရက်အရေးကြီးတဲ့ကိစ္စတစ်ခု သွားစရာရှိလို့ ထင်တယ်။ သူ ရုတ်တရက် ပြန်သွားခဲ့တဲ့အတွက် ခဲအိုတို့က စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…"
"ကိစ္စမရှိပါဘူး…"
ကောင်းလန်က မှင်သက်မိနေသေးပြီး မုန့်ချီက ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားကြောင်း နားမလည်ခဲ့ပေ။ သူက ကူရှောင်စန်း၏ ရှင်းပြမှုကိုသာ လက်ခံပေးလိုက်၏။
သူ့ဘေးတွင် ရှိနေသော ဟန်ကွမ်းကတော့ တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
“စုမုန့်ရဲ့ စိုးရိမ်မှုအရ လုတာ့နဲ့ တာအိုသခင်ချုံဟယ်တို့ရဲ့နာမည်က ကောင်းလန်ရဲ့ အခြေအနေကို လှုံ့ဆော်ဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက သူတို့(၂)ယောက်ရဲ့နာမည်ကို ကြားရင်တောင် လှုပ်ရှားနိုင်တဲ့ အခြေအနေကို ကျော်လွှားနိုင်ပုံရတယ်။ အခုတော့ သူက ဘာမှမပြောင်းလဲတော့ဘူး။ ဒါပေမဲ့ ကောင်းလန်ရဲ့ စိတ်အခြေအနေ မတည်ငြိမ်မှုကို လှုံ့ဆော်နိုင်တဲ့ နည်းလမ်းတွေက အတူတူပဲ ဖြစ်နိုင်တယ်..”
သူက နောက်တစ်ကြိမ် ကြိုးစားရန် စဉ်းစားနေသည့်အချိန်တွင် ကူရှောင်စန်းက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။
"ကျွန်မက လိုချင်တဲ့အရာကိုရပြီဆိုတော့ အရင်ထွက်သွားပြီး ယောကျ်ားကို သွားကူလိုက်ဦးမယ် ခဲအိုတို့…."
ကောင်းလန်က မုန့်ချီ၏အခြေအနေကို စိုးရိမ်နေခဲ့သည်။ သူမက သူ့ကို အကူအညီပေးရန် သွားတော့မည်ဟု တောင်းဆိုလိုက်သည်က အချိန်ကောင်းလည်း ဖြစ်သည်။ အထူးသဖြင့် သူမက လှည့်ကွက်ဆင်ရာတွင် အလွန်ပါရမီရှိကြောင်း သူ သိနေ၏။ ထို့ကြောင့် သူက အလျင်အမြန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သွားပါ သွားပါ…"
ဓမ္မဘုရင်တူရှီကတော့ ကန့်ကွက်မနေဘဲ တိတ်ဆိတ်နေခဲ့သည်။ နတ်ဘုရားမ ထွက်ခွာသွားသည့်အတွက် သူ့ ခေါင်းထဲတွင် စိုးရိမ်မှုတစ်ခု လျော့သွားခဲ့၏။ အကယ်၍ ဟန်ကွမ်းနှင့် ကောင်းလန်တို့(၂)ယောက်လုံးက သူ့ကို ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သူ၏လေဟာနယ်ဓမ္မကာရအစွမ်းအရ ဤနယ်မြေထဲမှ လုံလုံခြုံခြုံ ထွက်သွားနိုင်သည်။ ထို့ကြောင့် သူက မတည်ငြိမ်သေးသော စိတ်အခြေအနေရှိနေသည့် ကောင်းလန်တို့နှင့် ဆက်နေခဲ့ပြီး အကျိုးအမြတ်များရှိမရှိ စောင့်ကြည့်နေခဲ့သည်။
သူတို့(၂)ယောက်က မကန့်ကွက်သည့်အတွက် ဟန်ကွမ်းကလည်း တိတ်ဆိတ်နေခဲ့သည်။ သူက ကူရှောင်စန်း ထွက်သွားသည်ကိုကြည့်နေပြီး ကောင်းလန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အားနည်းချက်များကို ဆက်လက်စစ်ဆေးကြည့်နေခဲ့သည်။
ကူရှောင်စန်းက သုံးဘဝကျောင်းဆောင်ထဲမှ ထွက်လာပြီး ဘယ်ဘက်သို့ ချက်ချင်းထွက်လာခဲ့သည်။ သူမက ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် ရုတ်တရက် ရပ်လိုက်၏။ သူမဆီတွင် စိုးရိမ်မှုတစ်ခုပေါ်လာသည့်အလား ထူးဆန်းစွာ မျက်ခုံးပင့်လိုက်မိသည်။
………..
အတွင်းအားများ အားလုံးကိုသုံးပြီး ကိုယ်တွင်းပေါက်များအားလုံးကို ထုတ်လွှတ်နေရင်း မုန့်ချီက သဘာဝစွမ်းအားများကို တတ်နိုင်သလောက် စုပ်ယူနေခဲ့သည်။ သူက ခန္ဓာကိုယ်ထဲတွင် ရှိနေသော ကိုယ်တွင်းကမ္ဘာကြီးကို လှည့်ပတ်ရန် ကြိုးစားနေပြီး လေဟုန်စီးရန် ခန္ဓာကိုယ်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားခဲ့၏။
သူ့ရှေ့တွင် ရှိနေသော မြူခိုးများက တဖြည်းဖြည်း သိပ်သည်းလာပြီး သူကတော့ (၁၀)မီတာခန့်အကွာတွင် ရှိနေသော မြင်ကွင်းကိုပင် အာရုံခံ၍ မရနိုင်တော့ပေ။ အလင်းတန်းများကပင် အလွန်သိပ်သည်းသော မြူခိုးကို ထိုးဖောက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။
ကောင်းကင်(၉)သွယ်ကမ္ဘာကြီးက အနှစ်သာရများအားလုံး ပေါင်းစုံနေသော နယ်မြေတစ်ခု ဖြစ်သည်။ ကောင်းကင်အလွှာတစ်ခုချင်းဆီတိုင်းက အလွှာတစ်ခုလုံး ပျက်စီးသွားလျှင်ပင် တခြားအလွှာများကို သက်ရောက်ရန် ခက်ခဲသည်။
ယခုတော့ မုန့်ချီကလည်း အလွှာတစ်ခုတည်းတွင် ပိတ်မိနေကြောင်း ခံစားနေခဲ့ရ၏။ သူ့ရှေ့တွင် အရာဝတ္ထုများကဲ့သို့ ဖြစ်နေသော တိမ်တိုက်တချို့ကို သတိထားမိသောအခါ မုန့်ချီက လူသားပုံသဏ္ဍာန် ပြန်ပြောင်းလိုက်သည်။ သူက လေထဲတွင် ကျွမ်းထိုးလိုက်ပြီး တိမ်တိုက်ပေါ်တွင် ညင်သာစွာ ဆင်းသက်လိုက်၏။
သူ၏ပတ်ပတ်လည်တွင် ရှိနေသော မြူခိုးများက အလွန်သိပ်သည်းနေပြီး သူ့ရှေ့တွင် ရှိနေသောအရာများကို စစ်ဆေးနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူက ဖြည်းညင်းစွာ စဉ်းစားပြီး ပြန်ထွက်ရန် လမ်းကြောင်းကို ရှာဖွေနေခဲ့၏။
"ဒေါင် ..."
ထိုအချိန်တွင် အဝေးမှနေ၍ ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံကြောင့် သူလည်း တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရ၏။
"ဘာတွေဖြစ်နေတာလဲ…"
အလွန်သိပ်သည်းသောမြူခိုးထဲတွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခေါင်းတုံး တုံးထားခဲ့သည်။ သူက ထိုင်ဖုံတစ်ခုပေါ်တွင် ထိုင်နေပြီး မျက်လုံးမှိတ်၍ ကျမ်းစာများကို ရွတ်ဖတ်နေခဲ့၏။ သူ၏ပုံစံက တည်ငြိမ်အေးချမ်းပြီး လွတ်လပ်မှုကို ခံစားရသည်။ သို့သော် ဘဝကြီးတစ်ခု၏ ဒုက္ခများကို ပြသနေခဲ့၏။
"အား ..."
သူက ဒေါသတကြီး နာနာကျင်ကျင် အော်ဟစ်နေသော အော်သံတစ်ခုကို ထပ်ကြားလိုက်ရသည်။ သူက ပြန်လှည့်ကြည့်လိုက်ရာ အလွန်သိပ်သည်းသော မြူခိုးများထဲတွင် ခေါင်းမော့ပြီး အသံကုန်အော်ဟစ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
မုန့်ချီက ထိုလူ၏ရုပ်ရည်ကို ဂရုမစိုက်မိပေ။ သူ၏ပါးပေါ်မှနေ၍ မျက်ရည်များ စီးကျလာခဲ့၏။ မုန့်ချီက သူ၏ပတ်ပတ်လည်ကို သတိထား၍ စစ်ဆေးကြည့်နေခဲ့သည်။ သူက နောက်တစ်ကြိမ်ပြန်လှည့်လိုက်ရာ သူ့နောက်တွင် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ မူလတုန်းကကဲ့သို့ သူက မြူခိုးများထဲတွင် ထိုလူ၏မျက်နှာကို မမြင်နိုင်ပေ။
သို့သော် မြူခိုးများထဲတွင် ထိုလူဆီမှ လွဲမှားနိုင်စရာမရှိသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ထိုလူက သူ့ဆီကို လက်တစ်ဖက်ထုတ်ပြီး ကျယ်လောင်စွာ ခေါ်လိုက်သည်။
"ဓားလာခဲ့…"
အလွန်ကြီးမားသော ဓားမောက်တစ်လက်က လေဟာနယ်ကို ထိုးဖောက်လာပြီး သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း ဒေါသတကြီးလှုပ်ရှားနေပြီး သူ၏အငွေ့အသက်များက တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် ရန်သူများအားလုံးက သူ့ရှေ့တွင် ခေါင်းငုံ့နေကြရသည်။
မုန့်ချီက သူ၏ပတ်ပတ်လည်တွင် ထွက်ပေါ်လာသူများကို သေချာဂရုစိုက်၍ လေ့လာနေပြီး အဆုံးစွန်ထိ သတိထားနေခဲ့သည်။ သူက ရူးသွပ်နေသော တာအိုသခင်တစ်ယောက်၊ နောက်ကျောတွင် ဓားကို ဂုဏ်ယူစွာ လွယ်ထားသော အဖြူဝတ်ဓားသမားတစ်ယောက်၊ ခန္ဓာကိုယ်ကို အနီရောင်လှံရှည်နှင့် ထိုးဖောက်နေသော အစွမ်းထက်သူရဲကောင်းတစ်ယောက်၊ မြူခိုးများထဲရှိ အလင်းရောင်များထဲတွင် စိတ်ဓာတ်ကျနေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
နောက်ဘက်တွင် ပို၍သိပ်သည်းသောမြူခိုးများထဲ၌ ပို၍များပြားသော အရိပ်များ ထွက်ပေါ်လာရန် စောင့်ဆိုင်းနေနိုင်၏။
“သူတို့တွေက ဘယ်သူတွေလဲ…”
မုန့်ချီက သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေခဲ့၏။
ရုတ်တရက်ဆိုသလို တရားထိုင်နေသော ကိုယ်တော်က ပြန်လှည့်လာရာ သူ၏မျက်နှာ ပေါ်လာခဲ့သည်။ ကြည့်လိုက်ရုံနှင့် သူ့မျက်နှာက သနားကြင်နာတတ်ပြီး တရားမျှတမှုရှိသော ရုပ်ရည်မျိုးဖြစ်၏။ ထိုအရာက မုန့်ချီကိုယ်တိုင်ဖြစ်နေသည်။
အလွန်အန္တရာယ်များသော ဓားမောက်ကြီးကို ကိုင်ထားသည့်လူ၊ နာကျင်မှုကြောင့် ဒေါသထွက်နေသောလူ၊ အဖြူဝတ်ဓားသမား၊ ရူးသွပ်နေသော တာအိုသခင်။ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ပုံရိပ်များက မြူခိုးထဲတွင် ရှင်းလင်းလာခဲ့၏။ သူတို့အားလုံးဆီတွင် မုန့်ချီ၏မျက်နှာများ ရှိနေကြသည်။
“အဲဒါက ငါလား။ သူတို့အားလုံးက ငါလား…”
သူက အဖြေပြန်မရသော်လည်း ကျယ်လောင်စွာ အော်ဟစ်မိခဲ့သည်။ ရုတ်တရက်ဆိုသလို သူက နားလည်သွားမိ၏။ သူက ပျက်စီးသွားသော အနာဂတ်ခန်းမနယ်မြေထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
"ဒါတွေက ငါ့ရဲ့အနာဂတ်လား။ ဒါမှမဟုတ် ငါ့ရဲ့အနာဂတ်ဖြစ်နိုင်ခြေတွေထဲက အနည်းငယ်ကို ပြနေတာလား။ ဒီကျောင်းဆောင်က ပျက်စီးနေတဲ့အတွက်ကြောင့် ငါ့ရဲ့အတိတ်ကို မမြင်နိုင်ဘဲ အနာဂတ်တစ်ခုတည်းကိုပဲ မြင်နိုင်တာလား။ ဒါတွေအားလုံးက အနာဂတ်မှာ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ အများကြီးထဲက နည်းနည်းကိုပဲ ငါက မြင်ရတာလား…"
Translated by Hein Htet.