အခန်း (၆၉၇)
Vol. 47 Ch. 697
နေရောင်ခြည်များက အလွန်သိပ်သည်းသော မြူခိုးများထဲကို ထိုးဖောက်နိုင်ခြင်း မရှိချေ။ ပတ်ပတ်လည်တွင် သူနှင့်ရုပ်ချင်းတူညီနေသော အရိပ်ပေါင်းများစွာ ဝိုင်းရံနေသည့် မုန့်ချီကတော့ အတော်လေးကို မသက်မသာ ခံစားနေရသည်။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ကိုယ်ပွားများက သူ၏အနာဂတ်ပုံရိပ်များကဲ့သို့ ထင်မှတ်ရပြီး သူနှင့် ရုပ်ရည်တူညီနေခြင်း မရှိချေ။
ထို့ကြောင့် အနာဂတ်ကြေးမုံက ပျက်စီးသွားကြောင်း ပြသနေသည်။ ထို့ကြောင့်လည်း သူ၏မူလအငွေ့အသက် အနည်းငယ်လေးကိုသာ ထိန်းချုပ်ထားခြင်း ဖြစ်နိုင်၏။ ထို့ကြောင့် မုန့်ချီက သူ၏အနာဂတ် ဖြစ်နိုင်ချေ အနည်းငယ်ကိုသာ မြင်တွေ့ရပြီး မည်သည့်အရာများ ဖြစ်လာနိုင်သည်ဟူသည့် တိကျသောအရာများကိုတော့ သေချာမသိရပေ။
သူက ခေါင်းထဲရှိအရာများကို ရှင်းပစ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူက စိုးရိမ်ထိတ်လန့်မှုများကို လျစ်လျူရှုလိုက်ပြီး ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်ကို သုံးလိုက်သည့် အခြေအနေမှ ပြန်ကောင်းလာနေခဲ့၏။
“ငါက ဘုန်းကြီးဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက် ဖြစ်နေတယ်၊ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုကို လိုချင်ပြီး ငါ့ရဲ့နောက်ကွယ်မှာရှိတဲ့ ဒဏ္ဍာရီပညာရှင်ကြောင့် တစ်ယောက်တည်း တိတ်ဆိတ်ခြောက်ကပ်မှုကိုသာ မသက်မသာ လက်ခံခဲ့ရတာလား..”
မုန့်ချီက ဘုန်းတော်ကြီးပုံစံဖြစ်နေသော သူ့ပုံရိပ်ကိုကြည့်ပြီး စဉ်းစားမိနေခဲ့သည်။
ထိုကိုယ်တော်၏ပုံရိပ်က အနတ္တ၏ အငွေ့အသက်နှင့်တူညီနေခြင်း မရှိပေ။ ထိုအရာကလည်း သူ၏ခန့်မှန်းချက်သာ ဖြစ်သည်။ သို့သော် သူက အနာဂတ်ပုံရိပ်ထဲတွင် နာကျင်မှုနှင့် ဒေါသများကို မတွေ့ရပေ။ ထိုအရာက အနာဂတ်တွင် သူ ဖြစ်လာနိုင်သော အဆိုးဆုံး အခြေအနေများထဲမှ တစ်ခုဖြစ်နိုင်သည်။
ထို့နောက် မုန့်ချီက နောက်ထပ်လူတစ်ယောက်ကို လှည့်ကြည့်လိုက်၏။ သူကတော့ နောက်ကို လှန်ချပြီး ကောင်းကင်ပေါ်ကိုကြည့်၍ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။ နာနာကျင်ကျင် အော်သံက အလွန်စစ်မှန်နေသည့်အတွက် သူက အလွန်နာကျင်ပြီး ဆိုးဆိုးရွားရွား ခံစားနေရကြောင်း သိသာနေသည်။ သူက အနာဂတ်တွင် အလွန်ဆိုးရွားသော ဝမ်းနည်းမှုတစ်ခုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်၏။
“ ဒါက ငါ့ရဲ့အဖော်တွေ သေသွားလို့များလား။ ဒါမှမဟုတ် ငါ့အတွက်အရေးပါတဲ့ လူတစ်ယောက် သေသွားလို့လား…”
မုန့်ချီက ခေါင်းခါလိုက်မိပြီး ထိုကဲ့သို့သော အနာဂတ်မျိုးကို မလိုချင်ခဲ့ပေ။ ထိုအရာကလည်း အဆိုးဆုံး ဖြစ်နိုင်ချေများထဲမှ တစ်ခု ဖြစ်နိုင်သည်။
အစွမ်းထက်သော သူရဲကောင်းကို ထိုးဖောက်နေသည့် လှံကတော့ မကောင်းဆိုးဝါး သူတော်စင်၏လှံနှင့် တူညီနေသည်။ ရူးသွပ်နေသော အနာဂတ်တာအိုသခင်ကလည်း ဘုန်းတော်ကြီးနှင့် ကွဲပြားမှုမရှိချေ။ သူ့အတွက် ထိုအနာဂတ်များက ကောင်းမွန်နေသောအရာများ မဟုတ်ချေ။
သူ၏အနာဂတ်ဖြစ်နိုင်ချေများထဲတွင် မုန့်ချီကတော့ တည်ငြိမ်သောအရာနှစ်ခုကိုသာ တွေ့လိုက်ရသည်။ တစ်ခုကတော့ အဖြူဝတ်ဓားသမားဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် နာကျင်မှုနှင့် ဝမ်းနည်းမှုလက္ခဏာမျိုး မရှိချေ။ တခြားတစ်ယောက်ကတော့ အနက်ရောင်ဝတ်စုံ ဝတ်ထားခြင်းဖြစ်ပြီး အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေခဲ့သည်။
သူ့ကို ကြည့်လိုက်ရုံနှင့် အလွန်သဘောကျစရာကောင်းပြီး သူက သူ့ဓားကို လှမ်းခေါ်လိုက်သည့် အချိန်တွင်တော့ အလွန်ကြောက်စရာကောင်းလှသည်။
“ဒါပေမဲ့ ဒီဓားက လောကသခင်ပျက်သုန်းခြင်းဓားနဲ့ တော်တော်လေးတူတယ်၊ ငါက အနာဂတ်မှာ ပိုကောင်းတဲ့ ရလဒ်ကို ရဖို့အတွက် လောကသခင်ရဲ့ခြေလှမ်းအတိုင်း လျှောက်လှမ်းရမှာလား.”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
လောကသခင်၏လမ်းကြောင်းက အမှန်တကယ်ကို စိတ်လှုပ်ရှားစရာကောင်းသည်။ သို့သော် ရန်သူပေါင်းများစွာ ရှိလာနိုင်၏။ သူ့ရှေ့တွင် ပေါ်နေသော မတူညီသည့် အနာဂတ်ဖြစ်နိုင်ချေများက သူ့ဘဝ၏ အဆုံးသတ်ကို မရောက်သေးပေ။ သူ၏အနာဂတ်ပုံစံတစ်ခုက နောက်ပိုင်းတွင် ရန်သူပေါင်းများစွာကြောင့် နာနာကျင်ကျင် သေဆုံးသွားရသည့် အဆုံးသတ်မျိုးအစား ဓား၏အစွမ်းကို ခေါ်နိုင်သည့်ပုံရိပ်မျိုး ရှိမရှိ မည်သူက သိနိုင်မည်နည်း။
မုန့်ချီက သိပ်သည်းသောမြူခိုးများထဲသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ သူ့ရှေ့တွင် ပုံသဏ္ဍာန်ခွဲခြား၍ မရနိုင်သော အနာဂတ်ပုံရိပ်များစွာ စောင့်နေသေးသည်။ သူတို့ကတော့ နောက်ထပ်ဖြစ်လာနိုင်သော အနာဂတ်ဖြစ်နိုင်ချေများစွာ ဖြစ်နိုင်၏။
“အနာဂတ်က အဆုံးအစ မရှိဘူး...”
မုန့်ချီက ရှေ့ကို တလှမ်းချင်းဆီ လျှောက်သွားနေပြီး သူ၏အနာဂတ် ဖြစ်နိုင်သော ပုံရိပ်များကို မြူခိုးများထဲတွင် သေချာကြည့်နေခဲ့သည်။
သူက သူ့ဘဝ၏ မတူညီသော အဆုံးသတ်တစ်ခုကို ကြည့်ချင်နေပုံရသည်။ ထိုအရာက အမှောင်ထဲတွင် ပုန်းအောင်းနေသော ဒဏ္ဍာရီပညာရှင်များကို နားလည်သွားနိုင်ပြီး သူတို့ထဲတွင် ထောင်ချောက်ဆင်ခြင်း၊ အလောင်းအစားလုပ်ခြင်းများပင် ဖြစ်နိုင်သည်။ မည်သူက သူ့ကို စတေးခံကျားစေ့လေးတစ်စေ့အဖြစ် အသုံးချမည်နည်း။
ကြည့်လိုက်ရုံနှင့် သူကတော့ ထိုပညာရှင်များ၏ ပိုက်ကွန်ထဲမှ လွတ်မြောက်သွားပြီး သူ့ကံကြမ္မာ၏ အရှင်သခင်တစ်ယောက် ဖြစ်လာရန် လုံလောက်သည်။
သူက ခြေလှမ်း အနည်းငယ်လျှောက်လိုက်ပြီး မသေမချာအမူရာနှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ မူလတုန်းက မမြင်ရသော ဝေဝါးနေသည့် ပုံရိပ်များက အနားကို ရောက်သွားသည့်ချိန်တွင်လည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အစောပိုင်းတွင် မြင်ခဲ့သည့်ပုံစံတိုင်းသာဖြစ်သည်။
“မှန်ရဲ့အပိုင်းအစတွေနဲ့ အငွေ့အသက်က မလုံလောက်တဲ့အတွက် ငါ့ရဲ့နောက်ထပ်အနာဂတ်တွေကို သေချာမမြင်ရတာများလား...”
မုန့်ချီက လက်ခံရန် ခက်ခဲနေသော်လည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
သူက ကောင်းကင်(၉)သွယ်ကမ္ဘာကြီးထဲမှ ထွက်သွားချင်သည့်စိတ်ကို ယာယီဖိနှိပ်ထားလိုက်ပြီး လက်ရှိပတ်ဝန်းကျင်အခြေအနေကို ပို၍နားလည်ရန်သာ အာရုံစိုက်လိုက်သည်။ သူက ဒဏ္ဍာရီပညာရှင်များ၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာရန် ပို၍များပြားသော အသိပညာများကို လိုအပ်သည်။
မုန့်ချီက သိပ်သည်းသောမြူခိုးများထဲမှ ဖြတ်လျှောက်နေရင်း သူ၏ပတ်ပတ်လည်တွင် အငွေ့များ လွှမ်းခြုံနေသလို ဖြစ်လာခဲ့သည်။ သူက ငရဲကြီး(၉)ထပ်မှ နတ်ဆိုးကမ္ဘာကြီးထဲတွင် ပိတ်မိနေသလို မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်းမရှိချေ။ တနေရာရာမှ မိစ္ဆာများ၊ မှော်သားရဲများ၊ မကောင်းဆိုးဝါးများ ထွက်လာမလား စိုးရိမ်နေခဲ့ရ၏။
သူက ပုံရိပ်မျိုးစုံကို စူးစူးနစ်နစ် စိုက်ကြည့်နေပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော စွမ်းအင်အငွေ့အသက်များကို စစ်ဆေးရန် ကြိုးစားကြည့်နေသည်။ သူက ထိုအရာများမှ တစ်စုံတစ်ခု နားလည်နိုင်ရန် ရှာဖွေနေခဲ့၏။ အနာဂတ်ကြေးမုံ၏အပိုင်းအစများ သို့မဟုတ် သူ၏အငွေ့အသက်များက သူ့အတွက် အသုံးဝင်နေခဲ့သည်။
မုန့်ချီ၏ခြေလှမ်းများက တိတ်ဆိတ်နေပြီး ရှေ့ကို တလှမ်းချင်းဆီ ဆက်လျှောက်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူ၏အာရုံများက လှုပ်ရှားသွားခဲ့ပြီး သူ့ရှေ့တွင် အန္တရာယ်တစ်ခု စောင့်ကြိုနေကြောင်း ခံစားမိခဲ့သည်။သူက ခြေဖျားနှင့် နောက်ပြန် တွန်းပို့လိုက်ရာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မြူခိုးများထဲတွင် ပုန်းအောင်းနေခဲ့သည်။
ခဏကြာပြီးနောက် သူက အညိုရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်၏အရိပ် ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ အလွန်လျင်မြန်သောအရှိန်နှင့် ထိုလူက သူ၏ပတ်ပတ်လည်တွင် ရှိနေသော အနာဂတ်ပုံရိပ်များကို စိတ်မဝင်စားဘဲ မြူခိုးများထဲတွင် ပြေးထွက်သွားခဲ့သည်။ ဤနေရာတွင် သူ၏ရည်မှန်းချက်ကို ဖုံးကွယ်ထားရန် ခက်ခဲ၏။
“အဲဒါက ကျိများလား .”
မုန့်ချီက သူ၏အငွေ့အသက်ကို ဖိနှိပ်ပြီး လှုပ်ရှားမှုများကိုလည်း ထိန်းချုပ်ထားခဲ့သည်။
သူက ပတ်ပတ်လည်တွင် လှုပ်ရှားနေသော စွမ်းအင်များ၊ အငွေ့များနှင့် ပေါင်းစပ်ရန် ကြိုးစားနေခဲ့၏။ အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားသော လူရိပ်က ဒဏ္ဍာရီအဖွဲ့မှ နေနတ်ဘုရားကျိ ဖြစ်ပုံရ၏။
“ဒါပေမဲ့ သူက ဒီမှာရှိတဲ့ မြေပြင်အခြေအနေတွေကို တော်တော်လေး ရင်းနှီးနေသလိုပဲ...”
မုန့်ချီက စဉ်းစားနေမိခဲ့သည်။
အစောပိုင်းတွင် သူက ကူရှောင်စန်းနှင့်အတူ ထွက်လာခဲ့သည့်အချိန်၌ အရိပ်ထဲမှနေ၍ ဓမ္မဘုရင်တူရှီက စောင့်ကြည့်နေခဲ့သည်။ သို့သော် ကျိက ဓမ္မကာရအဆင့် ကျင့်ကြံသူ၏ အာရုံခံနိုင်စွမ်းကို ကျော်လွန်ပြီး လောင်ကျွမ်းနေသော မီးတောက်လမ်းမှတဆင့် သူတို့၏ရှေ့ကို ကျော်ရောက်သွားခဲ့သည်။ အကယ်၍ သူကသာ ကောင်းကင်(၉)သွယ် ကမ္ဘာကြီး၏ အခြေအနေကို မရင်းနှီးလျှင် ထိုသို့မဖြစ်နိုင်ပေ။
အကယ်၍ မထင်မှတ်ဘဲ ဖြတ်လမ်းတစ်ခုကို တွေ့ခဲ့ရမည်ဆိုလျှင်ပင် လျှို့ဝှက်အန္တရာယ်များကို စိုးရိမ်နေရန် လိုအပ်နေသေးသည်။ ထို့ပြင် ဟန်ကွမ်းနှင့် ကောင်းလန်တို့ ရောက်မလာခင် ကျိက တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူက ဓမ္မဘုရင်တူရှီ ရှိနေကြောင်းကို သတိထားမိခဲ့၏။ သူက ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ဖြစ်သော ဓမ္မဘုရင်၏ရှေ့တွင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ကျိ၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီကတော့ သူ၏ထင်မြင်ချက်များကို ပြန်လည်စဉ်းစားနေပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အငွေ့အသက်များကို ဖြည်းညင်းစွာ လေ့လာ၍ ပစ္စုပ္ပန်ခန်းမဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
အလွန်လျှို့ဝှက်ဆန်းကြယ်သော ဧရာမသစ်ပင်ကြီးက ကြံ့ခိုင်သန်စွမ်းနေသေးပုံ ရသည်။ ထိုအရာက အောက်ဖက် အဆင့်များထိ ကြီးထွားနေပုံရသည့်အတွက် သူက အထွဋ်အမြတ် ဉာဏ်ပညာသစ်ပင်ကို စုပ်ယူခိုင်း၍ ရနိုင်သည်။ ထိုသို့ဆိုလျှင် မည်သည့်အရာများ ဖြစ်လာနိုင်ကြောင်း သူလည်း စိတ်ဝင်စားနေခဲ့၏။
အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က အလွန်ကြီးကျယ်ခမ်းနားသော နာမည်တစ်ခု ရှိသော်လည်း နောက်ပိုင်းတွင် အသုံးဝင်ခြင်းရှိမရှိ မုန့်ချီလည်း သေချာမပြောနိုင်ပေ။
ကူရှောင်စန်းက ရပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ အနာဂတ်ခန်းမနယ်မြေထဲတွင် ရပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူမက အလွန်သိပ်သည်းသောမြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။ သူမက တရှိန်ထိုးပြေးသွားခဲ့ခြင်း ဖြစ်သည်။
သူမရပ်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင်တော့ မျက်လုံးတစ်လုံးရှိနေ၏။ ထိုအရာကတော့ အလွန်အေးစက်သော ဓမ္မဘုရင်တူရှီ၏ မျက်လုံး ဖြစ်သည်။ သူက လှုပ်ရှားနေသော မြူခိုးများထဲမှ ထွက်လာခဲ့၏။ ထိုလူက တစ်ယောက်တည်း တွေးလိုက်မိသည်။
“သူ ယူသွားတဲ့ သစ်သီးတွေက တစ်ခုခုတော့ လွဲနေတယ်...”
ကောင်းလန်က သူ၏ဓားကိုသုံးပြီး အရာအားလုံးကို ကြိုးစားကြည့်နေခဲ့၏။ သို့သော် ဧရာမသစ်ပင်ကြီးကို ထိခိုက်စေနိုင်ခြင်း မရှိချေ။ သူက ရှင်းပြလိုက်၏။
“ငါတို့က ပြန်လာခဲ့တဲ့ လမ်းကြောင်းကို သွားရှာပြီးမှပဲ ဒီသစ်ပင်ကို ဖြေရှင်းကြမယ်၊ သူ့ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ သေချာပေါက် ရှိမှာပါ .”
တစ်ပိုင်းတစ နိုးထလာနေသော လူသားဧကရာဇ်ဓားကပင် ထိုသစ်ပင်၏ သစ်ခေါက်ပေါ်၌ ဓားရာပေါ်လာအောင် လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ဟန်ကွမ်းအတွက်တော့ ထိုသစ်ပင်က သစ်သားစွမ်းအင် နတ်ဘုရားလက်နက်တစ်ခု ဖန်တီးရန် အကောင်းဆုံးပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သည်။
သူက ထိုသစ်ပင်ကို သေချာလေ့လာနေပြီး လိုချင်စိတ်ကို ဘေးဖယ်ထားလိုက်သည်။ သူက ကောင်းလန်၏နောက်မှနေ၍ မြေတိုက်ခန်း၏ ဆန့်ကျင်ဘက်တွင် ရှိနေသော လမ်းကြောင်းထဲသို့ လိုက်သွားခဲ့သည်။ သူ၏အငွေ့အသက်များက အလွန်တည်ငြိမ်နက်ရှိုင်းနေခဲ့၏။
လေထဲတွင် တစ်ပိုင်းတစ ဖုံးကွယ်နေသော အရိပ်တစ်ခုကဲ့သို့ ဖြစ်နေသည့် ဓမ္မဘုရင်တူရှီကလည်း နောက်မှ အေးအေးဆေးဆေး လိုက်လာခဲ့၏။ သို့သော် သူကလည်း ဟန်ကွမ်းနှင့်ကောင်းလန်တို့၏ ခြေလှမ်းကို အမီလိုက်နိုင်ခဲ့သည်။
ထိုလမ်းကြောင်းထဲတွင် ရှင်းလင်းနေပြီး အဆင်တန်ဆာများလည်း မရှိချေ။ ထို့ကြောင့် ထိုအရာက ရှေးဟောင်းဒဏ္ဍာရီပညာရှင်တစ်ယောက် တမင်တကာ ဖန်တီးထားသည်ဟု ပြောနိုင်၏။
အချိန်တော်တော်ကြာ လမ်းလျှောက်လာပြီးနောက် လမ်းကြောင်းက တဖြည်းဖြည်းပို၍ ကျယ်လာပြီး မီးခိုးရောင်ကျောက်တုံးများ ပြည့်နှက်နေသော အခန်းကြီးတစ်ခုထဲကို ရောက်လာခဲ့သည်။ ထိုအခန်း၏ ပတ်ပတ်လည်တွင်တော့ ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။
သူတို့ ဝင်လာခဲ့သည့်အခန်းက ငွေရောင်ကျောက်တုံးများနှင့် အလှဆင်ထားသော ရှေးဟောင်းခန်းမတစ်ခု ဖြစ်ပုံရသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူတို့ကတော့ ရှေးခေတ်ကို ပြန်ရောက်လာသည့်အလား သူတို့၏ပတ်ပတ်လည်တွင် အချိန်လေဟာနယ် လှုပ်ရှားမှုများကို ခံစားမိလိုက်သည်။ ထိုအရာက သူတို့အတွက်တော့ ထူးခြားမှုမရှိချေ။
“ဒီနေရာမှာ တခြားကမ္ဘာကြီးကို ဒါမှမဟုတ် တခြားနယ်မြေတစ်ခုကို သွားတဲ့လမ်းကြောင်းတစ်ခု ရှိတယ်ထင်တယ်၊ ဒါပေမဲ့ ဆက်သွယ်မှုက မူမမှန်သလိုမျိုးပဲ...”
ဟန်ကွမ်းက မှတ်ချက်ချလိုက်ပြီး သူကတော့ သူ့ကိုယ်သူ အလွန်ယုံကြည်ချက် ရှိနေခဲ့သည်။ သူက လက်နောက်ပစ်ထားပြီး ခန္ဓာကိုယ်ထဲတွင်တော့ နတ်ဆိုးဧကရာဇ်၏ပုံရိပ်ယောင် ပေါ်နေခဲ့သည်။တစ်ဖက်တွင်တော့ အချိန်အရိပ်ဓားအတုက ဓားအိမ်ထဲတွင် ရှိနေခဲ့၏။
ကောင်းလန်က နှာခေါင်းရှုံ့လိုက်သည်။
“ကောင်းကင်(၉)သွယ်ကမ္ဘာကြီးက ဘယ်နေရာကို ဦးတည်နေမှာလဲ...”
လေဟာနယ်ထိန်းချုပ်မှုတွင် အကျွမ်းကျင်ဆုံးဖြစ်သော ဓမ္မဘုရင်တူရှီက သူတို့၏ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူက ပြောလိုက်၏။
“ဒါက အပြင်ဘက်မှာရှိတဲ့ အခြေအနေနဲ့ တော်တော်လေးကို တူနေတယ် ထင်တယ်...”
ထိုအရာက မသိစိတ်အရ ပြောလိုက်ခြင်း ဖြစ်သည်။
ဟန်ကွမ်းက အပြုံးနှင့်ပြောလိုက်၏။
“ဒါက ကောင်းကင်(၉)သွယ်ရဲ့ထိပ်ဆုံးအလွှာ(၂)ခုကို ဦးတည်နေတဲ့ လမ်းကြောင်းများ ဖြစ်နိုင်မလား….”
“ပထမအလွှာကို သွားတဲ့လမ်းကြောင်းနဲ့ တံခါးက အလယ်နယ်မြေထဲမှာ ရှိတယ်လို့ သေချာမှတ်မိပါသေးတယ်...”
ကောင်းလန်က ပြန်ဖြေလိုက်သည်။
ဟန်ကွမ်းက တွေဝေစွာ ပြောလိုက်၏။
“ရှေးဟောင်းဒဏ္ဍာရီပညာရှင်တစ်ယောက်က အပေါ်ဖက်အလွှာတစ်ခုကို ဒီနေရာဆီ အတင်းအကြပ် ရွေ့လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ၊ ဒါဆိုရင် အချိန်လေဟာနယ်ထဲက ထူးဆန်းတဲ့ မူမမှန်မှုတွေကို ရှင်းပြနိုင်မှာ...”
“ကောင်းကင်(၉)သွယ်ရဲ့အလွှာတစ်ခုကို အတင်းအကြပ် ရွေ့ပစ်ဖို့လား...”
ကောင်းလန်က ဓားကိုင်ထားသော လက်ကို ညင်သာစွာ ပုတ်လိုက်သည်။
“အဲဒါက တော်တော်ကို အစွမ်းထက်မှာပဲ၊ ငါက အဲဒီလိုအစွမ်းထက်တဲ့ ပညာရှင်မျိုးနဲ့ တွေ့ချင်တယ်...”
သူတို့၏ပတ်ပတ်လည်တွင် ဖြစ်ပေါ်နေသော မူမမှန်မှုများကို ဓမ္မကာရအဆင့် ကျင့်ကြံသူ (၃)ယောက်လုံးက ခံစားမိနေကြသည်။
“အဲဒါက လျှို့ဝှက်လမ်းကြောင်းကို လုပ်ခဲ့တဲ့လူလည်း ဖြစ်နိုင်တယ်...”
ဟန်ကွမ်းက ခန့်မှန်းကြည့်လိုက်သည်။ သူက လမ်းလျှောက်နေသည့်အချိန်တွင် သူ၏အဖြူရောင်ဝတ်စုံကတော့ လေထဲတွင် လွင့်နေခဲ့၏။ ဓမ္မကာရအဆင့် ပညာရှင်(၃)ယောက်က ဆက်လက်ရှာဖွေနေကြပြီး ရှေးဟောင်းကျင့်ကြံရေး ခန်းမကြီးတစ်ခုလုံးကို စစ်ဆေးကြည့်နေခဲ့သည်။
အနက်ရောင်တွင်းပေါက်တစ်ခုကဲ့သို့ ဖြစ်နေသော အနက်ရောင် လေဟာနယ်ကြီးတစ်ခုက ခန်းမ၏ရှေ့ဖက်ဆုံး အပိုင်းကို ဝါးမြိုထားခဲ့သည်။ အချိန်နှင့်လေဟာနယ်ကပင် အမှောင်ထုကြီးထဲသို့ ဆွဲခေါ်ခံထားရသည့်အတွက် ဓမ္မဘုရင်တူရှီကပင် အနားကို ကပ်မသွားရဲပေ။
အလွန်အန္တရာယ်များသော မြူခိုးများထဲတွင် ရပ်နေရင်း အချိန်နှင့်လေဟာနယ်ထဲ၌ လှုပ်ရှားမှုများပေါ်လာပြီး ကြေးနီတံခါးကြီးတစ်ချပ် ပေါ်လာခဲ့သည်။ ထိုဧရာမကြေးနီတံခါးကြီး၏ ရှေ့တွင်တော့ သာမန်ကျောက်တုံးလေးတစ်တုံးရှိနေပြီး ထိုကျောက်တုံးပေါ်တွင်တော့ စာသားများ ရေးထိုးထားသည်။
“ယဲ့မျိုးရိုး ဒဏ္ဍာရီနယ်မြေ .”
ထိုအရာက အနှစ်သာရများကို စိုးမိုးနိုင်သော စည်းမျဉ်းများ ချမှတ်ထားသကဲ့သို့ ရှိနေခဲ့သည်။ အမှောင်လေဟာနယ်ထဲမှနေ၍ မမြင်ရသော လေလှိုင်းများ တိုက်ခတ်လာပြီး သူတို့(၃)ယောက်၏ မျက်နှာကို ဖြတ်ကျော်သွားခဲ့သည်။
ဟန်ကွမ်းက မျက်လုံးမှိတ်လိုက်ပြီး ဓမ္မဘုရင်တူရှီက နှာခေါင်းရှုံ့လိုက်၏။ ကောင်းလန်က တိုးတိုးလေး ပြောလိုက်သည်။
“ငါ့တာဝန်ပဲ ထားလိုက်...”
ကောင်းလန်က သူ့ဓားကိုဆွဲထုတ်ပြီး ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ သဘာဝပတ်ဝန်းကျင် အရိပ်ပေါင်းများစွာ တောက်ပနေသော ဓားအလင်းတန်းထဲတွင် တခြားသော အင်မော်တယ်များ၏ ပုံရိပ်များ ပေါ်လာခဲ့သည်။ ဓားကို ဝှေ့ယမ်းပြီး သူတို့၏ရှေ့တွင် ရှိနေသော လေဟာနယ်ဆီသို့ ခုတ်ချလိုက်၏။ ထိုအရာက သူတို့၏ ပတ်ပတ်လည်တွင် လွင့်ပျံနေသော ရှေးဟောင်းအငွေ့အသက်များကို ဖယ်ရှားပစ်နိုင်ခဲ့သည်။
…………
မုန့်ချီက ရှေ့ကိုဆက်၍ လျှောက်လာပြီး မြူခိုးများ အသိပ်သည်းဆုံးနေရာကို ရောက်လာခဲ့၏။ ထိုနေရာတွင် ပစ္စုပ္ပန်ခန်းမ၏အုတ်မြစ် ရှိပုံရသည်။ သူက လမ်းတလျှောက်တွင် အစောပိုင်း၌ တွေ့ခဲ့ရသော ဧရာမသစ်ပင်ကြီး၏ပင်စည်ကို ရှာဖွေနေခဲ့၏။ သူကတော့ အနာဂတ်ကြေးမုံအပိုင်းအစများကိုလည်း စိုက်ကြည့်နေရန် မမေ့ခဲ့ချေ။ သူက တတ်နိုင်သမျှ ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့၏။
ထိုအချိန်တွင် မြူခိုးများ၏အောက်ခြေမှ ထွက်လာသော ရုပ်ဆိုးဆိုး သစ်မြစ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူက ထိုင်ချလိုက်သည့်အချိန်တွင် အထွဋ်အမြတ် ဉာဏ်ပညာသစ်ပင်က ပြင်းပြင်းထန်ထန် လှုပ်ရှားလာကြောင်း တွေ့လိုက်ရသည်။
“အစွမ်းကုန်ပါပဲလား .”
မုန့်ချီက ဝမ်းသာအားရ ရေရွတ်လိုက်၏။ ထို့နောက် သူက အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို ထုတ်လိုက်ပြီး ဧရာမသစ်ပင်ကြီး၏ပင်စည်ပေါ်သို့ တင်ပေးလိုက်သည်။
သစ်ပင်ကြီးကို ထိလိုက်သည့်အချိန်တွင် ဧရာမပင်စည်ကြီးထဲမှနေ၍ အနက်ရောင်မီးခိုးငွေ့များ ထွက်လာပြီး အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ထဲသို့ ဝင်ရောက်သွားခဲ့၏။
သုံးဘဝကျောင်းဆောင်၏ လျှို့ဝှက်လမ်းကြောင်းထဲတွင် ဧရာမသစ်ပင်ကြီး၏ပင်စည်က ရှိနေသေးသော်လည်း သစ်ပင်၏ ကောင်းမွန်နေသော အခြားအစိတ်အပိုင်းမှနေ၍ စွမ်းအင်များ ကုန်ဆုံးသွားခဲ့၏။ သစ်ပင်ကြီး၏ သစ်ကိုင်းများကတော့ ထိုကမ္ဘာကြီး၏နေရာ အစိတ်အပိုင်းအသီးသီးကို ပျံ့နှံ့နေခဲ့သည်။
သို့သော် သစ်ပင်၏စွမ်းအင်များက အောက်ခြေအမြစ်နားမှနေ၍ တဖြည်းဖြည်း ကုန်ဆုံးလာနေပြီး မက်မွန်ဥယျာဉ်ဆီသို့ ရောက်နေသော သစ်ကိုင်းများကလည်း စတင် ညှိုးခြောက်လာခဲ့သည်။ စွမ်းအင်များ စီးဆင်းလာပြီးနောက် နဂါးသတ်စင်မြင့်၊ မိစ္ဆာသတ်စင်မြင့်နှင့် နတ်ဘုရားကမ္ဘာကြီး၏ အစိတ်အပိုင်းအသီးသီးက စတင်ပျက်စီးလာခဲ့ကြသည်။
ကမ္ဘာကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး ကောင်းကင်အဆောက်အဦးများကို ထိန်းသိမ်းထားသော တိမ်တိုက်များပေါ်တွင်ပင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
ကွေချင်းဟယ်တို့အဖွဲ့က ဝဲကတော့ထဲသို့ ဝင်ကြတော့မည့်အချိန်တွင် ဝဲကတော့က ပို၍လျင်မြန်စွာ လည်ပတ်လာကြောင်း တွေ့လိုက်ရသည်။ အတွင်းထဲတွင် တစုံတစ်ခု ဆိုးရွားသောအရာများ ဖြစ်နေပုံရ၏။
……….
“ဗုန်း...”
ကောင်းလန်က ရှေးဟောင်းကျင့်ကြံရေးခန်းမထဲတွင် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသော ကြေးနီတံခါးကြီးကတော့ သူ့ဓား၏အစွမ်းများကိုပင် စိုးရိမ်နေခဲ့ခြင်း မရှိချေ။ ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တှုန်လှုပ်သွားသော လှိုင်းလုံးများက သူတို့ဆီကို ပျံ့နှံ့သွားခဲ့၏။
ဓမ္မကာရအဆင့် ကျင့်ကြံသူ(၃)ယောက်က မျက်နှာပျက်သွားပြီး ထိုအပျက်အစီးများက မည်သည့်နေရာမှ ရောက်လာခြင်းဖြစ်ကြောင်း မသိရပေ။
“ဒါက ငါ့ဓားရဲ့ တိုက်ခိုက်မှုကြောင့်လား...”
ကောင်းလန်က သူ့ကိုယ်သူ ဇဝေဇဝါအမူအရာနှင့် ပြန်မေးလိုက်သည်။ သူက ကျောက်တိုင်ကို နောက်တကြိမ် ကြည့်လိုက်မိသည်။ ယခုတစ်ကြိမ်တော့ ကျောက်တိုင်၏ အောက်ခြေတွင် ရေးထားသော စကားလုံးများကို မြင်တွေ့လိုက်ရသည်။
“ကျောက်စိမ်းပုံရိပ်ယောင်နန်းတော် ရန်ကျန်း...”
……….
“ဗုန်း ….”
မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော ခန်းမကြီးများက စတင်ပျက်စီးလာနေသည့်အတွက် သူက စွမ်းအားများကို အငမ်းမရ စုပ်ယူနေသော အထွဋ်အမြတ်ဉာဏ်ပညာ သစ်ပင်လေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိခဲ့သည်။
သူ၏လုပ်ဆောင်မှု မှားယွင်းသွားသလိုပင် ခံစားမိလာခဲ့၏။
“သေစမ်း.... ဒီတစ်ကြိမ် ငါ ဘာတွေလုပ်မိခဲ့တာလဲ….”
Translated by Hein Htet.