အခန်း (၇၀၀)
Vol. 47 Ch. 700
အပြာရောင်ရေခဲသလင်းကျောက်က ကျိဆီကို ပျံသန်းသွားခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသောအငွေ့များက ချက်ချင်း အေးခဲသွားခဲ့သည်။ အစိုင်အခဲ ပုံသဏ္ဍာန်ဖြစ်လာပြီး သက်တံ့ရောင် ပြောင်းလဲနေသော ရေခဲပွင့်လေးများက သူ့ဆီကို လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
မုန့်ချီ၏စိတ်ဝိညာဉ် တိုက်ခိုက်မှုဖြစ်သော ‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ သိုင်းကွက်ကြောင့် ကျိက ရှုပ်ထွေးသွားသလို ခံစားနေရသည်။ သူ၏အတိတ်မြင်ကွင်းများက မျက်စိရှေ့တွင် မြင်လာရပြီး သူ၏ပင်မဝိညာဉ်က စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် အက်ကွဲသွားသလို ထင်မှတ်ရသည်။
သူက လျင်မြန်စွာ သတိပြန်ဝင်လာသည့်အချိန်တွင် ရေခဲမျက်လုံးသလင်းကျောက်က သူ့ရှေ့တွင် ရောက်လာသည့်အတွက် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ကြောင်း တွေ့လိုက်ရ၏။
‘ငါ ၊ ထူးခြားမှုနှင့် အမှန်တရား’ သိုင်းကွက်ကြောင့် ရန်သူ၏စိတ်အခြေအနေက လုံးဝမတည်မငြိမ် ဖြစ်သွားလိမ့်မည်ဟု မုန့်ချီက မထင်ထားခဲ့ပေ။ ကောင်းမှုကုသိုလ်စွမ်းအားများ၏ အကာအကွယ် ကျရှုံးသွားသည်ကိုပင် ကျိကတော့ လျင်မြန်စွာ သတိပြန်ဝင်လာပြီး အသက်ရှင်နေနိုင်သေးသည်။
မုန့်ချီက သူ့အတွက် ဟာကွက်တစ်ခု ရှိနေသည့်အချိန်တွင် ရပ်ကြည့်နေနိုင်ခြင်း မရှိချေ။ သူက အရှိန်အဝါကို ထိန်းသိမ်းနိုင်ရန်အတွက် နတ်ဘုရားလက်နက် ပင်မပစ္စည်းကို ဖောက်ခွဲပစ်လိုက်သည်။
ရေခဲစီးကြောင်းများက အကာအကွယ်စွမ်းအားများ ပြန်ရလာသော ကျိကို ဝါးမြိုသွားခဲ့သည်။ ရွှေရောင်ကျောင်းဆောင်ပုံရိပ်၊ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အလင်းတန်းများ၊ အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းများ၊ ကောင်းမှုကုသိုလ် အကျိုးသက်ရောက်မှုဖြစ်သော ခရမ်းရောင်အငွေ့အသက်များအားလုံးက အေးခဲသွားခဲ့သည်။ အတွင်းထဲတွင် အလွန်အမင်းကို အေးစက်သော ရေခဲလှိုင်းတစ်ခု ပျံ့နှံလာပြီး ဇာမဏီပုံသဏ္ဍာန်ကို ရေခဲထဲတွင် ပိတ်လှောင်ထားခဲ့သည်။
ရေခဲများ အရည်ပျော်ကျသွားသည့်အချိန်တွင် ပုံရိပ်ယောင်ခန္ဓာတိုင်းက ရေခဲများအဖြစ် ပိတ်မိပြီး တစ်စစီ ပျက်စီးသွားနိုင်သည်။ ထိုအရာက ရေခဲမျက်လုံးသလင်းကျောက်ကို ဖောက်ခွဲလိုက်သည့်အချိန်တွင် အဆိုးရွားဆုံး အကျိုးသက်ရောက်မှုတစ်ခုလည်း ဖြစ်၏။
အကယ်၍ မုန့်ချီကသာ ကောင်းကင်ရွှေကျင့်စဉ်၏ ဆုတောင်း(၃)မျိုး လက်သီးသိုင်းကို လေ့ကျင့်ထားခဲ့ခြင်း မရှိလျှင် ကောင်းမှုကုသိုလ်စွမ်းအားများကို ထိုမျှလေးလေးနက်နက် နားလည်လိမ့်မည် မဟုတ်ချေ။ ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက် ‘ငါ ထူးခြားမှုနှင့်အမှန်တရား’ သိုင်းကွက်သာ မရှိလျှင် အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကပင် ကျိ၏စိတ်ကို သက်ရောက်စေရန် မဖြစ်နိုင်ပေ။ ပြောရမည်ဆိုလျှင် ဖျက်ဆီး၍ မရနိုင်သော ကျိ၏အကာအကွယ်ကို ထိုးဖောက်နိုင်သော တခြားနည်းလမ်းများ ရှိကောင်းရှိနိုင်သည်။
မုန့်ချီ၏ ပုံပြင်ပြောသော ဓားသိုင်းပညာက မုန့်ချီ၏ကိုယ်ပိုင်အစွမ်းများ ပြည့်ပြည့်ဝဝ ပါဝင်နေသည့် သိုင်းကွက်တစ်ခုဖြစ်သည်။ တာအိုလောကသိုင်းကွက်နှင့် ကောင်းကင်လမ်းညွှန်ချက်(၇)သွယ် ပင်မလမ်းညွှန်ချက်တို့၏ အကူအညီကြောင့် မုန့်ချီ၏ဓားမောက်၊ ဓားရှည်စွမ်းရည်များက သိသိသာသာတိုးတက်လာခဲ့ပြီး သူနားလည်ထားသော ဓားသိုင်းကွက်များကို ချောချောမွေ့မွေ့ အသုံးပြုနိုင်သည်။
ရေခဲစီးကြောင်းများက မုန့်ချီ၏ပတ်ပတ်လည်တွင် တဖြည်းဖြည်းပို၍ အစွမ်းထက်လာခဲ့၏။ သူက အားအင်ကုန်ဆုံးပြီး ချည့်နဲ့နေသော ခန္ဓာကိုယ်နှင့် နောက်သို့ပြန်ဆုတ်သွားခဲ့သည်။ ကျိက ရှေးဟောင်းနေနတ်ဘုရားနှင့် ဖြတ်တောက်၍ မရသော အဆက်အသွယ်ရှိနေကြောင်း သူ သိနေသည်။
ယခုသေဆုံးသွားသော နေနတ်ဘုရား၏အလောင်းက သူတို့၏မျက်စိရှေ့တွင် ပေါ်လာသည်မှာ အချိန်၊ လေဟာနယ် မူမမှန်မှုများကြောင့် ဖြစ်သည်။ အမည်မသိ အန္တရာယ်များစွာ ရှိနေသည့်အတွက် မုန့်ချီက သူ၏လုံခြုံမှုကို အာမခံနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူက ဝေးဝေးသွားရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ကျိကသာ သူ၏ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ခြင်း မရှိလျှင် မုန့်ချီက ထိုအရာကို လျှို့ဝှက်ထားရန် သစ္စာဆိုပြီး သူ့ကို ဝင်ရှုပ်တော့မည် မဟုတ်ချေ။ သူက ရန်သူကို ရင်ဆိုင်ရန် နည်းလမ်းများ ရှိနေသေးသည့်အချိန်တွင် ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်ကို အသုံးမပြုချင်ခဲ့ပေ။ ကောင်းကင်(၉)သွယ် အပျက်အစီးများကြားထဲတွင် မည်သည့်အန္တရာယ်များ ရှိနေကြောင်း တစ်ယောက်မျှမပြောနိုင်ပေ။
ကောင်းမှု(၅)မျိုး စွမ်းအင်များနှင့် ပေါင်းစပ်ထားသော ဇာမဏီပုံရိပ်ယောင်က ရေခဲများ၏ လုံးဝလွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ အအေးဓာတ်က ကျိဆီကို ရောက်လာခဲ့သည်။
နောက်ဆုံးစွမ်းအားများကို အသုံးချပြီးနောက် မုန့်ချီက သူတို့၏အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
ရုတ်တရက်ဆိုသလို ရှေးဟောင်းပိုးစာပင်ကြီး၏ အရိပ်အောက်တွင် ရွှေရောင်လူရိပ်တစ်ခု လှုပ်ရှားလာခဲ့၏။ သူ၏မျက်လုံးများက မီးလုံးကြီးများကဲ့သို့ ဖြစ်နေပြီး အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင်က အလွန်တောက်ပလွန်းသည့်အတွက် မျက်လုံးများကိုသာ မြင်နေရပြီး ရုပ်ရည်နှင့်ခန္ဓာကိုယ်ကိုတော့ မမြင်ရပေ။
နေနတ်ဘုရားက နိုးထလာခဲ့၏။ ရှေးအချိန်တွင် နာမည်ကျော်ကြားသော ရှေးဟောင်းပညာရှင် တစ်ယောက်က နိုးထလာခဲ့သည်။
"ဘုန်း ..."
မုန့်ချီကတော့ ပုံရိပ်ယောင်ပေါက်ကွဲသံတစ်ခုကိုပင် စိတ်ထဲ၌ ကြားလိုက်ရသလို ထင်မှတ်ရပြီး ထိုပုံရိပ်ယောင်များ၏ ပြင်းအားကိုသာ ရင်ဆိုင်ရမည်ဆိုလျှင် သူလည်း အမှုန့်ဖြစ်သွားနိုင်သည်။ သူ၏အာရုံခံစွမ်းရည်များက လှုပ်ရှားလာပြီး အန္တရာယ်အငွေ့အသက်များကို ခံစားမိနေခဲ့၏။
မုန့်ချီက ရှေးဟောင်းလေဟာနယ် ထိုးဖောက်ခြင်းအဆောင်ကို ကိုင်လိုက်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် နေနတ်ဘုရားက သူ့ခြေထောက်ကို မြှောက်လိုက်၏။ ထို့နောက် အလွန်ကြီးမားသော တောင်တန်းကြီးတစ်ခုကဲ့သို့ လှုပ်ရှားလိုက်သည်။ ပူလောင်နေသော သူ၏မျက်လုံးကလည်း အတိတ်မှနေ၍ ပစ္စုပ္ပန်သို့ မီးတောက်များ ရောက်လာသလို ထင်မှတ်ရသည်။
ထိုနတ်ဘုရားက သူ့ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် မုန့်ချီကတော့ သူ၏မျက်လုံးထဲမှ အပူလှိုင်းများ၊ နတ်ဘုရားတစ်ပါး၏ ကြီးမြတ်မှုနှင့် အကြောက်တရားများကို ခံစားမိနေခဲ့သည်။
နတ်ဘုရား၏မျက်လုံးက သူ့ကို စိုက်ကြည့်နေခဲ့၏။ ထိုအခါ အရာအားလုံးက မီးတောက်များအဖြစ် လောင်ကျွမ်းသွားခဲ့ပြီး သူ၏ဝတ်စုံများကပင် လောင်ကျွမ်းသွားခဲ့သည်။ သူက နေနတ်ဘုရား၏မီးတောက်များရှေ့တွင် ရှိနေပြီး တခြားတစ်ဖက်တွင်တော့ အတိတ်မှ လှုပ်ရှားမှုလှိုင်းများ သူ့ဆီကို ရောက်လာသလို ဖြစ်လာခဲ့သည်။ သူက မီးတောက်ကို အကြွင်းမဲ့ လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ်ရာ လူတစ်ယောက် ဖြစ်သည်။
မုန့်ချီ၏ ပင်မဝိညာဉ်ထဲတွင် ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ခန္ဓာတစ်ခု ပေါ်လာပြီး လက်တစ်ဖက်က ကောင်းကင်ပေါ်သို့ မြှောက်၍ လက်တစ်ဖက်က မြေကြီးကို ချိန်ထားခဲ့သည်။ ‘ငါ ၊ ထူးခြားမှုနဲ့အမှန်တရား’ သိုင်းကွက်ကြောင့် မုန့်ချီက သတိပြန်ဝင်လာပြီး ရှေးဟောင်းလေဟာနယ်ထိုးဖောက်ခြင်းအဆောင်နှင့် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် နေနတ်ဘုရား၏ ရွှေရောင်မီးတောက်များက သူ့အနားကို ရောက်လာရန် နီးကပ်နေသည်။ သူ၏အင်္ကျီများကိုပင် အငွေ့ပျံသွားစေနိုင်သော ပြင်းထန်သည့် အပူလှိုင်းများက သူ၏ရွှေရောင်အကာအကွယ်များကို စတင်ထိုးဖောက်လာခဲ့၏။ အကယ်၍ သူက အဆောင်ကို အသက်သွင်းလိုက်နိုင်မည်ဆိုလျှင်ပင် မည်းတူးနေသော အလောင်းတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။
သူတို့၏စွမ်းအားကွာဟမှုက အလွန်ကြီးမားလွန်းလှ၏။ အချိန်ကွဲပြားနေသည့်အတွက် မူမမှန်မှုများ ရှိနေသော်လည်း အတိတ်နှစ်သန်းပေါင်းများစွာကို ဖြတ်ကျော်၍ ရောက်လာသော နေနတ်ဘုရား၏ တိုက်ခိုက်မှုက အနည်းဆုံးဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကဲ့သို့ ဖြစ်နိုင်သည်။ ထိုအရာက ဒဏ္ဍာရီပညာရှင်တစ်ယောက်၏ အစွမ်းလည်းဖြစ်၏။
သူ့ဆီကို သေမင်းအငွေ့အသက်များ လွှမ်းခြုံလာသည့်အချိန်တွင် မုန့်ချီက မည်သည့်နတ်ဘုရားလက်နက်ပင်မပစ္စည်းကိုမျှ အသုံးပြုရန် အချိန်မရတော့သည့်အတွက် သဘာဝချုပ်နှောင်ခြင်းကျင့်စဉ်ကို အသုံးပြုလိုက်ရသည်။ ထိုအချိန်တွင် သူ့နားထဲ၌ နတ်ဘုရားဆန်သောအသံတစ်ခုကို ကြားလိုက်ရ၏။
အဖြူဝတ်လူရိပ်တစ်ခုက သူ့ရှေ့တွင် လှပစွာ လွင့်မျောလာပြီး သူမ၏ ပတ်ပတ်လည်တွင်တော့ အဖြူရောင်ကြာပန်းပွင့်လေးများက လှပစွာ ကျဆင်းလာနေခဲ့သည်။
"သာမန်လူသားတွေရဲ့ကမ္ဘာကြီးက အကျဉ်းထောင်တစ်ခုလိုပဲ။ သက်ရှိတွေအားလုံးက ဒုက္ခခံစားနေကြရတာ။ ပြန်လည်ဝင်စားခြင်းသံသရာက လုံးဝအဆုံးမရှိဘူး။ ဒုက္ခတွေကလည်း မရပ်မနား ခံစားနေရတယ်။ လူသားတွေကို သနားငဲ့ညှာပါ။ နတ်ဘုရားတွေက ငါတို့ကိုစောင့်ရှောက်ရမယ်…အဂတိသခင်မ လေဟာနယ်မြို့တော်...”
“ကူရှောင်စန်းလား…"
မုန့်ချီက သူ့ရှေ့တွင် ရှိနေသော လူရိပ်ကိုကြည့်ပြီး မယုံကြည်နိုင်သလို ခံစားနေရသည်။
ယခု ကူရှောင်စန်းက နတ်ဘုရားမတစ်ပါး ပုံသဏ္ဍာန် ဝတ်ဆင်ထားခဲ့၏။ သူက အလွန်လေးနက်သန့်စင်ပြီး လက်ထဲတွင် ကြာပန်းဖြူလေးတစ်ပွင့်ကို ကိုင်ထားခဲ့သည်။ ထိုကြာပန်း၏ပွင့်ချပ်များက ပွင့်နေပြီး သူ၏ပတ်ပတ်လည်တွင် တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်ခဲ့၏။
ကောင်းမှု(၅)မျိုး၊ ကုသိုလ်(၅)မျိုးစွမ်းအားများ၊ ပါးကွ(၈)ကွက်ဝင်္ကပါ၏ လက္ခဏာများက တစ်နေရာတည်းကို စုစည်းသွားခဲ့၏။ ထိုစွမ်းအားများနှင့်အတူ ကူရှောင်စန်းက ဖန်တီးမှုအားလုံး၏ မိခင်ကြီး အဂတိသခင်မ၏အစွမ်းကို ပြည့်ပြည့်ဝဝ ပြသလိုက်သည်။
“အဂတိသခင်မ၏ လေဟာနယ်မြို့တော်၊ အရာအားလုံး၏အဆုံးသတ်၊ နိဗ္ဗာနအဆင့် နတ်ဘုရားတစ်ပါး..”
ရွှေရောင်မီးတောက်များက သူတို့ဆီကို ရောက်လာပြီး ပွင့်ချပ်လေးများက အရည်ပျော်ကျသွားခဲ့သည်။ လေဟာနယ်မြို့တော်ကလည်း လောင်ကျွမ်းနေခဲ့၏။ ထိုအရာက ကူရှောင်စန်း၏ရှေ့ကို ရောက်လာခဲ့၏။ မီးတောက်များက သူမ၏မျက်နှာလေးကို လင်းထိန်နေစေခဲ့သည်။
သူမက အလွန်နက်ရှိုင်းသော မျက်လုံးများနှင့် မီးတောက်များကို သေချာစိုက်ကြည့်နေခဲ့သည်။ သူမ၏အမူအရာက တည်ငြိမ်အေးချမ်းနေခဲ့ပြီး ခံစားချက်များ လှုပ်ရှားသွားခြင်း မရှိခဲ့ပေ။ သူမဆီတွင် သန့်စင်မှုနှင့်မြင့်မြတ်မှုသာ ရှိနေပြီး တခြားမည်သည့်အငွေ့အသက်မျှမရှိခဲ့ပေ။
သူမက အနည်းငယ်သွေးအန်လိုက်ရာ ကြာပန်းပွင့်ချပ်များက အနီရောင် ပြောင်းလဲသွားခဲ့ပြီး သူမ၏အငွေ့အသက်များကလည်း လျင်မြန်စွာ အားနည်းလာခဲ့သည်။ အဖြူရောင်ကြာပန်းလေးက အလင်းရောင်တစ်ခု ထုတ်ပေးနေသော်လည်း သူ၏တောက်ပမှုက တဖြည်းဖြည်း လှုပ်ရှားလာခဲ့ရသည်။
သူက တဖြည်းဖြည်းနှင့် အားပျော့လာခဲ့၏။ အပူလေလှိုင်းများက တိုက်ခတ်လာပြီး မီးတောက်များက ပို၍မြင့်တက်လာခဲ့သည်။ ကျန်ရှိနေသော သူမ၏စွမ်းအားများကိုသုံးပြီး ကူရှောင်စန်းက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် အစောပိုင်း၌ မုန့်ချီ သုံးခဲ့သော သဘာဝချုပ်နှောင်ခြင်းကျင့်စဉ်က ပြည့်ပြည့်ဝဝ အသက်ဝင်လာပြီး သူ၏နောက်တွင် အင်မော်တယ်ဘိုးဘေးခန္ဓာ ပေါ်လာခဲ့သည်။ အကယ်၍ ထိုခန္ဓာကို သေချာစိုက်ကြည့်လိုက်မယ်ဆိုလျှင် ပုံရိပ်ယောင်ခန္ဓာ၏ အစွမ်းများ စုစည်းနေသည့်နေရာတွင် တင်ပျဉ်ခွေထိုင်နေသော သက်လတ်ပိုင်းအရွယ် တာအိုသခင်တစ်ယောက်ကို ဝိုးတဝါးမြင်ရပါလိမ့်မည်။
ထိုတာအိုသခင်ပုံရိပ်က မတ်တပ်ရပ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ အချိန်နှင့်လေဟာနယ်ပုံရိပ်ယောင်များမရှိဘဲ နက်မှောင်နေသောအရာအားလုံးကို မြင်နေရသည်။ သူက လက်ထဲတွင် ချိတ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး ရေခဲမျက်လုံးသလင်းကျောက်ကို ကိုင်လိုက်သည်။ ထို့နောက် တခြားလက်ဝါးနှင့် ရိုက်ချလိုက်၏။
သူ၏ပတ်ပတ်လည်တွင် ရှိနေသော ပတ်ဝန်းကျင်က ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ရေခဲမျက်လုံးသလင်းကျောက်က အနီရောင်ပြောင်းလဲသွားခဲ့သည်။ ရွှေရောင်မီးတောက်များက စတင်အားနည်းလာခဲ့၏။ သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော အပူလှိုင်းများကလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။ အအေးဓာတ်က မီးတောက်များကို ငြှိမ်းပစ်နေခဲ့၏။
“ကမ္ဘာဦးတံဆိပ်(၉)သွယ်ထဲမှ တစ်ခု။ ယင်ယန်တံဆိပ်..”
ယင်ယန်တံဆိပ်က ရေခဲမျက်လုံးသလင်းကျောက်ကို ဓာတ်ကူအနေနှင့် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ကူရှောင်စန်းကတော့ အအေးဓာတ်ကြောင့် တစ်ကိုယ်လုံး လှုပ်ရှားသွားခဲ့ပြီး သူမ၏မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သည်။ အအေးဓာတ်ကြောင့် တစ်ကိုယ်လုံး တုန်လှုပ်နေသော မုန့်ချီနှင့် အတူတူရှိနေသည့်အတွက် သူမက တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။
ရေခဲမျက်လုံးသလင်းကျောက်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်ကို နောက်တစ်ကြိမ် အသုံးပြုမည်ဆိုလျှင် သူ၏စွမ်းအားများက ပြည့်ပြည့်ဝဝ ကုန်ဆုံးသွားနိုင်ပြီး နတ်ဘုရားလက်နက်ပင်မပစ္စည်းအဖြစ် အသုံးပြု၍ မရနိုင်တော့ပေ။
"ခလွပ်…"
အဝေးမှနေ၍ ကျယ်လောင်သောအသံတစ်ခုကြားလိုက်ရသည်။ နေနတ်ဘုရားက မူမမှန်မှုများကို ဖြတ်၍ လျှောက်လာပြီး အတိတ်မှနေ၍ လက်ရှိပစ္စုပ္ပန်ကို ရောက်လာနေခဲ့သည်။ သူ့ဆီမှ အကြည့်တစ်ခုတည်းကပင် မုန့်ချီနှင့် ကူရှောင်စန်းတို့ကို တစ်စစီ ပျက်စီးသွားစေနိုင်၏။
ရုတ်တရက်ဆိုသလို သူ၏အငွေ့အသက်များက လျော့ကျသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း အပြင်ဘက်အရေပြားကဲ့သို့ အချိန်ကာလ၏ တိုက်စားမှုကို ခံလိုက်ရသည့်အလား လျင်မြန်စွာ ကျုံ့လာခဲ့သည်။
နတ်ဘုရားခေတ်ကုန်ဆုံးသွားသည်မှာ နှစ်ပေါင်း(၁)သောင်းကျော် ကြာခဲ့ပြီဖြစ်၏။ နေနတ်ဘုရားက သေဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူ၏စွမ်းအားများကလည်း ကုန်ဆုံးနေပြီးသား ဖြစ်သည်။ သို့သော် သူ၏ခန္ဓာကိုယ်ကိုတော့ ထိန်းသိမ်းထားနိုင်သေး၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ထိုကုန်းမြေကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ရှိနေသေးသည်။
အချိန်ကြာလာသည်နှင့်အမျှ နေနတ်ဘုရားက သူ၏ခန္ဓာကိုယ်ကို တိုက်စားနေသော အလင်းတန်းများကြောင့် သေခြင်းတရားနှင့် ခြေတစ်လှမ်း နီးကပ်လာခဲ့ပြီဖြစ်သည်။ သူ့ဆီတွင် မုန့်ချီကို စိုက်ကြည့်ရန် အစွမ်းပင် မကျန်တော့သည့်အတွက် သူက ကျန်ရှိနေသော စွမ်းအားများကို စုစည်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ မီးတောက်များကို စုစည်းလိုက်သည်။ ထို့နောက် ရောင်စုံအလင်းတန်းများအဖြစ် ပြောင်းလဲပြီး ရေခဲများကိုဖြတ်၍ ကျိ၏နဖူးထဲသို့ ဝင်ရောက်သွားခဲ့သည်။
တားဆီးထားသည့် အရာမရှိတော့သည့်အတွက် ရေခဲများက ကျိ၏ပတ်ပတ်လည်တွင် ချက်ချင်း အရည်ပျော်ကျသွားခဲ့သည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်ပြီး ဇာမဏီမီးတောက်များနှင့် သူ၏ပတ်ပတ်လည်တွင် ရှိနေသော ရေခဲများကို အရည်ဖျော်ချရန် ကြိုးစားနေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အေးခဲနေသော မျက်နှာဖုံးကလည်း အပိုင်းပိုင်းအစစဖြစ်ပြီး ပြုတ်ကျသွားခဲ့သည့်အတွက် သူ၏မျက်နှာပေါ်လာခဲ့သည်။ ထိုအရာက အစိတ်စိတ်အမွမွပြောင်းလဲသွားပြီး မြေပေါ်သို့ပြုတ်ကျသွားခဲ့၏။
ကျိက သွေးအန်လိုက်ရသည်။ ထိုသွေးထဲတွင် မီးတောက်များ လောင်ကျွမ်းနေခဲ့၏။ ထို့နောက် သူက အလျင်အမြန် ထွက်သွားခဲ့သည်။ သူက အလွန်အားနည်းသော အခြေအနေတစ်ရပ်ကို ကျရောက်သွားခဲ့ရ၏။ ထိုအရာက မုန့်ချီတို့ပင် နားမလည်နိုင်သော အခြေအနေမျိုး ဖြစ်သည်။
ထိုပြောင်းလဲမှုကြောင့် သူနှင့်ကူရှောင်စန်းတို့နှစ်ယောက်ကလည်း အလွန်အံ့သြသွားနေခဲ့၏။
မုန့်ချီက အဝေးတွင်ပျောက်ကွယ်သွားသော ကျိကိုကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ပြီး ပင်ပန်းလာသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်ထဲရှိ အတွင်းဒဏ်ရာများကလည်း နာကျင်လာခဲ့သည်။ သူက ရှေးဟောင်းလေဟာနယ်ထိုးဖောက်ခြင်းအဆောင်ကို အသုံးပြုရန်အစွမ်းပင် မရှိတော့ချေ။
ကူရှောင်စန်းက ချောင်းဆိုးလိုက်ပြီး အားနည်းစွာ ပြောလိုက်၏။
မုန့်ချီက သူမဆီကို လျှောက်သွားပြီး သူမကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ "နင် အဆင်ပြေရဲ့လား…"
နတ်ဆိုးမတွင် မည်ကဲ့သို့သော ရည်ရွယ်ချက်ရှိစေကာမူ သူမက သူ့အသက်ကို ကယ်တင်ပေးခဲ့သည်ကိုတော့ ငြင်းဆန်၍ မရနိုင်ပေ။ ကူရှောင်စန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူမ၏နှုတ်ခမ်းလေးများက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အရောင်အဆင်း ကင်းမဲ့နေသည်။
"ငါက နင့်ကို နောက်တစ်ကြိမ် ကယ်နိုင်ခဲ့ပြန်ပြီ ယောကျ်ား…"
သူမ၏မျက်လုံးထဲတွင် မျက်ရည်စများ ပြည့်နှက်နေပြီး သူ့ကို ဝမ်းသာအားရ စိုက်ကြည့်နေခဲ့၏။
"ငါတို့ဒီနေရာကနေ မြန်မြန်ထွက်သွားပြီး ကုသဖို့ နေရာတစ်ခု ရှာရမယ်…"
သူမက ကုသဆေးရည် သောက်လိုက်သည်ကို ကြည့်ပြီး သူလည်း ဘေသဇ္ဇဂုရုဆေးလုံး တစ်လုံးကို သောက်လိုက်သည်။
ကူရှောင်စန်းက လက်တစ်ဖက်ကို ခက်ခက်ခဲခဲမြှောက်လိုက်ပြီး အဝေးကို လက်ညှိုးထိုးပြလိုက်၏။
"အဲဒီမှာအကြွင်းအကျန်တချို့ရှိတယ်…"
မုန့်ချီက သေချာအာရုံစိုက်၍ ကြည့်လိုက်သည်။ ကျိ အန်ခဲ့သော သွေးများက ယခုအချိန်ထိ လောင်ကျွမ်းနေသေး၏။ မီးတောက်များထဲတွင် ရွှေရောင်အစက်လေးများ ရှိနေခဲ့သည်။ ထိုအရာက အစောပိုင်းတွင် နေနတ်ဘုရားဆီမှ ထွက်လာသော မီးတောက်များနှင့် တူညီနေခဲ့၏။ ထိုသွေးများထဲတွင်တော့ သလင်းကျောက်ကဲ့သို့ တလက်လက်တောက်ပနေသော အပိုင်းအစငယ်လေးများ ရှိနေသည်။
သူက ရုတ်တရက် အကြံတစ်ခု ရသွားခဲ့၏။ သူက ထိုမီးတောက်သွေးဆီသို့ လျှောက်သွားပြီး နေမီးတောက်ဝင်ရိုးကိုထုတ်ပြီး မီးတောက်ထဲသို့ ထည့်လိုက်သည်။ နေမီးတောက်ဝင်ရိုးက ထိုမီးတောက်သွေးများထဲတွင် ရှိနေသော အရာအားလုံးကို စုပ်ယူပြီး တောက်ပလာခဲ့သည်။ ယခုတော့ ထိုအရာက နေလုံးငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေပြီး အတွင်းထဲတွင် အပူရှိန်နှင့် ကြောက်စရာကောင်းသော အစွမ်းများ ရှိနေခဲ့သည်။ ကြည့်လိုက်ရုံနှင့် ထိုသလင်းကျောက်က အဆင့်မြင့်တက်သွားကြောင်း မုန့်ချီက သိနေ၏။ ထို့ကြောင့် အသုံးပြုနိုင်သော အရေအတွက်ကလည်း တိုးမြင့်လာနိုင်သည်။
"သူ နှစ်ပေါင်း(၁)သောင်းကျော် ကြံစည်နေခဲ့တဲ့အရာက နင့်ကြောင့် ပျက်စီးသွားလိမ့်မယ်လို့ နေနတ်ဘုရားက ထင်ထားခဲ့မှာ မဟုတ်ဘူး။ သူ့ရဲ့အစီအစဉ်ထဲကို နင် ဝင်လာခဲ့တဲ့အတွက် သူ့ရဲ့လက်ကျန်စွမ်းအားလေးနဲ့ နင့်ကို တိုက်ခိုက်လိုက်ရတာ…"
ကူရှောင်စန်းက သူ့နောက်မှ ဒယိမ်းဒယိုင်နှင့် လိုက်လာခဲ့သည်။ သူမသောက်လိုက်သော ဆေးရည်က အကျိုးသက်ရောက်မှုရှိလာပုံရသည်။ သူမ၏စကားလုံးများက အားနည်းနေခြင်း မရှိတော့ချေ။
"ဒါကြောင့်ကိုး ..."
မုန့်ချီက နေမီးတောက်ဗဟိုကို သိမ်းလိုက်ပြီး တစ်ယောက်တည်းတွေးနေခဲ့သည်။
သူက လက်ထဲတွင် ရှိနေသော သလင်းကျောက်ကဲ့သို့ အပိုင်းအစလေးများကို လေ့လာကြည့်ရာ ထိုအရာက ပျက်စီးနေသော မှန်တစ်ချပ်မှ အပိုင်းအစများဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအပိုင်းအစများပေါ်တွင် သူ၏ကိုယ်ပိုင်ပုံရိပ်ကို ပြန်မြင်နေရသော်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ရှိနေသေးသည်။
"ဒါတွေက အနာဂတ်ကြေးမုံက အပိုင်းအစတွေပဲ…"
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ သူက စတင်နားလည်လာခဲ့၏။ အနာဂတ်ကြေးမုံကို ကျိက ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ယခုတော့ ထိုအပိုင်းအစများက သူ့လက်ထဲကို ရောက်လာခဲ့၏။
"ယောကျ်ား …
ငါတို့က ဒီမှာဆက်မနေတာ ပိုပြီးတော့ လုံခြုံလိမ့်မယ်။ တစ်နေရာရာကိုသွားပြီး ကုသကြရအောင်…"
ကူရှောင်စန်းက အကြံပေးလိုက်သည်။
မုန့်ချီကလည်း သဘောတူလိုက်၏။ အစောပိုင်းတွင် သူတို့ဖန်တီးထားခဲ့သော အရှုပ်အထွေးများက အလွန်ကြီးမားလွန်းလှသည့်အတွက် တခြားသူများက သတိထားမိသွားနိုင်သည်။
ကူရှောင်စန်းက လှုပ်ရှားနေသည့်အချိန်တွင် ရုတ်တရက် နာကျင်သွားခဲ့သည်။ သူမက မုန့်ချီကို အပြုံးနှင့် ပြောလိုက်၏။
"ငါ့ကို ကူညီပေးနိုင်မလား ယောကျ်ား။ ငါ့ဒဏ်ရာတွေက တော်တော်လေး နာနေတယ်.."
ထိုအရာက ဆင်ခြေတစ်ခုဖြစ်နိုင်ကြောင်း မုန့်ချီက နားလည်နေသော်လည်း အစောပိုင်းတွင် သူ့အသက်ကို ကယ်တင်ပေးထားသည့်အတွက် မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ကူရှောင်စန်းက သူ့ကို မှီလိုက်သည့်အတွက် သူမဆီမှ မွှေးပျံ့သော ရနံ့လေးများ ထွက်လာပြီး နူးညံ့သောအသားအရေကို ခံစားမိနေခဲ့သည်။ သူတို့က အချင်းချင်းကူညီပြီး ကူရှောင်စန်း၏ လမ်းညွှန်မှုနှင့် ပစ္စုပ္ပန်ခန်းမရှိရာကို လျှောက်သွားခဲ့ကြသည်။
ထိုအချိန်တွင် မုန့်ချီကတော့ အလွန်ကြီးမားသော ရှေးဟောင်းကျင့်ကြံရေးခန်းမကို တွေ့လိုက်ရသည်။ သူတို့က အထဲကို ဝင်သွားခဲ့ကြ၏။ အထဲတွင် မည်သူမျှမရှိကြောင်း တွေ့လိုက်ရသည့်အခါ မုန့်ချီက အသက်ကိုဝဝရှုမိခဲ့သည်။
ထို့နောက် ကူရှောင်စန်းက ပြောလိုက်၏။
"အတိတ်ခန်းမနဲ့ အနာဂတ်ခန်းမက ကောင်းကင်(၉)သွယ်ပျက်စီးသွားတဲ့အချိန်မှာ အကောင်းအတိုင်း ရှိနေသေးတယ်။ သူတို့ကို နောက်ပိုင်းကျမှပဲ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခဲ့တာပဲ…"
“နောက်ပိုင်းကျမှ ဖျက်ဆီးပစ်ခဲ့တာလား။ အဲဒီအလွှာကို ပိတ်လှောင်ထားခဲ့တဲ့ မိုးကြိုးနတ်ဘုရားက လုပ်ခဲ့တာလား။ ဒါမှမဟုတ် သူ့မတိုင်ခင် ရောက်လာတဲ့တစ်ယောက်ယောက်က လုပ်ခဲ့တာများလား..”
မုန့်ချီက တစ်ယောက်တည်း တွေးနေခဲ့သည်။ သူ၏သတိထားနေမှုကလည်း ယာယီလျော့ကျသွားခဲ့၏။
ထိုအချိန်တွင် အလွန်သေးသွယ်သော လက်ကလေးတစ်ချောင်းက သူ့ရင်ဘတ်ပေါ်သို့ ရောက်လာခဲ့၏။ မုန့်ချီက သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသော စွမ်းအားတစ်ခုကို ခံစားမိလိုက်ပြီး ထိုအရာက သူ၏ပင်မဝိညာဉ်ကို ချုပ်နှောင်လိုက်သည်။
"နင် ..."
မုန့်ချီက မျက်နှာပျက်သွားခဲ့၏။ သူက အစောပိုင်းတွင် သဘာဝချုပ်နှောင်ခြင်းကျင့်စဉ်ကို သုံးခဲ့သည့် ဆိုးကျိုးများကြောင့် အားနည်းနေသေးသည်။ ထို့ကြောင့် သူက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။ ကူရှောင်စန်းက သူ့ကို မလှုပ်နိုင်အောင်လုပ်လိုက်သည်ကိုသာ မျက်တောင်မခပ်တမ်း ကြည့်နေခဲ့ရသည်။
"နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…."
ကူရှောင်စန်းက အားနည်းနေသေးသော်လည်း မတ်မတ်ထိုင်လိုက်သည်။ သူမက သူ့ကို အပြုံးနှင့်ပြောလိုက်၏။
"ခန့်မှန်းကြည့်လိုက်လေ…"
Translated by Hein Htet.