← Chapters

အခန်း (၇၀၂)

Vol. 47 Ch. 702

အခန်း (၇၀၂)

Vol. 47 Ch. 702

ပထမဆုံးနေရောင်ခြည်က လေပြေလေညင်းလေးတစ်ခုနှင့်အတူ အေးစက်သော မနက်ခင်း အရုဏ်တက်ချိန်ကို ထိုးဖောက်လာခဲ့သည်။

မုန့်ချီက မြစ်ကမ်းဘေးတွင် ငြိမ်သက်စွာ ရပ်နေမိသေး၏။ ဖြစ်ပျက်ခဲ့သောအရာများက သူ့အတွက်တော့ ထင်ရှားနေသလို ထင်မှတ်ရသော်လည်း အိပ်မက်ဆန်သလို ခံစားနေရသေးသည်။ သူက ဘိုးဘေးကျင့်ကြံရေးခန်းမထဲတွင် ဖြစ်ခဲ့သောအရာအတွက် နောင်တမရသလို အပြစ်ရှိသလို ခံစားခဲ့ရခြင်းလည်း မရှိချေ။

မုန့်ချီဆီတွင် သူ့ဘဝထက် ပို၍အရေးပါသော စည်းမျဉ်းစည်းကမ်းတချို့ ရှိနေသော်လည်း တခြားသောစည်းမျဉ်းများထက် သူ့ဘဝက ပို၍အရေးပါသောအရာများလည်း ရှိနေသေးသည်။ သူက သူ့မိတ်ဆွေများနှင့် တရားမျှတမှုအတွက် သူသေကိုယ်သေ တိုက်ခိုက်နိုင်သည်။ သို့သော် သူက သူ့အသက်ကို လုံးဝအလေးမထားသော လူတစ်ယောက်ဟု ဆိုလိုခြင်းလည်း မဟုတ်ချေ။

သေခြင်းရှင်ခြင်း လမ်းဆုံတွင်တော့ သူ့အတွက် ရွေးချယ်စရာ မရှိတော့လျှင် စည်းမျဉ်းစည်းကမ်းများကိုလည်း အသေးအဖွဲအဖြစ်သာ သတ်မှတ်ထားပါလိမ့်မည်။ အကယ်၍ သူ့ဆီတွင် ဇနီးတစ်ယောက် သို့မဟုတ် သူ အလွန်သဘောကျရသော လူတစ်ယောက် ရှိမည်ဆိုလျှင်တော့ သူက တနေရာတွင် ပုန်းအောင်း၍ ကုသနေရင်း ဟန်ကွမ်းနှင့် ကောင်းလန်တို့ ကောင်းကင်ခုံရုံးထဲမှ ထွက်သွားမည့်အချိန်ကို စောင့်နေနိုင်သည်။

အကယ်၍ ကူရှောင်စန်းက သူနှင့် နှစ်မွှာကျင့်စဉ်ကျင့်ကြံမှု လုပ်ဆောင်ရန် ငြင်းဆန်မည်ဆိုလျှင်လည်း သူက သူမကို လုံးဝတွန်းအားပေးလိမ့်မည် မဟုတ်ချေ။ ထိုအရာက ကိုယ်ကျင့်တရား၏ အခြေခံဖြစ်ပြီး သေခြင်းတရားနှင့်ကြုံရလျှင်ပင် သူ လုံးဝမဖောက်ဖျက်သော စည်းမျဉ်းစည်းကမ်းတစ်ခု ဖြစ်သည်။ သူက အရာအားလုံးကို စွန့်စားရမည်ဆိုလျှင်ပင် ယာယီပုန်းအောင်းရန် နေရာတစ်ခုရှာပြီး စွန့်စားမိပါလိမ့်မည်။

သို့သော် သူ့ဆီတွင် မိန်းမ မရှိသလို ချစ်သူလည်း မရှိချေ။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းများအားလုံးက သူနှင့်လုံးဝမသက်ဆိုင်သလို ဖြစ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ ထိုနည်းလမ်းကို ကူရှောင်စန်းက အရင်ဆုံး အကြံပေးခဲ့ခြင်းဖြစ်ပြီး ရှန့်မြစ်နတ်သမီး၏ နှစ်မွှာကျင့်စဉ်များက သူတို့အတွက် ဆိုးကျိုးမရှိကြောင်း သူကိုယ်တိုင်လည်း သိနေခဲ့သည်။

ထိုအစား ထိုကျင့်စဉ်က သူ့ကို ဆိုးကျိုးများမှ ပြန်ကောင်းလာစေနိုင်သည်။ ထို့ကြောင့် သူက ငြင်းဆန်စရာမရှိချေ။ အထူးသဖြင့် သူက ပို၍သဘောထားပွင့်လင်းသော ကမ္ဘာမြေမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကူရှောင်စန်းက သူတွေ့ခဲ့ဖူးသော မိန်းကလေးများထဲတွင် အံ့သြစရာ အကောင်းဆုံးမိန်းကလေးများထဲမှ တစ်ယောက်ဖြစ်ပြီး မုန့်ချီက နောင်တမရသလို ဝမ်းနည်းနေရန်လည်း ခက်ခဲသည်။

အကယ်၍ သူမက ယခုထက် အဆပေါင်းများစွာပို၍ ရုပ်ဆိုးနေမည်ဆိုလျှင်ပင် သူ့ဆီ၌ ရွေးချယ်စရာများများ မရှိခဲ့ချေ။ သို့သော် ကူရှောင်စန်းက သူ့ကို လှည့်စားလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့သေးပေ။ သူမက ကောင်းကင်ခုံရုံးနယ်မြေထဲမှ အခက်အခဲမရှိဘဲ လျင်မြန်စွာ ထွက်သွားနိုင်ကြောင်း တွေ့လိုက်ရသည့်အခါ သူကိုယ်တိုင် မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူက စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ `ဘာကြောင့်လဲ…´ဟူသော မေးခွန်းက မုန့်ချီ၏ခေါင်းထဲတွင် အကြိမ်ကြိမ် ပေါ်လာနေပြီး လှုပ်ရှားနေသော ရေလှိုင်းများကဲ့သို့ ဖြစ်နေခဲ့၏။

“သူက ကောင်းကင်ခုံရုံးကမ္ဘာကြီးထဲကနေ ထွက်လာတဲ့အချိန်မှာ အရမ်းအားနည်းလွန်းတော့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်မှာကို ကြောက်နေတာလား၊ ဒါပေမဲ့ သူက ဒဏ်ရာရပြီးသွားတဲ့အချိန်မှာတောင် သူ့ရဲ့စွမ်းအားတွေကို သုံးနိုင်သေးတယ်..”

သူမ၏အစွမ်းများ မြင့်တက်လာစေရန် နှစ်မွှာကျင့်ကြံမှုနည်းလမ်းကို အသုံးပြုရန် လှည့်စားခဲ့ခြင်းပေလော။ ထိုအရာကလည်း ဖြစ်ရန်ခက်ခဲသည်။ ရှန့်မြစ်နတ်သမီး၏ မှတ်တမ်းများအရ ပိုလျှံနေသော စွမ်းအင်တစ်စိတ်တစ်ပိုင်းကပင် နှစ်မွှာကျင့်ကြံမှုတစ်ကြိမ် လုပ်ဆောင်ခြင်းထက် ပို၍အကျိုးကျေးဇူးရှိနိုင်သည်။

အကယ်၍ ကူရှောင်စန်းကသာ ပထမနည်းလမ်းကို အကြံပေးမည်ဆိုလျှင်တော့ ဒုတိယကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်လောက်သည်။

“သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ..”

မုန့်ချီက မရေမရာ ခံစားနေရ၏။ ကူရှောင်စန်း ထွက်မသွားခင် နောက်ဆုံးပြောခဲ့သော စကားလုံးများကို သူ သေချာမှတ်မိနေသေးသည်။ သူမက သူ့ကို ရှန့်မြစ်နတ်သမီး၏ နှစ်မွှာကျင့်စဉ်နည်းလမ်းများ ဖတ်ခိုင်းခဲ့သည်မှာ သူမ၏အစီအစဉ်တစ်စိတ်တစ်ပိုင်းများ ဖြစ်နိုင်မည်လော။

“အဲဒါတွေကလည်း သူ့ရဲ့လှည့်ကွက်တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့တာလား၊ ဒါဆိုရင်တော့ တော်တော်လေးကို အသေးစိတ် စီစဉ်ထားခဲ့တာပဲ၊ ပြီးတော့ သူနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့အရာတွေ ရှိနေသလိုပဲ၊ ယုလုံကျိကလည်း ရိုးရှင်းတဲ့လူတစ်ယောက်တော့ မဟုတ်မှာစိုးရတယ်..”

ထိုခဏတွင် မုန့်ချီကတော့ ကူရှောင်စန်း၏ အပြုအမူလေးများ၊ သူ့ကို ယောကျာ်းဟုခေါ်သော အခေါ်အဝေါ်များအပေါ် လုံးဝစိတ်လှုပ်ရှားနေခြင်း မရှိဖူးချေ။ ထိုအရာများက သူမ၏အစစ်အမှန် ရည်ရွယ်ချက်ကို လမ်းလွှဲရန်အတွက် အာရုံလွှဲနေသော နည်းလမ်းတစ်ခုသာ ဖြစ်ကြောင်း သူလည်း သိနေခဲ့သည်။ သူက ဆယ်ကျော်သက်တစ်ယောက်ကဲ့သို့ သူမ၏ခံစားချက်များအပေါ် လုံးဝအလေးမထားခဲ့ပေ။

လျင်မြန်စွာတိုးတက်လာသော ဖြစ်စဉ်များကြောင့် သူလည်း ရှုပ်ထွေးနေခဲ့၏။ အလွန်ကောက်ကျစ်သော နတ်ဆိုးမက ကိုယ့်ကိုယ်ကိုယ် လေးစားမှုမရှိသော လူတစ်ယောက် အဖြစ် သတ်မှတ်ရန်လည်း ခက်ခဲသည်။ သူမ သူ့ကိုပေးခဲ့သော အပျိုစင်ဘဝက ခိုင်မာသော ဥပမာတစ်ခု ဖြစ်နေခဲ့၏။ သို့သော် သူမက သူနှင့် နှစ်မွှာကျင့်ကြံမှုလုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အချိန်တွင် မည်သည့်ရည်ရွယ်ချက်များ ရှိနေသနည်း။

“ဒါက မရည်ရွယ်ပဲ လုပ်ခဲ့တာလား ဒါမှမဟုတ် တခြားအကြောင်းပြချက်ရှိတာလား၊ ဒါက သာယာမှုကြောင့်လား၊ တခြားအရာကြောင့်လား ဒါမှမဟုတ် သူကပိုပြီးတော့ ကြီးမားပြီး ရှုပ်ထွေးတဲ့ လှည့်ကွက်တစ်ခုရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲလား..”

မုန့်ချီက စိတ်ပျက်လက်ပျက်နှင့် လေပူများကို မှုတ်ထုတ်လိုက်သည်။ အလွန်ကောက်ကျစ်သော နတ်ဆိုးမ ကူရှောင်စန်း၏ အစီအစဉ်များက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် သူမ၏အစစ်အမှန် ရည်ရွယ်ချက်ကို မည်သူကမျှတွက်ချက်နိုင်လိမ့်မည် မဟုတ်ချေ။ သူမက နှစ်မွှာကျင့်ကြံမှုလုပ်ဆောင်ရန် အကြံပေးခဲ့သည်ကို သဘောတူခဲ့သည်မှာလည်း သူမ၏ထူးခြားသော အခြေအနေကြောင့်သာ ဖြစ်နိုင်သည်။

ထိုအရာက ယုလုံကျိအတွက်သာဖြစ်ပြီး ကူရှောင်စန်းအတွက်တော့ မဟုတ်ချေ။ သူတို့က ခန္ဓာကိုယ်ချင်း ရင်းနှီးသွားလျှင် ပတ်သတ်မှုတစ်ခု တဖြည်းဖြည်း တည်ဆောက်လာနိုင်သည်။ သူမက သူ့အသက်ကို နှစ်ကြိမ် ကယ်တင်ခဲ့၏။ ယခုတော့ သူတို့က ခန္ဓာကိုယ်ချင်းပေါင်းစပ်သွားခဲ့ပြန်သည်။

ယောကျာ်းတစ်ယောက်ဖြစ်သည့်အတွက် မုန့်ချီကတော့ တာဝန်ယူသင့်သည်ဟု ခံစားမိခဲ့ပြီး နောက်ပိုင်းတွင် ကူရှောင်စန်းကို လမ်းမှားကို လျှောက်ခြင်းမှ တားဆီးရန် စဉ်းစားထားခဲ့သည်။ သို့သော် ကူရှောင်စန်းကတော့ အလွန်အေးစက်စွာပြုမူပြီး တစ်ယောက်တည်း ထွက်သွားလိမ့်မည်ဟု မုန့်ချီလည်း လုံးဝမထင်ထားခဲ့ပေ။

“ငါက အချစ်ပုံပြင်တွေထဲက မင်းသားလေးတစ်ပါး မဟုတ်ဘူး၊ ငါက သူ့ရဲ့ ခန္ဓာကိုယ်ကို ရတာနဲ့ သူ့ရဲ့နှလုံးသားကိုပါ ရနိုင်တဲ့ ပျော်စရာအဆုံးသတ်မျိုးကလည်း လုံးဝဖြစ်လာမှာမဟုတ်ဘူး..”

မုန့်ချီက ရင်ထဲတွင် စဉ်းစားနေပြီး အနည်းငယ် မျက်နှာပျက်သွားခဲ့၏။

ရုတ်တရက်ဆိုသလို ကူရှောင်စန်းက ကလေးမလေးတစ်ယောက်ကိုခေါ်လာပြီး သူ့ကို အဖေဟု ခေါ်ခိုင်းခဲ့ကြောင်း အမှတ်ရသွားခဲ့သည်။ ကောင်းကင်ခုံရုံး၏ အတွင်းထဲတွင် သူတို့၏ချစ်ခြင်းတရားက အထွဋ်အထိပ်သို့ ရောက်သွားပြီး ကလေးတစ်ယောက် မွေးဖွားလာမည်ဟု သူမက သူ့ကိုပြောခဲ့ကြောင်းလည်း ပြန်လည်အမှတ်ရသွားခဲ့သည်။

“အဲဒါက အမှန်များ ဖြစ်နိုင်မလား…”

ထိုစကားလုံးကြောင့် မုန့်ချီက ရှုပ်ထွေးပြီး ခေါင်းမူးသွားခဲ့သည်။

“နှစ်မွှာကျင့်ကြံမှုအတောအတွင်း ယင်စွမ်းအားနှင့် ယန်စွမ်းအားတွေကို ပေါင်းစပ်ပြီး သန့်စင်တာက လုံးဝကိုယ်ဝန်ရလာမှာ မဟုတ်ဘူး..”

မုန့်ချီကတော့ မျက်နှာပေါ်ကို ဖြတ်တိုက်သွားသော လေပြေလေညင်းများကို ခံစားမိနေခဲ့သည်။ မြစ်ထဲတွင် လှုပ်ရှားနေသော ရေလှိုင်းလေးများကလည်း နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်မှာ အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။ သူက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အတွေးများကို ရှင်းထုတ်ရန် ကြိုးစားလိုက်၏။

အနားမှ ဖြတ်သွားသောလူတစ်ယောက်က သူ့ကို သတိထားမိသွားသည်။ ထိုလူက တစ်ယောက်တည်း တိတ်တဆိတ်ရေရွတ်လိုက်၏။

“မြစ်ကမ်းဘေးမှာ ရပ်နေတဲ့ ယောကျာ်းတစ်ယောက် အတွေးလွန်နေသလိုပဲ၊ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးနေတာများလား..”

“သူ မတွေးလောက်ပါဘူး၊ အဲဒီလောက်လည်း မဆိုးသေးဘူး၊ တကယ်လို့ မိန်းမတစ်ယောက်ဆိုရင်တော့ ခန့်မှန်းဖို့ မခက်ပါဘူး၊ မိန်းမတွေအများစုက အဲဒီလိုအခြေအနေမျိုးကို လုပ်တတ်ကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ဖြူစင်မှုကို ဆုံးရှုံးသွားပြီး ပြဿနာတွေနဲ့ ဝမ်းနည်းမှုကို ခံစားရလို့ပဲ၊ သူတို့တွေက သူ့ချစ်သူရဲ့ ခံစားမှုတွေကို စဉ်းစားတတ်ပြီး သူ့ချစ်သူက နောက်ပိုင်းမှာ ရိုးသားတဲ့လူတစ်ယောက် ဟုတ်မဟုတ် သူ့အပေါ် အမှန်တကယ် သစ္စာရှိမရှိ ခံစားတတ်ကြတယ်လေ..”

စာသင်သားက သူ၏ခေါက်ယပ်တောင်ကို တစ်ချက်ခပ်လိုက်သည်။ ထိုစာသင်သားကတော့ ပြည့်တန်ဆာအိမ်တွင် တစ်ညလုံးပျော်ပါးပြီး ပြန်လာခဲ့ခြင်း ဖြစ်၏။

“ဘာတွေလဲ၊ ငါက ဒီလို သနားစရာကောင်းတဲ့လူတစ်ယောက် ဖြစ်သွားတာလား..”

မုန့်ချီက သူ့အသံကို နားထဲ၌ကြားလိုက်ရသည်။ သူ၏ပါးနှစ်ဖက်က ရှက်ရွံ့မှုကြောင့် နီရဲနေပြီး ရွှေမြစ်ကမ်း၏အဝေးမှ လျှောက်သွားခဲ့၏။

“ငါက ပထမဆုံးအင်မော်တယ်တွေရဲ့စခန်းကို ပြန်ရမယ်…”

မုန့်ချီက ဆုံးဖြတ်လိုက်သည်။

“ငါက အဲဒီမှာ အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကိုထားခဲ့ပြီး ဒုတိယအကြိမ် လေ့လာမှုအတွက် ကံကြမ္မာအမှတ် (၆၀၀၀) နဲ့ ခွင့်ပြုပေးမယ်၊ ငါက နောက်ထပ် သေမင်းတမန် တာဝန်မစခင် ကံကြမ္မာအမှတ်အလုံအလောက် စုဆောင်းနိုင်ဖို့ မျှော်လင့်တာပဲ။ ငါက ငါ့ရဲ့တာအိုဝတ်စုံတွေကိုလည်း အဆင့်မြင့် ဆန်းကြယ်လက်နက်အဆင့်ကို သန့်စင်ရဦးမယ်၊ ပြီးတော့ အလယ်အလတ်အဆင့် ဆန်းကြယ်လက်နက်....ငါ့ရဲ့ခရမ်းမိုးကြိုးဓားကိုလည်း အစားထိုးရဦးမယ်၊ ပြီးရင်တော့ လိုအပ်နေတဲ့ ငါ့ရဲ့အဖော်တွေကို ကံကြမ္မာအမှတ်တွေ ချေးပေးရဦးမယ်၊ ငါတို့က အကောင်းဆုံး အခြေအနေနဲ့ အကောင်းဆုံးပြင်ဆင်မှုတွေလုပ်ပြီး နောက်ထပ်သေမင်းတမန်တာဝန်ကို ရင်ဆိုင်ရလိမ့်မယ်၊ ပြီးတော့ ကောက်ကျစ်တဲ့နတ်ဆိုးမ ငါ့ကိုကျွေးခဲ့တဲ့ အစိမ်းရောင်ဘယ်ရီသီးလေးလည်း ရှိနေသေးတယ်၊ အဲဒါဘာလဲဆိုတာ ငါ ရှာမှ ရမယ်…”

“တကယ်လို့ ဘယ်ရီသီးကို စားလိုက်တဲ့အချိန်မှာ အကျိုးသက်ရောက်မှု မရှိသေးရင်တောင် အဲဒါက သံသရာအရှင်သခင်ရဲ့ အကူအညီနဲ့ ဖယ်ရှားလို့ မရနိုင်လောက်ဘူး။ ငါက ဒီကိစ္စကို မစစ်ဆေးပဲ ဒီတိုင်းထားလိုက်လို့လည်း မရဘူး။ အဲဒီနတ်ဆိုးမက ဘာတွေကြံစည်နေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…”

မုန့်ချီက ကောင်းကင်ခုံရုံးကမ္ဘာကြီးနှင့် ပတ်သတ်သော အချက်အလက်များကို အင်မော်တယ်ဂိုဏ်းထဲတွင် ချန်ထားခဲ့သည်။ ဟန်ကွမ်း၏အမူအရာအရ သူက အစိမ်းရောင်အသီးလေး အကြောင်းကို လုံးဝသိပုံမရချေ။ ထို့ကြောင့် ဒဏ္ဍာရီအဖွဲ့ကလည်း ထိုအရာကို မသိကြောင်း သေချာနေခဲ့၏။

လက်ရှိအချိန်တွင် ထိုအစိမ်းရောင်သစ်သီးလေး၏မူလဇစ်မြစ်ကို သိနိုင်သည်မှာ ကူရှောင်စန်းကလွဲလျှင် အဖွဲ့နှစ်ဖွဲ့သာ ဖြစ်နိုင်သည်။

“လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ရွှမ်တျန်းဂိုဏ်..”

လေဟာနယ်မိန်းမပျိုဂိုဏ်းက ထိုမေးခွန်းကို သေချာပေါက် မဖြေကြောင်း သိနေသည့်အတွက် သူ့အတွက် တစ်ခုတည်းသောအဖြေက ရွှမ်တျန်းဂိုဏ်းသာ ဖြစ်ပုံရသည်။ ထိုကဲ့သို့ ရတနာတစ်ခု၏သမိုင်းကြောင်းမှတ်တမ်းများက ဂိုဏ်းအများစုတွင် လျှို့ဝှက်ပြီး သိမ်းဆည်းထားမည်ဟု သတ်မှတ်နိုင်၏။

ထို့ပြင် သံသရာအရှင်သခင်က ပြိုင်ဘက်ကင်းနတ်ဘုရားလက်နက်တစ်ခု ကာကွယ်ထားသော အဖွဲ့အစည်းတစ်ခုကို ချိုးဖောက်နိုင်ခြင်းရှိမရှိ မုန့်ချီက စဉ်းစားနေမိခဲ့သည်။ ထိုသို့ဆိုလျှင် သူက ဘာလုပ်နိုင်မည်နည်း။

သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်နေရင်း ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက ပြန်လှည့်ကြည့်လိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ သစ်ပင်ကြီးတစ်ပင်၏ နောက်ဖက်မှနေ၍ သွေးနီရောင်မက်မွန်သီးလေး ခိုးကြည့်နေကြောင်း တွေ့လိုက်ရသည်။

ထိုသစ်သီးလေး၏မျက်နှာပြင်ပေါ်တွင် သွေးကြောများကို ထင်ထင်ရှားရှား မြင်နေရသည်။ ထိုအရာက သူ၏ရုပ်ရည်ပေါ်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ပုံစံတစ်ခု ဖြည့်ပေးနေသည်။

“သေစမ်း.... သူက ဒီနေရာထိ လိုက်လာတာပဲ…”

မုန့်ချီကတော့ တကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားသလို ခံစားလိုက်ရသည်။ သူကတော့ ယခုချိန်ထိ ထိုသွေးနီရောင်မက်မွန်သီးလေးကို လုံးဝမေ့နေခဲ့သည်။

ထိုမက်မွန်သီးလေး၏ ထူးဆန်းသောပုံစံနှင့် ဇစ်မြစ်ကြောင့် သူက ခေါင်းမွှေးများ ထောင်သွားရန် လုံလောက်သည်။ မုန့်ချီက သတိထားနေပြီး အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို ထုတ်လိုက်၏။ ထိုအရာ၏ သစ်ရွက်များနှင့် အဖုလေးများက အသက်စွမ်းအင်များ ပြည့်နှက်နေပြီး ယခင်တုန်းကထက်ပို၍ သေးငယ်ပြီး နူးညံ့နေပုံရသည်။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး မက်မွန်သီးလေးက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို သိမ်းထားလိုက်သည်။သစ်ပင်လေးကို သိမ်းလိုက်သည့်အချိန်တွင် မက်မွန်သီးက နောက်တစ်ကြိမ်ပေါ်လာကြောင်း သတိထားမိခဲ့၏။

“ဒီကိုလာခဲ့ …”

မုန့်ချီက သူ့ကိုလက်ယပ်ပြီး လှမ်းခေါ်လိုက်သည်။

မက်မွန်သီးလေးက ပုန်းနေသောနေရာမှ ခုန်ထွက်လာပြီး မုန့်ချီ၏လက်ပေါ်သို့ ရောက်လာခဲ့၏။ သူက မုန့်ချီ၏လက်ဖဝါးကို ပွတ်သပ်နေခဲ့သည်။ သို့သော် မုန့်ချီက ဘာမှမလှုပ်ရှားနိုင်သေးခင် သူက တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက သူ၏လက်ပေါ်တွင်ရှိနေသော ခရမ်းရောင်မိုးကြိုးအမှတ်အသားနှင့် အလိုလို ပေါင်းစပ်သွားခဲ့သည်။

ထိုအချိန်တွင် အမှတ်အသားကတော့ အလွန်ကြီးမားသော စားစရာတစ်ခုကို စားလိုက်ရသည့်အလား စတင်ပြောင်းလဲလာခဲ့၏။ မူလတုန်းက မိုးကြိုးပုံသဏ္ဍာန်မှနေ၍ လျှပ်စီးကြောင်းတစ်ခု ပုံသဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် အမှတ်အသား၏ပုံသဏ္ဍာန် ပြောင်းလဲသွားခြင်းကလွဲလျှင် မုန့်ချီက မည်သည့်အရာကိုမျှ မခံစားမိချေ။

သူကတော့ ပြောစရာစကားလုံးများ ကင်းမဲ့နေသည့်အတွက် သက်ပြင်းချရုံသာ ရှိတော့၏။

“ငါရှာဖွေဖို့ လိုအပ်တဲ့ပစ္စည်းတွေထဲမှာ နောက်ထပ်တစ်ခု ရောက်လာပြန်ပြီ…”

ယနေ့က နှစ်တစ်နှစ်၏ (၆)လပိုင်းထဲတွင် အလွန်လှပသောနေ့တစ်နေ့ ဖြစ်သည်။ ကြာပန်းပွင့်လေးများက ကျောက်စိမ်းအင်ပါယာတောင်၏ ပတ်ပတ်လည်တွင် လှပစွာ ပွင့်လန်းနေကြ၏။

ထိုအရာက တောင်ကုန်းတောင်တန်းထူထပ်သော နယ်မြေတစ်ခုဖြစ်သော်လည်း မတူညီသောအမျိုးအစားရှိနေသည့် ကြာပန်းပွင့်လေးများနှင့် ကြာပန်းလေးများက အမြောက်အများ ပေါက်ရောက်နေကြသည်။ ရေကန်၏မျက်နှာပြင်နှင့် အနီးအနားရေကန်များပေါ်တွင် အများအပြား ပေါက်ရောက်နေကြ၏။

အစိမ်းရောင်ဝတ်စုံဝတ်ထားသော မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကို ဘေးတွင် ချိတ်ထားပြီး ရှုခင်းများကို ခံစားနေသော လေလွင့်ပညာရှင် တစ်ယောက်ကဲ့သို့ တောင်ပေါ်ကို တက်လာခဲ့သည်။ သူက ရွှမ်တျန်းဂိုဏ်း၏စခန်းဝင်ပေါက်ကို ရောက်လာပြီးနောက် တံခါးကို စောင့်ကြပ်နေသော တပည့်များနှင့် တွေ့လိုက်ရသည်။

ပန်းရောင်ကြာပန်းများပြည့်နေသော ရေကန်အစွန်တွင် ရပ်နေသည့် တပည့်များက မတူညီသောဝတ်စုံမျိုးစုံ ဝတ်ထားကြသည်။ တချို့ကတော့ သူတို့၏ခါးပတ်တွင် ဓားမောက်များကို ချိတ်ထားပြီး တချို့ကတော့ အလွန်ထက်မြက်သောဓားသွားများ ရှိနေသည့် ဓားရှည်များ ကိုင်ထားကြသည်။ တချို့ကတော့ တာအိုသခင်ပုံစံဝတ်ထားပြီး တချို့ကတော့ သာမန်လူသားများကဲ့သို့ ထင်ရ၏။

ရေကန်၏ကမ်းစပ်တွင်တော့ ကျောက်တိုင်တစ်ခုရှိနေသည်။ ထိုကျောက်တိုင်ပေါ်တွင်တော့ စကားလုံး(၃)ခု ရေးထိုးထား၏။

“ဖြုတ်သိမ်းခြင်းရေကန်…”

ရွှမ်တျန်းဂိုဏ်းက ကောင်းကင်ဧကရာဇ်ကို ယုံကြည်ကိုးကွယ်ကြသည်။ ကောင်းကင်ခုံရုံး၏ ဓလေ့စရိုက်အတိုင်း မည်သူကမျှ စခန်းထဲကို လက်နက်ယူဆောင်ခွင့် မရှိချေ။ ခံတပ်၏ပိုင်နက်အတောအတွင်း မည်သူကမျှ ပျံသန်း၍လည်း မရနိုင်ပေ။

လက်နက်များကို ဂိုဏ်းထဲတွင် ထိန်းသိမ်းထားခြင်း သို့မဟုတ် ဖြုတ်သိမ်းခြင်းရေကန်ကို မဖြတ်ခင် လေဟာနယ်လက်စွပ်နှင့် သိုလှောင်အိတ်များထဲသို့ သိမ်းဆည်းထားရပါလိမ့်မည်။

မုန့်ချီက ဦးညွတ်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ငါ့နာမည်က စုမုန့်လို့ခေါ်တယ်၊ ငါက အစ်ကိုချင်ယုနဲ့တွေ့ချင်လို့ပါ ´´

“စုမုန့်လား ...”

တာအိုသခင်ဝတ်စုံ ဝတ်ထားသော တပည့်တစ်ယောက်က အံ့သြမှုကြောင့် မျက်လုံးပြူးသွားပြီး သူ့ဆီတွင် စိတ်ဝင်စားမှုနှင့် လေးစားမှုများ ပြည့်နှက်လာခဲ့သည်။

အမှန်အတိုင်းပြောရလျှင် မုန့်ချီက သိုင်းလောကထဲရှိ လူငယ်မျိုးဆက်များထဲတွင် အလေးထားခံရဆုံး ဖြစ်သည်။ သို့သော် ထိုအရာက သူ၏နာမည်ကျော်ကြားမှုကြောင့် မဟုတ်ချေ။

ရွှမ်တျန်းဂိုဏ်းက အချိန်အရိပ်ဓား ရှိနေသည့်အတွက်ကြောင့် နာမည်ကျော်ကြားသည်။ သူတို့ဆီတွင် မတူညီသော ကိုယ်ပိုင်ဓားမောက်သိုင်းပညာ အနည်းငယ် ရှိနေကြ၏။ ထို့ကြောင့် ဂိုဏ်းမှ တပည့်များက ဓားမောက်သုံး၍ နာမည်ကျော်ကြားသော မုန့်ချီကို လေးစားနေကြပြီး သူတို့နှင့် နှိုင်းယှဉ်နေကြသည်။

ရွှမ်တျန်းဂိုဏ်း၏ အထင်ရှားဆုံး လူငယ်မျိုးဆက်ဖြစ်သော ချင်ယုက သိုင်းကွက်တစ်ဝက်အတွင်း မုန့်ချီကို ရှုံးနိမ့်သွားခဲ့သည်မှာ ကံဆိုးသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏စွမ်းရည်နှင့် စွမ်းအားများက သိသိသာသာ ကွာဟလာကြပြီး သူတို့ကတော့ တန်းတူယှဉ်နိုင်ခြင်းပင် မရှိတော့ချေ။

“ဟုတ်ပါတယ် .”

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

ထိုတပည့်များက တစ်ယောက်ပြီးတစ်ယောက် သူ့ကိုပြန်လှည့်ကြည့်လိုက်ကြ၏။

မုန့်ချီကတော့ လေးစားအားကျနေသည့် အကြည့်များကို သတိထားမိခဲ့သည်။

“နောက်ပိုင်း ငါက အချိန်ရှိရင် ငါ့ကိုယ်ငါ ကြီးကျယ်တဲ့ပုံစံမျိုး ဖန်တီးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ ဘဝတစ်ခုပဲ ရှိတာလေ…”

သူက အံ့သြဝမ်းသာနေကြသည့် မျက်လုံးများအောက်တွင် စောင့်နေသည့်အချိန်၌ တပည့်တစ်ယောက်ကတော့ ခံတပ်ထဲသို့ဝင်သွားပြီး သူရောက်နေသည့် သတင်းကို သွားပို့လိုက်သည်။

သိပ်မကြာခင် ချင်ယုက တံခါးဝတွင် လျင်မြန်စွာ ပေါ်လာခဲ့၏။ သူ၏ကြီးမားသော မျက်ခုံးနှင့် ပါးလျသောနှုတ်ခမ်းများက နွေးထွေးသော သူ၏အပြုအမူကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူ၏အချိန်ဓားကလည်း ဘေးဖက်တွင် ချိတ်ထားခဲ့၏။ ထိုအရာက ကြည့်လိုက်ရုံနှင့် အချိန်မရွေး တိုက်ခိုက်ရန် စောင့်နေသော ဓားတစ်လက်ကဲ့သို့ ထင်မှတ်ရသည်။ ယခု သူကဝေ့ကျင်းအဆင့်ကို ရောက်သွားပြီဖြစ်၏။

“သခင်လေးစုက ငါ့ဆီဘာကိစ္စများရှိလို့လဲ .”

ချင်ယုက သူ့ဧည့်သည်ကို စိုက်ကြည့်လိုက်ပြီး ပထမတော့ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ထို့နောက် ပြန်လည်တည်ငြိမ်သွားခဲ့၏။

စကားပြောနေစဉ် မုန့်ချီ၏မျက်လုံးများက အနည်းငယ်လှုပ်ရှားသွားပြီး အပြုံးနှင့် ပြောလိုက်သည်။

“ငါက မင်းကို အကူအညီတောင်းစရာလေးရှိလို့ပါ၊ ကျေးဇူးပြုပြီး....ငါတို့ အတူတူ လမ်းလျှောက်ကြရအောင် .”

ချင်ယုက သူ့နောက်မှ လိုက်လာပြီး မုန့်ချီက ခံတပ်၏ပတ်ဝန်းကျင်တွင် မဟုတ်တာမလုပ်ကြောင်း ယုံကြည်နေခဲ့သည်။

မုန့်ချီက စာရွက်(၃)ရွက်ကို ထုတ်ပေးလိုက်ပြီး အပြုံးနှင့် မေးလိုက်၏။

“အစ်ကိုချင်ယုက ကောင်းကင်(၉)သွယ်အပျက်အစီးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ကြားပြီးမှာပေါ့၊ ငါက အဲဒီကမ္ဘာကြီးထဲကို ဝင်ခွင့်ရခဲ့တယ်၊ ပြီးတော့ ထူးခြားတဲ့အရာတွေ နည်းနည်းကိုမြင်ခဲ့ရတယ်၊ ဒါကြောင့် ငါက မင်းကိုမေးဖို့ လာရှာခဲ့တာ .”

ဟန်ကွမ်းက အင်မော်တယ်နယ်မြေသို့ သူ ဝင်ရောက်လာသည့်အကြောင်းကို သေချာပေါက် ဖုံးကွယ်ပေးထားလိမ့်မည် မဟုတ်ချေ။ ဟန်ကွမ်းက သူနှင့်နတ်ဆိုးမ၏ ပူးပေါင်းမှုကို ကြေညာထားနိုင်ပြီး သူတို့နှစ်ယောက်က လက်တွဲဖော်များဟုပင် ပြောထားနိုင်သည်။ ထို့ကြောင့် မုန့်ချီကတော့ ထိုကိစ္စနှင့်ပတ်သတ်ပြီး တခြားသူများကို ကြိုတင်ပြောပြထားခဲ့သည်။

ချင်ယုက သေချာအာရုံစိုက်၍ နားထောင်နေခဲ့၏။

“အဲဒါတွေက ဘာတွေလဲ .”

မုန့်ချီက စာရွက်တချို့ကို ပေးလိုက်သည်။

ငါက ဒီထဲမှာ ပုံဆွဲထားတယ်...”

စာရွက်ပေါ်တွင် မုန့်ချီက အလွန်ကြီးမားပြီးလျှို့ဝှက်ဆန်းကြယ်သော သစ်ပင်ကြီးတစ်ပင်၊ အစိမ်းရောင်အသီးလေးတစ်လုံး၊ မျိုးစေ့မှ ကြီးထွားလာသော အပင်ပေါက်လေးတစ်ခုနှင့် အသွင်ပြောင်း မက်မွန်သီးတို့ကို ရေးဆွဲထားသည်။

ချင်ယုက မုန့်ချီ ထပ်ဖြည့်ထားသော စာသားများကို ဖတ်ကြည့်နေခဲ့၏။

“အင်မော်တယ်နယ်မြေရဲ့ အလွှာတွေအားလုံးနဲ့ ဆက်သွယ်ထားတယ်၊ အရာအားလုံးက အနာဂတ်မှာရှိတဲ့အရာတွေနဲ့ တူညီလာပြီး တစ်ဘဝလုံး အတူတူပဲဖြစ်လိမ့်မယ်...”

သူ၏နှုတ်ခမ်းများက လှုပ်ရှားသွားခဲ့သည်။

“ဒီပန်းချီတွေက တော်တော်ဆိုးတာပဲ၊ မင်းရဲ့ဖော်ပြချက်ကို ငါနားမလည်ဘူး၊ ဒီလိုလုပ်ပါလား...။ မင်းက မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး မင်းရဲ့မှတ်ဉာဏ်တစ်စိတ်တပိုင်းကို ငါ့ဆီ တိုက်ရိုက်ပို့ပေးလိုက်..။ မင်းက ဘယ်လိုလုပ်ရမလဲ သိတယ်မဟုတ်လား .”

“ငါ ပန်းချီဆွဲတာ တော်တော်ဆိုးတာလား .”

မုန့်ချီကတော့ သူ့နားသူ မယုံကြည်နိုင်သလို ခံစားနေရသည်။ သူက ချင်ယု၏စကားကြောင့် အနည်းငယ် မျက်နှာပျက်သွားခဲ့၏။ ထို့နောက် သူ၏နဖူးပေါ်မှနေ၍ သူ၏မှတ်ဉာဏ်များကို ရွှေရောင်အလင်းတန်းလေး တစ်ခုအဖြစ် ဆွဲထုတ်လိုက်ပြီး ချင်ယုဆီသို့ ပေးလိုက်သည်။

ချင်ယုက မုန့်ချီ၏မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်နေပြီး သူ့ခေါင်းထဲတွင် ပုံရိပ်များကို စဉ်းစားကြည့်နေခဲ့သည်။ သူက မုန့်ချီထုတ်ပြသောအရာများကို မရင်းနှီးသလို မျက်မှောင်ကြုတ်လိုက်မိ၏။

“ငါက ငါတို့ရဲ့ရှေးဟောင်းစာအုပ်တွေ၊ မှတ်တမ်းတွေနဲ့ အရမ်းရင်းနှီးတယ်၊ ဒါပေမဲ့ မင်းပြောတဲ့ ပစ္စည်း(၃)ခုကို လုံးဝမတွေ့ဖူးဘူး .”

မုန့်ချီက သေချာစဉ်းစား၍ပြောလိုက်၏။

“မင်းက အရမ်းငယ်သေးလို့ အရာအားလုံးကို မသိတာလည်း ဖြစ်နိုင်တာပဲလေ၊ မင်းရဲ့အကြီးအကဲတွေဆီကနေ မေးကြည့်ရင်မကောင်းဘူးလား .”

ထိုအရာက သူ၏ပန်းချီကို မှတ်ချက်ပေးလိုက်သည့်အတွက် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ချင်ယုက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

“ငါက ရှေးဟောင်းမှတ်တမ်းတွေ၊ ဒဏ္ဍာရီတွေကို ကျွမ်းကျင်တဲ့ စာသင်သား တစ်ယောက်ပဲ၊ တကယ်လို့ ငါ မသိရင် ရွှမ်တျန်းဂိုဏ်းထဲမှာ ဘယ်သူမှသိမှာ မဟုတ်ဘူး .”

မုန့်ချီက အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး တခြားအကြောင်းအရာများကို ခေါင်းစဉ်ပြောင်းလိုက်သည်။ သူက အင်မော်တယ်နယ်မြေနှင့် ပတ်သက်သော ချင်ယု၏မေးခွန်းများကို ဖြေပေးနေရ၏။

ထို့နောက် သူက ထွက်သွားခဲ့ပြီး တောင်ပေါ်မှဆင်း၍ ညအချိန် အနီးနားတွင် ရှိနေသော တည်းခိုဆောင်တစ်ခုတွင် တည်းခိုနေခဲ့သည်။ ညက လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး အရုဏ်တက်ချိန်ကို ရောက်လာခဲ့၏။

မနက်ခင်းနေရောင်ခြည်က အရှေ့ဖက်မှ ထွက်လာခဲ့သည်။ မုန့်ချီကတော့ လက်ထဲတွင် ရှေးဟောင်းလေဟာနယ်ထိုးဖောက်ခြင်းအဆောင်ကိုကိုင်ပြီး သက်ပြင်းချလိုက်မိ၏။

“ဟင်း...... ကြည့်ရတာ ရွှမ်တျန်းဂိုဏ်းက အဲဒီအရာတွေကို မသိဘူးထင်တယ် .”

သူက ထိုဂိုဏ်းကို ပွင့်ပွင့်လင်းလင်းသွားလာခဲ့ပြီး တည်းခိုဆောင်ထဲတွင် နေထိုင်နေစဉ် အတောအတွင်း သူ၏အငွေ့အသက်များကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ ရွှမ်တျန်းဂိုဏ်းတွင် ရှိနေသော လူတစ်ယောက်ယောက်က ထိုလျှို့ဝှက်ချက်(၃)ခုကို သိနေမလားဟု မုန့်ချီက စမ်းသပ်ကြည့်လိုခြင်းလည်း ဖြစ်သည်။

လူတစ်ယောက်က သူ့ကို လာရှာပြီး ထိုပစ္စည်း(၃)ခုကို သိနေမည်ဆိုလျှင် တစ်ညလုံးစောင့်ဆိုင်းနေစရာ မလိုတော့ပေ။

“ငါက နောက်ထပ်ဘာလုပ်သင့်လဲ…”

မုန့်ချီက တီးတိုးရေရွတ်လိုက်ပြီး သူ၏နောက်ထပ်ခြေလှမ်းကို စဉ်းစားကြည့်နေခဲ့၏။

သူက နောက်ထပ်လုပ်ဆောင်ရမည့် သေမင်းတမန်တာဝန်၏ ကန့်သတ်ချက်များကြောင့် သူ၏စွမ်းအားများကို မြှင့်တင်ရန် လိုအပ်သည်။ ထိုအရာက သူ လုံးဝလျစ်လျူရှု၍ မရနိုင်သော အဆင့်တစ်ခုလည်း ဖြစ်၏။ သူက တိုးတက်လာရန်အတွက် ပုံမှန်လေ့ကျင့်ပေးရန် လိုအပ်သည်။ သူ့အတွက်တော့ တံခါးပိတ်လေ့ကျင့်မှုမျိုးက အသုံးမဝင်တော့ပေ။

သူက သေမင်းတမန်တာဝန်နှင့် ပတ်သတ်ပြီး စိတ်ထဲတွင် သေချာစဉ်းစားနေခဲ့၏။ သူက ရောက်လာတော့မည့် တာဝန်ကို စတင်လေ့လာပြီး သူ ရင်ဆိုင်ရနိုင်မည့် ဒုက္ခများကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

နောက်ဆုံးတွင်တော့ သူ့အတွက် အန္တရာယ်အများဆုံးအရာတစ်ခုဖြစ်သော သွေးပင်လယ်ယက္ခနှင့် ပတ်သတ်သည့်အရာများကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

“ငါက တောင်ပိုင်းဖုန်းဆိုးမြေကို ခရီးသွားပြီး ငါ့ရဲ့ပြင်ဆင်မှု တစ်စိတ်တပိုင်းအဖြစ် သွေးကျိန်စာဂိုဏ်းရဲ့အစွမ်းတွေကို သွားပြီးစစ်ဆေးသင့်လား..”

Translated by Hein Htet.

All Chapters