အခန်း (၇၀၃)
Vol. 47 Ch. 703
ခြစ်ခြစ်တောက် ပူလောင်နေသော နေလုံးကြီးက တိမ်ကင်းစင်နေသော ကောင်းကင်ကြီးပေါ်တွင် ရှိနေပြီး တောင်ကုန်းနှင့် ကွင်းပြင်ကြီးထဲသို့ တိုက်ရိုက်ကျဆင်းလာနေခဲ့သည်။ အလွန်ပြင်းထန်သော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ကပင် လှုပ်ရှားသွားသလို ထင်မှတ်ရ၏။
တချို့နေရာများ၌ ကောင်းကင်ပေါ်တွင် ထူးဆန်းသောအရောင်များပင် ပေါ်လာခဲ့ပြီး တချို့နေရာများတွင်တော့ မြူခိုးများ လွှမ်းခြုံနေခဲ့သည်။
“မိုးရာသီက နောက်တကြိမ်ရောက်လာပြန်ပြီ .”
ယွမ်ဝမ်က အရိပ်ထဲတွင် ပုန်းအောင်းနေရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။ သူက ဤနေရာတွင် နှစ်ပေါင်း(၂၀)ခန့် ကောင်းမွန်စွာ နေထိုင်ခဲ့ရသော်လည်း တောင်ပိုင်းဖုန်းဆိုးမြေ၏ မိုးရာသီနှင့် အကျွမ်းတဝင် မရှိသေးပေ။
မိုးရွာသောနေ့ရက်များကလွဲလျှင် နေပူနေသောအချိန်၌ စိုစွတ်သောအလွှာတစ်ခု အမြဲဖုံးလွှမ်းထားသလို ခံစားနေရသည့်အတွက် သူလည်း အတော်လေး မသက်မသာ ခံစားနေရသည်။
“မြောက်ပိုင်းကတော့ မတူဘူးလို့.....ယွမ်ရန်ကပြောတယ် .”
သူ့လေသံထဲတွင် အားကျမှုနှင့် လေးစားမှုများ ပြည့်နှက်နေခဲ့သည်။ သူက သူ့အစ်မကို အလွန်လေးစားနေခဲ့၏။
သူမက ထူးဆန်းသောမြက်ပင်လေးကို စားလိုက်ရုံနှင့် ကြောက်စရာကောင်းသော မွေးရာပါအမှတ်အသားကို ဖယ်ရှားနိုင်ခဲ့သည့်အပြင် သူမဆီတွင် သတ္တိများအပြည့် ရှိနေပြီး မြောက်ပိုင်းကိုတစ်ယောက်တည်း စွန့်စားသွားလာခဲ့သည်။
သူမက ထူးဆန်းသောတွေ့ဆုံမှုများ၊ ဇာတ်လမ်းများစွာကို ကြုံတွေ့ခဲ့ရသည့်အတွက် မျိုးနွယ်စုထဲတွင် ရှိနေသော ဆယ်ကျော်သက် လူငယ်လေးများ၏ မနာလိုအားကျမှုကို ခံစားကြရသည်။
ခေါင်းထဲတွင် သူ့အစ်မအကြောင်း တွေးမိနေသည့်အချိန်၌ ယွမ်ရန်က တောင်ကုန်းပေါ်မှ ပြန်လာကြောင်း တွေ့လိုက်ရသည်။ သူမက အသက်ကို ပြင်းပြင်းရှူနေပြီး ဖြူဖွေးသော ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးများပြည့်နှက်နေခဲ့သည်။ သူမက အလွန်ခက်ခက်ခဲခဲ လေ့ကျင့်မှု ပြီးဆုံးသွားခဲ့ပုံရ၏။
“အစ်မ....
နင်က မျိုးနွယ်စုတိုင်းမှာရှိတဲ့ လူငယ်လေးတွေထဲမှာတောင် အတော်ဆုံးဖြစ်နေပြီ၊ ဘာလို့ဒီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေရသေးတာလဲ .”
ယွမ်ဝမ်က အရိပ်ထဲမှနေ၍ မေးလိုက်၏။ သူကတော့ မိုးရာသီတွင် လေ့ကျင့်မှုကို မုန်းတီးသည်။ အဘယ်ကြောင့်ဆိုသော် ပို၍ချွေးများများထွက်ခြင်းကြောင့် ဖြစ်၏။
ယွမ်ရန်က အပြုံးနှင့်ပြန်ပြောလိုက်သည်။
“မောင်လေး....
သိုင်းပညာဆိုတာက ရေစီးကြောင်းကိုဆန်ပြီး ရွက်လွှင့်နေသလိုမျိုးပဲ၊ တကယ်လို့ နင်က ရှေ့မတက်ဘူးဆိုရင် နောက်ပြန်ရောက်သွားလိမ့်မယ် .”
သံသရာကမ္ဘာကြီး၏ဖိအားနှင့် အန္တရာယ်များကြောင့် သူမကတော့ စိတ်အေးနေနိုင်ခြင်း မရှိချေ။ အကယ်၍ သူမက တံခါး(၇)ပေါက် ပွင့်နေပြီး ကိုယ်တွင်းကမ္ဘာကြီး ပြည့်စုံသွားလျှင်ပင် အစစ်အမှန်ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များထက် အဆပေါင်းများစွာ နိမ့်ကျနေသေးသည်။
ထိုစကားကို ကြားသည့်အခါ ယွမ်ဝမ်က အနည်းငယ် စိတ်ပျက်သွားခဲ့၏။ သူ့အစ်မက မြောက်ပိုင်းသို့ သွားလာခဲ့ပြီးနောက် မျိုးနွယ်စုထဲတွင် ရှိနေသော တခြားမိန်းကလေးများနှင့် အလွန်ကွဲပြားလာခဲ့သည်။
အကြီးအကဲများစွာက သူမကို ချီးကျူးနေကြပြီး သူနှင့်နှိုင်းယှဉ်၍ သူ့ကိုတော့ အသုံးမဝင်သလို ဆက်ဆံလာခဲ့ကြသည်။ ယွမ်ရန်၏ခရီးစဉ်ကြောင့် သူမက ပို၍ရင့်ကျက်လာပြီး သူမ မောင်၏ခံစားချက်များကို ရှင်းရှင်းလင်းလင်း ခန့်မှန်းမိသည်။
သူမက စကားမပြောတော့ပဲ ကိုယ်လက်သန့်စင်ရန် တဲထဲသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူမက အလွန်ကျယ်ပြန့်သော အပြင်ဘက်ကမ္ဘာကြီးကို မြင်လိုက်ရပြီးနောက် မြို့ငယ်လေးထဲရှိ ကိစ္စရပ်များကို စိတ်မဝင်စားတော့ပေ။ သူတို့က သူမ အချိန်ပေးရန် မထိုက်တန်သော အသေးအဖွဲကိစ္စများဟုသာ ဆုံးဖြတ်ထားခဲ့၏။
သူမက အခန်းကိုကြည့်လိုက်ပြီး သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် အဖြူရောင်ဝတ်စုံဝတ်ထားသော သခင်လေးတစ်ယောက်က မီးဖိုတွင် ကန်စွန်းဥများ ကင်နေကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ အခန်းထဲတွင်လည်း ကန်စွန်းဥဆီမှ မွှေးရနံ့များ ပြည့်နှက်နေခဲ့၏။
“သ သ သခင်လေး .”
သူမက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိပြီး မလိုအပ်သော အာရုံစိုက်မှုများကို ကြောက်လန့်သွားသည့်အတွက် ချက်ချင်း ပါးစပ်ကို ပိတ်လိုက်ရသည်။သို့သော် သူမ၏မျိုးနွယ်စုထဲတွင် ရှိနေသော လူများကတော့ ထိုလူငယ်ကို မမြင်သလို မကြားသလို ထင်မှတ်ရသည်။
ယွမ်ရန်က ရုတ်တရက်ဆိုသလို တံခါးကို ပြန်ပိတ်လိုက်၏။ သူမက ဦးညွတ်ရန် ပြင်လိုက်စဉ် တစုံတစ်ခုကို သတိရသွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“သခင်လေး ခဏစောင့်ပါဦး .”
သူမက အလျင်အမြန် ပြန်လှည့်သွားခဲ့ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။
“သေစမ်း.... ငါ အခုထိ ရေမချိုးရသေးဘူး၊ တကိုယ်လုံးလည်း ချွေးတွေနဲ့.. ဧည့်သည်ကို ဒီလိုတွေ့လို့ရမလား.”
အလယ်ကုန်းမြေတွင် ရှိနေသော မိန်းကလေးများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမတို့က ပို၍ထိန်းသိမ်းရသည်။
မုန့်ချီကတော့ ထိုမြင်ကွင်းကိုကြည့်ပြီး စကားတခွန်းမျှမပြောခဲ့ချေ။ သူက ကန်စွန်းဥကို အခွံခွာပြီး စားနေခဲ့၏။
ယွမ်ရန် ရေချိုးပြီးသွားသည့်အချိန်တွင် အိပ်ခန်းထဲမှ ထွက်လာခဲ့၏။ သူမ၏ဆံပင်ကို ဖဲကြိုးလေးများနှင့် စည်းထားပြီး တလက်လက်တောက်ပနေသော မျက်လုံးများနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။
“ငါက တောင်ပိုင်းဖုန်းဆိုးမြေရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး မင်းကိုမေးဖို့ ရောက်လာခဲ့တာ .”
မုန့်ချီက မီးဖို၏တစ်ဖက်တွင် ထိုင်လိုက်သော ယွမ်ရန်ကိုကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။
ယွမ်ရန်ကတော့ အကူအညီပေးနိုင်တော့မည် ဖြစ်သည့်အတွက် အလွန်ဝမ်းသာသွားခဲ့၏။
“တောင်ပိုင်းဖုန်းဆိုးမြေမှာ တောင်တန်းတွေ ထောင်ပေါင်းများစွာရှိတယ်၊ တောင်တန်းတစ်ခုချင်းဆီတိုင်းမှာလည်း ကိုယ်ပိုင်အန္တရာယ်တွေ ရှိကြတယ်၊ အဆိပ်မြူခိုးတွေ၊ ပိုးကောင်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ မှော်သားရဲတွေလည်း ရှိနေတော့ သွားလာဖို့က တော်တော်လေးခက်တယ်…”
“ပြီးတော့ ဒီမှာသတင်းစီးဆင်းမှုက တော်တော်နှေးတယ်၊ ဒါကြောင့် အဲဒီတောင်ကုန်းတွေပေါ်မှာ လမ်းမှားပညာရှင်တွေ တော်တော်များများက အုပ်စိုးထားကြတယ်၊ အနီးအနားမှာရှိတဲ့ မျိုးနွယ်စုတွေကတော့ သူတို့ရဲ့လက်အောက်ခံဖြစ်ကြရပြီး သူတို့ရဲ့အကာအကွယ်နဲ့ အသုံးချမှုကိုခံကြရတယ်၊ ဒါပေမဲ့ သူတို့က အဲဒီမျိုးနွယ်စု ဆက်လက်ရှင်သန်နေဖို့တော့ အာမခံပေးရတယ်၊ အစွမ်းထက်တဲ့ မျိုးနွယ်စု အနည်းငယ်ကလွဲရင် မျိုးနွယ်စုတွေအားလုံးက ဒီလိုမျိုးလုပ်ဆောင်ကြတယ် .”
သူမက ကျင်းအင်ပါယာမှ စကားလုံးများကိုသုံး၍ ပြောပြလိုက်သည်။
မုန့်ချီကတော့ ဝင်ရောက်နှောင့်ယှက်ခြင်းမရှိဘဲ တိတ်တဆိတ် နားထောင်နေခဲ့သည်။ ယွမ်ရန် ပြီးဆုံးသွားသည့်အချိန်မှသာ သူက ပြောလိုက်၏။
“သွေးဝတ်ရုံအဖွဲ့အစည်းကရော ဘယ်လိုလဲ .”
ထိုစကားလုံး(၃)ခုက ယွမ်ရန်၏ ကြောက်စရာအိပ်မက်ဆိုးများကို ဖော်ပြလိုက်သည့်အလား သူမ၏မျက်နှာပေါ်တွင် အကြောက်တရားများ ပေါ်လာခဲ့သည်။
သူမက သက်ပြင်းချလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ပြောလိုက်၏။
“သွေးဝတ်ရုံအဖွဲ့အစည်းက သူတို့တွေထဲမှာ အရက်စက်ဆုံးပဲ၊ သူတို့က လူသားခန္ဓာကိုယ်တွေကိုသုံးပြီး လေ့ကျင့်ရတာ သဘောကျတဲ့အပြင် သူတို့အချင်းချင်းတောင် အရမ်းရက်စက်ကြတယ်၊ သူတို့က လူသတ်ရတာကို အရမ်းသဘောကျတယ်၊ တောင်ပိုင်းဖုန်းဆိုးမြေထဲက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အများစုမှာ သူတို့က တာဝန်ရှိတာပဲ၊ လမ်းမှားပညာရှင်တွေကတောင် သူတို့ကို ရန်မစရဲကြဘူး၊ တကယ်လို့ သူတို့ရဲ့ လူတစ်ယောက်အသတ်ခံရရင် လူပေါင်းများစွာက လက်တုံ့ပြန်ဖို့ ရောက်လာကြတယ်…”
“ဒါပေမဲ့ တောင်ပိုင်းဖုန်းဆိုးမြေမှာ သတင်းအချက်အလက်က နည်းပါးတော့ သူတို့ကလည်း အရမ်းကြီးမမောက်မာရဲကြဘူး၊ တကယ်လို့ တစ်ယောက်ယောက်ကသာ ပညာရှင်တစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိမယ်ဆိုရင် သူတို့ရဲ့ဆရာက အဲဒီတရားခံကိုဖမ်းပြီး မှော်သားရဲတွေထဲ ပစ်ထည့်ပေးတတ်တယ်၊ သွေးဝတ်ရုံအဖွဲ့အစည်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် သူတို့က အဲဒီပညာရှင်ကို သွားမရှာနိုင်ကြဘူး..”
“သွေးဝတ်ရုံအဖွဲ့အစည်းရဲ့ ဌာနချုပ်ကတော့ တောင်ပိုင်းဖုန်းဆိုးမြေရဲ့ တောင်တန်းတွေထဲမှာ ရှိနေတယ်၊ ဒါပေမဲ့ သူတို့ရဲ့အကြီးအကဲတွေ၊ တပည့်တွေကတော့ တောင်တန်းတွေ၊ သူတို့ရဲ့လက်အောက်ခံမျိုးနွယ်စုတွေထဲမှာ နေထိုင်ရတာ သဘောကျတယ် .”
ယွမ်ရန်က ဆက်ပြောလိုက်သည်။
မုန့်ချီက ယနေ့တောင်ပိုင်းဖုန်းဆိုးမြေကို ရောက်လာရသည်မှာ ဦးတည်ချက်နှစ်ခုရှိသည်။ တစ်ခုကတော့ သွေးဝတ်ရုံအဖွဲ့အစည်းမှ အလွန်လျှို့ဝှက်ဆန်းကြယ်သောအစွမ်းကို ရှာဖွေရန်ဖြစ်၏။ ထိုသို့ဆိုလျှင် သူက သေမင်းတမန် တာဝန်အတောအတွင်း သူတို့ကို ရင်ဆိုင်နိုင်စွမ်း ရှိပါလိမ့်မည်။ တခြားတစ်ခုကတော့ ပြန်လည်ဝင်စားခြင်းဝိညာဉ်ခန္ဓာနှင့် ပတ်သတ်သောကိစ္စဖြစ်၏။
အကယ်၍ သူကသာ သွေးပင်လယ်ယက္ခ၏ တခြားကမ္ဘာမှ လူဝင်စားဖြစ်သော တူဟိုင်ရှန့်နှင့် ပတ်သက်မှုကို ဖြတ်တောက်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူက တည့်တည့်သာ မေးလိုက်၏။
“မင်းက တောင်ပိုင်းဖုန်းဆိုးမြေမှာ ပြန်လည်ဝင်စားခြင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကြားဖူးလား .”
ယွမ်ရန်ကတော့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တစ်ခုကို စဉ်းစားမိသွားသည့်အလား မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူမက ခဏရပ်ပြီး ပြောလိုက်၏။
“အကြီးအကဲတွေ ပြောတာကိုတော့ ကြားဖူးတယ်၊ ထာဝရရှင်သန်ခြင်းလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခုက မြွေရှည်တောင်တန်းပေါ်မှာ နေထိုင်ကြတယ်၊ သူတို့ မျိုးနွယ်စုမှာရှိတဲ့ လူတိုင်းက ပြန်လည်ဝင်စားနိုင်ကြတယ်၊ သူတို့က မျိုးနွယ်စုထဲမှာ သူတို့ရဲ့လူဝင်စားတွေကို ရှာဖွေဖို့အတွက် သဲလွန်စတွေ၊ တံဆိပ်ပြားတွေကို ချန်ထားတတ်ကြတယ်၊ အဲဒါက အချိန်တိုင်းလည်း အလုပ်ဖြစ်ခဲ့တာပဲ..”
“လူဝင်စားခန္ဓာကိုယ်တွေမှာ ကလေးဖြစ်နေတာကလွဲရင် သေဆုံးသွားသူရဲ့ မှတ်ဉာဏ်၊ အမူအကျင့်နဲ့ အပြုအမူတွေ အားလုံးရှိတယ်၊ ဒါပေမဲ့ သူတို့မွေးဖွားနှုန်းက အရမ်းနည်းတယ်၊ သူတို့မှာ ကလေးမရှိကြတဲ့အတွက် သေသွားပြီဆိုရင် ပြန်လည်ဝင်စားတာပဲ လုပ်နိုင်ကြတယ်…”
ထိုအဖြစ်အပျက်က အတိတ်တွင် သူမ၏အိပ်မက်ဆိုးများထဲမှတစ်ခု ဖြစ်သည်။
“ကြည့်ရတာတော့ ဒီမျိုးနွယ်စုက သက်ရှိဗုဒ္ဓရဲ့မျိုးနွယ်စုလိုပါလား .”
မုန့်ချီက စဉ်းစားမိနေသည်။ သူက ထိုကဲ့သို့သော အခြေအနေကို ရင်းနှီးနေသည့်အတွက် အကြောက်အလန့် မရှိချေ။
မုန့်ချီက အစွမ်းထက်သည့်အတွက် သရဲတစ္ဆေများ၊ မကောင်းဆိုးဝါးများကို မကြောက်ကြောင်း ယွမ်ရန်က သိနေခဲ့သည်။သူမက ပြုံးရုံလေးပြုံးပြီး ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ထာဝရမျိုးနွယ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့တယ်..”
“အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာလား..”
မုန့်ချီက အနည်းငယ် အံ့သြသွားခဲ့သည်။ သူက တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်၏။
ယွမ်ရန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က သွေးဝတ်ရုံအဖွဲ့အစည်းရဲ့ ခေါင်းဆောင်က သူတို့ကို ရုတ်တရက် တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့တယ် .”
မုန့်ချီက ကန်စွန်းဥကိုပြီးအောင်ဆက်၍ စားလိုက်သည်။ သူက ညာဖက်လက်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေပုံရ၏။
“သွေးပင်လယ်ယက္ခက ထာဝရမျိုးနွယ်စုကို သတ်ပစ်ခဲ့တယ်၊ တူဟိုင်ရှန့်ကတော့ သူ့ရဲ့လူဝင်စားဝိညာဉ်ခန္ဓာကိုယ်ပဲ .”
ထိုအဖြစ်အပျက်နှစ်ခုက ဆက်သွယ်နေကြောင်း မုန့်ချီက သေချာသိနေခဲ့သည်။
“လူတစ်ယောက်ယောက်များ အသက်ရှင်နေသေးလား.”
မုန့်ချီက မေးလိုက်သည်။
ယွမ်ရန်က မျက်မှောင်ကြုတ်လိုက်ပြီး ခဏကြာစဉ်းစားပြီးနောက် ခေါင်းခါပြလိုက်၏။
“သွေးဝတ်ရုံအဖွဲ့အစည်းက အသက်ရှင်နေတဲ့သူတွေကို ရှာနေတာ တော်တော်လေးကြာပြီလို့ ပြောကြတယ်၊ အဲဒီကိစ္စကိုတော့ ဘာမှမကြားရဘူး.”
“ကောင်းပြီလေ ...”
မုန့်ချီက သေချာစဉ်းစားကြည့်လိုက်သည်။
မြွေရှည်တောင်တန်း၏တည်နေရာကို မေးမြန်းလိုက်ပြီးနောက် အင်္ကျီကိုခါပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။
ယွမ်ရန်၏မျက်လုံးများက တလက်လက် တောက်ပလာခဲ့သည်။
“သခင်လေး…
ကျွန်မက သခင်လေးကို မြွေရှည်တောင်တန်းဆီ ခေါ်သွားပေးနိုင်တယ်….”
“မလိုဘူး၊ ငါက မြွေရှည်တောင်တန်းကိုမသွားခင် သွေးဝတ်ရုံအဖွဲ့အစည်းကို ပြဿနာသွားရှာချင်သေးတယ်၊ မင်းက သွေးဝတ်ရုံအဖွဲ့အစည်းကို သင်ခန်းစာပေးဖို့ ငါနဲ့အတူ လိုက်ချင်လို့လား .”
မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။
သူက တောင်ပိုင်းဖုန်းဆိုးမြေကို တစ်ယောက်တည်း ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ပြီး သွေးဝတ်ရုံအဖွဲ့အစည်းမှ ထိပ်တန်းပညာရှင်များကို ရန်မစသရွေ့ မည်သူ့ကိုမျှကြောက်စရာ မလိုအပ်ပေ။
ယွမ်ရန်ကတော့ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။ သူမက မုန့်ချီကို ယုံကြည်ထားသော်လည်း အကယ်၍ သူမကသာ လိုက်သွားမည်ဆိုလျှင် သူမ၏မျိုးနွယ်စုကလည်း သက်ရောက်ခံရနိုင်သည်။
မုန့်ချီကတော့ ရယ်နေရင်း တဲထဲမှ ပျောက်ကွယ်သွားခဲ့လေ၏။
Translated by Hein Htet.