အခန်း (၇၀၄)
Vol. 47 Ch. 704
"ဘုန်း..."
တဲတံခါးကို တွန်းဖွင့်လိုက်ပြီး ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ဝင်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးသွေးများ စိုရွှဲနေပုံရသော အနီရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားခဲ့၏။ သူက ပြောလိုက်သည်။
"တော်တော်လေး စုတ်ပြတ်နေတဲ့နေရာပဲ။ ဒီမှာဘာမှမရှိဘူး…"
အလားတူ ဝတ်စုံဝတ်ထားသော နောက်ထပ်လူတစ်ယောက်က ထိုလူငယ်လေးကို နောက်ကျောပေးထားပြီး ပြောလိုက်သည်။
"မင်းရဲ့စွမ်းအားတွေကို သိမ်းထားစမ်းပါ။ ငါတို့က ဒီမှာနောက်ထပ်(၃)လလောက် လှည့်ပတ်ပြီးတော့ နေရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနီးအနားမှာ မင်း ကစားစရာ မျိုးနွယ်စုတွေ အများကြီးရှိပါသေးတယ်။ ဒါက ဌာနချုပ်ထက်တော့ ပိုပြီးကောင်းတယ် မဟုတ်ဘူးလား…"
ထိုလူ၏ရှေ့တွင်တော့ အလွန်ကြောက်လန့်နေသော ကောင်လေးတစ်ယောက်ကို သစ်သားတိုင်နှင့် ကပ်ချည်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ငွေအပ်လေးများ ထိုးထားပြီး ပုံစံတစ်ခု ဖော်ထားပုံရသည်။
ပိန်ပိန်ပါးပါးနှင့်လူက သူ၏ဂိုဏ်းတူအစ်ကိုကြီးကိုကြည့်ပြီး ရှင်းပြလိုက်သည်။
"မျိုးနွယ်စုက မိန်းကလေးတွေအားလုံးက ကြမ်းတမ်းပြီး လူနေမှုလည်း နိမ့်တယ်။ သူတို့တွေကို ကစားစရာအဖြစ်ပဲ အသုံးချလို့ကောင်းတယ်။ သူတို့က ကျွန်တော်တို့ဂိုဏ်းမှာရှိတဲ့ ညီမလေးတွေကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ အစ်ကိုကြီးလို ကျွန်တော်ကတော့ ကျင့်ကြံမှုတစ်ခုတည်းကိုပဲ စိတ်ဝင်စားတာ မဟုတ်ဘူး…"
အနီဝတ်လူက အပြုံးနှင့် ပြောလိုက်သည်။
"ငါတို့ညီမလေးတွေက တကယ်ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့က အရမ်းလည်း ကြောက်စရာကောင်းတယ်။ ညီလေးရှောင် ... မင်းက ပျော်ရွှင်မှုကို နားမလည်ပါဘူး။ နာနာကျင်ကျင် အော်ဟစ်သံတွေ၊ အံကြိတ်အော်ဟစ်သံတွေက မိန်းမတွေထက် ပိုပြီးတော့ ပျော်စရာကောင်းပါတယ်။ နားထောင်ကြည့်လိုက်စမ်း… ...နားထောင်ကြည့်လိုက်စမ်းပါ…"
သူက ပြောလိုက်ပြီးနောက် မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသည့် မီးတောက်များ တောက်လောင်လာခဲ့သည်။ သူက သွေးနီရောင်ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး လူငယ်လေး၏ ဦးရေပြားမှ ထိုးဖောက်၍ ဆံပင်များကို လှန်ချလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း အရေပြားကို ခွာနေခဲ့၏။ သူ၏လုပ်ရပ်က အလွန်အဆင့်အတန်းမြင့်သော လုပ်ရပ်တစ်ခုကဲ့သို့ အသေးစိတ်ကျလှသည်။
လူငယ်က နာနာကျင်ကျင် အော်ဟစ်ပြီး အသည်းအသန် ရုန်းကန်နေခဲ့၏။ သို့သော် သူက ထိုသို့လုပ်ဆောင်လေလေ အနီဝတ်လူကြီးက ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ သူ၏မျက်လုံးများကလည်း ဝင်းလက်တောက်ပလာပြီး စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ခါနေခဲ့၏။
ထိုအော်သံကြောင့် ပိန်ပိန်ပါးပါးလူငယ်လေးက အလွန်ဝမ်းသာနေပုံရသည်။ ထိုအရာက ဤကမ္ဘာကြီးထဲတွင် သာယာနာပျော်ဖွယ် အကောင်းဆုံးတေးသံတစ်ခုကဲ့သို့ ထင်ရ၏။
မြို့ထဲတွင် သွေးဝတ်ရုံအဖွဲ့အစည်းမှ တပည့်များစွာ ရှိနေသည်။ တချို့က ဓားစာခံများ၏ ခန္ဓာကိုယ်ပေါ်တွင် အဆောင်များ ရေးနေကြပြီး တချို့ကတော့ မိန်းကလေးများကို မုဒိမ်းကျင့်နေကြသည်။ သူတို့က ရက်စက်ကြမ်းကြုတ်မှုခြင်း ယှဉ်ပြိုင်နေသလို ထင်ရ၏။ တစ်ရွာလုံးက ငရဲကျနေခဲ့သည်။
"ပြည့်စုံသွားပြီ…"
အနီဝတ်လူကြီးက သူ၏ခန္ဓာကိုယ်မှ အရေပြားတစ်ခုကို ခွာထုတ်လိုက်ပြီး စိတ်ကျေနပ်မှုရသွားသည့်အလား အော်ဟစ်လိုက်သည်။
လူငယ်လေး၏ အသွေးအသားများ ပေါ်လာပြီး သူ၏သွေးကြောများကလည်း ပေါ်လာခဲ့သည်။ သူ့ပုံစံက အတော်လေးကို ကြောက်စရာကောင်းနေခဲ့၏။ သူက မသေသေးသော်လည်း နာနာကျင်ကျင် အော်ဟစ်နေခဲ့သည်။ အနီဝတ်လူကြီးက သူ၏မျက်နှာပေါ်ရှိ အရေပြားကို ကပ်လိုက်ပြီး အိပ်မက်ဆန်စွာ ပြောလိုက်သည်။ "ဒီလိုပြင်းထန်တဲ့မကျေနပ်မှုတွေ၊ ကျိန်ဆဲမှုတွေနဲ့ အမုန်းတရားတွေ…"
သူက ခေါင်းမော့ပြီး ခန္ဓာကိုယ်ပုံသဏ္ဍာန် ပျက်ယွင်းနေသော လူငယ်လေးကို စိုက်ကြည့်လိုက်၏။
"နောက်ထပ် မင်းညီမရဲ့အလှည့်ရောက်ပြီ…"
"မလုပ်နဲ့ ..."
မျက်နှာပေါ်တွင် အရေပြားမရှိတော့သည့်အတွက် လူငယ်လေး၏ မျက်လုံး(၂)ခုက ပြူးထွက်နေခဲ့သည်။ သူက အလွန်စိုးရိမ်နေသည့်အတွက် သွေးနီရောင်ဝတ်လူကြီးကို ကိုက်ရန် ကြိုးစားလိုက်သည်။
ထိုမြင်ကွင်းကိုမြင်သည့်အခါ အနီဝတ်လူက အလွန်ကျေနပ်စွာ ရယ်လိုက်၏။
"သွေးဝတ်ရုံအဖွဲ့အစည်းကို ဆန့်ကျင်ဖို့ မင်းကို ဘယ်သူက ပြောခဲ့တာလဲ။ ငါက မင်းညီမလေးကို ကြိုက်တာလေ။ ဒါကြောင့် မင်းက သူ့ကို ငါ့လက်ထဲ ထည့်ပေးသင့်တယ်။ အခု မင်းဆရာက သေသွားပြီ။ သူ့ဇနီးကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီ။ မင်းရဲ့ဆရာတူအစ်ကိုနဲ့ အစ်မတို့ကတော့ အရေပြားမီးအိမ်တွေ ဖြစ်နေကြပြီ။ အဲဒီမိန်းကလေးကလည်း မလွတ်သေးပါဘူး…"
လူငယ်လေးက သူ့ရှေ့တွင် ရှိနေသော သွေးဝတ်ရုံအဖွဲ့အစည်းမှ လူကို ကျိန်ဆဲနေသလို ထင်မှတ်ရသည်။ သူက တောင်ပိုင်းဖုန်းဆိုးမြေ၏ ငရဲဆန်သောအဖြစ်အပျက်နှင့် တရားမျှတမှုမရှိသော ကောင်းကင်ဘုံကို ကျိန်ဆဲနေသလိုဖြစ်နေ၏။
သူ၏မြင်ကွင်းများက တဖြည်းဖြည်း ဝေဝါးသွားခဲ့ပြီး မူးဝေသွားခဲ့၏။ ရုတ်တရက်ဆိုသလို အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူရိပ်ပေါင်းများစွာကို တွေ့လိုက်ရပြီး ထိုအရိပ်က အနီဝတ်လူကြီး၏နောက်တွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူတို့က သွေးဝတ်ရုံအဖွဲ့အစည်းမှ မဟုတ်ချေ။
“သူတို့က အညစ်အကြေးတွေပြည့်နေတဲ့ သွေးပင်လယ်ကြီးကို မီးရှို့ဖို့ နတ်ဘုရားတစ်ပါး စေလွှတ်လိုက်တာများလား…”
သူက မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး အလွန်စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
အနီဝတ်လူကြီးက တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိသွားသည့်အတွက် ချက်ချင်း ပြန်လှည့်လိုက်၏။ သူက ဓားတစ်လက် ကိုင်ထားသော အဖြူဝတ်မုန့်ချီကို မြင်လိုက်ရသည်။
"မင်းက ဘာလို့ဒီကိုရောက်လာတာလဲ။ ဒါက သွေးဝတ်ရုံအဖွဲ့အစည်းရဲ့ပိုင်နက်ပဲ။ ဝေးဝေးနေ…"
သူက မျက်နှာပျက်သွားသော်လည်း တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူ့ပြိုင်ဖက်က သူကိုယ်တိုင် သတိမထားမိဘဲ ချဉ်းကပ်လာနိုင်ကြောင်း မြင်လိုက်ရသည့်အခါ သူက သေချာပေါက် အစွမ်းထက်မည်ဖြစ်သည်။ ယခုတော့ သူက မဆင်မခြင် တိုက်ခိုက်ခြင်းမရှိဘဲ ဂိုဏ်းခွဲမှ အကြီးအကဲများကို သတင်းပို့ရန် စဉ်းစားထားသည်။
မုန့်ချီက ပြုံးလိုက်၏။
"ငါက မင်းကိုသတ်ဖို့ ရောက်လာတာ…"
"ငါတို့က သွေးဝတ်ရုံအဖွဲ့အစည်းကပဲ။ မင်းက အကျိုးဆက်ကို စဉ်းစားဖို့လိုတယ်…"
ထိုလူဆီတွင် ကောင်းမွန်သော ရည်ရွယ်ချက် မရှိကြောင်း သိလိုက်ရသည့်အခါ အနီဝတ်လူက တစ်ကိုယ်လုံး တင်းမာသွားခဲ့ပြီး ဒေါသထွက်လာခဲ့သည်။ သူက ထိုလူနှင့် သူ၏ဘိုးဘေးများအားလုံးကို သတ်ပစ်ချင်ခဲ့၏။ သို့သော် ပြိုင်ဘက်၏အစွမ်းကို မသိသည့်အတွက် ယခုအချိန်တွင် စော်ကားမှုကို သည်းခံပြီး နောက်ပိုင်းမှ လက်တုံ့ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။
"ငါက မင်းတို့အားလုံးကို သတ်ပစ်မယ်…"
မုန့်ချီ၏မျက်နှာပေါ်တွင် ရှိနေသောအပြုံးက ပျောက်ကွယ်သွားခဲ့သည်။
အနီဝတ်လူက အဆုံးသတ်မကောင်းနိုင်ကြောင်း သိနေသည့်အတွက် ကျူးကျော်လာသူကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
"သွေးဝတ်ရုံအဖွဲ့အစည်းကို ပစ်မှတ်ထားတဲ့လူတိုင်းက အရေပြားတွေ၊ အရိုးတွေနဲ့ လူသားအခွံတွေပဲ ဖြစ်သွားတယ်။ မင်းက ငါ့ကိုသတ်ပစ်နိုင်ပေမယ့် ငါ့မှာဆရာတူအစ်ကိုတွေ၊ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေနဲ့ ငါ့ရဲ့နောက်ဘက်မှာ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ရှိနေသေးတယ်။ မင်းက သူတို့ရဲ့ဒေါသကို ခံနိုင်ရည်ရှိမှာလား။ ငါ မင်းကိုပြောပြမယ်…"
သူပြောနေသည့်အချိန်တွင် အင်္ကျီလက်ကို မြှောက်လိုက်ရာ ရွှေရောင်နှင့် ငွေရောင်တိမ်တိုက်တစ်ခု ပျံသန်းလာခဲ့သည်။ သူတို့က ထူးဆန်းသောခြင်လေးများ ဖြစ်ကြ၏။ ထိုခြင်များက မုန့်ချီကို ချက်ချင်းဝိုင်းရံပြီး ကိုက်နေကြသည်။
တစ်ချိန်တည်းတွင် ပိန်ပိန်ပါးပါးနှင့်လူက အဆိပ်မြူခိုးများ၊ လျှို့ဝှက်လက်နက်များနှင့် အနီရောင် ကူအဆိပ်ပိုးကောင်များကို ထုတ်လွှတ်လိုက်သည်။ သူက သန့်စင်သော အနီရောင်လက်ဝါးနှင့်ပင် တိုက်ခိုက်ခဲ့သေး၏။
မုန့်ချီက တည်ငြိမ်စွာရပ်နေပြီး ပိုးကောင်များကို ကိုက်ခွင့်ပေးခဲ့သည်။ လက်နက်များကို ထိခိုက်ခွင့်ပေးခဲ့ပြီး အဆိပ်မြူခိုးများကို ဝါးမြိုခွင့်ပေးခဲ့၏။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"ရွှေရောင်ခြင်တွေက ချီစွမ်းအားကို စုပ်ယူနိုင်တယ်။ ငွေရောင်ခြင်တွေက ရောဂါကို ဖြန့်ဝေနိုင်တယ်။ အဆိပ်ဖားက အဆိပ်ရည်တွေ ထိုးသွင်းနိုင်တယ်။ လက်ဝါးရိုက်ချက်က လူတစ်ယောက်ရဲ့သွေးကို ဆူပွက်လာစေပြီး အရေပြားကို တိုက်စားနိုင်တဲ့ အကျိုးသက်ရောက်မှုရှိတယ်…"
မုန့်ချီက အရသာရှိသော အစားအစာများကို အရသာခံနေသည့်အလား မှတ်ချက်ပေးနေသည်ကို ကြားသည့်အခါ အနီဝတ်လူ၏စိတ်ထဲတွင် အကြောက်တရားများ ပေါ်လာခဲ့သည်။ သူ တွေ့နေသည်မှာ သူ၏ပြိုင်ဘက်မဟုတ်သော အစစ်အမှန်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသွားခဲ့၏။
အလွန်ကြောက်လန့်သွားသည့်အတွက် သူက လူသားအရေခွံ(၉)ခုကို သူ့ဆီသို့ ပစ်လိုက်သည်။လူသားအရေခွံတစ်ခုချင်းဆီက သွေးသံရဲရဲဖြစ်နေပြီး သူတို့က မကောင်းဆိုးဝါးဝိညာဉ်များကဲ့သို့ မုန့်ချီဆီကို ခုန်ဝင်သွားကြ၏။ ထိုအရေပြားများက မုန့်ချီကို တိုက်ခိုက်ခဲ့သော်လည်း ရွှေရောင်အလင်းတန်းများကြောင့် သူတို့က အသုံးမဝင်ခဲ့ပေ။
သွေးဝတ်ရုံအဖွဲ့အစည်း၏ ပင်မကျင့်စဉ်ကပင် အသုံးမဝင်ကြောင်းမြင်လိုက်ရသည့်အခါ ပိန်ပိန်ပါးပါးနှင့်လူက အလွန်အမင်းကို အန္တရာယ်များနေကြောင်း ခံစားမိခဲ့သည်။
"ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က သွေးဝတ်ရုံအဖွဲ့အစည်းကိုလာပြီး ဖျက်ဆီးရဲရတာလဲ…"
သူက ဘယ်ဘက်လက်မကို လှုပ်ရှားလိုက်ပြီး သူ့ဆရာ လက်ဆင့်ကမ်းထားသော အသက်ကယ်နည်းလမ်းကို အသုံးပြုလိုက်သည်။ လက်မက အဖြူရောင်မြူခိုးများအဖြစ် ပျက်စီးသွားခဲ့ပြီးနောက် အဆိပ်မြူခိုးများနှင့် ရောနှော၍ မုန့်ချီ၏နှာခေါင်းထဲသို့ ဝင်သွားခဲ့၏။
"အောင်မြင်သွားပြီ…"
ပိန်ပိန်ပါးပါးနှင့် လူ၏မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လာခဲ့သည်။
ထိုမြူခိုးများက သွေးဝတ်ရုံအဖွဲ့အစည်းတွင် နာမည်ကျော်ကြားသော အဆိပ်ပိုးကောင်မြူခိုးဟု ခေါ်သည်။ ထိုအရာက နှာခေါင်းမှတဆင့် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ဝင်သွားနိုင်ပြီး သူ့ကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်နိုင်သည်။ ခန္ဓာကိုယ်၏ အတွင်းထဲကို ရောက်သွားသည်နှင့် ထိုပိုးကောင်များက လျင်မြန်စွာ မျိုးပွားလာကြပြီး ဖြေရှင်းရန် အလွန်ခက်ခဲလာခဲ့၏။ ဝေ့ကျင်းအဆင့် ပညာရှင်များကပင် အသက်ရှင်နိုင်ခြင်း မရှိချေ။
သို့သော် ပစ်မှတ်က မူမမှန်သည့်အရာများကို သတိမထားမိဘဲ မြူခိုးများထဲတွင် အသက်ရှူနေရန် လိုအပ်သည်။ အဖြူဝတ်ဓားသမားကတော့ မြူခိုးထဲတွင် အသက်ရှူနေခဲ့၏။ မုန့်ချီက နောက်ထပ်(၂)ကြိမ်ခန့် အသက်ရှူလိုက်ပြီနောက် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"အရသာခါးတဲ့ မြူခိုးလိုအရာတွေ။ စားလို့လည်းမကောင်းဘူး…"
"စားလို့မကောင်းဘူးလား…"
ပိန်ပိန်ပါးပါးလူက မျက်လုံးပြူးသွားခဲ့သည်။
အနီဝတ်လူကတော့ ပို၍ပင် ကြောက်လန့်သွားပုံရပြီး နောက်ကိုဒယိမ်းဒယိုင်နှင့် ပြန်ဆုတ်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူက မျက်နှာပျက်ပျက်နှင့် ရယ်လိုက်၏။ "သွားသေလိုက်စမ်း…"
အလင်းတန်းများ ထွက်ပေါ်လာပြီး သူက ဝင်္ကပါကို အသက်သွင်းလိုက်သည်။ သူက ကျောက်တိုင်ဆီသို့ ပြန်ဆုတ်သွားခဲ့ပြီး တဲ၏ဝင်္ကပါကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အစိမ်းရောင်နှင့် အနီရောင်မြူခိုးများက တဲတစ်ခုလုံး ပြည့်နှက်သွားခဲ့၏။
တစ်ချိန်တည်းတွင် မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူက ထိုဓား၏လှုပ်ရှားမှုနှင့် တည်ရှိမှုကိုပင် မခံစားမိတော့ချေ။
"ဖျောက် ဖျောက် ဖျောက် ..."
ကူအဆိပ်ပိုးကောင်များက တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားကြသည်။
သူတို့၏ နောက်ဘက်တွင် ရှိနေသော တပည့်များကလည်း နဖူးတွင် ဓားဒဏ်ရာ တစ်ခုနှင့်အတူ လဲကျသွားကြ၏။ အနီဝတ်လူကတော့ လှုပ်ရှားနေသော ဓားဆန္ဒကိုသာ ခံစားမိခဲ့ပြီး ဓားနှင့် ဓားအလင်းရောင်ကို လုံးဝမမြင်ကြပေ။
"ချွမ် ..."
နောက်ဆုံးတွင်တော့ သူက ဓားတစ်လက်ကိုမြင်လိုက်ရ၏။ ထိုအရာက လောင်ကျွမ်းနေသော ကျောက်စိမ်းတစ်ခုကဲ့သို့ဖြစ်နေသည်။ ဓားက ဓားအိမ်ထဲသို့ ပြန်ရောက်သွားခဲ့၏။
“အနည်းဆုံးဝေ့ကျင်းတစ်ဝက်အဆင့် … အများဆုံးဝေ့ကျင်းအဆင့်ပဲ…”
သူက တစ်ယောက်တည်းသာ အသက်ရှင်နေကြောင်း နားလည်သွားသည့်အချိန်တွင် အနီဝတ်လူက ရူးသွပ်စွာ အံကြိတ်လိုက်မိသည်။
"မလာနဲ့။ ဒီနေရာကို မလာခဲ့နဲ့။ ငါ့ဆီမှာ ဂိုဏ်းခွဲကို ဆက်သွယ်နိုင်တဲ့ ပစ္စည်းတစ်ခု ရှိတယ်။ တကယ်လို့ ငါသာ အဲဒီအရာကို နှိပ်လိုက်မယ်ဆိုရင် မီးတောက်တွေ ချက်ချင်းပေါ်လာမှာ။ ပြီးရင် ဝေ့ကျင်းအဆင့်ပညာရှင်တွေ ရောက်လာမှာဆိုတော့ မင်းက ထွက်ပြေးဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ မင်းက မြန်မြန်ပြေးနိုင်တယ်ဆိုရင်တောင် ကူအဆိပ်ပိုးကောင်တွေ၊ ဝိညာဉ်တွေထက် ပိုပြီးတော့မြန်မှာ မဟုတ်ဘူး။ မင်းက တောင်ပိုင်းဖုန်းဆိုးမြေထဲမှာ ဆက်ပြီးတော့ အသက်မရှင်နိုင်တော့ဘူး…"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နီရဲနေသော မျက်လုံးများနှင့် မုန့်ချီကို ခြိမ်းခြောက်လိုက်သည်။
"တကယ်လို့ မင်းက ငါ့ကိုအလွတ်ပေးမယ်ဆိုရင်တော့ ငါက ဒီအရာတွေအားလုံးကို မဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ ပြီးရင် တောရိုင်းတိရစ္ဆာန်တွေလုပ်သွားတယ်လို့ ပြောလိုက်မယ်…"
မုန့်ချီက ဓားလက်ကိုင်ကို ညာဘက်လက်နှင့်ပုတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဒီပစ္စည်းက ဂိုဏ်းခွဲနဲ့ ဆက်သွယ်နိုင်တယ်လို့ ပြောချင်တာလား…"
"ဟုတ်တယ်…"
ကြောက်စရာကောင်းသောပြိုင်ဘက်ကို သတိထားမိသည့်အခါ အနီဝတ်လူက ဆက်ပြောလိုက်သည်။
"တကယ်လို့ ငါသာ ဒီခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် ဂိုဏ်းခွဲခေါင်းဆောင်က ငါ့ကို လာကယ်လိမ့်မယ်။ သူက အစွမ်းထက်ပြီး ကြောက်စရာကောင်းတယ်။ မင်းက အခုကြောက်သွားပြီ မဟုတ်လား…”
“ငါ မင်းကိုကူညီပေးမယ်…"
မုန့်ချီက ညာဘက်လက်ကို လှုပ်ရှားလိုက်ရာ အလင်းတန်းလေးတစ်ခုက ကျောက်တိုင်ကို ထိသွားခဲ့သည်။ ရုတ်တရက်ဆိုသလို အနီရောင်မီးတောက်များ ထွက်ပေါ်လာပြီး ထိုအလင်းတန်းကို အဝေးမှပင် တွေ့မြင်နိုင်သည်။
အနီဝတ်လူ၏အသံက ရပ်တန့်သွားခဲ့ပြီး မုန့်ချီကို အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေခဲ့၏။
“သူက သွေးဝတ်ရုံအဖွဲ့အစည်းကို လုံးဝမကြောက်တာလား။ ဒါမှမဟုတ် သေချင်နေတာလား…”
ဓားဆန္ဒများက အနီဝတ်လူ၏ ဝိညာဉ်နယ်ပယ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ချီစွမ်းအင်များကို လုံးဝဖျက်ဆီးပစ်လိုက်သည်။ လူသားအရေခွံ(၉)ခုကလည်း ထိန်းချုပ်မှု လွတ်မြောက်သွားသည့်အတွက် အမုန်းတရားများနှင့်အတူ ထိုလူဆီကို တိုက်ခိုက်လိုက်ကြသည်။
အနီဝတ်လူက လူသားအရေခွံအလွှာများ၏ ဝိုင်းအုပ်ခြင်းကိုခံထားရပြီး ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့သည်။ သူက ကျယ်လောင်စွာအော်ဟစ်နေသော်လည်း တဖြည်းဖြည်းနှင့် သေဆုံးသွားခဲ့ပြီး လူသားအရေခွံတစ်ခုတည်းသာ ကျန်နေတော့၏။
……………..
သိပ်မကြာခင် သွေးရောင်လူရိပ်တစ်ခုက အလွန်ကြောက်စရာကောင်းသော အရှိန်အဝါနှင့် ပျံသန်းလာခဲ့သည့်အတွက် အနီးအနားတွင် ရှိနေသော တောရိုင်းတိရစ္ဆာန်များကပင် ကြောက်လန့်မှုကြောင့် တိတ်ဆိတ်နေကြသည်။ သူက သူ၏စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး မြို့ထဲကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ထူးဆန်းသည့်လူတစ်ယောက်ကိုမျှ သတိမထားမိခဲ့ပေ။
"ပြေးရဲသေးတာလား…"
သွေးဝတ်ရုံအဖွဲ့အစည်း၏ ဂိုဏ်းခွဲခေါင်းဆောင်က အော်ဟစ်လိုက်သည်။ သူက ခြေရာလက်ရာများကိုခြေရာခံပြီး ထိုလူ၏နောက်ကို လိုက်ရန်ပြင်လိုက်သည်။
သို့သော် သူနှင့်မလှမ်းမကမ်းတွင် အဖြူဝတ်ဓားသမားတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် သူ့ခန္ဓာကိုယ်က အေးစက်သွားခဲ့၏။ သူ၏မျက်လုံးများက အလွန်နက်ရှိုင်းနေခဲ့သည်။
"သူက ဘယ်အချိန်တုန်းက ငါ့အနားကို ရောက်လာတာလဲ။ မဟုတ်သေးဘူး။ သူက ဒီမှာတစ်ချိန်လုံး ရှိနေတာပဲ။ ငါ့ရဲ့ရှာဖွေမှုကို ဘယ်လိုရှောင်ခဲ့တာလဲ…"
ခေါင်းဆောင်က ထွက်ပြေးချင်နေသော်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများကြောင့် အလျင်စလို နောက်ဆုတ်ခြင်းက အမှားပိုများနိုင်ကြောင်း သိနေခဲ့သည်။
ထို့ကြောင့် သူက လက်ဝါး(၂)ဖက်ကို မြှောက်လိုက်ပြီး မုန့်ချီကို လက်ဝါးလှိုင်းလုံးများနှင့် တိုက်ခိုက်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်က သွေးရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လှိုင်းလုံးများနှင့်အတူ ခုန်ဝင်သွားခဲ့သည်။ ထိုလှိုင်းလုံးများက အယောင်ပြသာဖြစ်ပြီး သူကိုယ်တိုင်ကသာ သတ်ဖြတ်ရေးသိုင်းကွက်ဖြစ်သည်။
မုန့်ချီက သူ့ဓားကို ဆွဲမထုတ်ခဲ့ဘဲ သူ့ဆီသို့ ခုန်ဝင်လာသော သွေးအရိပ်ကို စိုက်ကြည့်နေခဲ့သည်။
"အောင်မြင်သွားပြီ…"
ခေါင်းဆောင်က ကျေနပ်သွားသော်လည်း တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူက သွေးအဆီအနှစ်နှင့် သွေးကြောအနည်းငယ်ကိုပင် ဖမ်းဆုပ်မိခဲ့ခြင်း မရှိချေ။
"သွေးအရိပ်က သူ့ကိုလူသားအရေခွံဖြစ်သွားအောင် လုပ်ပေးသင့်တာမဟုတ်လား…”
"ဒါဆိုရင် ဒါတွေက သွေးနတ်ဘုရားကျင့်စဉ်နဲ့ သွေးပင်လယ်မှော်အစွမ်းတွေလား…"
မုန့်ချီ၏အရေပြားဆီမှ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ခေါင်းဆောင်ကို မေးလိုက်သည်။
ခေါင်းဆောင်ကတော့ စိုးရိမ်သွားခဲ့ပြီး ထွက်ပြေးရန်ပြင်လိုက်စဉ် နေလုံးကြီးတစ်ခုကဲ့သို့ တောက်ပသော ဓားအလင်းတန်းကို မြင်လိုက်ရသည်။ နေရောင်ခြည်များကလည်း ပတ်ပတ်လည်တွင် တောက်ပလာခဲ့၏။ နေလုံးကြီးက အရှေ့ဘက်တွင် ထွက်ပေါ်လာပြီး ပင်လယ်ကြီးက ဆူပွက်၍ သွေးအရိပ်များက အရည်ပျော်ကျသွားခဲ့သည်။
ခေါင်းဆောင်၏ပင်မဝိညာဉ်က သူ၏လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး ထွက်ပြေးတော့မည့်အချိန်တွင် သူ့ရှေ့၌ ရပ်နေသော အဖြူဝတ်ဓားသမားကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးများက အေးစက်နေပြီး ဤကမ္ဘာကြီးကို စောင့်ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရ၏။
"လှုပ်ရှားမှုကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်…"
………….
ပိုးကောင်များနှင့် အဆိပ်မြူခိုးများပြည့်နှက်နေသော တောင်ထိပ်တစ်ခုပေါ်တွင်..
စိတ်ဝိညာဉ်မီးအိမ်တစ်ခုက ရုတ်တရက်ငြိမ်းသွားခဲ့၏။ မြွေငယ်လေးများကဲ့သို့ ဆံပင်ဖြူများ ရှိနေသော အဘိုးအိုက ဒေါသတကြီး မျက်လုံးဖွင့်လိုက်သည်။
"ဘယ်သူက သွေးဝတ်ရုံအဖွဲ့အစည်းရဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို သတ်ရဲတာလဲ…"
သူက စိတ်ဝိညာဉ်မီးအိမ်ကို စစ်ဆေးကြည့်လိုက်ပြီး သူ၏လက်ဖဝါးပေါ်တွင် လက်ဝါးအရွယ်အစားခန့်ရှိသော (၅)ရောင်ခြယ် ကူအဆိပ်ပိုးကောင်တစ်ကောင် ပေါ်လာခဲ့သည်။ သူ့ဆီတွင် ထက်မြတ်သော သွားများနှင့်အတောင်ပံ(၁၀)စုံ ရှိနေသည်။ ကူအဆိပ်ပိုးကောင်က စိတ်ဝိညာဉ်မီးအိမ်တစ်ခုလုံးကို ဝါးမြိုသွားခဲ့၏။ ထို့နောက် အလင်းတန်းတစ်ခု ထုတ်ပေးပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။
အဘိုးအိုက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူ၏အရေပြားအောက်မှနေ၍ ပိုးကောင်မြောက်မြားစွာ ထွက်လာခဲ့၏။ သူက သွေးဝတ်ရုံအဖွဲ့အစည်း၏ တိုင်ရှန်အကြီးအကဲဖြစ်ပြီး မြေပြင်မှတ်တမ်းတွင် အဆင့်(၁၁၇)ဖြစ်သည့် ပိုးကောင်ဘိုးဘေး ဖြစ်သည်။
"ငါ မင်းကို ရှာတွေ့တဲ့အချိန်ကျရင် မင်းသေပြီသာမှတ်…"
သူက အလင်းတန်းတစ်ခုအဖြစ် ပျံသန်းသွားခဲ့ပြီး ပိုးကောင်၏နောက်ကိုလိုက်ကာ တောင်ပေါ်မှ ဆင်းသွားခဲ့သည်။
…………
မုန့်ချီက လက်ထဲတွင် ရေလှိုင်းမီးတောက်ဓားကိုကိုင်ပြီး မြွေရှည်တောင်တန်းဆီသို့ ပျံသန်းသွားခဲ့၏။ သူက သူ၏ခြေရာလက်ရာများကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ ထိုသို့ဆိုလျှင် သွေးဝတ်ရုံအဖွဲ့အစည်းမှ ပညာရှင်များက သူ့ကို ရှာတွေ့နိုင်ပြီး သွေးပင်လယ်ယက္ခကို မျှားခေါ်နိုင်ပါလိမ့်မည်။
Translated by Hein Htet.