← Chapters

အခန်း (၇၀၅)

Vol. 47 Ch. 705

အခန်း (၇၀၅)

Vol. 47 Ch. 705

တိတ်ဆိတ်နေသော ညအချိန်တွင် တောင်တန်းကြီးက ဖြည်းညင်းစွာ ရွေ့လျားနေသော မြွေကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ အကြိမ်အနည်းငယ် လှည့်ပတ်သွားလာခဲ့ပြီးနောက် တောင်တန်း၏ ဦးခေါင်းနှင့်အမြှီးက တဆက်တည်းဖြစ်သွားသလို နေရာမျိုးကို ရောက်လာခဲ့သည်။ သို့သော် ခန္ဓာကိုယ်ထဲတွင် အလွန်ကြီးမားသော အပေါက်ကြီးတစ်ခု ရှိနေသလို အလွန်နက်ရှိုင်းသော တောင်ကြားကြီးတစ်ခု ဖြစ်နေခဲ့သည်။

ဟိုးယခင် ထာဝရမျိုးနွယ်စုက ဤနေရာတွင် နေကြ၏။ ထို့ကြောင့် ဤနေရာကို ထာဝရတောင်ကြားဟု ခေါ်ကြသည်။ ထာဝရတောင်ကြားထဲမှနေ၍ သွေးရောင်မြူခိုးများ လွင့်မျောလာကြပြီး မက်မွန်ပွင့်မြူခိုး၊ အဆိပ်တစ်ထောင်မြူခိုး၊ သေမင်းသစ်ရွက်မြူခိုးများနှင့် ပေါင်းစပ်နေခဲ့သည်။ ငှက်များက ထိုအရာကို ပတ်၍ ပျံသန်းနေကြပြီး မှော်သားရဲများကလည်း အဆိပ်ရှိသော နေရာကို စားကျက်အဖြစ် လုပ်ဆောင်ခြင်းမှ ရှောင်တိမ်းနေကြသည်။

မြူများ၊ အဆိပ်မြူခိုးများက မုန့်ချီ၏ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကို အားနည်းသွားစေခဲ့သည့်အတွက် သူလည်း လေထဲမှ ဆင်းလာပြီး တောင်ကြားအဝတွင် ရှိနေသော ရွှံ့မြေကြီးပေါ်တွင် နင်းလာခဲ့သည်။

သူက အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး လက်ထဲတွင် ဓားတစ်လက်ကိုကိုင်၍ လှပစွာ လျှောက်လှမ်းလာခဲ့၏။ တောင်ကြားထဲကိုကြည့်ပြီး တောင်ကြား၏အတွင်းထဲတွင် မြူခိုးများ၊ အဆိပ်မြူခိုးများ ရှိနေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။

ထိုတောင်ကြား၏ လေထဲတွင်တော့ သူတို့က တစစီပျက်စီးနေပြီး အောက်ထဲကိုတော့ ကျလာခဲ့ခြင်း မရှိချေ။ အောက်ဖက်တွင် ရှိနေသော မုန့်ချီ၏ပုံစံက သွက်လက်ပေါ့ပါးနေသော်လည်း တစ်နေရာထဲကို အာရုံစိုက်ထားခဲ့၏။ သူက တောင်ကြားထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့ရာ ထိုအရာက သွေးနှင့် ဆေးကြောထားသလို ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထိုနေရာတွင် ထူးဆန်းသော ကျောက်တုံးများနှင့် နက်ရှိုင်းသော တွင်းများအပြင် လူသားမျိုးနွယ်စု၏ အရိပ်အယောင် လုံးဝမရှိချေ။ ထိုအစား နေရာတိုင်းတွင် အနီရောင် သွေးစီးကြောင်းများသာ ပြည့်နှက်နေသည့်အတွက် အနီရောင် ဆေးဆိုးထားသလို ဖြစ်နေခဲ့သည်။

“သွေးပင်လယ်ယက္ခက ထာဝရတောင်ကြားတစ်ခုလုံးကို မြေလှန်ပစ်လိုက်တာပဲ၊ ခြေရာလက်ရာတစ်စက်မှတောင် ချန်မထားခဲ့ဘူး…”

မုန့်ချီက တစ်စုံတစ်ခုကို နားလည်သွားသလို ထင်မှတ်ရသည်။ ရုတ်တရက်ဆိုသလို သူက မျက်မှောင်ကြုတ်လိုက်မိ၏။

သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော သုံးဘဝကျောင်းဆောင်ကို ရုတ်တရက် တွေးမိသွားခဲ့သည်။ အကယ်၍ ကူရှောင်စန်း ပြောသည့်စကားကသာ အမှန်ဆိုလျှင် ကောင်းကင်(၉)သွယ် ပျက်စီးသည့်အချိန်၌ သုံးဘဝကျောင်းဆောင်က အကောင်းအတိုင်းသာ ရှိနေသေးသည်။ သို့သော် နောက်ပိုင်းနှစ်တွင် ရောက်လာသော လူတစ်ယောက်က အတိတ်ခန်းမနှင့် ထာဝရခန်းမတို့ကို ဖျက်စီးပစ်ခဲ့သည်။

ထို့နောက် နေနတ်ဘုရားက အတိတ်တွင် ပုန်းအောင်းနေခြင်းဖြစ်နိုင်ပြီး သို့မဟုတ် သူက သုံးဘဝကျောင်းဆောင်ထဲသို့ တခြားလူများရောက်လာပြီး ရတနာရှာဖွေလိုက်မည်ဆိုလျှင် သူ၏အစီအစဉ်ကို ပျက်စီးသွားနိုင်သည့်အတွက် ဖျက်စီးလိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ရှုပ်ထွေးမှုတစ်ခု ပေါ်လာခဲ့၏။ သွေးပင်လယ်ယက္ခက ယခုမှဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း ထာဝရတောင်ကြားနှင့် ပတ်သက်သော သဲလွန်စများအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။

အတိတ်ခန်းမနှင့် ထာဝရခန်းမအပျက်အစီးများထဲတွင် ထိုကဲ့သို့ အပိုင်းအစများ၊ အပျက်အစီးများ ကျန်နေရန် ဖြစ်နိုင်မည်လော။ အကယ်၍ နေနတ်ဘုရားကသာ ထိုသဲလွန်စများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့မည်ဆိုလျှင် ဘာကြောင့် ပစ္စုပ္ပန်ခန်းမကိုရော မဖျက်စီးဘဲ ထားခဲ့ရသနည်း။ ထိုသို့ဆိုလျှင် သူနှင့် ကူရှောင်စန်းတို့က ထွက်သွားရမည်ဖြစ်ပြီး သူ၏အစီအစဉ်ကိုလည်း နှောင့်ယှက်နိုင်တော့မည် မဟုတ်ချေ။

“တစ်ယောက်ယောက်က ကျောင်းဆောင်ကို ဖျက်စီးပစ်တယ်..။ သူရဲ့ရည်ရွယ်ချက်ကလည်း မသိရဘူး….”

မုန့်ချီကတော့ မသိခြင်းများစွာထဲတွင် အမှန်တရားကို မရှာနိုင်ခဲ့ပေ။

ကူရှောင်စန်းက သူ့ထက် ပို၍သိနေသော်လည်း သူမကတော့ သတင်းတစ်ခုမျှမပြောဘဲ နှုတ်ဆိတ်ပြီး နေခဲ့သည်။

“ဒီနတ်ဆိုးမက ဘာတွေစဉ်းစားနေတာများလဲ...”

မုန့်ချီက သူ့အတွေးများကို ထိန်းချုပ်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ကျိက မိုးကြိုးနတ်ဘုရားတံဆိပ်ကို မဖျက်နိုင်ဘူး၊ ငါတို့ရောက်လာပြီးမှပဲ သူက အဲဒီအရာကို ဖွင့်နိုင်တာ၊ ကြည့်ရတာတော့ အတိတ်ခန်းမထဲက ပျက်စီးမှုတွေက နေနတ်ဘုရား ရောက်လာတယ်လို့ပဲ တွက်ချက်နိုင်လိမ့်မယ်….”

တစ်ယောက်တည်း အတွေးများနေသည့်အချိန်တွင် မုန့်ချီကတော့ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။

“နောက်ထပ် ထာဝရရှင်သန်ခြင်း လမ်းရှာတဲ့ လူတစ်ယောက် ရောက်လာပြီပဲ...” ထိုအရာက နောက်ပြောင်တဲ့လေသံနှင့် ဖြစ်သည်။

မုန့်ချီက မော့ကြည့်လိုက်ရာ မြူခိုးများထဲတွင် အသက် (၁၅) နှစ်၊ (၁၆) နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက သွေးရောင်တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ရောင်စုံဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။

သူမ၏မျက်နှာက ကလေးဆန်ပြီး မျက်လုံးများက ဖြူစင်သည်။ သို့သော် သူမက မွန်းတည့်ချိန်တွင် ရှိနေသော နေမင်းကြီးကဲ့သို့ ရင့်ကျက်သော အငွေ့အသက်တစ်ခုရှိနေသည်။ သူမက ထင်ထားသည်ထက်ပို၍ အသက်ကြီးပုံရ၏။

မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။

“ဒီနေရာကို လူတော်တော်များများက အဲဒီအရာကြောင့် ရောက်လာကြတာလား….”

လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးက ရုတ်တရက် ပျံသန်းလာခဲ့သည်။ သူမ၏ခန္ဓာကိုယ်လေးကလည်း ကလေးဆန်သော မျက်နှာလေးနှင့် လိုက်ဖက်နေသည်။ သူမက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။

“ဧည့်သည်တွေကတော့ မကြာခဏ ရောက်လာတတ်တယ်၊ ဒါပေမဲ့ သူတို့တွေက သေဖို့အချိန်ကို စောင့်နေကြတဲ့ အဘိုးကြီးတွေပဲ။ အနည်းစုလောက်ကပဲ ရှင့်လို ကျန်းမာတဲ့လူတွေ ဖြစ်ကြတယ်...”

သူမက စကားမပြောရသည်မှာ အတော်လေးကြာပုံရသည်။ ထို့ကြောင့် မုန့်ချီနှင့် အေးအေးဆေးဆေး စကားပြောနေခဲ့၏။

“သူတို့က ဘာတွေ တွေ့သွားကြလဲ...”

ထိုမိန်းကလေးက အလွန်စကားများကြောင်း ခံစားမိသည့်အခါ မုန့်ချီက တည့်တည့်သာ မေးလိုက်သည်။

ထိုမိန်းမပျိုက နှုတ်ခမ်းစူလိုက်၏။

“ဒါက လူတစ်ယောက်ကို မေးသင့်တဲ့အရာလား၊ ဒီလိုအပြုအမူမျိုးကို အလယ်ကုန်းမြေကြီးထဲမှာ တွေ့နိုင်လို့လား...”

မုန့်ချီက မတောင်းပန်နိုင်သေးခင် သူမက ဆက်ပြောလိုက်သည်။

“သေပြီးသွားရင် အကြိမ်ကြိမ် ပြန်ဝင်စားနိုင်တဲ့အရာကို စိတ်မဝင်စားတဲ့လူ ရှိလို့လား၊ ကျွန်မတို့ရဲ့ ခက်ခက်ခဲခဲ ကျင့်ကြံမှုတွေအားလုံးက နောက်ဆုံးမှာ လွတ်လွတ်လပ်လပ် သေဖို့ပဲလား….”

ထိုစကားများကို ပြောလိုက်ပြီးနောက် သူမက တောင်ပိုင်းဖုန်းဆိုးမြေထဲတွင် ရှိနေသော မျိုးနွယ်စုမှ မိန်းကလေးများအတိုင်း ပြုံးလိုက်သည်။

“ထာဝရမျိုးနွယ်စုက သွေးဝတ်ရုံအဖွဲ့အစည်း ရှင်းပစ်တာကို ခံခဲ့ရပြီး ထာဝရတောင်ကြားက ဖျက်စီးခံလိုက်ရတယ်၊ ဒါပေမဲ့ ထာဝရရှင်သန်ခြင်းမျိုးနွယ်စုရဲ့ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တွေက သူတို့ဆီမှာရှိတာမဟုတ်ဘဲ ထာဝရတောင်ကြားရဲ့ ထူးခြားတဲ့သဘာဝထဲမှာ ရှိတာလို့ တချို့က သံသယဝင်နေကြသေးတယ်၊ ဒါကြောင့် ပညာရှင်တွေ တော်တော်များများက ပြန်လည်ဝင်စားဖို့ကို ဆုတောင်းပြီး ဒီနေရာမှာ မြေမြုပ်တတ်ကြတယ်လေ...”

“အသက်ငယ်ငယ်လေးနဲ့ မင်းကရော ဒီမှာမြေမြှုပ်ဖို့တော့ မဟုတ်ဘူးမလား...”

မုန့်ချီက ဘယ်ဖက်လက်ထဲတွင် ဓားကိုကိုင်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ သူ့ပုံစံက ချန်းပေ့ရွမ်းကဲ့သို့ ထင်မှတ်ရသော်လည်း သူကတော့ စကားပြောချင်စိတ်ကို ထိန်းထားနိုင်ခြင်း မရှိသည့်အတွက် အစ်ကိုချီကဲ့သို့သာ လုပ်ဆောင်ခဲ့ရသည်။

မိန်းမပျိုက တောင်ကြားထဲသို့ဝင်သွားပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျွန်မက နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သေးတယ်၊ ဘာလို့ ကျွန်မက အဲဒီလိုလုပ်ရမှာလဲ...”

သူမကတော့ ဤနေရာတွင် လုပ်နေသည့်အရာများကို မပြောခဲ့ပေ။

ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး သွေးရောင်မြေကြီးများပေါ်တွင် ဖုံးအုပ်ထားသည့် ခြေရာလက်ရာအသစ်များစွာကို တွေ့သည့်အခါ မုန့်ချီက နားလည်သွားခဲ့သည်။ ထိုတောင်ကြားထဲကို ထိုးဖောက်လာသော လေကပို၍ပင် ကြောက်စရာကောင်းလှသည်။

သူက ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။

“မင်းက ဒီနေရာကို အုတ်ဂူတူးဖို့ ရောက်လာတာပဲ...”

“ရှင်က ဘာလို့ ယဉ်ယဉ်ကျေးကျေး မပြောနိုင်ရတာလဲ၊ အုတ်ဂူဖောက်တာ နားလည်ရဲ့လား၊ အုတ်ဂူဖောက်တာက အုတ်ဂူတူးတာနဲ့မတူဘူး...”

မုန့်ချီက ဤနေရာတွင် သူ့ကိုယ်သူ မြေမြှုပ်ရန် ရောက်လာခြင်းမဟုတ်ကြောင်း မြင်လိုက်ရသည့်အခါ သူမက စကားလုံးများကို ပြန်လည်ပြင်ဆင်ပြီး ပြောလိုက်သည်။ သူမက ပြုံးလိုက်၏။

“အဲဒီအဘိုးကြီးတွေက အသက်ရှင်နေတာ အရမ်းကိုကြာနေပြီ၊ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရတနာတွေမရှိဘဲ နေပါ့မလား၊ ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ သူတို့သာ လူဝင်စားနိုင်မယ်ဆိုရင် လူဝင်စားပြီးနေလောက်ပြီ၊ သူတို့ လုံးဝသေသွားပြီးရင် သူတို့အုတ်ဂူကို နှောင့်ယှက်တာကလည်း သူတို့ကို ဘာမှမသက်ရောက်စေနိုင်တော့ဘူး၊ ဘာလို့ကျွန်မတို့က ဒီရတနာတွေကို မြေအောက်ထဲမှာ ထာဝရထားပစ်ခဲ့ရမှာလဲ...”

“သူက ကျင်းအင်ပါယာမှာရှိတဲ့ လူတွေရဲ့ အကျင့်စရိုက်အတိုင်း ပြောနေတာပဲ၊ သူက အဲဒီက ရောက်လာတာလား၊ ဒါမှမဟုတ် အဲဒီမှာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ရှိနေတာလား ...”

မုန့်ချီကတော့ သူ၏အတွေးများကို ဖယ်ရှားပြီး ပြောလိုက်သည်။

“သူတို့က အကာအကွယ် မှော်အစွမ်းတွေ၊ ကျိန်စာတွေ၊ ထောင်ချောက်တွေ မထားခဲ့ဘူးလား...”

သေဆုံးပြီးသွားလျှင် မည်သူကမျှအနှောင့်အယှက်မခံချင်ကြပေ။ အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းမပျိုက လျှာထုတ်ပြီး ပြောလိုက်၏။

“သေချာပေါက် ထားခဲ့တာပေါ့၊ ကျွန်မက အကြိမ်အနည်းငယ်လောက် သေလုမျောပါး ကြုံခဲ့ရတယ်၊ သူတို့တွေထဲက အများစုကတော့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတဲ့ ယန္တရားတွေကိုတောင် တပ်ဆင်ထားကြတယ်၊ ကျွန်မက ဒီမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမဲ့ (၅)ကြိမ်ပဲ အောင်မြင်သေးတယ်...”

သူမက လက်(၅)ချောင်းကို ဂုဏ်ယူစွာ ထောင်ပြလိုက်သည်။ သူမ၏လက်ကလေးများက သူမ၏ခန္ဓာကိုယ်နှင့် အသက်အရွယ်ကဲ့သို့ သေးငယ်လွန်းလှ၏။

မုန့်ချီက သူမဆီသို့ လျှောက်သွားပြီး ထာဝရတောင်ကြားထဲရှိ လေစီးကြောင်းများကို စစ်ဆေးကြည့်နေခဲ့သည်။ ထို့နောက် တောင်နံရံများ၊ တွင်းကြီးများကို လေ့လာကြည့်ရာ ပုန်းနေသော လူတစ်ယောက်မျှမရှိကြောင်း တွေ့လိုက်ရသည်။

“သူတို့ရဲ့အုတ်ဂူကို တစ်ယောက်မှ မစောင့်ဘူးလား...”

မုန့်ချီက ပျော်ပျော်နေတတ်သော မိန်းမပျိုကို စိုက်ကြည့်ပြီး မေးလိုက်သည်။

အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းမပျိုက ပြောလိုက်၏။

“တောင်ပိုင်းဖုန်းဆိုးမြေထဲမှာရှိတဲ့ ပညာရှင်တွေအားလုံးက ကောင်းကောင်း မနေရဘူးလေ၊ သူတို့ရဲ့ဇနီးမယားတွေ၊ ကလေးတွေနဲ့ တပည့်တွေက သူတို့ကို ရှင်းပစ်လိုက်ပြီဆိုရင်တောင် ပျော်နေကြတာ၊ အနည်းစုလောက်ကပဲ (၇)ရက်လောက်ထိ နေကြတယ်၊ တကယ်လို့ ထောင်ချောက်တွေကိုသာ မကြောက်ရင် သူတို့က မိသားစုအုတ်ဂူကို ကိုယ်တိုင်တူးဖော်ကြလိမ့်မယ်...”

သူတို့စကားပြောနေသည့်အချိန်တွင် မုန့်ချီကတော့ အုတ်ဂူဟောင်းကြီးတစ်ခုရှေ့တွင် ထိုင်နေသော လူသန်ကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက အင်္ကျီလက်တိုနှင့် အပြာရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး သူ့ပုံစံက လေးနက်တည်ငြိမ်နေပုံရသည်။ သူက မုန့်ချီနှင့် လျှို့ဝှက်ဆန်းကြယ်သောမိန်းမပျိုတို့ကို မမြင်သလို ထင်ရ၏။

“အဲဒါကရော လူမဟုတ်ဘူးလား...”

မုန့်ချီက ထိုလူကို လှည့်ကြည့်လိုက်သည်။

မိန်းမပျိုက ရယ်လိုက်၏။

“နေရာတိုင်းမှာ ချွင်းချက်ဆိုတာ ရှိတာပဲလေ၊ အဲဒါက တက်လှမ်းခြင်းမျိုးနွယ်စုက တိုင်ရှန်အကြီးအကဲကူရဲ့အုတ်ဂူပဲ၊ မျိုးနွယ်စုတစ်ခုလုံးက သူ့အပေါ် အကြွေးတင်နေတယ်။ ဒါကြောင့် ဝေ့ကျင်းအဆင့် ပညာရှင်တွေက သူ့ရဲ့အုတ်ဂူကို နေ့ရောညပါ စောင့်ကြပ်နေကြတာ .”

တက်လှမ်းခြင်းမျိုးနွယ်စုက တောင်ပိုင်းဖုန်းဆိုးမြေထဲတွင် ရှိနေသော ထိပ်တန်းမျိုးနွယ်စု(၁၀)ခုထဲမှ တစ်ခုဖြစ်သည်။ နတ်ဆရာအကြီးအကဲက သူတို့၏ခေါင်းဆောင်ဖြစ်၏။ သူတို့က ကျင်းအင်ပါယာထဲတွင် ရှိနေသော အလယ်အလတ်ဂိုဏ်းများထက် အားနည်းနေခြင်း မရှိကြပေ။

အကြီးအကဲကူက နှစ်ပေါင်း(၃၀၀)နီးပါးခန့် ရှင်သန်နေခဲ့ပြီး တက်လှမ်းခြင်းမျိုးနွယ်စုကို မရေမတွက်နိုင်သော အန္တရာယ်များထဲမှ ကယ်တင်ထားခဲ့သည်။ ထို့ကြောင့် သူတို့က ယနေ့လို အနေအထားမျိုးထိ လျင်မြန်စွာ တိုးတက်လာခဲ့ရခြင်းဖြစ်သည်။

“အကြီးအကဲကူက သူရဲ့မျိုးနွယ်စုအတွက် အတော်လေးကို ပေးဆပ်ခဲ့တယ်၊ ဒါပေမဲ့ သူမသေသွားခင် အမွေချန်ထားခဲ့ဖို့ ငြင်းဆန်ခဲ့တယ်၊ ဒါကြောင့် တက်လှမ်းခြင်းမျိုးနွယ်စုရဲ့အရင်းအမြစ်တွေက အလဟဿဖြစ်သွားတာပဲ...”

“နှမြောဖို့ ကောင်းလိုက်တာ...”

မုန့်ချီက မှတ်ချက်ပေးလိုက်သည်။

သူ ထိုစကားကို ပြောလိုက်သည့်အချိန်တွင် လူသန်ကြီးက မုန့်ချီကို ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် လျှပ်စီးကြောင်းများ၊ အရိုင်းဆန်သော အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။ သူ့ပုံစံက ဧရာမတောရိုင်းမှော်သားရဲကြီး တစ်ကောင်ကဲ့သို့ ထင်ရသည်။

သူက တောင်ပိုင်းဖုန်းဆိုးမြေ၏ ဘာသာစကားနှင့် ပြောလိုက်၏။

“မင်းသေတဲ့အချိန်ကျမှ အဲဒီစကားကို ပြောနိုင်တယ်...”

ဤကမ္ဘာကြီးထဲတွင် သူရဲကောင်းများ၊ သစ္စာရှင်မည်မျှက စွန့်လွှတ်နိုင်ကြသနည်း။ လူတစ်ယောက်က အသက်ကြီးသွားမှာထက် သေမှာကို ပို၍ကြောက်ကြသည်။

“သူက အားမနည်းဘူးပဲ...”

မုန့်ချီက သိုင်းသခင်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက ထိုလူ၏နောက်ကျောကို ကြည့်ပြီး ပြောလိုက်၏။

“တကယ်လို့ ငါသာ မသေခင် အဲဒီလို လုပ်ခွင့်ရခဲ့မယ်ဆိုရင် အရမ်းကို သနားစရာကောင်းသွားမှာပဲ….”

“ဟွမ်.... ရှင်က တိုက်ပွဲကြောင့် အုတ်ဂူထိခိုက်သွားမှာကို မကြောက်ဘူးလား...”

အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးက ရှေ့သို့ ထွက်လာခဲ့သည်။

တက်လှမ်းခြင်းမျိုးနွယ်စုမှ လူများက သူတို့၏နာမည်ကို စကားလုံးတစ်လုံးတည်းသာ အသုံးပြုခဲ့ကြ၏။ ဟွမ်က ပြန်လှည့်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သို့သော် သူက တောင်ကြီးတစ်တောင်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသေး၏။

မုန့်ချီက သူ့ဆီမှနေ၍ ဖိအားများကို ခံစားမိပုံမရချေ။ ထို့နောက် သူက ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်ခြင်းစွမ်းရည်ကိုသုံးပြီး အရေးပါသောတည်နေရာကို စတင်တွက်ချက်နေခဲ့သည်။

ရှေ့ကို ခြေလှမ်း(၅)လှမ်း လျှောက်ပြီးနောက် သူက သွေးရောင်မြေပြင်၏ရှေ့တွင် ရပ်လိုက်ပြီး ဘယ်ဖက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် မြေသားများ ပျံသန်းလာပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့၏။

“ရှင်က ဘာလုပ်ချင်နေတာလဲ...”

အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းမပျိုက ရှုပ်ထွေးသွားခဲ့သည်။

သူက မိန်းမပျိုကို စိုက်ကြည့်ပြီး ပြောလိုက်၏။

“ခဏလောက် သေကြည့်မလို့ .”

“ဟမ် .”

မိန်းမပျိုက မှင်တက်မိပြီး ရှုပ်ထွေးသွားမိခဲ့သည်။

“ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က ခဏသေလို့ရမှာလဲ...”

သူမ စဉ်းစားနေသည့်အချိန်တွင် မုန့်ချီ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူ့ဆီမှ အသက်စွမ်းအင်များ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သေဆုံးခြင်း ရောက်လာပြီး သူက သရဲတစ်ကောင်၊ ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။

“ရှင်...ရှင်...ရှင်....”

မိန်းမပျိုကတော့ စကားပင် ထစ်သွားခဲ့သည်။

မုန့်ချီက တွင်းထဲတွင် လှဲချလိုက်ပြီး မြေသားများက သူ့ကို ဖုံးလွှမ်းသွားခဲ့၏။ ထာဝရမျိုးနွယ်စုက မသေခင် ပြန်လည်ဝင်စားနိုင်ကြသည်။ အကယ်၍ သူသာ မသေသေးလျှင် သူတို့၏ လျှို့ဝှက်ချက်ကို မည်သို့ ရှာတွေ့နိုင်မည်နည်း။

အရာအားလုံးက မူလအခြေအနေကို ပြန်ရောက်သွားသည့်အချိန်တွင် မုန့်ချီက သူ၏ပင်မဝိညာဉ်နှင့် အသက်စွမ်းအားများကို မျက်ခုံးကြားထဲတွင် ဖုံးကွယ်ထားခဲ့သည်။ သူကတော့ သူ၏အနားတွင် နီးကပ်လာသော ဖရိုဖရဲအခြေအနေများကို ခံစားမိခဲ့ပြီး တစုံတစ်ခုကို ဝိုးတဝါး မြင်လိုက်ရသည်။ သို့သော် ထိုအရာက မည်သည့်အရာဖြစ်ကြောင်း စစ်ဆေးနိုင်ခြင်း မရှိချေ။

“ဒီထဲမှာ တကယ့်ကို ထူးဆန်းတာပဲ...”

ပိန်ပိန်ပါးပါးနှင့် မိန်းမပျိုကတော့ ထိတ်လန့်သွားပြီး အဖြူဝတ်ဓားသမားက အလွယ်တကူ သေသွားနိုင်သည့်အတွက် ရယ်ချင်နေခဲ့သည်။

ထိုအချိန်တွင် ညအိပ်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ပေါ်လာခဲ့၏။ သူက အသက်(၄၀)၊ (၅၀) နီးပါးခန့်ရှိပြီး အရပ်က အတော်အသင့်သာရှိသည်။ သူ၏ရုပ်ရည်ပေါ်တွင် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်သည့် အမူအရာမျိုးရှိသည်။

“တပည့်လေးရူ....

လူတစ်ယောက်ကို အခုပဲမြှုပ်သွားတာလား...”

သူက လက်နှစ်ဖက်ကိုပွတ်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးရူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ဟုတ်တယ် ...”

“ဟား ဟား ဟား ဟား....”

သက်လတ်ပိုင်းအရွယ်လူကြီးက ထိုနေရာအနားကို လျှောက်လာပြီး ရှင်းပြလိုက်သည်။

“ဒါက ချီစွမ်းအင်လှုပ်ရှားမှု၊ ယင်နှင့်ယန်ရဲ့ တည်နေရာလို့ ပြောခဲ့တာ ကြာပြီ၊ ဒါက အပြင်ဖက်မှာရှိတဲ့ မြွေခေါင်းနဲ့ အမြှီးတို့နဲ့ လိုက်လျောညီထွေရှိတယ်၊ ဒါက လျှို့ဝှက်ဆန်းကြယ်မှုတွေရဲ့နေအိမ်ပဲ၊ ဒါကို မြင်နိုင်တဲ့လူတိုင်းက ပုံမှန်မဟုတ်ဘူး၊ သူတို့မှာ သေချာပေါက် အဖိုးတန်ရတနာတွေ ရှိနိုင်တယ်...”

သူက လက်ကို နောက်တစ်ကြိမ် ပွတ်ပြီး မေးလိုက်သည်။

“သူ သေသွားတာ ဘယ်လောက်ကြာပြီလဲ...”

“ခဏပဲ ရှိသေးတယ်...”

မိန်းကလေးရူက သူမ၏ဆရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ခဏပဲ ရှိသေးရင်တော့ ကောင်းတယ်...”

ထို့နောက် သူက ရှေးဟောင်းသစ်သားတုတ်အနည်းငယ်၊ ငွေအပ်ကလေးများ အနည်းငယ်ကို နေရာချလိုက်ပြီး အနီရောင်မျဉ်းကြောင်းများ ဆက်သွယ်လိုက်သည်။ အချိန်တော်တော်ကြာပြီးနောက် သူကစတင်တူးဖော်လိုက်၏။

“ဘာလို့ အကာအကွယ်မှော်အစွမ်းတွေ၊ ကျိန်စာတွေ မရှိရတာလဲ ...”

သူက ညာဖက်လက်ကို ဖြည်းညင်းစွာ လှုပ်ရှားပြီး အလွန်ရှုပ်ထွေးနေခဲ့၏။ ရုတ်တရက်ဆိုသလို သူ၏ညာဖက်လက်က အေးစက်သွားခဲ့ပြီး နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။

ဖြူဖပ်ဖြူရော် လက်တစ်ဖက်က သူ့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့၏။

“သူက ဖုတ်ကောင်အဖြစ် ဒီလောက်မြန်မြန် ပြောင်းလဲသွားတာလား...”

သူက လေထဲသို့ လွင့်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက အုတ်ဂူတူးဖော်နေစဉ် အတောအတွင်း တစ်ဘဝတွင် တစ်ကြိမ်သာ ကြုံရသည့် အတွေ့အကြုံလည်း ဖြစ်လေ၏။

Translated by Hein Htet

All Chapters