← Chapters

မူလယင်ဝိညာဉ် သွေးပြန်ကြော။

Vol. 30 Ch. 349

မူလယင်ဝိညာဉ် သွေးပြန်ကြော။

Vol. 30 Ch. 349

“ မဟာရှက မိုးပြာတိုက်ကြီးရဲ့ ဗဟိုချက်ဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ ပေါများတယ် ...

... သူ့နိုင်ငံဧရိယာတင် မိုင်(၃၀၀၀၀) ကျယ်ဝန်းပြီး ကျင့်ကြံသူတိုင်းအတွက် အတုမဲ့ မြင့်မြတ်မြေပဲ။ ”

စုရီတို့နှစ်ယောက်သည် မဟာကျိုးမှ ထွက်ခွာလာခဲ့သည်မှာ တစ်လနှင့် ခုနစ်ရက် တိုင်သွားပြီ ဖြစ်သည်။

စုရီက ကြိမ်ကုလားထိုင်မှ ထရပ်ကာ တောင်တန်းကြီးထံ မျှော်ကြည့်လိုက်တော့၏။ ယွမ်ဟမ်က တောင့်တသော အကြည့်များဖြင့် စုရီဘေးတွင်ရပ်ကာ ငေးမောနေခဲ့သည်။

“ မဟာရှရဲ့ ထိပ်တန်းဂိုဏ်းကြီး လေးဂိုဏ်းမှာ ... ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးစီ ရှိတယ်။ ”

ထိုဂိုဏ်းကြီး လေးဂိုဏ်းအမည်မှာ ကောင်းကင်ဓားဂိုဏ်း၊ ချင်းရီတာအိုဂိုဏ်း၊ တိမ်နန်းတော်နှင့် မဟာဇင်ဘုံကျောင်းတို့ ဖြစ်သည်။

၎င်းတို့သည် မဟာရှမင်းဆက်၏ ထောက်တိုင်များဖြစ်ကာ မိုးပြာတိုက်ကြီးအပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိချေ၏။

သာမာန်လူများအမြင်တွင် ဤဂိုဏ်းကြီးလေးဂိုဏ်းမှ ကျင့်ကြံသူများသည် နတ်ဘုရားများဖြစ်ချေပြီ။

ထိုဂိုဏ်းကြီးလေးဂိုဏ်းအပြင် နှစ်ပေါင်း (၃၀၀၀၀)ကျော် သက်တမ်း ပိုင်ဆိုင်ထားသည့် မျိုးနွယ်စုကြီး (၃)စုသည်လည်းရှိ၏။ သို့သော် စစ်မှန်သော အုပ်စိုးရှင်သည် တော်ဝင် မိသားစုသာ ဖြစ်သည်။

လက်ရှိ ဧကရာဇ်ရှသည် ထူးခြားသော စွမ်းရည်နှင့် အမြင်အာရုံရှိကာ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ နှစ်များစွာတည်းကပင် ဝိညာဉ်တာအိုနယ်ပယ် ရောက်ရှိခဲ့သည်။

ဤသည်မှာ သာမန်ဖြစ်သည်။ တော်ဝင်မိသားစု၏ အခြေခံအုတ်မြစ်သည်သာ ခိုင်မာမှု မရှိသော် မဟာရှရှိ ဂိုဏ်းကြီးလေးခုကို နှိမ်နင်းနိုင်မည် မဟုတ်ချေ။

“ သွားရအောင် ... ။ ”

“ ဝှစ် ... ။ ”

ထို့နောက်တွင် စကားစမြည်ပြောလျက် လေးယောက်သား တိမ်စပါးအုံးတောင်ပေါ်သို့ ပျံသန်းလိုက်ကြသည်။

တောင်သည် လှိုင်းထနေသော တောင်ထွတ်များစွာဖြင့် အလွန်ခမ်းနားထည်ဝါ နေ၏။ နေရာတိုင်းတွင် စမ်းချောင်းများ၊ ရေတံခွန်များ၊ ထူးဆန်းသော ကျောက်တုံးများ ရှိနေသည်။

“ ဒီတိမ်စပါးအုံးတောင်က တစ်ချိန်က အလွန်အစွမ်းထက်တဲ့ သားရဲတွေ အပါအဝင် တစ္ဆေသရဲတွေ ကျက်စားရာ အရပ်ပဲ ...

... ဒါကြောင့်လည်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ကြတယ် ဒါပေမယ့် ဒီတောင်တန်းမှာ သယံဇာတတွေ ပေါကြွယ်ဝတယ် ... ဝိညာဉ်ရေး ဆေးပင်တွေ အများကြီး ပေါက်ရောက်ပြီး ဝိညာဉ်မိုင်းတွင်းတွေလည်း ရှိတယ် ...

... တောင်ပေါ်မှာ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုရဲ့ အကြွင်းအကျန် နယ်မြေတွေကို ရှာတွေ့ခဲ့ဖူးတယ် ... အဲဒီကနေ သတ္တမတန်း ရွှေပိုးကြာပန်းတစ်ပွင့်ကို ကံကောင်းခဲ့ပြီး အဲဒီလူက လေလံတင်ရောင်းချခဲ့တယ် ...

... တန်ဖိုးအရ ဆဠမတန်း ဝိညာဉ်ကျောက်တုံး ရှစ်ရာအထိ ရရှိသွားတယ် ဒီတောင်တန်းရဲ့ ဗဟိုမှာ အလွန်ကြောက်စရာ ကောင်းတဲ့ စပါးအုံးမြွေကြီးတစ်ကောင် ...

... ပုန်းအောင်းနေပြီး သူ့အသိုက်မှာ ယင်ဝိညာဉ်သွေးပြန်ကြောကြီး ရှိနေတယ်လို့ ကောလဟာလတွေလည်း ပျံ့နှံ့နေတယ်။ ”

ထိုအချက်အလက်ကို ကြားချိန်၌ စုရီတစ်ယောက် စိတ်ဝင်စားသွားပြီး ချက်ချင်း ရပ်လိုက်လေသည်။

“ ဟမ့် ... ဒါသာ အမှန်ဆိုရင် မူလယင်ဝိညာဉ်သွေးပြန်ကြော ဖြစ်ရမယ် ငါတို့ လက်လွတ် မခံသင့်ဘူး။ ”

“ ဒါပေမယ့် ကောလဟာလတစ်ခုပဲ။ ”

လင်းယွင်ဟဲမှ မရေမရာဖြင့် ပြန်ဖြေသည်။

“ ကောလဟာလ ... ဟုတ်-မဟုတ် စမ်းကြည့်ပါရစေ။ ”

စုရီက လေဟာနယ်အတွင်းမှနေပြီး ကြီးမားကျယ်ပြန့်လှသော တောင်တန်းကြီးထံ ငုံ့ကြည့်လျက် တံဆိပ်တစ်ခု ဖန်တီးလိုက်၏။

“ ဝှစ် ... ။ ”

ပေတစ်ထောင်ဧရီယာအတွင်း သဏ္ဍာန်မဲ့စွမ်းအင်တစ်ခု ယှက်သိုင်းလာကာ တံဆိပ်တစ်ခု ဖွဲ့တည်လာ၏။

“ ဟမ့် ... ။ ”

ထို့နောက် စုရီမှ လေထုကိုနင်းလျက် မြင့်မြင့်ပျံတက်သွားစဉ် တံဆိပ်သည် ရောင်စုံ အလင်းများ ဖြန့်ကျဲလာပြီး ပေါက်ကွဲသွားကာ ငှက်တစ်ကောင် ဖြစ်သွားလေသည်။

“ ဖွီး ... ။ ”

အမွေးအတောင်များကို နှုတ်သီးဖြင့် အရင်ဖြီးကာ တောင်ပံဖြန့်လျက် အရပ်ရပ်သို့ စူးစမ်းပြီးနောက် အနောက်မြောက်ဘက်ထံ ဦးတည် ပျံသန်းသွား၏။

အံ့ဖွယ်ကောင်းသော မြင်ကွင်းမျိုး ဖြစ်သောကြောင့် ချင်းယာ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

“ အစ်ကိုစု၊ ဒါက ဘယ်လိုမှော်ပညာမျိုးလဲ။ ”

“ ဒါဟာ ကောင်းကင်၊ မြေကြီးကြားက ဝိညာဉ်သွေးပြန်ကြောတွေရဲ့ အငွေ့အသက်ကို ဖမ်းယူပေးနိုင်တဲ့ ဖုန်းရွှေနည်းစနစ်ပဲ ... လာ၊ လိုက်ကြရအောင်။ ”

စကားဆုံးသည်နှင့် လေထဲခြေတစ်လှမ်း လှမ်းလိုက်ကာ ဖုန်းရွှေငှက်နောက်သို့ လိုက်ပါ သွားတော့သည်။

“ ကျီး ... ။ ”

နာရီဝက် အကြာတွင် ဖုန်း‌ရွှေငှက်သည် ကောင်းကင်မှ ရုတ်တရက် ထိုးဆင်းသွားကာ တောင်ကြားတစ်ခုအတွင်း ဝင်သွား၏။

“ တိမ်စပါးအုံးတောင်မှာ တကယ်ပဲ ဝိညာဉ်သွေးပြန်ကြောတွေ ရှိနေတာကိုး ... မူလ ယင်ဝိညာဉ်သွေးပြန်ကြော ဟုတ်-မဟုတ်၊ ကြည့်ရအောင်။ ”

စုရီမှပြုံးလျက် တောင်ကြားအတွင်းသို့ လိုက်ပါပျံသန်းသွား၏။ တောင်ကြားအတွင်း၌ စမ်းချောင်းငယ်တစ်ခု စီးဆင်းနေသည်။

သူတို့ ဆင်းသက်ပြီးသည်နှင့် တပြိုင်နက် လူတိုင်းက အေးစက်သော လေကို ရှူရှိုက်လိုက် ရသည်။

“ သခင်၊ ဒီမှာ ဒေသကြီးရဲ့ လေထုက အရိုးစိမ့်အောင် အေးနေတယ် ... သာမန်နေရာ မဟုတ်လောက်ဘူး။ ”

ယွမ်ဟမ်မှ သူခံစားမိသည်ကို ပြောကြားလာသည်။ စုရီက ခေါင်းညိတ်၏။

“ မှန်တယ် ... မူလယင်ဝိညာဉ် သွေးပြန်ကြော မွေးဖွားရာ ... နေရာတိုင်းဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာတွေပဲ။ ”

သူ စကားပြောနေစဉ် အဝေးဆီမှ ဆူဆူညံညံအသံများ ကြားလာရတော့သည်။

“ ဒီနေရာကို ငါတို့ ယွမ်ယန်တာအိုဂိုဏ်း သိမ်းပိုက်ထားတယ် ချက်ချင်း ထွက်သွားကြပါ မဟုတ်ရင် ကရုဏာမရှိ သတ်ပစ်မယ်။ ”

“ ဒီကနေထွက်သွား ... ။ ”

“ မသွားသေးဘူးလား ... ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့။ ”

ထို့နောက်တွင် လူအုပ်ကြီးသည် အံကြိတ်လျက် တောင်ကြားလမ်းအတွင်းမှ ပြန်ထွက်လာကြ၏။

“ မိတ်ဆွေ ... ဘာဖြစ်နေတာလဲ။ ”

လင်းယွင်ဟဲက ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ရပ်စေပြီး မေးလိုက်သည်။ အမေးခံရသူက ဒေါသထွက်နေသော်လည်း လင်းယွင်ဟဲ၏ ရောင်ဝါကို ခံစားမိချိန်၌ တုန်လှုပ်သွား၏။

“ စီနီယာ ... ဒါအေးစိမ့်တောင်ကြားပါ ပုံမှန်ဆို ငါတို့ဆေးဘက်ဝင်အပင်တွေ ခူးယူဖို့ ဝင်နေကြပါပဲ ... ဒီနေ့တော့ ယွမ်ယန်ဂိုဏ်းက ဝင်ခွင့်မပြုဘူး။ ”

“ ဘာလို့လဲ။ ”

“ အဲဒါတော့ မသိဘူး။ ”

“ သွားကြည့်ရအောင်။ ”

စုရီက လူရွယ်စကားကို မစောင့်တော့ဘဲ ဆက်၍ လျှောက်သွားလိုက်သည်။ ယွမ်ဟမ်မှ အနီးကပ် လိုက်ပါလာ၏။

များမကြာခင် မြင်ကွင်းတစ်ခုလုံး နှင်းခဲအလွှာများ ဖုံးလွှမ်းနေသော ဒေသကြီးကို မြင်လိုက်ရ၏။

ချိုင့်ဝှမ်းအဝင်ဝတွင် သိပ်သည်းသော ရောင်ဝါများဖြင့် ယောက်ျား၊မိန်းမ အုပ်စုတစ်စု ရပ်နေသည်။

ခေါင်းဆောင်သည် ခရမ်းရောင်ဝတ်ရုံ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ ကျောက်တုံးကြီးပေါ်၌ ဝိုင်သောက်နေ၏။

စုရီနှင့်အဖွဲ့ ဝင်လာသည်ကို မြင်ချိန်တွင် လူငယ်တစ်ယောက်က ချက်ချင်း ထရပ်သည်။

“ မင်းတို့ကို ထွက်သွားဖို့ ပြောနေတယ် မဟုတ်လား ဘာလို့ပြန်လာတာလဲ ... ငါတို့က လူ မသတ်ရဲဘူး ထင်နေလား။ ”

ထိုလူငယ် စကားကြောင့် ကျန်လူများ သည်လည်း စိတ်မရှည်ဟန်ပြပြီး သတ်လိုသော ရည်ရွယ်ချက် ထုတ်ပြလာ၏။

“ ထူးဆန်းလိုက်တာ ... ငါတို့ ယွမ်ယန်တာအိုဂိုဏ်းမှန်း သိနေတာတောင် သေမှာ မကြောက်တဲ့ လူတွေ ရှိနေတယ်။ ”

ကျောက်ဆောင်ပေါ်တွင် ထိုင်ကာ ဝိုင်သောက်နေသော ခရမ်းရောင်ဝတ်ရုံဝတ် အမျိုးသားက သက်ပြင်းချလျက် မော့ကြည့်လာ၏။

သို့သော် လင်းယွင်ဟဲကို မြင်ချိန်၌ ထိတ်လန့်သွားပြီး မတ်တပ်ထရပ်ကာ ချက်ချင်း ဦးညွှတ်တော့သည်။

“ ယွမ်ယန်တာအိုဂိုဏ်းမှ လီဟွိုက်ပျောင်က စီနီယာကို နှုတ်ဆက်ပါတယ်။ ”

သူစကားပြောနေစဉ် နဖူးပေါ်တွင် ချွေးသီးများစီးကျနေပြီး နှလုံးခုန်သံများ တိုး၍ မြန်လာခဲ့သည်။ တစ်ဖက်လူသည် အမှန်ပင် ကြယ်စုစည်းခြင်း အဆင့်ဖြစ်၏။

သူတို့၏ ယွမ်ယန်တာအိုဂိုဏ်းရှိ သြဇာအာဏာအကြီးမားဆုံး အကြီးအကဲများနှင့် အဆင့်တူချေပြီ။

“ မင်းရဲ့ ယွမ်ယန်တာအိုဂိုဏ်းက အရမ်းအစွမ်းထက်လို့လား ... ငါတို့ကို ဒီကနေ ထွက်သွားခိုင်းနေတာ။ ”

လင်းယွင်ဟဲမှ မေးမြန်းလိုက်သည်။

“ ဒါက နားလည်မှုလွဲနေတာပါ ... မသိနားမလည်တဲ့ လူမိုက်တွေရဲ့ အပြစ်ပါ ခွင့်လွှတ်ပါ စီနီယာ။ ”

ထိုအချိန်တွင် ကျန်ရှိနေသော ယွမ်ယန် တာအိုဂိုဏ်းသားများသည်လည်း တစ်စုံတစ်ရာ မှားယွင်းကြောင်း သိမြင်လာပြီး တိတ်ဆိတ်စွာ ရပ်နေလိုက်ကြ၏။

လင်းယွင်ဟဲက စုရီကို ခိုးကြည့်သည်။ တစ်ဖက်လူသည် စိတ်ဝင်စားခြင်း မရှိကြောင်း မြင်လိုက်ရသဖြင့်၊

“ မေ့လိုက်ပါ ... လူမိုက်တွေပဲ အပြစ်မရှိပါဘူး။ ”

-ဟု ရေရွတ်လိုက်၏။

သို့မှသာ ခရမ်းရောင်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သက်ပြင်း ချလျက်၊

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ... ငါ့ရဲ့ယွမ်ယန်တာအိုဂိုဏ်းက တောင်ကြားထဲမှာ အခွင့်အရေးတစ်ခုကို ရှာဖွေနေပြီး ဂိုဏ်းချုပ်က ဘယ်သူ့ကိုမှ မချဉ်းကပ်ဖို့ အမိန့်ပေးထားတယ် နောက်နေ့မှ ပြန်လာလို့ရမလား စီနီယာ။ ”

လင်းယွင်ဟဲမှ ပြန်မဖြေချေ။ ဤအချင်းအရာသည် ဂိုဏ်းတစ်ခုလုံး ရောက်ရှိ နေခြင်းနှင့် ညီမျှ၏။ ဝင်ရောက်လိုသော် ၎င်းတို့ကို ရင်ဆိုင်ရပေမည်။

သူ မကြောက်သော်လည်း စုရီ၏ ဆုံးဖြတ်ချက်အပေါ် စောင့်ဆိုင်းနေခဲ့သည်။ စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက်၊

“ ယွမ်ဟမ် ... ငါ့ကို လမ်းပြပါ။ ”

-ဟု အမိန့်ပေးလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

ယွမ်ဟမ်မှ ရှေ့သို့ လှမ်းတက်လာပြီး၊

“ မင်းတို့အားလုံးကို ... ငါတို့လမ်းကနေ ထွက်သွားဖို့ ... အကြံပေးတယ် မဟုတ်ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ”

-ဟု ခြိမ်း‌ခြောက်လိုက်တော့၏။

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ အစွမ်းထက်သော ရောင်ဝါက ဒီရေကဲ့သို့ ပေါက်ကြားလာခဲ့သည်။

ခရမ်းရောင် ၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် အဖွဲ့က မျက်ခုံးများ ပင့်လိုက်ကြ၏။

လင်းယွင်ဟဲသည် ကြယ်စုစည်းခြင်း အဆင့်ဖြစ်သဖြင့် အလေးထား ဆက်ဆံပေးခြင်း ဖြစ်သည်။ ဤလူများ မပါဝင်ချေ။ ၎င်းတို့မှာ မောက်မာလွန်းချေပြီ။ ယွမ်ယန်တာအိုဂိုဏ်းကို မျက်လုံးထဲ မထားသည်မှာ မြင်သာနေ၏။

***

All Chapters