← Chapters

ရေခဲစပါးအုံးနှင့် ချင်းယာ ... ။

Vol. 30 Ch. 350

ရေခဲစပါးအုံးနှင့် ချင်းယာ ... ။

Vol. 30 Ch. 350

ယွမ်ဟမ်၏ ရောင်ဝါသည် အတွင်းပိုင်းသန့်စင်ခြင်း၌သာ ရှိနေသော်လည်း ၎င်းသည် တာအိုကို နှစ်ရာပေါင်းများစွာ ရှာဖွေကျင့်ကြံထားသည့် ရွှေလိပ်ဖြစ်သည်။

သူ၏ အခြေခံအုတ်မြစ်သည် တူညီသော နယ်ပယ်တွင် သာမန်လူများ လက်လှမ်းမမီနိုင် လောက်အောင် ဝေးကွာလှ၏။

ထို့ကြောင့် သူ့လမ်းလျှောက်လာသော အခါတွင် ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားကို မျက်နှာပျက်ယွင်း သွားစေသည်။

သည့်ပြင် ဤယွမ်ဟမ်ထက် ပို၍ ကြောက်စရာကောင်းသော လင်းယွင်ဟဲလည်း ရှိနေသေး၏။

“ ဒီသားရဲကို ... ငါတို့ အနိုင် မယူနိုင်သေးဘူး ... သွား မြန်မြန်။ ”

အတွေးများဖြင့် အကျပ်ရိုက်နေစဉ် တောင်ကြားအတွင်းမှ အလျင်လိုနေသော အသံများ ထွက်ပေါ်လာ၏။

အမျိုးသား ခြောက်ယောက်၊ အမျိုးသမီး သုံးယောက်ကို ဦးဆောင်လျက် အနီရောင်ဝတ် လူရွယ်တစ်ဦး ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို ကြုံတွေ့နေရသကဲ့သို့ ထွက်ပြေးလာကြခြင်း ဖြစ်၏။

တောင်ကြားအဝင်ဝသို့ ရောက်ချိန်၌ သက်ပြင်းချကာ အရှိန်လျှော့လိုက်ကြသည်။ သို့တိုင် မျက်နှာတွင် ကြောက်ရွံ့မှု ရှိနေသေးသည်။

“ မင်္ဂလာပါ ဂိုဏ်းချုပ် ... ။ ”

ခရမ်းရောင် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားခမျာ ဝမ်းသာ အားရဖြင့် ချက်ချင်း နှုတ်ဆက်လိုက်၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

အနီရောင်ဝတ် လူရွယ်သည် ယွမ်ယန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ ယန်ကျွယ်ရှန်ဖြစ်ပြီး စုရီတို့ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက ချက်ချင်းလှမ်းတက်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်း ပြောပြလိုက်၏။

သူ့စကားဆုံးသည်နှင့် ယန်ကျွယ်ရှန်က လင်းယွင်ဟဲထံ လှမ်းကြည့်ကာ၊

“ မင်းနာမည် မေးလို့ရမလား တာအိုမိတ်ဆွေ။ ”

-ဟု မေးမြန်းတော့သည်။

“ မဟာချီမင်းဆက် ... ကောင်းကင်ဓားခန်းမရဲ့ လင်းယွင်ဟဲ။ ”

လင်းယွင်ဟဲမှ ပြန်ဖြေလိုက်၏။ ယန်ကျွယ်ရှန်တစ်ယောက် အံ့အားသင့်သွားပြီး အမူအရာ လေးနက်လာသည်။

မဟာချီသည် မိုးပြာတိုက်ကြီး၌ ကျင့်ကြံမှုလမ်း၌ ဒုတိယ အင်အားအကြီးဆုံး မင်းဆက်နိုင်ငံ ဖြစ်သည်။

ကောင်းကင်ဓား ခန်းမဟူသည် ထိုမဟာချီမင်းဆက်၌ နံပါတ်တစ် တာအိုဂိုဏ်း ဖြစ်၏။

၎င်းတွင် ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိပြီး အလွန်ခိုင်မာသော အုတ်မြစ်မျိုးရှိချေပြီ။

မဟာရှမင်းဆက်တွင်ပင် ထိုအဆင့်ဂိုဏ်းတစ်ဂိုဏ်းကို ပထမတန်းစား အင်အားစုအဖြစ် မှတ်ယူနိုင်သည်။

ယန်ကျွယ်ရှန်က ခဏမျှ စဉ်းစားပြီးနောက် လက်ဝှေ့ယမ်းကာ၊

“ အားလုံး ဘေးဖယ်ပေးလိုက်ပါ ... တာအိုလင်း သွားပါစေ။ ”

-ဟု အမိန့်ပေးလိုက်၏။

ခရမ်းရောင်ဝတ် အမျိုးသားနှင့် ကျန်လူများသည် လျင်မြန်စွာ ဆုတ်ခွာပေး လိုက်ကြသည်။

“ ကျေးဇူး အများကြီးတင်ပါတယ်။ ”

လင်းယွင်ဟဲမှ အနည်းငယ် ဦးညွှတ်ပြလိုက်ကာ ​ဆက်၍ လျှောက်လှမ်း လာခဲ့သည်။

“ တာအိုလင်း ... ကျေးဇူးပြုပြီး သတိထားသွားပါ ရှေ့မှာ လမ်းကိုပိတ်နေတဲ့ အရမ်းကြောက်စရာကောင်းတဲ့ သားရဲကြီး တစ်ကောင်ရှိတယ်။ ”

လင်းယွင်ဟဲမှ စကားမဆိုတော့ဘဲ မျက်ခုံးပင့်လျက် ခေါင်းညိတ်ပြလိုက်လေသည်။ ယန်ကျွယ်ရှန်က သူတို့ ပျောက်ကွယ်သွားသည် အထိ စောင့်ကြည့်ကာ၊

“ သူသာ ... ဒီသားရဲကို တကယ် သတ်နိုင်ခဲ့ရင် အင်မတန် အစွမ်းထက်တဲ့ လူမျိုး ဖြစ်ရမယ် ...

... ဒါဆို ငါတို့အားလုံး ပေါင်းတိုက်ကြရင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်မှာ ကြောက်မိတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဂိုဏ်းချုပ်ဆိုလိုတာက ... ။ ”

သူ့အနားရှိ ပိန်ပိန်ပါးပါးနှင့် အဖိုးအို တစ်ဦးက မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။ သူ့အမည်မှာ လဲ့ချန်ရှောင်ဖြစ်၏။

ဂိုဏ်းရှိ ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။ ယန်ကျွယ်ရှန်မှ ခဏမျှ စဉ်းစားပြီး၊

“ လင်းယွင်ဟဲက ငါတို့ရှိနေမှန်း သိနေတဲ့အတွက် ... ဒီသားရဲကြီးကို အနိုင်ယူဖို့ အစွမ်းကုန်ကြိုးစားမှာ မဟုတ်ဘူး ... ။ ”

“ ဒါ သဘာဝပါပဲ။ ”

လဲ့ချန်ရှောင်က ခေါင်းညိတ်လိုက်၏။

“ ဒါပေမယ့် ဒီအခွင့်အရေးကို ငါတို့ လက်မလွှတ်သင့်ဘူး ... သင်းထောက်လီ ဓားပျံစံအိမ်၊ အစိမ်းရောင် ဆေဘာဓားဂိုဏ်းနဲ့ ဝိညာဉ်မြူဘုံကျောင်းကို ... ဒီလာဖို့ ဆက်သွယ်လိုက်ပါ။ ”

“ နားလည်ပါပြီ ... ။ ”

မီးခိုးရောင်ဝတ် အမျိုးသားတစ်ဦးက အမိန့်ကိုယူကာ အလျင်အမြန် ထွက်ခွာသွား၏။ လဲ့ချန်ရှောင်က မျက်မှောင်ကြုတ်လျက်၊

“ ဂိုဏ်းချုပ်၊ သူတို့ကို မင်းတကယ်ပဲ ခွဲဝေပေးတော့မို့လား။ ”

-ဟု မေးမြန်းလေသည်။

“ ဦးလေးဆရာ ... ငါတို့ဂိုဏ်းချည်ပဲ ဒီအခွင့်အရေးကို ရယူဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ သိသင့်နေပြီ မဟုတ်လား ... ။ ”

သူ့စကားကြောင့် လဲ့ချန်ရှောင်ခမျာ တိတ်ဆိတ်သွားတော့သည်။ ထိုအချိန်တွင် ​အေးစိမ့်တောင်ကြားအတွင်း အအေးဓာတ်များ ပိုလာကာ အုံ့မှိုင်းသော မြူများကို လေထုအလယ် မြင်လာရ၏။

လေဓားများက အရေပြားကို ထိမှန်ကာ နာကျင်စေသည်။ အဆုံးတွင် မူလစွမ်းအင်ကို အကာအကွယ်အဖြစ် ထုတ်ဖော်လျက် ခရီးဆက်လိုက်ကြ၏။

စုရီသည်သာ ထိုအအေးဒဏ်ကို လျစ်လျူရှုလျက် မြူများကြား လျှောက်လှမ်းနေ ခဲ့သည်။

“ တာအိုစု၊ ယွမ်ယန်တာအိုဂိုဏ်းက ... သူတို့ရဲ့ အခွင့်အရေးကို ဒီလိုမျိုး လွယ်လွယ် ပေးမယ်လို့ မင်းထင်လား။ ”

လင်းယွင်ဟဲက စုရီကို လှည့်မေးလိုက်သည်။

“ စိတ်မပူနဲ့ ... သူတို့သတ္တိရှိရင် သတ်ပစ်ဖို့ ဝန်မလေးဘူး။ ”

“ သတ်ရမှာလား။ ”

စုရီအဖြေကြောင့် လင်းယွင်ဟဲခမျာ မျက်ခုံးပင့်သွား၏။ သို့သော် တစ်ဖက်လူသည် မည်သည့်အခါမျှ အကျိုးဆက်များအပေါ် ထည့်တွက်နေမည် မဟုတ်ကြောင်း သတိရလာခဲ့သည်။

၎င်းသည်သာ မဟာရှမင်းဆက်သို့ ရောက်သော် လှိုင်းမည်မျှ ရိုက်ခတ်သွားမည်ကို တွက်ဆလျက် စိတ်လှုပ်ရှားလာတော့၏။

ထိုစဉ် စုရီမှ ရုတ်​တရက်​ ရပ်​လိုက်ပြီး အဝေးသို့ မျှော်ကြည့်​လိုက်​သည်။ တောင်ကြား ဗဟိုဒေသထံ ရောက်ရှိနေပြီ ဖြစ်၏။ မြင်ကွင်း တစ်ခုလုံး ရေခဲမြူများသာရှိနေသည်။

“ ဖရူး ... ။ ”

ရုတ်တရတ် အပြာနုရောင် မြူခိုးများ လွင့်ဝဲလာပြီး ရပ်ကြည့်နေသော စုရီအပေါ် ဖုံးလွှမ်းသွားသည်။

ချက်ချင်းပင် စုရီအနားရှိ လေထုသည် မြင်သာသည့်အရှိန်ဖြင့် အေးခဲလာသောကြောင့် လင်းယွင်ဟဲ၊ ယွမ်ဟမ်နှင့် ချင်းယာတို့သည် ချီနှင့်သွေးများ လှည့်ပတ်ကာ ချေဖျက်လိုက်သည်။

“ မူလယင်ဝိညာဉ် သွေးပြန်ကြော ဒီမှာရှိနေတာ သေချာတယ်။ ”

စုရီက လက်ဝှေ့ယမ်းလျက် မီးဒြပ်စင်ရောင်ဝါ ထုတ်ဖော်ကာ ရေခဲမြူများ အပေါ် လောင်မြိုက်ပစ်လိုက်သည်။

အနီရောင်အလင်းများ ကောင်းကင်အနှံ့ လင်းထိန်လာပြီး များမကြာခင် ရေခဲမြူများမှာ လျင်မြန်စွာ အငွေ့ပျံသွားတော့၏။

သူတို့ရှေ့တွင် တောင်တန်းကြီးတစ်ခု ပေါ်လာသည်။ တောင်ခြေ၌ လှိုဏ်ဂူတစ်လုံး၏ ဝင်ပေါက်ကို မြင်နေရ၏။

သို့သော် လှိုဏ်ဂူရှေ့တွင် ဧရာမ နှင်းဖြူရောင်စပါးအုံးမြွေကြီး ရစ်ခွေနေသည်။ ၎င်းဦးခေါင်းသည် ကျောက်တုံးကြီးတစ်တုံး ကဲ့သို့ ကြီးမားကာ အကြေးခွံများသည် အပြာနုရောင် တောက်ပနေ၏။

“ အမှောင်မိစ္ဆာ နှင်းစပါးအုံး။ ”

လင်းယွင်ဟဲခမျာ အမူအရာ ပြောင်းလဲသွား၏။ ဤသည်မှာ ယင်စွမ်းအင်ကို ထိန်းချုပ်နိုင်သော နတ်ဆိုးသားရဲပေပင်။

ရောင်ဝါအရ ကြယ်စုစည်းခြင်းအဆင့် ခွန်အားမျိုးရှိသည်။ လူသား အသွင်ပြောင်းခြင်း ခံယူပြီးနောက် မည်မျှအစွမ်းထက်လာမည်ကို မတွေးဆနိုင်ချေ။

ယွမ်ဟမ်ကဲ့သို့ အသွင်ပြောင်းပြီး နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် သဘာဝ အတိုင်း ဤအရာကို ​လေးလေးနက်နက် ခံစားနိုင်သည်။

“ ဘယ်လောက်တောင် လှလိုက်တဲ့ နှင်းစပါးအုံးကြီးလဲ။ ”

ထိုစဉ် ချင်းယာသည် ကြောက်ရမည်မှန်း မသိဘဲ ချီးကျူးစကား ရေရွတ်လိုက်သည်။ စုရီမှ ခေါင်းညိတ်လျက်၊

“ ဒါက ... သူတို့ဘိုးဘေး ... ရေခဲနဂါးတွေနဲ့ယှဉ်ရင် အများကြီး နိမ့်ကျ ပါသေးတယ်။ ”

-ဟု တုန့်ပြန် မှတ်ချက်ပေးလိုက်၏။

ရေခဲနဂါးများသည် ရှေးခေတ် ဖျက်ဆီးခြင်းသားရဲဖြစ်ကာ စစ်မှန်သော နဂါးမျိုးရိုးမှ ဆင်းသက်လာသည်။

စစ်မှန်သောနဂါးမျိုးရိုးတွင် မီးနဂါး၊ ရေခဲနဂါးနှင့် လျှပ်စီးနဂါးဟူ၍ မျိုးနွယ်စုကြီး သုံးခုရှိ၏။ ၎င်းတို့အနက် လျှပ်စီးနဂါးများသည် တိုက်ရိုက်မျိုးဆက်ဖြစ်ကာ ‘ကောင်းကင်ဘုံ နတ်သားရဲ’-အဖြစ် မှတ်ယူကြသည်။

စုရွှမ်ကြွယ်ဘဝတွင် စစ်မှန်သော နဂါးတစ်ကောင်ကို အရှင်ဖမ်းနိုင်ပြီး နဂါးသွေး ကီလိုဂရမ်တစ်ရာ ထုတ်ယူခဲ့ဖူးသည်။

သူ့ရှေ့ရှိ အမှောင်မိစ္ဆာ နှင်းစပါးအုံးသည် စစ်မှန်သောနဂါးမျိုးရိုး၏ ရေခဲနဂါးမျိုးနွယ်စုမှ အကိုင်းအခက်တစ်ခုမျှသာ ဖြစ်သည်။

၎င်း၏အသွေးအသားသည် ညစ်ညမ်း ရောထွေးနေပြီး ‌စစ်မှန်သောနဂါးများကို ယှဉ်ရန် မဆိုနှင့် ရေခဲနဂါးအဆင့်ပင် မမီချေ။

စုရီ၏ မှတ်ချက်စကားများကြောင့် လှိုဏ်ဂူအဝင်ဝတွင် ရစ်ခွေနေသည့်နှင်းစပါးအုံး မြွေကြီးက နီမြန်းသောမျက်ဝန်းများဖြင့် မော့ကြည့်လာခဲ့သည်။

“ ဟမ့် ... အတွင်းပိုင်းသန့်စင်ခြင်း ပုရွက်ဆိတ်တစ်ကောင်က အရမ်းမောက်မာပြ နေတာလား ... ငါမသတ်ခင် အမြန်ဆုံး ထွက်သွားဖို့ အကြံပေးတယ်။ ”

၎င်း၏လျှာနှစ်ခွကို တစ်လစ်တစ်လစ် ပြုလုပ်ကာ အမျိုးသမီးတစ်ဦး၏ အသံမျိုးဖြင့် တုန့်ပြန် ပြောကြားလာတော့၏။

“ ဖွီး ... ။ ”

တစ်ဆက်တည်းမှာပင် ဖြူဖွေးနေသော ၎င်းခန္ဓာကိုယ်ကြီးကို ဖြည်းညှင်းစွာဆန့်လျက် စုရီအပေါ် အုပ်မိုးကြည့်လိုက်လေသည်။

ကျောက်မျက်များကဲ့သို့ နီမြန်းနေသော မျက်လုံးများသည် လျှို့ဝှက် ဆန်းကြယ်နေပြီး စိတ်ဝိညာဉ်ကို တုန်ရင်သွားစေနိုင်၏။

သို့တိုင် ချင်းယာသည် ကြောက်ရွံခြင်း အလျင်းမရှိခဲ့ဘဲ တောက်ပသော မျက်ဝန်းဖြင့်၊

“ ဟမ့် ... ဒီစပါးအုံးမြွေကြီးက အမတစ်ကောင်လား ... သူသာ လူသားအဖြစ် အသွင်ပြောင်းနိုင်ရင် ဘယ်လောက်တောင် လှပတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာမလဲ။ ”

-ဟု တောင့်တသော အကြည့်နှင့် ညည်းတွားလိုက်တော့သည်။

ထိုမှတ်ချက်ကြောင့် လင်းယွင်ဟဲနှင့် ယွမ်ဟမ်မှာ မျက်ခုံးပင့်လိုက်မိ၏။ အမှောင်မိစ္ဆာ နှင်းစပါးအုံးသည်ပင် လျှာတစ်လစ်တစ်လစ် ဖြစ်သွားချေခဲ့ပြီ။

***

All Chapters