တာအိုများ၏ ဆုံချက်။
Vol. 30 Ch. 351
ချင်းယာ၏ အတွေးအမြင်များသည် သာမန်လူများနှင့် ကွဲလွဲနေသည်မှာ သေချာ၏။ စုရီသည်ပင် အနည်းငယ် အံ့သြသွားပြီးနောက် ခေါင်းရမ်းလျက်၊
“ ဒီလိုသားရဲတွေအတွက် သူတို့ရဲ့ သွေးတွေက ရောထွေးနေတယ် ... အုတ်မြစ်က မလုံလောက်ဘူး ...
... မူလယင်ဝိညာဉ် သွေးပြန်ကြော ကြောင့်သာ ဒီအဆင့်အထိ ကျင့်ကြံနိုင်နေတာ မဟုတ်လို့ သူကိုယ်တိုင် အသွင်ပြောင်းချင်ရင် ကောင်းကင်ဘုံကို တက်ရတာထက် ပိုခက်ခဲနေလိမ့်မယ်။ ”
-ဟု ရှင်းပြလိုက်သည်။
“ ဟမ့် ... အတွင်းပိုင်း သန့်စင်ခြင်း အဆင့်လောက်နဲ့ ... မင်းငါ့ကို လျှော့တွက်ဖို့ သတ္တိရှိသလား။ ”
အမှောင်မိစ္ဆာ နှင်းစပါးအုံး၏ ရောင်ဝါသည် တိုး၍ပျံ့လွင့်လာပြီး သွေးနီရောင်မျက်ဝန်းများ၌ အရှက်တရား၊ ဒေါသနှင့် သံသယများ ရစ်သိုင်းလာသည်။
“ စိတ်မဆိုးပါနဲ့ အစ်မစပါးအုံး ... အစ်ကိုစုပြောတာ မှားနေတယ်ဆိုရင် ... မင်း ပြန်ထောက်ပြနိုင်ပါတယ်။
ချင်းယာက အပြုံးဖြင့် ဝင်ရောက် ပြောကြားလာ၏။ အမှောင်မိစ္ဆာ နှင်းစပါးအုံးမှ ခဏမျှ တိတ်ဆိတ်သွားပြီး၊
“ သူ ပြောတာမှန်တယ် ... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလုံးလုံး ငါ ... မူလယင်ဝိညာဉ် သွေးပြန်ကြောရဲ့ စွမ်းအားကို အားကိုးပြီး ကျင့်ကြံခဲ့ရတယ် ... မဟုတ်ရင် ငါလူသား အသွင်ပြောင်းပြီးနေပြီ။ ”
-ဟု ဝန်ခံလာတော့သည်။
“ အစ်မစပါးအုံး တာအိုဘာသာမှာ အမြဲတမ်းထွက်ပေါက် ရှိပါတယ် ဘယ်အရာမှ အကြွင်းမဲ့ မရှိဘူးလို့ ဆိုထားတယ် ...
... ဒါကြောင့် စိတ်ဓါတ်မကျပါနဲ့ ... တစ်နေ့မှာ မင်းလည်း အသွင်ပြောင်းဖို့အတွက် အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်။ ”
ချင်းယာမှ စိတ်အားထက်သန်စွာ ပြောကြားလိုက်သည်။ သူတို့စကားဝိုင်းကို နားထောင်နေသော ယွမ်ဟမ်မှ၊
“ မှန်တယ် ... အဲဒီတုန်းက ချင်းလန် မြစ်အောက်မှာ အနှစ်ခြောက်ရာနီးပါး တာအိုကို ငါကျင့်ကြံနေခဲ့တယ် ဒါပေမယ့် ...
... ခိုင်မာတဲ့ အခြေခံအုတ်မြစ်မျိုး ရပြီးတာတောင် အသွင်ပြောင်းဖို့ အခွင့်အလမ်း မရှိခဲ့ဘူး ဒါကြောင့် ငါစိတ်ဓါတ်ကျနေတုန်း ... သခင်ရောက်လာပြီး အသွင်ပြောင်းခြင်း နည်းစနစ်ကို သင်ပေးခဲ့တယ်။ ”
တစ်စုံတစ်ယောက်သည် နတ်ဆိုးသားရဲ မဟုတ်သော် နတ်ဆိုးသားရဲများ အသွင်ပြောင်း နိုင်ရန် မည်မျှခက်ခဲမည်ကို နားမလည်နိုင်ချေ။
မျိုးဆက်သွေးနှင့် ပင်ကိုယ်စွမ်းရည် အားကောင်းခြင်း မရှိပါက အသွင်ပြောင်းရန် အခွင့်အလမ်း နည်းပါးချေမည်။
“ နင့်သခင်က ဘယ်သူလဲ။ ”
ယွမ်ဟမ်စကားကြောင့် နှင်းစပါးအုံးမြွေကြီးက စိတ်လှုပ်ရှားသွားသည်။
“ အဲဒါ ... အစ်ကိုစုပဲ ။ ”
ချင်းယာက ချက်ချင်း ဝင်ဖြေသည်။ နှင်းစပါးအုံးမြွေကြီးခမျာ မယုံကြည်နိုင်ဟန်ဖြင့် အံ့အားသင့် တိတ်ဆိတ်သွားတော့၏။
စုရီက သူမ အကြည့်ကို ခံယူကာ၊
“ မူလယင်ဝိညာဉ် သွေးပြန်ကြောဆီကို ပို့ဆောင်ပေးမယ်ဆိုရင် ... မင်းအသွင်ပြောင်းဖို့ အခွင့်အရေး ငါပေးမယ်။ ”
-ဟု ညှိနှိုင်းလိုက်သည်။
နှင်းစပါးအုံးမြွေကြီးမှ တုန့်ပြန်ခြင်းမရှိဘဲ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသဖြင့် ချင်းယာက စိတ်ပူလာကာ၊
“ အစ်မစပါးအုံး ... မင်း မြန်မြန် သဘောတူလိုက်၊ အစ်ကိုစုဆိုတာ ကောင်းကင် နတ်ဘုရားပဲ ...
... သူ့ရဲ့လမ်းညွှန်မှုနဲ့ မင်းရဲ့ အသွင်ပြောင်းမှုဟာ လုံးဝကျရှုံးမှာ မဟုတ်ဘူး ငါအာမခံတယ်။ ”
“ တာအိုမိတ်ဆွေ ကျင့်ကြံမှုလမ်းက ကံကြမ္မာကို အခြေခံတယ် ... မင်းဒီနေ့ ငါတို့နဲ့ ဆုံရတာ ကံကြမ္မာပဲ ...
... အခု အခွင့်အရေးက မင်းမျက်စိရှေ့မှာ ရှိနေပြီ ဖမ်းဆုပ်ဖို့ မကြိုးစားရင် တစ်သက်လုံး မင်းနောင်တရနေလိမ့်မယ်။ ”
လင်းယွင်ဟဲသည်လည်း ဝင်ရောက် ပြောကြားလာ၏။ ဤမြွေကြီးသည် အခြားသော သားရဲများနှင့် မတူသည်ကို သူမြင်နိုင်သည်။
သူမတွင် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသော နတ်ဆိုးရောင်ဝါမျိုး မရှိချေ။ ယင်းအစား အစမှအဆုံးတိုင် ယဉ်ကျေးနေ၏။ စုရီက မည်သည့်စကားမျှ မဆိုဘဲ လက်နှစ်ဖက် နောက်ပို့ကာ စောင့်ဆိုင်းနေသည်။
“ ငါ့နောက်လိုက်ခဲ့ ... ။ ”
အဆုံးတွင် နှင်းစပါးအုံးမြွေသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ဂူထဲသို့ ပြန်လှည့်ဝင် သွားတော့သည်။ လှိုဏ်ဂူသည် နက်ရှိုင်းပြီး အကွေ့အကောက်များ၏။
ဂူအတွင်းရှိလေထုသည် ရေခဲကဲ့သို့ အေးစက်နေသည်။ များမကြာမီ ရေကန်ကြီး တစ်ကန်ရှေ့ ရောက်ရှိလာကြ၏။
ရေမျက်နှာပြင်ကို ဖြတ်တိုက်သော လေပြေများသည် ချင်းယာနှင့် ယွမ်ဟမ်တို့ကို အပြာရောင် နှင်းခဲအလွှာတစ်ခုအဖြစ် ဖုံးလွှမ်းသွားသည်။
“ ဆက်လိုက်မလာနဲ့ ... မဟုတ်ရင် မင်းတို့ရဲ့တာအိုအုတ်မြစ် အေးခဲသွားလိမ့်မယ်။ ”
စုရီမှ သတိပေးသဖြင့် ချင်းယာနှင့် ယွမ်ဟမ်ကခေါင်းညိတ်ကာ ချက်ချင်း ရပ်ကျန် ခဲ့သည်။
“ ဒီရေကန်အောက်မှာ မူလယင်ဝိညာဉ် သွေးပြန်ကြော ရှိတယ် မင်းအဲဒါကို ယူသွားဖို့ စိတ်ကူးရှိတာလား။ ”
နှင်းစပါးအုံးမြွေကြီးက တုန့်ဆိုင်းစွာ ပြောကြားလာသည်။ စုရီမှ ရေကန်ကို လှမ်းကြည့်ပြီး၊
“ မူလယင်ဝိညာဥ်သွေးပြန်ကြောရဲ့ တန်ဖိုးက အံ့သြစရာကောင်းပေမယ့် ငါ့အတွက် ဘာမှမဟုတ်ပါဘူး ... ယင်တာအို နားလည်ဖို့ အသုံးပြုချင်ရုံပါပဲ။ ”
-ဟု တုန့်ပြန်လိုက်၏။
ယင်ဝိညာဉ်သွေးပြန်ကြော မွေးဖွားရာ အရပ်သည် ကောင်းကင်နှင့် မြေကြီးကြား ယင် စွမ်းအင် အသိပ်သည်းဆုံး အရပ်ဖြစ်၏။
ထိုအရပ်တွင် လေ့ကျင့်ခြင်းသည် ယင်တာအိုအပေါ် လွယ်လွယ်ဖြင့် နားလည်မှု ရရှိနိုင်မည်။ ယခင်ဘဝတွင် တာအိုများစွာကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။
သို့သော် လူဝင်စားပြီးနောက် ထိုဘဝ ကျွမ်းကျင်မူများ မရှိတော့ဘဲ အတွေ့အကြုံနှင့် အသိပညာများသာ ကျန်ရှိတော့သည်။
ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့နှံ့နေသော တာအိုများ၏ ဆုံချက်များထံ ရှာဖွေရာနေခြင်းဖြစ်၏။
ဆိုလိုသည်မှာ မူယင်ဝိညာဉ် သွေးပြန်ကြောသည် ယင်တာအိုကျက်သရေ၏ ဆုံချက်ဖြစ်သည်။ နှင်းစပါးအုံးမြွေခမျာ ပဟေဋ္ဌိဖြစ်သွား၏။
ဤနေရာတွင် နှစ်သုံးရာကြာအောင် နေထိုင်ခဲ့သော်လည်း ၎င်းဖြင့်တာအိုအုတ်မြစ်ကို ဖွဲ့စည်းနိုင်ကြောင်း သူမ မသိခဲ့ချေ။
“ ဒီမှာစောင့်ပါ ... ။ ”
စုရီက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရေကန်အထက်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက် တော့သည်။
ချက်ချင်းပင် အဖြူရောင်မြူများ ဖုံးလွှမ်းလာပြီး မျက်ခုံး၊ နှုတ်ခမ်းနှင့် ဆံပင်များ အနှံ့ နှင်းခဲလွှာများဖုံးလွှမ်းကုန်သည်။
ဤနည်းဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်လာကာ စုရီတစ်ကိုယ်လုံး ရေခဲများ ဖုံးလွှမ်းကုန်၏။ ရေခဲပန်းပုရုပ်တုအလား ပေပင်။
ချင်းယာမှ အနည်းငယ် ပျင်းရိလာသောကြောင့် စကားစမြည်ပြောရန် ကြိုးစားတော့သည်။
“ အစ်မနှင်းစပါးအုံး၊ မင်း ဒီမှာ ကျင့်ကြံနေတာ နှစ်ပေါင်းသုံးရာရှိနေပြီဆိုတော့ မပျင်းဘူးလား။ ”
“ တာအိုကျင့်ကြံသူတွေ အတွက် ... နှလုံးသားရဲ့ အထီးကျန်မှုအပေါ် ခံနိုင်ရည်ရှိဖို့ လိုတယ် ... ဒါကြောင့် သဘာဝအတိုင်း ငါ ပျင်းနေမှာ မဟုတ်ဘူး။ ”
ထို့နောက် နှင်းစပါးအုံးက သူမထံ လှည့်ကြည့်ပြီး၊
“ ငါ့နာမည် ပိုင်ဝမ်ချင်း ... အစ်မစပါးအုံး မဟုတ်ဘူး။ ”
“ အဟဲ ... ကောင်းပြီ၊ အခုကစပြီး မင်းကို အစ်မပိုင်လို့ ခေါ်မယ်။ ”
“ မင်းနာမည်ရော ဘယ်လိုခေါ်လဲ။ ”
“ ချင်းယာ ... ချင်းက ရိုးသားသော ... ယာဆိုတာ ပဲပင်ပေါက် ... ငယ်ငယ်တုန်းက ငါ့ကို ပဲပင်ပေါက်လေးလို့ ခေါ်ကြတယ် ဒါပေမယ့် အခု မခေါ်ကြတော့ဘူး။ ”
“ ဒါဆို ... မင်းကြီးလာလို့ပဲ။ ”
လူတစ်ယောက်နှင့် မြွေဖြူတစ်ကောင်၏ စကားစမြည် ပြောဆိုသံများကြောင့် လေထုမှာ သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။
ယွမ်ဟမ်က ထိုမြင်ကွင်းကို ခိုးကြည့်နေခဲ့သည်။ ဤချင်းယာသည် ချစ်စဖွယ် ကောင်းချီးဖြင့် မွေးဖွားလာပုံရ၏။ သူမသည် သူ့သခင်နှင့် နှင်းစပါးအုံးကို ကောင်းစွာ စကားပြောဆိုနိုင်သည်။
အပြောအဆိုနှင့် အပြုအမူသည် ယဉ်ကျေးသိမ်မွေ့ပြီး မည်မျှရိုးသားသည်ကို သူ မြင်နိုင်၏။
လင်းယွင်ဟဲမှ သူ့အတွေးများ မြင်နိုင်ပြီးပြုံးသည်။ ဤသည်မှာ ချင်းယာ၏ အရည်အချင်းဖြစ်၏။
ဂိုဏ်း၌ နိမ့်ကျသောတပည့်များ ဖြစ်စေ၊ ကျေးငှက်တိရစ္ဆာန်များ ဖြစ်စေ၊ သူတို့အားလုံး ချင်းယာနှင့် စကားပြောဆိုနေရသည်ကို ကျေနပ်နေတတ်ကြသည်။
တင်ပျဉ်ခွေထိုင်နေသော စုရီသည် ထိုအရာများနှင့် ကင်းလွတ်ကာ နစ်မျောနေဆဲ ဖြစ်ချေပြီ။ ကောင်းကင်နှင့် မြေကြီးကြား သူ့ဖြစ်တည်မှု ပျောက်ကွယ်နေခဲ့သည်။
***