← Chapters

ဘယ်သူလဲ ... ။

Vol. 30 Ch. 352

ဘယ်သူလဲ ... ။

Vol. 30 Ch. 352

စုရီသည် ရေခဲလွှာအတွင်း ထိုင်လျက် တည်ငြိမ်သောအမူအရာဖြင့် ယင်တာအိုအပေါ် သုံးသပ်ဆင်ခြင်နေသည်။

သူ့အတွက် မူလတာအိုနယ်ပယ်ဖြင့် တာအိုကိုးပါး၏ ကျက်သရေကို ကျွမ်းကျင်ရန် လိုအပ်သည်။

သို့မှသာ ဝိညာဉ်တာအိုနယ်ပယ်တွင် ပြိုင်ဘက်ကင်းတာအိုကို ပေါင်းစည်းနိုင်မည် ဖြစ်၏။

တာအိုကိုးပါးဟူသည် ယင်-ယန်၊ ရွှေ၊သစ်သား၊ရေ၊မီး၊မြေကြီးနှင့် လေ-မိုးကြိုးတို့ ဖြစ်သည်။

တနည်းအားဖြင့် ဒြပ်စင်ငါးပါးတာအို၊ ယင်ယန်တာအိုနှင့် လေလျှပ်စီးတာအိုတို့အပေါ် ဉာဏ်အလင်း ရယူရပေမည်။

“ တစ်ယောက်ယောက် လာနေတယ်။ ”

ရုတ်တရက် အမှောင်နတ်မိစ္ဆာ နှင်းစပါးအုံးကြီးက စကားပြောနေရာမှ ဂူဝသို့ လျောတိုက်တိုးထွက်သွား၏။

“ ချင်းယာ ... မင်းနဲ့ တာအိုယွမ်တို့ ဒီမှာနေခဲ့ပါ။ ”

လင်းယွင်ဟဲက အမိန့်ပေးပြီး ချက်ချင်း လိုက်ပါသွားသည်။ ဂူအပြင်ဘက်တွင် လူအချို့ ရပ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။

ယန်ကျွယ်ရှန်သည် လူအုပ်ကို ဦးဆောင်လျက်၊

“ ငါလာတုန်းက ဒီလှိုဏ်ဂူဝမှာ ကြောက်စရာကောင်းတဲ့ နှင်းစပါးအုံးကြီး ရှိနေတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါဆို ... ဘာလို့ ဒီမှာတိုက်ပွဲဖြစ်တဲ့ အရိပ်အယောင်တွေ မရှိရတာလဲ ... ။ ”

ဓားပျံစံအိမ်၏ တတိယအကြီးအကဲ ချွယ်မိုချီမှ တွေးဆဆဖြင့် ပတ်ဝန်းကျင်အပေါ် စူးစမ်းနေ၏။ သူ့ဘေးရှိ မဟာအကြီးအကဲ လျန့်လန်ယွဲ့က မျက်မှောင်ကြုတ်သွားသည်။

ထိုစဉ် ဂူအတွင်းမှ ရေခဲမြူများ တိုးထွက်လာပြီး အဖြူရောင်‌ စပါးအုံးမြွေကြီး တစ်ကောင် ထွက်ပေါ်လာ၏။

“ ဟိုမှာ ... သားရဲ ထွက်လာပြီ။ ”

ယန်ကျွယ်ရှန်က အော်ဟစ်လိုက်သည်။ ဤယုတ်ညံ့သော သားရဲသည် ကြယ်စုစည်းခြင်း အဆင့် ကျင့်ကြံသူများ နီးပါးသန်မာချေ၏။

တစ်ဖက်တွင် လင်းယွင်ဟဲသည် အမှောင်မိစ္ဆာ နှင်းစပါးအုံးမြွေကြီး အနားရပ်ကာ အပြင်သို့ အကဲခတ်လျက် နှလုံးသားတစ်ခုလုံး လေးလံသွားလေသည်။

ယန်ကျွယ်ရှန်နှင့်အတူ ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ လေးဦး၊ မူလနန်းတော်အထွတ်အထိပ် ကျွမ်းကျင်သူများ လိုက်ပါလာ၏။ ယန်ကျွယ်ရှန်သည်လည်း သူ့ကို မြင်ချိန်၌ အံ့ဩသွားသည်။

“ တာအိုလင်း၊ မင်း ဘာလို့ ဒီသားရဲနဲ့ အတူတူ ရပ်နေရတာလဲ။ ”

လမ်းတစ်လျှောက် ဖြစ်နိုင်ခြေများကို တွက်ဆထားခဲ့သော်လည်း ဤယုတ်ညံ့သော သားရဲနှင့်အတူ တွဲနေလိမ့်မည်ဟု မထင်ခဲ့ချေ။ ကျန်သူများသည်လည်း အလားတူပေပင်။

“ လူတိုင်း၊ ဒီအခွင့်အရေးကို ငါတို့ သိမ်းပိုက်ထားပြီးပြီ၊ ကျေးဇူးပြုပြီး ပြန်သွားပါ။ ”

လင်းယွင်ဟဲမှ အသက်ပြင်းပြင်းရှူလျက် လေးနက်သော အသွင်အပြင်မျိုးဖြင့် ပြောကြား လိုက်လေသည်။

“ မင်းက ‌ကောင်းကင်ဓားခန်းမရဲ့ လင်းယွင်ဟဲလား ... ငါတို့ မင်းကိုအခွင့်အရေး တစ်ခုပေးမယ် ... မင်းရဲ့လူတွေနဲ့ ချက်ချင်း ထွက်သွားပါ ... မဟုတ်ရင် မင်းခေါင်းကို ငါဖြတ်မယ်။ ”

ဤသည်မှာ တာအိုတစ်ထောင် ချင်ကျွယ်ဖြစ်သည်။ ဝိညာဉ်မြူဘုံကျောင်း၏ အသက်အငယ်ဆုံး ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူဖြစ်၏။

လွှမ်းမိုးနိုင်စွမ်းရှိကာ လေသံနှင့် ရောင်ဝါများသည် တစ်ဖက်လူအပေါ် အသက်ရှူ ကြပ်စေသည်။

သူ့ဘေးရှိ အစိမ်းရောင်ဆေဘာဓားဂိုဏ်းမှ ဆေဘာဘုရင် ချီချုံးဇီက မေးစေ့ပွတ်သပ်လျက် အမှောင်မိစ္ဆာ နှင်းစပါးအုံး‌မြွေထံ စိုက်ကြည့်ကာ၊

“ ဒီသားရဲကို ဖမ်းပြီး တောင်တံခါးကို စောင့်ခိုင်းရမယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ယန်ကျွယ်ရှန်းက သက်ပြင်းချလိုက်ပြီး၊

“ တာအိုလင်း၊ လက်ရှိအခြေအနေအရ ဒီသားရဲနဲ့ မင်းပေါင်းရင်တောင် ... ငါတို့အပေါ် တားလို့မရနိုင်ဘူး ... ငါ့ရဲ့စကားကို နားထောင်ပြီး ...

... မင်း မြန်မြန် ထွက်သွားလိုက်ပါ ... မဟုတ်ရင် ဒီနေရာဟာ မင်းအတွက် နောက်ဆုံး ဖြစ်သွားမှာ ငါကြောက်တယ်။ ”

လင်းယွင်ဟဲတစ်ယောက် မျက်နှာ ပျက်ယွင်းသွားသည်။ ဓားပျံစံအိမ်၏ ချွယ်မိုချီ၊ အစိမ်းရောင်ဆေဘာဓားဂိုဏ်း၏ ဆေဘာဘုရင် ချီချုံးဇီ၊ ဝိညာဉ်မြူဘုံကျောင်း၏ တာအို တစ်ထောင် ချင်ကျွယ်နှင့် ယွမ်ယန်တာအို ဂိုဏ်းမှ လဲ့ချန်ရှောင် တို့သည် သူနှင့် အဆင့်တူဖြစ်၏။

ကြယ်စုစည်းခြင်း အဆင့်၌ပင် ကျော်ကြားလှသော ပုဂ္ဂိုလ်များဖြစ်ရာ ၎င်းတို့ကို ဟန့်တားနိုင်ခြင်း ရှိ-မရှိ မသေချာချေ။

လက်ရှိအချိန်တွင် စုရီသည် တာအိုကို နားလည်သဘောပေါက်ရန် အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ အချိန်ဖြုန်းနေစရာ မလိုပါဘူး ... တိုက်ရအောင်။ ”

အမှောင်မိစ္ဆာ နှင်းစပါးအုံးသည် အေးစက်သောလေသံဖြင့် ပြောကြားလိုက်ကာ ကြောက်မက်ဖွယ်ရာ နတ်ဆိုးရောင်ဝါများ ထုတ်ဖော်လိုက်သည်။

“ ဖွီး ... ။ ”

ထို့‌နောက် ပါးစပ်ဖွင့်လျက် ချီချုံဇီထံ အပြာရောင်ရေခဲလွှာများဖြင့် ထွေးထုတ်လိုက် လေသည်။

“ ဟမ့် ... ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ချင်နေတာပဲ။ ”

ချီချုံးဇီမှ အေးစက်စွာ အော်ဟစ်လိုက်ပြီး ကျောပြင်တွင်လွယ်ထားသော ဆေဘာဓားကို ဆွဲထုတ်ကာ ခုတ်ချတော့၏။

“ ဂျိန်း ... ။ ”

အဖြူရောင် ဆေဘာဓားအလင်းသည် ကောင်းကင်ကိုဖြတ်ကာ မိုးခြိမ်းသံများနှင့်အတူ ပြိုဆင်းလာခဲ့သည်။

ခက်ချင်းပင် ဆေဘာဓားအလင်းသည် အပြာရောင်ရေခဲလွှာများကို ပျက်ပြယ်စေလျက် နှင်းစပါးအုံထံ ဆက်၍တိုးဝင်သွား၏။

“ ဖွီး ... ။ ”

နှင်းစပါးအုံးမြွေကြီးက ပါးစပ်ဖွင့်ပြီး အပြာရောင်ရေခဲဓားတစ်လက် ထွေးထုတ်ကာ ဆေဘာဓားအလင်းကို ပိတ်ဆို့လိုက်သည်။

“ ဝုန်း ... ။ ”

ဓားနှင့် ဆေဘာတိုက်မိပြီး လှိုင်းလုံးများ ထွက်ပေါ်လာကာ ကျောက်တုံးနှင့် သစ်ပင်များ ပျက်စီးကုန်၏။ မြေပြင်၌ ပင့်ကူမျှင်များကဲ့သို့ အက်ကွဲကြောင်းများ ပျံ့ကျဲသွားသည်။

“ ယုတ်ညံ့တဲ့သားရဲ ... မင်းကို ဒီနေ့ အရှင်ဖမ်းမယ် ... ဘယ်သူပဲ ဖြစ်နေပါစေ ငါ့ကို တားဖို့ မကြိုးစားနဲ့။ ”

ဆေဘာဘုရင် ချီချုံးဇီက ကျယ်လောင်စွာ အော်ဟစ်လျက် ဆေဘာဓားနှင့်အတူ ပြေးတက် သွားတော့သည်။

“ လင်းယွင်ဟဲ ... ၊ ငါမင်းကို အခွင့်အရေး ပေးခဲ့ပေမယ့် မင်းဒါကို မမြတ်နိုးဘူး အခု မင်းရဲ့ ခေါင်းကိုယူရင် အပြစ်မတင်နဲ့။ ”

တစ်ချိန်တည်းမှာပင် တာအိုတစ်ထောင် ချင်ကျွယ်က ခြေလှမ်းကျဲကြီးများဖြင့် လင်းယွင်ဟဲထံ ဦးတည်လိုက်၏။

သူ့အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ကို ထုနှက်တော့မည့် ဗုံသံကဲ့သို့ လက်သီးဖြင့် ပစ်ချလိုက်သည်။

“ ဝှစ် ... ။ ”

လင်းယွင်ဟဲမှ နောက်မဆုတ်ဘဲ တာအိုဓားရှည်လေးစင်းကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လျက် သင်္ကေတလေးပါးအစီရင်အဖြစ် အသက်သွင်းလိုက်၏။

“ ဝုန်း ... ။ ”

တခဏချင်းမှာပင် တိုက်ပွဲကြီး ဖြစ်ပွားလာသည်။ ယင်းသည် ကြယ်စုစည်းခြင်း အဆင့်ရှိ ကျွမ်းကျင်သူများကြား တိုက်ပွဲကြီး ဖြစ်၏။

မိုးပြာတိုက်ကြီး၏ အထွတ်အထိပ် ကျွမ်းကျင်သူများ၏ စွမ်းအားသည် မည်သို့မျှ သာမန်ဖြစ်နိုင်မည်မဟုတ်ချေ။

ပတ်ဝန်းကျင်ရှိ တောင်တန်းများ တုန်ခါကုန်ကာ ကျောက်တုံးနှင့် သစ်ပင်ကြီးများ အားလုံး အမှုန်အဖြစ်သို့ ပြောင်းလဲသွား၏။

တောင်ကြားကို မူလဖုံးလွှမ်းနေသည့် အေးစက်သော မြူခိုးများသည်ပင် လှုပ်ခတ် လွင့်မျောကုန်သည်။

“ သွားရအောင် ... ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး ယန်ကျွယ်ရှန် ဦးဆောင်လျက် ကျန်လူများက တိုက်ပွဲထံသို့ ဝင်ရောက်လာတော့၏။

တစ်ဦးချင်း အနေအထားအရ လင်းယွင်ဟဲနှင့် အမှောင်မိစ္ဆာနှင်းစပါးအုံးကို ချင်ကျွယ်နှင့် ချီချုံးဇီသည် မယှဉ်နိုင်ချေ။

သို့သော် လဲ့ချန်ရှောင်နှင့် ချွယ်မိုချီတို့ ပူးပေါင်းခြင်းဖြင့် သာလွန်သော အနေအထားသို့ ချက်ချင်း ရောက်ရှိလာသည်။

ထို့ကြောင့် လင်းယွင်ဟဲနှင့် အမှောင်မိစ္ဆာ နှင်းစပါးအုံးခမျာ အကြပ်ရိုက်လာပြီး မကြာမီ ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွား၏။

သူတို့နှစ်ဦးသည် ဤအခြေအနေအပေါ် အချိန်ကြာမြင့်စွာ ဆက်ထိန်းထားနိုင်တော့မည် မဟုတ်ကြောင်း မြင်သာနေသည်။

“ ဟား ဟား ဟား ... မင်း ... ဘယ်လောက်ကြာကြာ ရုန်းကန်နိုင်ဦးမလဲ ငါကြည့်မယ်။ ”

ချီချုံးဇီမှ ရယ်မောလျက် လေထဲ ကုပ်ဆွဲလိုက်သည်။ လေထုအလယ် မိုးကြိုး မုန်တိုင်းတစ်စင်း ဖွဲ့တည်လာ၏။

၎င်းသည် နှင်းစပါးအုံးမြွေကို အသက်ရှင်လျက် ဖမ်းဆီးရန် ကြံရွယ်ချေပြီ။ နှင်းစပါးအုံးမြွေခမျာ ဒဏ်ရာများကြောင့် ရှောင်တိမ်းနိုင်ခြင်း မရှိတော့ချေ။

နာကျည်းမှုများဖြင့် မော့ကြည့်လိုက်၏။ နှစ်ပေါင်းများစွာ သူမ စောင့်မျှော်နေခဲ့ရသော အသွင်ပြောင်းရန် အခွင့်အရေးကို ယနေ့ ရရှိခဲ့သည်။

သို့သော် ထိုအသွင်ပြောင်း အခွင့်အရေး မရောက်ခင် ဘေးဥပဒ်က ဦးစွာရောက်ရှိလာ၏။ ကံကြမ္မာသည် လှည့်စားနိုင်လွန်းချေပြီ။

“ ယုတ်ညံ့တဲ့သားရဲ ဒီကိုလာ ... ။ ”

မိုးကြိုးမုန်တိုင်းများ ဗဟိုပြုလျက် ကြီးမားလှသော လက်ဖဝါးကြီးတစ်ဖက်က ကောင်းကင်မှ ကျဆင်းလာကာ သူမကို ဖမ်းဆုပ်တော့သည်။

“ ဟမ့် ... ။ ”

ထိုစဉ် ဒေါသတကြီး နှာခေါင်းရှုံ့သံနှင့်အတူ ဓားအလင်းတစ်လက် လေဟာနယ်ဖြတ်သန်းပြီး လက်ဖဝါးကြီးကို ထိမှန်သွားသည်။

“ ဝုန်း ... ။ ”

မိုးကြိုးမုန်တိုင်း လက်ဖဝါးကြီးခမျာ လေထုအလယ် ပျက်ပြယ်လျက် မိုးရေစက်များ အဖြစ် တဖွဲဖွဲ ရွာကျလာတော့၏။

“ ဘယ်သူလဲ ... ။ ”

ချီချုံးဇီတစ်ယောက် ချက်ချင်း နောက်တစ်လှမ်း ပြန်ဆုတ်ကာ မျက်ဝန်းများ မှေးစင်းသွားချေပြီ။

***

All Chapters