စုရီ၏ ဒေါသ ... ။
Vol. 30 Ch. 353
“ ဝှစ် ... ။ ”
တစ်ချိန်တည်းမှာပင် လင်းယွင်ဟဲအနားရှိ လေဟာနယ်တွန့်ခေါက်လျက် ထက်ရှသော ဓားအလင်းတစ်လက် ရုတ်ချည်းပေါ်လာသည်။
ကောင်းကင်မှ ကျဆင်းလာသော လက်သီးကြီးသည် လေထုအလယ် ကြေမွှသွား တော့၏။
လဲ့ချန်ရှောင်နှင့် ချင်ကျွယ်က အံ့သြစွာဖြင့် ချက်ချင်းဆုတ်ခွာလိုက်ကာ ဓားအလင်းလာရာ အရပ်ထံသို့ လှမ်းကြည့်လိုက်လေသည်။
ဤဖြစ်စဉ်ကြောင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကုန်၏။ လှိုဏ်ဂူပေါက်ဝတွင် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။
ကျောက်စိမ်းရောင် ဝတ်ရုံစသည် တဖျပ်ဖျပ်ခတ်လျက် အနည်းငယ် မကြည်မလင် ဖြစ်နေသော အမူအရာကို ပြသထား၏။
“ ဟမ့် ... အတွင်းပိုင်း သန့်စင်ခြင်း အဆင့်လား။ ”
ချီချုံးဇီက အံ့သြသွားလေသည်။ လဲ့ချန်ရှောင်ပင် မျက်မှောင်ကြုတ်လိုက်မိ၏။ ချင်ကျွယ်က မျက်ဝန်းများမှေးစင်းလျက်၊
“ သူက ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ သူက လင်းယွင်ဟဲနဲ့အတူ ပါလာတာ ... ကောင်းကင်ဓားခန်းမရဲ့ တပည့်တစ်ယောက်လို့ ထင်ခဲ့မိတာ ... ။ ”
ယန်ကျွယ်ရှန်က ရှုပ်ထွေးသော အမူအရာမျိုးဖြင့် ပြန်ဖြေလိုက်သည်။ လူတိုင်း မျက်ခုံးပင့်လိုက်ကြ၏။ အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှ တစ်စုံတစ်ယောက်သည် သူတို့၏ တိုက်ခိုက်မှုများကို ချေဖြတ်ခဲ့သည်လော။
“ ပြန်ဆုတ် ... ဒီကြွက်တစ်အုပ်က ငါ့ကိုနှောက်ယှက်ဝံ့တဲ့ ယုံကြည်မှုမျိုးဘယ်က ရလာလဲ ငါကြည့်မယ်။ ”
စုရီက ဂူထဲမှ လှမ်းထွက်လာပြီး လင်းယွင်ဟဲတို့ထံ အမိန့်ပေးလိုက်၏။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီးနောက် ခံစားချက်များကို လျစ်လျူရှုထားနိုင်သည်။
ထို့ကြောင့် ဤတစ်ကြိမ်သည် စုရီဘဝဖြင့် ပထမဆုံး ဒေါသထွက်ခြင်း ဖြစ်၏။ စုဟုန်လီနှင့် တိုက်စဉ်ကပင် ခံစားချက်များ အပြောင်းအလဲ မရှိခဲ့ချေ။ တည်ငြိမ်နေခဲ့သည်။
သို့သော် ဤသို့ ဉာဏ်အလင်းအတွက် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေစဉ် အနှောင့်အယှက်များ ရောက်ရှိလာခြင်းသည် သူ့ကို ဒေါသဖြစ်စေ၏။
“ ဘယ်လိုတောင် မာနကြီးလိုက်လဲ ... ငါစမ်းကြည့်မယ် အတွင်းပိုင်းသန့်စင်ခြင်းအဆင့် ပုရွက်ဆိတ်တစ်ကောင်က ငါ့ရှေ့ မောက်မာဝံ့သလား။ ”
ချွယ်မိုချီက နွေဦးမိုးခြိမ်းသံကဲ့သို့ အော်ဟစ်လျက် ကောင်းကင်ပေါ် ခုန်တက်ကာ ဆေဘာဓားဖြင့် လှမ်းထိုးလိုက်သည်။
ဓားပုံစံသည် မြွေတစ်ကောင်ကဲ့သို့ တွန့်လိန်လျက် ရှေးဟောင်း ရူရ်များစွာကို ရေးထွင်းထားသည်။
“ ချွင် ... ။ ”
၎င်းကို အသက်သွင်းလိုက်သောအခါ ဓားကိုယ်ထည်မှ မြွေနက်ဝိညာဉ်တစ်ကောင် ပေါ်လာပြီး ပုံးပိုင်းကွဲသွား၏။
“ နတ်ဆိုးမြွေ ဓား။ ”
၎င်းသည် ဓားပျံခန်းမ၏ ထိပ်တန်းအဆင့် မူလတာအိုဝိညာဉ်ရေး လက်နက်များ အနက်မှ တစ်ခု ဖြစ်သည်။
အသွေးအသားကို တိုက်စားပြီး စိတ်ဝိညာဉ်အပေါ် သေစေနိုင်သည့် အဆိပ်မျိုး သုတ်လိမ်းထား၏။
ဤတစ်ချက်တည်းဖြင့် ချွယ်မိုချီသည် မဟာချူမင်းဆက် မိန်းကလေးမြောင်ဟွာထက် သာလွန်ကောင်းမွန်သော စွမ်းရည်မျိုးကြောင်း ပြသနေသည်။
“ ပုရွက်ဆိတ် တစ်ကောင်ပဲ။ ”
သို့သော် စုရီအမြင်တွင် ဤဓားရေးသည် ထူးခြားခြင်း မရှိချေ။ ရှေ့တစ်လှမ်း လှမ်းကာ လက်ညှိုးဖြင့် လှမ်းထိုးလိုက်သည်။
“ နည်းနည်းတော့ ... ရူးချင်စရာပဲ။ ”
တစ်ဖက်လူသည် မြွေနတ်ဆိုးဓားကို လက်ချောင်းများဖြင့် ဖြေရှင်းရန် ကြံရွယ်နေရာ ချွယ်မိုချီတစ်ယောက် လှောင်ပြုံးပြုံး၏။
“ ချွင် ... ။ ”
လေထုအလယ် မြွေနတ်ဆိုးဓား ကိုင်ထားသော ချွယ်မိုချီသုံးယောက် ခွဲထွက် သွားလေသည်။
ကြယ်စုစည်းခြင်းအဆင့် ဓားသမား သုံးယောက် ပူးပေါင်းပြီး အရပ်မျက်နှာသုံးပါးမှ တိုက်ခိုက်လာခြင်းနှင့်တူ၏။
“ ဟားဟားဟား ... ကောင်လေး မင်းအရမ်းငယ်ပါသေးတယ်။ ”
ချွယ်မိုချီက ရယ်မောလျက် မှတ်ချက်ပေးလိုက်သည်။ ဤဓားရေးသည် ဓားပျံစံအိမ်၏ လျှို့ဝှက်နည်းစနစ်သုံးခုအနက် တစ်ခုဖြစ်သည်။
ပုံရိပ်ယောင် ဓားဝိညာဉ် ဟုခေါ်၏။ စံအိမ်ဘိုးဘေးသည် ဤဓားဖြင့် ဓားပုံရိပ်ပေါင်း ကိုးရိပ်ကို ဖန်တီးနိုင်သည်။
အရေးကြီးဆုံးအချက်မှာ ဓားရိပ်တစ်ခုစီသည် တူညီသော စွမ်းအင်များ ပါရှိနေခြင်းဖြစ်၏။
လက်ရှိအချိန်၌ သူသည် ဓားသုံးလက်သာ ခွဲထုတ်နိုင်သော်လည်း ဤလူငယ်ကို သတ်ရန် လုံလောက်နေချေပြီ။
စုရီအသွင်သည် တည်ငြိမ်နေပြီး ဓားနှစ်လက်ကိုလျစ်လျူရှုလျက် တတိယဓားထံ လှမ်းတောက်လိုက်သည်။
“ ထန် ... ။ ”
“ ခရစ် ... ။ ”
ချက်ချင်းပင် ဓားဖျား ကျိုးကျသွားကာ များပြားလှသော မူလစွမ်းအင်များ ချွယ်မိုချီထံ စီးဝင်သွား၏။
“ ဝေါ့ ... ။ ”
ချွယ်မိုချီခမျာ လေထုအလယ် ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလျက် သွေးများ အန်ထွက်ကုန်သည်။
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် မှော်ရတနာများအားလုံး ဆက်တိုက်ပေါက်ကွဲ ကုန်တော့သည်။
အဆုံးတွင် ပေါင်တူနှင့် ထုနှက်ခံလိုက်ရ သကဲ့သို့ ခန္ဓာကိုယ်ကြီးတစ်ခုလုံး အက်ကွဲလျက် သွေးမြူများအဖြစ် ပေါက်ကွဲသွား၏။
ဤလူသည် စုရီဒေါသကို ခံနိုင်ရည်ရှိသော အဆင့်တွင် မရှိချေ။ သာမန် တိုက်ခိုက်မှု တစ်ခု သည်ပင် တောင်ပြိုခြင်းနှင့်တူခဲ့၏။
ကျန်ရှိနေသော မြွေနတ်ဆိုး ဓားနှစ်လက်သည် စုရီအပေါ်ကျရောက်လာပြီး ပျက်ပြယ်သွားချေပြီ။
“ ဒါ ... ။ ”
ယန်ကျွယ်ရှန်၊ လဲ့ချန်ရှောင်၊ချီချုံးဇီ၊ ချင်ကျွယ်နှင့် ကျန်လူများမှာ ထိတ်လန့်ကုန်ပြီး နောက်တစ်လှမ်း အလိုလို ဆုတ်မိသွား၏။
ချွယ်မိုချီဟူသည် ကျော်ကြားလှသော ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ယနေ့တွင် လူငယ်တစ်ယောက်၏ သတ်ခြင်း ခံလိုက်ရချေပြီ။
“ ဟမ့် ... ။ ”
ထိုစဉ် သွေးမြူများအတွင်းမှ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော လူရိပ် တစ်ရိပ်ပေါ်လာသည်။
“ မသေဘူးလား။ ”
စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်လေသည်။ ကြယ်စုစည်းခြင်း အဆင့် ကျွမ်းကျင်သူများအပေါ် သူ့အနေဖြင့် လျှော့တွက်ထားမိပုံရသည်။
ဤလူများသည် သန်မာခြင်း မရှိလှ သော်လည်း ၎င်းတို့အသက်ကို ထိန်းထားရန် နည်းလမ်းပေါင်းများစွာ ပိုင်ဆိုင်ထား၏။
“ ဒါဟာ ဝိညာဉ်အပိုင်းအစပဲ ... မင်းဘယ်လောက် ကြာကြာခံနိုင်မယ်ဆိုတာ ငါကြည့်မယ်။ ”
စုရီက ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ့ခြေဖဝါးအောက်ရှိ လေဟာနယ် ချက်ချင်း ကျုံ့သွားပြီး ချွယ်မိုချီထံ ရောက်ရှိသွား၏။
“ ငါ့ကို ကယ်ပါ ... ။”
ချွယ်မိုချီဝိညာဉ်သည် ထိတ်လန့်တကြား အော်ဟစ်လျက် လှည့်ပြေးသည်။
“ သူ့ကိုကယ် ... ။ ”
လဲ့ချန်ရှောင်မှ ဆော်ဩပြီး စုရီကို လက်ဖဝါးဖြင့် လှမ်းရိုက်ချလိုက်လေသည်။ ရွှေလက်ဖဝါးကြီးတစ်ဖက် ထွက်ပေါ်လာ၏။
“ ဖျက်ဆီးခြင်းမိုးကြိုး ဆေဘာဓား။ ”
ချီချုံးဇီမှလည်း ဆေဘာဓားဖြင့် ခုတ်ပိုင်းသည်။ မိုးကြိုးနှင့် လျှပ်စီးစွမ်းအင်များ ရစ်သိုင်းလျက် ဆေဘာဓားအလင်း ပြေးထွက်သွား၏။
ဤသည်မှာ ထူးခြားသော ဓားရေးတစ်ရပ်ဖြစ်သည်။ မိုးကြိုးတာအိုနှင့် ပေါင်းစပ်ပြီး အလယ်အလတ် ကြယ်စုစည်းခြင်း အဆင့် ခွန်အားကို လောင်းထည့်ထား၏။
“ တာအိုတစ်ထောင် လက်သီး။ ”
တစ်ဖက်တွင် ချင်ကျွယ်သည်လည်း တွန့်ဆုတ်ခြင်း မရှိခဲ့ချေ။ လက်သီးဖြင့် ထိုးနှက် လာသည်။
ဤလက်သီးသည် စကြာဝဠာကြီးကဲ့သို့ အားကောင်းပြီး ကောင်းကင်နှင့် မြေကြီးကြား အုပ်စိုးရှင်တစ်ပါးနှင့်တူသည်။
ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ သုံးယောက်၏ အထွတ်အထိပ် ခွန်အားကြောင့် လေဟာနယ်တစ်ခုလုံး ပြိုကျသွားသည်။
“ အရမ်း ကြောက်စရာကောင်းတယ်။ ”
ယန်ကျွယ်ရှန်က အသက်ပြင်းပြင်းရှူကာ မှတ်ချက်ပေးလိုက်သည်။ ဤတိုက်ပွဲ၌ သူ့ကဲ့သို့ မူလနန်းတော်အဆင့် ကျင့်ကြံသူများအားလုံး ပါဝင်ရန် အရည်အချင်းမပြည့်မီချေ။
တိုက်ပွဲမှ ပြန့်ကျဲလာသည့် စွမ်းအင်အကြွင်းအကျန် လှိုင်းများသည်ပင် သူတို့ကို ဆိုးရွားသော သက်ရောက်မှုများ ပေးနိုင်သည်။
ယခုအချိန်တွင် လူတိုင်းသည် သတ်ရန် လှုပ်ရှားမှုများကို အသုံးပြုထားပြီး ဖြစ်ကြောင်း သူ ပြောနိုင်သည်။
သို့တိုင် စုရီသည် မတုန်မလှုပ် နတ်တောင်ကြီးကဲ့သို့ ရွေ့လျားပြီး ချွယ်မိုချီကို ချေမွသတ်ပစ်လျက် ချက်ချင်း ပြန်လှည့်ကာ ရွှေလက်ဖဝါးကြီးထံ တံဆိပ်နှင့် ပစ်ခတ်လိုက်သည်။
“ ဝုန်း ... ။ ”
လက်ဖဝါးကြီးသည် ဖန်ခွက်အလား ကွဲကြေသွားကာ တံဆိပ်သည် လဲ့ချန်ရှောင်ထံ ဆက်၍ ပျံသန်းသွားခဲ့၏။
“ ဟမ့် ... ။ ”
လဲ့ချန်ရှောင်က အံကြိတ်လျက် မှောင်ရတနာများကို ဆက်တိုက်ပစ်လွှတ် လိုက်သည်။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
မှော်ရတနာများသည် ကြယ်စုစည်းခြင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူများထံပါးမှပင် ကာကွယ်ပေးနိုင်သော အကာအကွယ် အဆောင်များ ဖြစ်ချေပြီ။
“ ဝုန်း ... ။ ”
“ မလုံလောက်ဘူး။ ”
သို့တိုင် မအောင်မြင်ချေ။ တံဆိပ်သည် ဓားတစ်လက်အဖြစ် ပြောင်းလဲကာ မှော်ရတနာ အားလုံးကို ချေမွှလျက် တိုးဝင်နေဆဲဖြစ်၏။
အဆုံးတွင် လီချန်ရှောင်တစ်ယောက် လျှို့ဝှက်တားမြစ် အဆောင်ရတနာတစ်ခုကို နာကျင်စွာ ထုတ်ယူပြီး အသက်သွင်း လိုက်ရသည်။
ရုတ်ချည်း စူးရှသော ခရမ်းရွှေရောင် အလင်းများနှင့်အတူ သာလွန်မြင့်မြတ်သော ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာကာ ဓားအလင်းဖြင့် တိုက်မိသွားတော့၏။
“ ဝုန်း ... ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ရလာဒ်အနေဖြင့် ဓားအလင်းနှင့် အဆိုပါပုံရိပ်သည် လေထုအလယ် ပျက်ပြယ် သွားလေသည်။
ထိုမြင်ကွင်းသည် လီချန်ရှောင်ကို မျက်လုံးများပြူးကျယ်စေလျက် ခက်ခက်ခဲခဲ အသက်ရှူသွင်းလိုက်ရစေ၏။
တစ်ဖက်တွင် စုရီသည်လည်း တုန့်ဆိုင်းရန် အချိန်မရှိခဲ့ချေ။ ကျန်လူများ၏ တိုက်ခိုက်မှုများ သူ့အပေါ် ကျရောက်လာနေပြီဖြစ်သည်။
***