← Chapters

ယင်ဝိညာဉ်ခန္ဓာနှင့် သွေးဓား။

Vol. 30 Ch. 356

ယင်ဝိညာဉ်ခန္ဓာနှင့် သွေးဓား။

Vol. 30 Ch. 356

စုရီက နှင်းစပါးအုံးမြွေကို တစ်ချက်ကြည့်ကာ၊

“ ဒီမူလယင်ဝိညာဉ် သွေးပြန်ကြောကို ငါအခုသိမ်းလိုက်မယ် ... ထောင်ချင်းရှန် မင်းကို သင်ပေးခဲ့တဲ့ အသွင်အပြောင်းနည်းကို ပြန်သင်ပေးလိုက်ပါ။ ”

-ဟု ယွမ်ဟမ်ထံ အမိန့်မေးလိုက်သည်။

“ နားလည်ပါပြီ သခင် ... ။ ”

ယွမ်ဟမ်က နှင်းစပါးအုံးထံ ကြည့်ပြီး၊

“ မိန်းကလေးပိုင် ... ငါနဲ့လိုက်ခဲ့။ ”

-ဟု ပြောကြားလိုက်သည်။

“ ကျေးဇူးတင်ပါတယ် တာအိုစု။ ”

နှင်းစပါးအုံးက စုရီကို သုံးကြိမ်တိတိ အရိုအသေပေးကာ ယွမ်ဟမ်နောက်သို့ လိုက်ပါ သွားလေသည်။

“ လိုက်သွားကြည့်ဦးမယ်။ ”

ချင်းယာမှ အလွန်စိတ်လှုပ်ရှားနေပြီး လိုက်သွားခါနီးတွင် လင်းယွင်ဟဲက ခေါင်းကို ဖိကိုင်ကာ၊

“ မင်းဒီမှာနေသင့်ပြီ။ ”

-ဟု ဟန့်တားလိုက်ရသည်။

ထိုအချိန်တွင် စုရီက ကျောက်စိမ်း ပုလင်းတစ်လုံး ထုတ်ယူလျက် ဆန်းကြယ်သော တားမြစ်အမိန့်တစ်ခု ရေးထွင်းလိုက်၏။

“ ဝှစ် ... ။ ”

ပြီးသည်နှင့် ကျောက်စိမ်းပုလင်းကို လေထဲပစ်တင်ကာ ‘စုစည်း’-ဟု အမိန့်ပေးလိုက် တော့သည်။

“ ဝှီး ... ။ ”

ရေကန်အတွင်း အနက်ရောင် ရေများက ကျောက်စိမ်းပုလင်းထဲ စီးဝင်လာ၏။ ၎င်းသည် မူလယင်ဝိညာဉ်အရည် ဖြစ်သည်။

အဆင့်အရ ပဉ္စမတန်းရှိ၏။ ဆေးဝါး သန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် နတ်ဆိုး သားရဲများအပေါ် အသုံးပြုနိုင်မည်။ တစ္ဆေသရဲများ အတွက်လည်း အသုံးဝင်၏။

ခဏအကြာတွင် ရေကန်အတွင်းရှိ မူလယဉ်ဝိညာဥ်အရည်များ ကုန်ဆုံးသွားကာ အောက်ခြေတွင် အေးခဲနေသော အနက်ရောင် ကျောက်တုံးကြီး ပေါ်လွင်လာသည်။

၎င်းတွင် အရိုးထိတိုင် အေးစက်စေသည့် မကောင်းဆိုးဝါးရောင်ဝါများဖြင့် ပြည့်နှက်နေ ချေပြီ။

“ မင်းတို့နှစ်​​ယောက်​ ဆယ်​​ပေ​လောက်​​နောက်​ပြန်ဆုတ်ပါ။ ”

စုရီက ဆရာတပည့်နှစ်ယောက်ကို ပြောကြားပြီး အမှောင်နတ်ဓား ဆွဲထုတ်ကာ ခုတ်ပိုင်းချလိုက်သည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ပေတံဖြင့်တိုင်းထား သကဲ့သို့ သုံးပေခြားပြတ်ရှရာများ အစီအရီထွက်ပေါ် လာတော့၏။

လက်ရှိ သူ့ခွန်အားအရ ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူများပင် ဤဓားကို မခံယူနိုင်ချေ။

သို့ကျောက်နက်တုံးသည် ပုံသဏ္ဍန် မပျက်ခဲ့ချေ။ မည်မျှမာကျောမည်ကို တွေးကြည့် နိုင်၏။ ထို့နောက် အမှောင်နတ်ဓားကို သိမ်းပြီး သွေးဓားထုတ်ယူလိုက်သည်။

“ ဒါက မင်းရဲ့ဓားဝိညာဉ်ကို စုစည်းနိုင်ဖို့ အခွင့်အရေးတစ်ခုပဲ မအောင်မြင်ရင် ငါ့အပေါ် အပြစ်မတင်နဲ့။ ”

သွေးဓားမှ သူ့စကားကို နားလည်သကဲ့သို့ ပြင်းစွာ တုန်ခါပြသည်။ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ခုတ်ချလိုက်၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

သွေးနီဓားအလင်းများသည် ကျောက်တုံးနက်ကြီးပေါ်သို့ ထပ်မံပြုတ်ကျသွား ချေပြီ။

“ ဝုန်း ... ။ ”

အဆုံးတွင် ကြောက်မက်ဖွယ် အအေးဓာတ်တစ်ခု တိုးထွက်လာပြီးနောက် ပေါက်ကွဲသွားတော့သည်။

“ စွပ် ... စွပ် ... ။ ”

လွင့်စဉ်လာသော ကျောက်တုံး အပိုင်းအစများသည် ကျောက်နံရံများပေါ်တွင် မြှားများသဖွယ် နစ်ဝင်ကုန်၏။

တစ်ချိန်တည်းမှာပင် အပြာရောင် အလင်းတန်းတစ်စ ‌ကျောက်နက်တုံး‌အောက်မှ ရုတ်တရက် ပျံတက်လာခဲ့သည်။

၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ကျောက်တုံးများနှင့် အရာဝတ္ထုတိုင်း ချက်ခြင်း အေးခဲ ပျက်ပြယ်သွားသည်။ အလွန်အေးစက်ပြီး ဆိုးဝါးသောခံစားချက်များ ပေး၏။

စုရီပင် မလွတ်ချေ။ ခန္ဓာကိုယ်ပေါ်သို့ နက်ပြာရောင် နှင်းခဲအလွှာဖြင့် ဖုံးအုပ်ခြင်း ခံလိုက်ရလေသည်။

ဤသည်မှာ အကြွင်းမဲ့ အေးစက်သော မကောင်းဆိုးဝါး စွမ်းအင်ဖြစ်ကာ ဝိညာဉ်တာအို နယ်ပယ်အောက်မှ လူတိုင်းကို ရေခဲရုပ်ထုအဖြစ် အလွယ်တကူ အေးခဲသွားစေနိုင်မည်။

သို့သော် စုရီခန္ဓာကိုယ်ပေါ်ရှိ နှင်းခဲလွှာများမှာမူ ဖြည်းညှင်းစွာ အရည်ပျော် အငွေ့ပျံကုန်သည်။ ယင်တာအိုအပေါ် နားလည် ပြီးနောက် ဤဒဏ်ကို ခံနိုင်ရည်ရှိချေ၏။

“ ဖရူး ... ။ ”

ထိုစဉ်သွေးဓားသည် အော်မြည်သံပြုလျက် ထွက်ပြေးရန် ကြိုးစားနေသော နက်ပြာရောင် အလင်းကို ထိုးဖောက်ပစ်လိုက်သည်။

“ ဝူး ... ။ ”

စူးစူးဝါးဝါး အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာပြီး နက်ပြာရောင်အလင်းသည် ဘောလုံးကဲ့သို့ ဝိညာဉ်ကိုယ်ခန္ဓာအဖြစ် အသွင်ပြောင်းသွား၏။

ဤသည်မှာ မူလယင်ဝိညာဉ် သွေးပြန်ကြောမှ မွေးဖွားသော ဝိညာဉ်ခန္ဓာ ဖြစ်သည်။ အလွန်အေးစက်သော ဗီဇနှင့် အသိဥာဏ်ရှိ၏။

အလွန်ရှားပါးလေသည်။ ၎င်းကို လက်နက်များအတွင်းထည့်သွင်းကာ အဆင့် မြှင့်တင်နိုင်မည်။

သွေးဓားအတွက် ဓားဝိညာဉ်အဖြစ် ပေါင်းစည်းရန် အခွင့်အရေးပေပင်။ ယင်ဝိညာဉ် ခန္ဓာသည် သွေးဓား၏ စုပ်ယူမှုကို အရူးအမူး ရုန်းကန်နေသော်လည်း မအောင်မြင်ချေ။ အဆုံးတွင် ဓား၌ ပေါင်းစပ်သွား၏။

“ ဘရူး ... ။ ”

သွေးဓားက စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလာသည်။ စုရီမှ ခေါင်းညိတ်ပြီး သိမ်းလိုက်၏။

ကောင်းကင်ဘုံရှဲ့ကျစ်ဓားသည် လင်ရွယ်အတွက်ဖြစ်ကာ ဤဓားကို ချင်းဝမ် အတွက် ရည်ရွယ်သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

ယင်ဝိညာဉ်ကို ဝါးမျိုပြီးနောက် သွေးဓားတစ်လျှောက် ရေခဲမြူများ ချက်ချင်း ရစ်သိုင်းလာသည်။

အဝေးမှကြည့်ပါက အပြာနုရောင် ရေခဲဓားတစ်လက်ကဲ့သို့ လှပချေပြီ။ ယင်တစ္ဆေ တစ်ကောင်အတွက် အသင့်လျော်ဆုံးပေပင်။

“ ဝှစ် ... ။ ”

ချင်းဝမ်လက်တွင် မည်မျှ မကောင်းဆိုးရွားဆန်နေမည်ကို တွေးကြည့် နိုင်၏။ ထို့နောက် ရေကန်အောက်ခြေသို့ ထပ်မံ ငုံကြည့်ကာ နှိုက်ယူလိုက်သည်။

ကိုးပေရှည်လျားသော အနက်ရောင် ဝိညာဉ်ရေး သွေးပြန်ကြောတစ်ခု စုရီလက်ထဲ ပါလာ၏။ လုံးပတ်မှာ တစ်ပေခန့် ရှိသည်။

မြွေနက်ကြီးတစ်ကောင်လိုပင်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြား ယင်စွမ်းအင်များ စုပ်ယူခံရပြီး အနှစ်သာရအဖြစ် အသွင်ပြောင်း ‘အနည်ကျ’ထားခြင်းဖြစ်သည်။

ထို့ကြောင့် သန့်စင်ပြီး သိပ်သည်းလှ၏။ ဝိညာဉ်ကျောက်တုံးများအဖြစ် ပိုင်းဖြတ်ရမည် ဆိုသော် သောင်းဂဏန်းခန့် ရရှိနိုင်မည်။

သို့သော် ဤနည်းလမ်းမျိုးသည် စုရီအမြင်တွင် နုံအသော ဖြုန်းတီးခြင်း ပေပင်။ ဝိညာဉ်သွေးပြန်ကြောဟူသည် ကောင်းကင်နှင့် မြေကြီးကြား စွမ်းအင်များကို စုစည်းပေးကာ ဒေသကြီးတစ်ခုလုံး၏ ရာသီဥတုအပေါ် ပြောင်းလဲပေးနိုင်သည်။

၎င်းကို ပိုင်ဆိုင်ထားခြင်းဖြင့် ကျင့်ကြံရန် ရတနာနယ်မြေတစ်ခု ပိုင်ဆိုင်ထားခြင်း ပေပင်။ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများသည် ဤအရာကိုမြင်သော် မနာလိုဖြစ်ပေမည်။

“ ခရစ် ... ။ ”

ထို့နောက် သုံးပိုင်း ပိုင်းချလိုက်ကာ လင်းယွင်ဟဲနှင့် ချင်းယာထံ ဝေမျှပေးလိုက် တော့သည်။

“ ဒါ ... ကျေးဇူးတင်ပါတယ် တာအိုစု။ ”

ဆရာတပည့် နှစ်ယောက်အတွက် မမျှော်လင့်ထားသော အခွင့်အရေး ဖြစ်သည်။ စုရီအတွက်မူ သူ့ပုံစံပေပင်။ ခရီးတစ်ခုတွင် ရရှိသမျှ အခွင့်အရေးတိုင်းကို မျှဝေပေမည်။

“ သွားရအောင်။ ”

စုရီမှ ဦးဆောင်ကာ ဂူအပြင်သို့ ထွက်လာသောအခါတွင် ယွမ်ဟမ်တစ်ယောက် အဖြူဝတ် အမျိုးသမီးတစ်ဦးနှင့် စကားစမြည် ပြောဆိုနေသည်ကို မြင်လိုက်ရသည်။

ချင်းယာက ထိုအဖြူရောင် ၀တ်စုံဖြင့် အမျိုးသမီးကို မြင်သောအခါ မျက်ဝန်းများ၌ တောက်ပလာပြီး၊

“ ဝိုး ... အစ်မပိုင် အရမ်းလှတာပဲ။ ”

-ဟု ချီးမွမ်းစကားဆိုတော့သည်။

အဖြူဝတ် အမျိုးသမီးခမျာ အနည်းငယ်ရှက်ရွံ့သွားကာ ခေါင်းငုံ့လျက် ယွမ်ဟမ်ထံ ခိုးကြည့်၏။

နေရောင်ခြည်အောက်တွင် ဖြူဖွေးနူးညံ့နေသော သူမ အသားအရည်သည် ကြည်လင်တောက်ပနေ၏။ အနက်ရောင် ဆံပင်ရှည်များမှာ အရိုင်းဆန်ဆန် လွင့်ပျံနေသည်။

စုရီက သူမထံ ကြည့်သည်။ ဤသားရဲသည် အသွင်ပြောင်းကပ်ဘေး မခံရသည်မှာ အုတ်မြစ် လုံလောက်အောင် ခိုင်မာနေသောကြောင့် ဖြစ်မှန်း နားလည်လိုက်သည်။

ဘေးမှရပ်ကြည့်နေသော လင်းယွင်ဟဲက အံ့သြသွားသည်။ သားရဲများ အသွင်ပြောင်းရန် မည်မျှခက်ခဲသည်ကို ကောင်းစွာသိထား၏။

ဆိုလိုသည်မှာ ယွမ်ဟမ်ပေးသော အသွင်ပြောင်း နည်းစနစ်သည် အစွမ်းထက် လွန်းချေပြီ။

တစ်ဖက်တွင် အဆိုပါ နည်းစနစ်သည် စုရီထံမှ လာကြောင်းကိုလည်း သဘာဝအတိုင်း ပြောနိုင်၏။ ဤလူငယ်သည် ဉာဏ်ပညာနှင့် ရှားပါးနည်းစနစ်များ ကြွယ်ဝကြောင်း ထပ်မံ သိရှိ လိုက်ချေပြီ။

“ အရမ်းယဉ်ကျေးနေဖို့ မလိုဘူး ... ဒီလိုရှုပ်ထွေးတဲ့ လောကဝတ်ပုံစံတွေကို ငါ မကြိုက်ဘူး။ ”

ပိုင်ဝမ်ချင်းက ရှေ့လှမ်းတက်လာပြီး ဒူးထောက်ရန် ကြိုးစားသည်။ သို့သော် စုရီမှ ခွင့်မပြုချေ။

ထိုစဉ်ယွမ်ဟမ်က လက်ချောင်းများ အချင်းချင်း ယှက်သိုင်းပြကာ၊

“ သခင် ... ၊ မိန်းကလေးပိုင်က ဒီလှိုဏ်ဂူအတွင်းမှာ နှစ်ပေါင်း သုံးရာလုံးလုံး နေထိုင်ခဲ့ပါတယ် ... ဒါကြောင့်မို့ သူ ဘယ်ကို သွားရမယ်မသိ ဖြစ်နေပါတယ် ... သူ့ကို ငါတို့နဲ့အတူ ခေါ်သွားလို့ရနိုင်မလား။ ”

-ဟု မေးမြန်းကာ ခေါင်းငုံ့သွားသည်။

စုရီက ယွမ်ဟမ်ထံ လှမ်းကြည့်၏။ ဤလိပ်ကလေးသည် မြွေမလေးကို ချစ်မိသွားပုံ ရချေပြီ။

စုရီတစ်ယောက် တိတ်ဆိတ်နေသဖြင့် ယွမ်ဟမ်ခမျာ အသက်မရှူဝံ့ချေ။ ‌ကျောပြင်တွင် ချွေးများသီးလာပြီး အနည်းငယ် တုန်လာသည်။ ဘေးမှရပ်ကြည့်နေသော ချင်းယာသည်ပင် စိုးရိမ်လာကာ၊

“ အစ်ကိုစု ... အစ်မပိုင်ကို ငါတို့နဲ့အတူ လိုက်ခွင့်ပြုလိုက်ပါ မဟုတ်ရင် ငါတို့အစ်ကိုယွမ် စိတ်မကောင်း ဖြစ်သွားလိမ့်မယ်။ ”

-ဟု ဝင်ရောက် တောင်းဆိုလိုက်သည်။

ယွမ်ဟမ်ခမျာ သူမစကားကြောင့် မျက်နှာနီရဲလျက် ထိတ်လန့်တကြားနှင့် စုရီထံ ပြန်မော့ကြည့်လိုက်သည်။

“ သခင် ... ငါ ။ ”

စုရီက သူ့ကို စကားပြောခွင့်မပေးဘဲ လက်ကာပြလိုက်ပြီး ပိုင်ဝမ်ချင်းထံ လှမ်းကြည့် လေသည်။

“ မင်း ဆန္ဒရှိလား။ ”

သူသည် ပိုင်ဝမ်ချင်း မဟုတ်ချေ။ ထို့ကြောင့် ဆုံးဖြတ်ချက်ချရမည့် သူမထံမေးမြန်းရပေမည်။ အဘယ့်ကြောင့် ဤကလေးများ စိုးထိတ်နေမှန်း နားမလည်နိုင်တော့ချေ။

***

All Chapters