← Chapters

သန့်ရှင်းသော သားတော်။

Vol. 30 Ch. 358

သန့်ရှင်းသော သားတော်။

Vol. 30 Ch. 358

ဘုံကျောင်း အတွင်းတွင် အဆောက်အဦးများစွာတန်းစီနေပြီး နံ့သာပေါင်း မွှေးရနံ့များဖြင့် ထုံမွှန်းနေ၏။

အလယ်တွင် ကိုးမီတာမြင့်သော ရုပ်တုကြီးရှိသည်။ ၎င်းသည် အမျိုးသမီးအသွင် မြွေလူသားဖြစ်၏။

သူမရှေ့တွင် လက်နှစ်ဖက်ဖြင့် ကြာပန်းကဲ့သို့ ပုံသဏ္ဍာန်ရှိသော မီးအိမ်တစ်လုံး ကိုင်ဆောင်ထားသည်။ မီးခိုးရောင်ဝတ် တာအိုဘုန်းကြီးနှစ်ပါးသည် ရုပ်တုရှေ့တွင် ဆီမီးများ ထွန်းညှိပေးနေ၏။

ဝတ်ပြုသူများသည် တန်းစီပြီး နံ့သာပေါင်းအိုးများထွန်းညှိကာ မြေကြီးပေါ်တွင် ဒူးထောက် ဆုတောင်းသည်။

သူတို့အသီးသီးသည် မျက်နှာများပေါ်တွင် ကြည်ညိုလေးစားသော အသွင်များပေါ်လွင်ကာ တစ်စုံတစ်ရာကို ဆုတောင်းရွတ်ဆိုနေ၏။

“ မျှော်လင့်ထားသလိုပါပဲ။ ”

ရုပ်တုကို မြင်သောအခါတွင် စုရီမှ ခေါင်းညိတ်သည်။ ကွမ်လင်မြို့တွင် ဤရုပ်တုကို မြင်ဖူး၏။ ၎င်းအမျိုးသမီးသည် ငရဲကမ္ဘာတွင် တော်ဝင်မျိုးနွယ် ကိုးပါးအတွင်းဝင်သော မြွေတစ္ဆေမျိုးရိုးဖြစ်သည်။

သရဲတစ္ဆေများနှင့် နတ်ဆိုးများအမြင်တွင် မြွေတစ္ဆေမျိုးရိုးအပေါ် ‘လမ်းပြသူ’ အဖြစ်လည်း ခေါ်ဆိုကြပြီး အလွန်မြင့်မားသော အဆင့်အတန်းရှိသည်။

“ ဒီငရဲအသူရာဧကရာဇ်က တကယ်ပဲ ငရဲကမ္ဘာမြွေတစ္ဆေမျိုးရိုးရဲ့ သန်မာသူတစ်ဦး ဖြစ်နေတာပဲ။ ”

စုရီမှ နားလည်သွားသည်။

“ အလှူရှင် ... နံ့သာပေါင်းကို ကပ်လှူချင်ပါသလား။ ”

တာအိုဘုန်းကြီးတစ်ပါးက ရှေ့သို့လှမ်းလာပြီး စုရီကို မေးသည်။ စုရီမှ ခေါင်းယမ်းပြ၏။

စုရွှမ်ကြွယ်ဘဝတွင် ဤငရဲအသူရာ ဧကရာဇ်သည် သူ့ရှေ့တွင်ရပ်ရန် အရည်အချင်း မပြည့်မီချေ။

“ တာအိုမိတ်ဆွေတို့ ကျေးဇူးပြုပြီးနေပါဦး။ ”

စုရီက ထွက်ခွာခါနီးတွင် ဆံပင်ဖြူဖြူ အနက်ရောင်၀တ် အဘိုးအိုတစ်ဦး ရုတ်တရက် ရောက်ရှိလာသည်။

အဘိုးအိုသည် ပိန်ပိန်ပါးပါးဖြင့် မျက်ကွင်းများချိုင့်ဝင်နေပြီး မျက်ဆန်သည် အညိုရောင်သန်းနေ၏။ သူက ပြုံး၏။

“ ငါ့သခင်ငယ်က တာအိုမိတ်ဆွေတွေကို စကားစမြည်ပြောဖို့ တစ်ဖက်ခန်းဆီ ... ဖိတ်ခိုင်း လိုက်ပါတယ်။ ”

စုရီက အဘိုးအိုကို တစ်ချက် ပြန်ကြည့်လျက်၊

“ မင်းရဲ့ သခင်ငယ်က သန့်ရှင်းသောသားတော် မဟုတ်လား။ ”

-ဟု ပြန်မေးလိုက်သည်။

အနက်ရောင်ဝတ် အဖိုးအိုမှ အံ့အားသင့်စွာဖြင့်၊

“ တာအိုမိတ်ဆွေ မင်းငါ့သခင်ငယ်ကို သိတာလား။ ”

“ မသိဘူး၊ သိလည်း မသိချင်ဘူး။ ”

စုရီမှ ခပ်ပြတ်ပြတ် ပြန်ဖြေကာ လှည့်ထွက်သွား၏။ ယွမ်ဟမ်နှင့် အခြားသူများ သည်လည်း သူ့နောက်မှ အနီးကပ် လိုက်ပါသွားတော့သည်။

အဖိုးအိုက ခဏမျှ မှင်သပ်သွားပြီး မျက်မှောင်ကြုတ်လျက် အမြန်လှည့်ထွက်သွား လေသည်။

နန်းတော်တစ်ခုအတွင်းတွင် အနီရောင်ဝတ်လုံနှင့် ခံ့ညားထည်ဝါသော လူငယ်တစ်ဦး အရက်သောက်နေ၏။

၎င်းသည် အသက်နှစ်ဆယ်ခန့်သာရှိပြီး ဓားကဲ့သို့မျက်ခုံးမွှေးနှင့် စူးရှသော မျက်ဝန်းများ ပိုင်ဆိုင်ထားချေပြီ။

ပြေပြစ်သော အသွင်အပြင်နှင့် အနက်ရောက်ဆံပင်ရှည်များကို အရိုးဆံညှပ်ဖြင့် သိမ်းဆည်းထား၏။ သူ့ရှေ့တွင် ရပ်နေသော လူတစ်စု ရှိသေးသည်။

၎င်းတို့၏ အဝတ်အစားများကို ကြည့်လိုက်ရုံနှင့် ရာထူးမြင့်သော ဂိုဏ်းတစ်ခု၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြောင်း ပြောနိုင်၏။

သို့သော် ဤအနီရောင်ဝတ်လုံနှင့် လူငယ်ကိုရင်ဆိုင်သောအခါတွင် ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။

“ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲက လေးလပဲလိုတော့တယ် သုံးလအတွင်း မူလယင် ဝိညာဉ်ကျောက်တုံးတွေကို မင်းတို့တွေ ...

... လုံလုံလောက်လောက် စုဆောင်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် မဟုတ်ရင် ပြိုင်ဘက်ကင်း ယင်စွမ်းအင်ကို သန့်စင်ဖို့ ... မင်းတို့ရဲ့ကျင့်ကြံမှုတွေကိုပဲ အသုံးချရလိမ့်မယ်။ ”

ဝတ်လုံနီလူငယ်မှ သက်ပြင်းချကာ ပေါ့ပေါ့ပါးပါးပြောကြားလိုက်၏။ ခန်းမအတွင်းရှိ လူတိုင်းမျက်နှာများ ပျက်ယွင်းကုန်တော့သည်။

“ သန့်ရှင်းသောသားတော် မနေ့က တိမ်စပါးအုံးတောင်ရဲ့ အေးစိမ့်တောင်ကြားမှာ မူလယင်ဝိညာဉ် သွေးပြန်ကြော တွေ့ရှိခဲ့တယ် ဆိုတဲ့သတင်း ရရှိခဲ့ပါတယ် ...

... ဒါကြောင့် ဓားပျံခန်းမရဲ့ အကြီးအကဲချွယ်မိုချီနဲ့ ငါ အမြန်သွားခဲ့ပေမယ့် ဘယ်သူ တွေးမိမှာလဲ ... ။ ”

-ဟု အစချီကာ အမျိုးသမီး တစ်ယောက်မှ ဖြစ်စဉ်များကို ပြန်၍ရှင်းပြတော့၏။

သူမသည် ထိုစဉ်က ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သူများအနက် တစ်ယောက် ဖြစ်သည်။ အမည်မှာ လျန်လန်ယွဲ့ဖြစ်၏။

“ ဟမ့် ... မူလယင်ဝိညာဉ် သွေးပြန်ကြောလား။ ”

ဝတ်လုံနီလူငယ်၏ မျက်ဝန်းများ ချက်ချင်းတောက်ပလာပြီး ‘အသေးစိတ် ပြန်ပြောပြပါ၊’ -ဟု တောင်းဆိုတော့၏။

လျန်လန်ယွဲ့က မည်သည့်အရာမျှ မဖုံးကွယ်ဘဲ တောင်ကြားရှိ တိုက်ပွဲတစ်ခုလုံးကို ပြန်ပြောင်းပြောပြလိုက်သည်။

အဆုံးတွင် ထိုစုရီဆိုသော လူငယ်သည် ကောင်းကင်ပြည်နယ်၏ နာမည်ကြီးများအပေါ် အလွယ်တကူ သတ်နိုင်ကြောင်း ကြားသိသော အခါ လူအများ အံ့အားသင့်ကုန်၏။

“ သူက ဘယ်သူလဲ၊ ဘာလို့ သူ့နာမည်ကို ငါတစ်ခါမှ မကြားဖူးရတာလဲ။ ”

ဝတ်လုံနီလူငယ်က အံ့အားသင့်သွားပြီး၊

“ ကြည့်ရတာ သူလဲ ... အမှောင် တားမြစ်စွမ်းအားကနေ လွတ်မြောက်လာသူ ဖြစ်နိုင်မယ်ထင်တယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

လူတိုင်း တိတ်ဆိတ်သွားချေပြီ။ ဝတ်လုံနီလူငယ်သည် နှစ်(၃)သောင်း အမှောင် တားမြစ်စွမ်းအားဖိနှိမ်ခြင်း အောက်မှ နိုးထလာသူ ဖြစ်သည်။

ထိုစုရီသည်သာ ဤဝတ်လုံနီလူငယ်နှင့် တူညီသောမူလဆိုသော် ကြောက်စရာကောင်း နေမည်မှာ သေချာ၏။

“ မင်း ... သူ့လိုလူ လက်ကနေ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တာ တကယ် ကံကောင်းတယ်။ ”

ဝတ်လုံနီလူငယ်က လျန်လန်ယွဲ့ထံ လှမ်းကြည့်ကာ မှတ်ချက်ပေး၏။ လျန်လန်ယွဲ့ ခမျာ တုန်ယင်လာပြီး၊

“ သခင်ငယ် စကားကြောင့် ခုချိန်အထိ ငါအသက်ရှင်ရတာ ဘယ်လောက်ကံကောင်းလဲ ဆိုတာ ... ငါသိလိုက်ရပါပြီ။ ”

-ဟု တုန်ပြန်ပြောကြားလိုက်သည်။

“ ဒီမိုးပြာတိုက်ကြီးမှာ ... ခန္ဓာကိုယ် သိမ်းပိုက်သူတွေ၊ ကံကောင်းပြီး အမွေအနှစ် ရခဲ့တဲ့ ပါရမီရှင်တွေနဲ့ အမှောင်တားမြစ်စွမ်းအား အောက်ကနေ လွတ်မြောက်လာတဲ့ ...

... ငါ့လိုလူတွေကိုပါ ပေါင်းထည့်ရင် ဒီကမ္ဘာကြီးဟာ ပိုပိုစိတ်ဝင်စားဖို့ ကောင်းလာ နေပါပြီ။ ”

ဝတ်လုံနီလူငယ်က တစ်စုံတစ်ရာအပေါ် စောင့်မျှော်နေဟန် ပြုံးလျက် ပြောကြားသည်။

“ သခင်ငယ် ... စုရီဆီက မူလယင်ဝိညာဉ် သွေးပြန်ကြောကို ငါတို့ပြန်ယူကြမလား။ ”

မီးခိုးရောင်၀တ်စုံနှင့် အမျိုးသားတစ်ဦးက မေးသည်။ ဝတ်လုံနီလူငယ်မှ လှောင်ပြုံးဖြင့် သူ့ထံ လှည့်ကြည့်ပြီး၊

“ မင်းဟာ မူလနန်းတော်အဆင့် သာမန်လူတစ်ယောက်ပဲ ... ဒါတောင် ဒီကိစ္စကို မင်းမို့တွေးဝံ့သေးတယ် ... စုရီက မင်းကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား။ ”

-ဟု ​ပြောကြားလိုက်၏။

မီးခိုးရောင်၀တ်စုံဝတ်ထားသော အမျိုးသားသည် အေးစက်သော ချွေးများဖြင့် ချက်ချင်း ခေါင်းငုံ့သွားလေသည်။

“ ဒါ မင်းအပြစ်လည်း မဟုတ်ပါဘူး ... တကယ်တော့ မင်းတို့ဟာ သေမျိုးကမ္ဘာကြီးမှာ မွေးဖွားကြီးပြင်းလာရတဲ့ ကျင့်ကြံသူတွေပဲ ...

... မင်းတို့ရဲ့အမြင်တွေက အရာရာမှာ အကန့်အသတ်ရှိတယ် စစ်မှန်တဲ့ စွမ်းအားကို နားမလည်နိုင်တာ သဘာဝပါပဲ။ ”

ထို့နောက် ၀တ်လုံနီလူငယ်က ခဏမျှ စဉ်းစားပြီး၊

“ ငါသာဆိုရင် ... အဲဒီလူရဲ့ အချက်အလက်တွေကို အရင်ဆုံးရှာရမယ် သူ့ကို ဖြုတ်ချဖို့ ... ငါဘာတွေ လုပ်ရမယ်ဆိုတာကို တွက်ချက်မယ် ... နောက်ဆုံးတော့ ဒီလို ဘီလူးမျိုးကို သာမန်အမြင်တွေနဲ့ ဆုံးဖြတ်လို့မရဘူး။ ”

သူ့စကားကြောင့် လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကာ ဘီလူးများသည် မည်မျှအန္တရာယ်ရှိသည်ကို နားလည်လာ၏။

မဟုတ်သော် ဝတ်လုံနီလူငယ်၏ စိတ်နေစိတ်ထားအရ သတိကြီးကြီးဖြင့် ဤသို့ စိတ်ရှည်သည်းခံနေမည် မဟုတ်ချေ။

“ သခင်ငယ် ... ။ ”

ထိုအချိန်တွင် ဆံပင်ဖြူဖြူ အနက်ရောင်ဝတ်လုံနှင့် အဘိုးကြီးတစ်ဦး အခန်းထဲ ပြေးဝင်လာသည်။

“ သခင်ငယ် ...သူတို့က မင်းရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီး ထွက်သွားပါတယ်။ ”

ဤသည်မှာ စုရီတို့ကို ဖိတ်ခေါ်ခဲ့သော အဖိုးအိုဖြစ်သည်။ သူ့အမည်မှာ ‘ယွီရှန်လင်း’ဟု ခေါ်၏။

“ ဟမ့် ... သန့်ရှင်းသောသားတော်ရဲ့ ဂုဏ်အသရေကို ဘယ်သူ လျစ်လျူရှုဝံ့တာလဲ။ ”

တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။ ယွီရှန်လင်းမှ ခေါင်းညိတ်ပြီး၊

“ ဒါက တကယ့်ကို ထူးဆန်းပါတယ် ခေါင်းဆောင်လူငယ်က ငါတို့ရဲ့ သန့်ရှင်းသော သားတော်မှန်း ခန့်မှန်းထားပြီးသားပါ ...

... ဒါပေမယ့် သူက ငါတို့ သန့်ရှင်းသောသားတော်နဲ့ မပတ်သတ်ချင်ဘူးလို့ ပြောပါတယ်။ ”

ဤတစ်ကြိမ်၌ ဝတ်လုံနီလူငယ်မှ မျက်ခုံးပင့်လျက်၊

“ ငါက သူတို့အပေါ် မကောင်းမှာကို စိုးရိမ်နေပုံရတယ်။ ”

-ဟု ဝင်ရောက် မှတ်ချက်ပေးလာ၏။

“ သခင်ငယ်၊ ဒီလူတွေကို ငါအရင်က မတွေ့ဖူးဘူး ... ပြီးတော့ သူတို့ရဲ့ရောင်ဝါအရ ထူး​ထူးခြားခြားလည်း မဟုတ်ပါဘူး ... ဒါဆို မင်းဘာလို့ ဖိတ်ခေါ်လဲ သိချင်မိပါတယ်။ ”

လူတိုင်း အဖိုးအို၏ ထိုမေး​ခွန်းကို သိချင်ကြသဖြင့် ဝတ်လုံနီလူငယ်ထံ မော့ကြည့် လာကြသည်။ လူငယ်က ဆံပင်မှ အနက်ရောင် အရိုးဆံညှပ်ကို ဖြုတ်ယူပြပြီး၊

“ ဘာလို့လဲဆို ... အဲဒီတုန်းက ငါ့ရဲ့ ငရဲကျောက်စိမ်းဆံညှပ်ကနေ အလွန်သန့်စင်တဲ့ ဝိညာဉ်တစ်ခုကို ခံစားလိုက်ရတယ် ...

... အဲဒီဝိညာဉ်က ခေါင်းဆောင်လူငယ်ရဲ့ စိတ်ဝိညာဉ် ဘူးသီးခြောက်ထဲမှာ ပုန်းနေတယ် အားလုံးသိကြတဲ့အတိုင်း ... ငါ့ရဲ့ ငရဲ‌ကျောက်စိမ်းဆံညှပ်ဟာ ...

... ရှားပါးရတနာတစ်ခုမို့ ပုံမှန်မဟုတ်တဲ့ ဘယ်ဝိညာဉ်ကိုမဆို ခံစားနိုင်တယ် ... ဒါကြောင့် အဲဒီလိုဝိညာဉ်တွေနဲ့ စာချုပ်ချုပ်ဖို့ ... ငါဝယ်ချင်တယ်။ ”

သို့မှသာ လူတိုင်း သဘောပေါက်သွားကြသည်။ မုတ်ဆိတ်မွေးများ တွန့်ကောက်နေသော အရပ်ရှည်ရှည်ဖြင့် လူကြီးတစ်ယောက်က၊

“ သခင်ငယ် ... ဒါက လွယ်ပါတယ် အဲဒီကောင်လေးက တစ္ဆေမြို့မှာပဲ ရှိနေတာမို့ ရှာလို့ရပါတယ် ... သခင်ငယ်အတွက် အဲဒီဝိညာဉ်ကို ဝယ်ပေးပါ့မယ်။ ”

“ မှန်တယ် ... ငါတို့လည်း ဆန္ဒရှိတယ်။ ”

လူတိုင်းသည် မျက်နှာလို မျက်နှာရ ဝင်ရောက် ကတိပေးလာကြတော့၏။ ၀တ်လုံနီ လူငယ်မှ ခဏမျှတုံ့ဆိုင်းသွားပြီး၊

“ ကောင်းပြီ၊ အကြီးအကဲယွီရှန်လင်း မင်းနဲ့အတူ လူတချို့ခေါ်သွားပြီး အဲဒီလူတွေဆီ သွားတွေ့ပါ။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ နားလည်ပါပြီ သခင်ငယ်။ ”

၀တ်လုံနီလူငယ်က ဝိုင်အိုးကို ကောက်ကိုင်လျက် ဖြည်းညှင်းစွာ လောင်းငှဲ့ပြီး၊

“ သတိရပါ ... တိုက်ပွဲနဲ့ သွေးထွက်သံယို ငါမကြိုက်ဘူး ... ငါဟာ ရက်စက်ကြမ်းကြုတ် လွန်းသူလို့ ... သေမျိုးကျင့်ကြံသူတွေကို မယူဆစေချင်ဘူး။ ”

ထို့စကားကြောင့် အကြီးအကဲယွီရှန်လင်းမှ အနည်းငယ်ပြုံးပြီး၊

“ သခင်ငယ် စိတ်မပူပါနဲ့။ ”

-ဟု တုန့်ပြန်လိုက်တော့၏။

“ သွားတော့ ... ငါတစ္ဆမြို့ငယ်ကနေ သုံးနာရီအတွင်းထွက်ခွာမယ် အဲဒီမတိုင်ခင်မှာ မင်းဒါကို ပြီးမြောက်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ ”

***

All Chapters