← Chapters

လျှို့ဝှက်ချက်တစ်ခု ... ။

Vol. 30 Ch. 360

လျှို့ဝှက်ချက်တစ်ခု ... ။

Vol. 30 Ch. 360

မျက်မမြင်အဘိုးအို စျေးဆိုင်ရှေ့တွင် လူအများစုဝေးနေကြသည်။ စုရီတို့ ရောက်ရှိ လာသောအခါတွင် ပြည့်ကျပ်နေပြီး ထွက်လမ်းပင် မရှိချေ။

မီးအိမ်အတွင်း ထွန်းညှိထားသော သွေးဖယောင်းတိုင်များမှ ရနံ့သည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

ဈေးဆိုင်ပိုင်ရှင်များ ပြောသလိုပင်။ တစ္ဆေဈေးထဲဝင်ရောက်လာသော လူတိုင်းနီးပါး မျက်မမြင်အဘိုးအိုကြီးရှေ့၌ စုရုံးနေသည်။

“ စီနီယာ ငါ့မှာ အဖိုးတန် အရိုးတစ်ချောင်းရှိတယ် ... ကြည့်ပါ။ ”

လူငယ်တစ်ဦးက ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ယူကာ မျက်မမြင်အဖိုးကြီးကို ဖွင့်ပြသည်။ ကျောက်စိမ်းသေတ္တာ အတွင်းတွင် အနက်ရောင် အရိုးအပိုင်းအစတစ်ခု ရှိနေ၏။

လူအုပ်ကြီးခမျာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ထိုသို့သော အရိုးများသည် ဝိညာဉ်ရေးလက်နက်များနှင့် နှိုင်းယှဉ်နိုင်ပြီး တန်ဖိုးမှာ အလွန်များပြားသည်။

ယနေ့ မိုးပြာတိုက်ကြီးတွင် ဤအဆင့်အရိုးများကို ရှားပါးပစ္စည်းအဖြစ် သတ်မှတ်ကြ၏။

“ တိမ်ဝိညာဉ်သားရဲ မူလအရိုး။ ”

မျက်မမြင်အဘိုးအိုသည် မျက်လုံး မရှိသော်လည်း အရိုး၏ စွမ်းအင်အတက်အကျ အပေါ် ခံစားနိုင်ကာ အမျိုးအစားကို သတ်မှတ်နိုင်ခဲ့သည်။

“ ဟုတ်တယ် ... မင်းရဲ့တစ္ဆေမီးအိမ်နဲ့ လဲလှယ်လို့ရမလား။ ”

“ ဒါက ရှားရှားပါးပါး ဆိုပေမယ့် ... ငါ့မျက်လုံးနဲ့မထိုက်တန်သေးဘူး ကျေးဇူးပြုပြီး ထွက်သွားပါ။ ”

သို့သော် မျက်မမြင် အဘိုးအိုက ခေါင်းခါယမ်းသည်။ လူတိုင်း နှလုံးသားများ တုန်လှုပ်သွား၏။ ဤမျှ အဖိုးတန်သော အရိုးသည်ပင် ထိုမျက်မမြင်အဘိုးအိုကို ကျေနပ်အောင် မစွမ်းဆောင်နိုင်ချေ။

ဤကမ္ဘာတွင် ၎င်းတစ္ဆေမီးအိမ်နှင့် လဲလှယ်ရန် ထိုက်တန်သော ရတနာအဘယ့်၌ ရှိနေမည်နည်း။

“ အဖိုးကြီး ဒီဝိညာဉ်လက်နက်ကို မင်းဘယ်လိုထင်လဲ ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုကနေ ငါရလာခဲ့တာ။ ”

နောက်ထပ် လူရွယ်တစ်ယောက်က သူနှင့်အဖိုးအိုသာ မြင်နိုင်အောင် အိတ်တစ်လုံး လှစ်ဟပြပြီး ပြောလိုက်၏။ ကျန်လူများ မြင်မည်ကို စိုးထိတ်နေပုံပေပင်။

“ မလုံလောက်ဘူး။ ”

မျက်မမြင် အဘိုးအိုမှ ခေါင်းယမ်းသည်။

“ ငါ့မှာ တိရစ္ဆာန်အရေခွံ အပိုင်းတစ်ပိုင်းရှိတယ်၊ ငါ့ဘိုးဘေးတွေဆီကနေ ယူလာတာ လျှို့ဝှက်မြေပုံဖြစ်ပုံရတယ် မင်းကြည့်နိုင်မလား။ ”

“ အဖိုးကြီး ... ဒီကျောက်စိမ်းကို မင်းဘယ်လိုထင်လဲ။ ”

ထို့နောက် လူတိုင်း ငြင်းဆန်ခံရသဖြင့် ဤမျက်မမြင်အဘိုးအို၏ စံနှုန်းသည် အဓိပ္ပါယ် မရှိဟု ခံစားလာရ၏။

အဆုံးတွင် ငွေရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦးသည် မျက်မမြင်အဘိုးအိုကို ကျေနပ်စေသည့် ထူးဆန်းသော နှင်းပိုးအိမ် တစ်လုံး ထုတ်ပြနိုင်ခဲ့သည်။

ဤသည်မှာ တိမ်သွေးဝိညာဉ်ပိုးအိမ်ဖြစ်၏။ ဂရုတစိုက်မွေးမြူခြင်းဖြင့် လွန်စွာရှားပါးသော တိမ်သွေးအင်းဆက်ကောင်ကို ရရှိနိုင်မည်။

“ ကောင်လေး ... ၊ မင်း လာပြီး ကြိုက်ရာမီးအိမ်တစ်လုံးကို ရွေးပါ။ ”

မျက်မမြင် အဘိုးအိုက စကားစသည်။ ငွေရောင်ဝတ်လူငယ်မှ အသက်ပြင်းပြင်းရှူကာ အလယ်ရှိ တစ္ဆေမီးအိမ်ကို ညွှန်ပြလိုက်၏။

“ ဂုဏ်ယူပါတယ် သခင်လေး မင်းကံကောင်းသွားပြီ။ ”

ငွေရောင်ဝတ် လူငယ်အနားရှိ အစေခံနှစ်ယောက်က ချက်ချင်း ကောင်းချီး စကားဆိုလိုက်ကြသည်။

ဤလူငယ်အမည်မှာ ထောင်ကျင်းတျန် ဖြစ်သည်။ ကောင်းကင်ပြည်နယ် ပထမတန်း မျိုးနွယ်စုသုံးခုအနက် တစ်ခုဖြစ်သည့် ထောင်မိသားစုမှ သခင်လေးဖြစ်၏။

“ ဝှစ် ... ။ ”

တစ္ဆေမီးအိမ်သည် သူ့ရှေ့ လွင့်ပျံလာသောကြောင့် ထောင်ချင်းတျန်မှ အသာအယာ ဖမ်းယူကာ၊

“ ဒါဟာ အခွင့်အရေး ဖြစ်မလား ... မဖြစ်ဘူးလားဆိုတာ ပြောဖို့စောနေသေးတယ် ကျေးဇူးပြုပြီး ငါ့ကိုမြှောက်ပင့် မနေပါနဲ့။ ”

-ဟု ဟန့်တားလိုက်သော်လည်း စိတ်လှုပ်ရှားမှုကို အတိုင်းသား မြင်နေရ၏။

ဤမျက်မမြင်အဘိုးအိုထံမှ တစ္ဆေမီးအိမ်တစ်လုံးရရှိခြင်းသည်ပင် အလွန် ဂုဏ်သိက္ခာရှိသောအရာဖြစ်သည်။

“ သခင်လေးထောင်၊ ဘာလို့ တံဆိပ်ကို ဖွင့်ပြီး မကြည့်ရတာလဲ အထဲမှာ ဘာရတနာလဲ ငါတို့ ကြည့်ခွင့်ရချင်ပါတယ်။ ”

အမျိုးသားကြီးတစ်ယောက်က မုတ်ဆိတ်မွေးများကို သပ်ကာ‌ တောင်းဆိုလာ တော့၏။ ရုတ်တရက် အခြားသူများလည်း မျှော်လင့်တကြီး ဖြစ်လာကြသည်။

“ ကောင်းပြီ၊ ဒီတစ္ဆေမီးအိမ်ရဲ့တံဆိပ်ကို နောက်ဆုံးမှာ ဖွင့်ရမှာပဲဆိုတော့ အားလုံးရှေ့ အခုပဲဖွင့်ကြည့်ရအောင်။ ”

ထောင်ကျင်းတျန်က အသက်ပြင်းပြင်းရှူပြီး တစ္ဆေမီးအိမ်ထိပ်ကို လက်ညှိုးဖြင့် ပုတ်လိုက် တော့၏။

အနက်ရောင်မီးအိမ်သည် လောင်ကျွမ်း ပြာကျသွားကာ ကျောက်ခေါင်းတလားတစ်လုံး ပေါ်လာသည်။

၎င်းသည် လက်ဖဝါးအရွယ်မျှသာရှိပြီး မီးခိုးရောင်ဖြစ်၏။ အဖုံးနှင့်ကိုယ်ထည်တစ်ခုလုံး သွေးနီရောင်တံဆိပ်ဖြင့် ဖုံးအုပ်ထားသည်။

ထောင်ကျင်းတျန်က သူ့ကိုယ်သူ ငြိမ်သက်အောင်ပြင်ယူလျက် ထိုသွေးနီရောင် တံဆိပ်ထံ လက်လှမ်းလိုက်သည်။

“ ခရစ် ... ။ ”

အလုံပိတ်ထားသော ရတနာ သေတ္တာရှည်ကြီးတစ်လုံးကို ဖွင့်လိုက်သကဲ့သို့ မြည်သံမျိုးနှင့်အတူ သွေးနီရောင်တံဆိပ် ပျောက်ကွယ်သွား၏။

မီးခိုးရောင် ခေါင်းတလားအဖုံး ပွင့်သွားပြီးနောက် ခေါင်းတလားအတွင်းသို့ မျှော်လင့်ချက်များစွာဖြင့် ငုံ့ကြည့်လိုက်သော ထောင်ကျင်းတျန်ခမျာ အပြုံးများ ချက်ချင်း အေးခဲသွားတော့သည်။

သူ့ဘေးရှိ လူအများသည်လည်း မျက်လုံးပြူးကုန်၏။ ယင်းသည် ဆံချည်မျှင် တစ်ချောင်းဖြစ်နေချေပြီ။

“ ဟား ဟား ဟား ... ။ ”

လေထုသည် ရုတ်တရက် ထူးဆန်းပြီး တိတ်ဆိတ်သွားကာ လူအများမှ တဖြည်းဖြည်း ပြုံးလျက် ရယ်မောလိုက်ကြတော့သည်။

အံ့သြစရာကောင်းလောက်အောင် တန်ဖိုးရှိသော တိမ်သွေးဝိညာဉ်ပိုးအိမ်သည် ဆံပင်တစ်ချောင်းဖြင့် လဲလှယ်ခံခဲ့ရ၏။ ရယ်စရာ အကောင်းဆုံး ပေပင်။

“ ဆံပင်​တစ်ချောင်းလား ... ဒါက ဘယ်လိုအခွင့်အရေးလဲ။ ”

ချင်းယာမှ မနေနိုင်တော့ဘဲ ရေရွတ်လိုက်သဖြင့် လူအများမှာ သည်းမခံနိုင် တော့ဘဲ ရယ်မောလာကြတော့သည်။

“ နောက်တစ်ယောက် အလိမ်ခံလိုက်ရပြီ။ ”

ခပ်လှမ်းလှမ်းမှ ဈေးဆိုင်ပိုင်ရှင်များ အားလုံးက ခေါင်းယမ်းလိုက်ကြ၏။ မျက်မမြင် အဘိုးအို၏ တစ္ဆေမီးပုံးသည် ကံကြမ္မာအပေါ် လောင်းကြေးထပ်ခြင်းပေပင်။

“ ဆံပင်​တစ်ချောင်း ... ဆံပင်​တစ်ချောင်း ... ။ ”

ထောင်ကျင်းတျန်နဖူး၌ သွေးကြောများ ဖောင်းကားလျက် ပျို့တက်လာပြီး သွေးအန်၏။ ဤသည်မှာ လှည့်စားခံရခြင်း ဖြစ်သည်။

ရှားပါးသော တိမ်သွေးဝိညာဉ်ပိုးအိမ် တစ်လုံးသည် ဖြုန်းတီးခံလိုက်ရ၏။ ထိုသတင်း ပျံ့နှံ့သွားသော် လူတကာ၏ အမြင်တွင် ဟာသဖြစ်ပေမည်။ စုရီပင် ပြုံးမိ၏။

လူအများကို လိမ်လည်လှည့်ဖြားရန် ကျောက်ခေါင်းတလားသုံးသော ဤလူသည် အမှန်ပင် ကောက်ကျစ်လွန်းချေပြီ။

“ တစ္ဆေမီးအိမ်လေးလုံး ကျန်သေးတယ်၊ လဲလှယ်ချင်တဲ့သူ ရှိသေးလား။ ”

မျက်မမြင်အဘိုးကြီးက လျစ်လျူရှုလျက် ဖိတ်ခေါ်ပြန်သည်။ ထောင်ချင်းတျန်သည်သာ ကျောက်ရုပ်ကြီးကဲ့သို့ ရပ်နေမိဆဲဖြစ်၏။

ကောလဟာလများအရ မျက်မမြင်အဘိုးကြီးတွင် နားမလည်နိုင်သည့် ကျင့်ကြံမှု ရှိချေပြီ။ မကျေနပ်သော်မှ သူ သည်းခံထားရမည် ဖြစ်၏။

“ အစ်ကိုစု၊ ဘယ်ဘက်က ဒုတိယမြောက် တစ္ဆေမီးအိမ်ကို လိုချင်လို့ ကူညီပေးနိုင်မလား။ ”

ရုတ်​တရက် ချင်းယာက စုရီထံ အသံပေးပို့လာသဖြင့် လှည့်ကြည့်လိုက်ရာ သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်ရ၏။

“ တန်ဖိုးကြီး ရတနာတစ်ခု ငါ့မှာရှိတယ် ... အဲဒီ့မျက်မမြင် အဘိုးအိုကြီး သဘောတူမယ်လို့ ငါယုံကြည်ပါတယ်။ ”

စည်းမျဉ်းများအရ အမျိုးသမီးများ ပါဝင်ခွင့်မရှိသောကြောင့် ချင်းယာမှ မကျေမနပ် ဖြစ်နေဆဲပေပင်။

“ ဒါ ပြဿနာ မရှိပါဘူး ... မင်းရဲ့ တန်ဖိုးကြီးရတနာကို သိမ်းထားပါ ... ဒီလို တစ္ဆေမီးအိမ်နဲ့ လဲလှယ်ဖို့ အသုံးပြုမယ်ဆိုရင် မျက်မမြင်အဘိုးကြီးအတွက် မလွဲမသွေ အမြက်ထွက်သွားလိမ့်မယ်။ ”

စုရီက မစဉ်းစားဘဲ သဘောတူသည်။ ထို့နောက် လျှောက်လှမ်းသွားကာ ဘယ်ဘက် ဒုတိယမြောက် တစ္ဆေမီးအိမ်ကို ညွှန်ပြပြီး၊

“ ဒီတစ္ဆေမီးအိမ်အတွက် လျှို့ဝှက်ချက်တစ်ခု ငါပြောပြပေးမယ်။ ”

-ဟု ပြောကြားလိုက်၏။

လူတိုင်း အံ့သြသွားပြီး စုရီကို လှည့်ကြည့်ကြသည်။ တစ္ဆေမီးအိမ်များအတွက် အရောင်းအ၀ယ်သည် လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်သည်လော။

မျက်မမြင်အဘိုးကြီးသည်ပင် စုရီ၏ အရောင်းအဝယ်စျေးကြောင့် ခဏမျှ အံ့အားသင့် သွားကာ ပြုံးလျက်၊

“ ကောင်းပြီ၊ မင်းပြောပြချင်တဲ့ လျှို့ဝှက်ချက်ကို ငါကြားချင်တယ် စိတ်မပူပါနဲ့၊ ငါမင်းကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး ... ငါ့အတွက် ငြင်းချင်ရင် မင်းကိုခိုင်လုံတဲ့ အကြောင်းပြချက်ပေးပါ့မယ်။ ”

-ဟု တုန့်ပြန်သဘောတူလိုက်သည်။

သူ့ရှေ့ရှိ ကျောက်စိမ်းရောင်ဝတ်လုံဖြင့် လူငယ်တွင် မည်သို့သော လျှို့ဝှက်ချက်များပင် ရှိနေပါစေ လျှို့ဝှက်ချက် မဖြစ်နိုင်ကြောင်း ယုံကြည်၏။ သို့သော် စုရီမှ၊

“ ငါစိတ်ပြောင်းသွားပြီ ... မင်းရဲ့ တစ္ဆေမီးအိမ်လေးလုံးအတွက် ငါပြောမယ့် လျှို့ဝှက်ချက်နဲ့ လဲလှယ်ချင်တယ်။ ”

ဤတစ်ကြိမ်၌ ယွမ်ဟမ်နှင့် ချင်းယာသည်ပင် မျက်ခုံးပင့်လျက် အနည်းငယ် ထူးဆန်းသွား၏။

စုရီသည် အမှန်ပင် မောက်မာပြနေသည်။ စျေးဝယ်နေသည်လော။ လုယက်နေသည်လော မကွဲတော့ချေ။

“ တစ္ဆေမီးအိမ်လေးလုံးအတွက် လျှို့ဝှက်ချက်တစ်ခုလား ... ။ ”

မျက်မမြင်အဘိုးကြီးသည် မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်ကာ ခန္ဓာကိုယ် ပြန်ပြင်ထိုင်လျက် ၊

“ ကောင်လေး ... မင်းဒုက္ခရှာချင် နေတာလား မင်းရဲ့လူကြီးတွေကိုယ်စား ငါ မင်းကို သင်ခန်းစာတစ်ခုပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ”

-ဟု အေးစက်စွာ ခြိမ်းခြောက်လိုက်၏။

စုရီက ပြုံးပြီး ကျောက်စိမ်းပြား အလွတ်တစ်ခုကို ထုတ်ယူကာ ခဏလောက် စဉ်းစားပြီးနောက် စကားလုံးအချို့ကို ရေးထွင်းလိုက်သည်။

“ ဖတ်ပြီးရင် ... ငါ့ကိုတောင်းပန်ပါ၊ မဟုတ်ရင် မင်းကို ငါခွင့်မလွှတ်ဘူး။ ”

စုရီကပြုံးလျက် ကျောက်စိမ်းပြားကို မျက်မမြင်အဘိုးကြီးလက်ထဲ ပစ်ပေးလိုက် လေသည်။ သူ့လေသံနှင့် စကားကြောင့် လူတိုင်းမျက်ခုံးပင့်ကုန်၏။

လျှို့ဝှက်ချက်တစ်ခုဖြင့် တစ္ဆေမီးအိမ်လေးလုံးကို လဲလှယ်လိုရုံသာမက မျက်မမြင်အဘိုးအိုသည်ပင် တောင်းပန် စေလိုနေခဲ့၏။

မျက်မမြင်အဘိုးအိုတစ်ယောက် အလွန်ဒေါသထွက်လာပြီး တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ ခဏအကြာတွင် သူ့ကိုယ်သူ ငြိမ်သက်စေလျက်၊

“ ကောင်လေး၊ မင်းရဲ့လျှို့ဝှက်ချက်က ငါငြင်းလို့မရတဲ့အရာတစ်ခုဆိုရင် လူတိုင်းရှေ့မှာ ဒူးထောက်ပြီး မင်းကိုအဘိုးလို့ ခေါ်ပြမယ်။ ”

-ဟု ကျိန်ဆိုလိုက်၏။

ဆိုလိုသည်မှာ ဤလျှို့ဝှက်ချက်သည် မြေကြီးပြိုကျမည့်နေ့ရက် အတိအကျဖြစ်နေ လျှင်ပင် ငြင်းမည်မှာ သေချာချေပြီ။

ယွမ်ဟမ်၊ လင်းယွင်ဟဲနှင့် အခြားလူများသည် မျက်မမြင်အဘိုးကြီးကိုသာ တစိုက်မှတ်မှတ် ကြည့်နေကြ၏။ အဖိုးကြီး၏ မျက်နှာအမူအရာများ လွတ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

ထိုစဉ် မျက်မမြင်အဘိုးအိုသည် ကျောက်စိမ်းပြားကိုကိုင်ကာ မထီမဲ့မြင်ဟန်ဖြင့် စတင် ဖတ်ရှုတော့၏။

“ ဒါ ... ။ ”

များမကြာမီ များပြားလှသော အချက်အလက်များဝင်ရောက်ပြီး ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ အသက်မဲ့သွားတော့သည်။

***

Book-30

All Chapters