ငရဲကိုးဘုံမီးတောက်ကျားဟိန်းသံ
Vol. 4 Ch. 46
လုရှင်းယန်သည် သူတော်စင်အဆင့် ရှောင်ထျန်း နှင့် အချိန်ကြာကြာ ဆက်တိုက်ခိုက်ရန် မသင့်လျော်ချေ။ အဆင့်ကွာဟချက်ရှိသည့်အပြင် ဝိညာဉ်စွမ်းအင်လည်းကွာခြားလွန်း၏။ ထို့ကြောင့် နောက်ဆုံးတိုက်ကွက်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီလေ မင်းသဘောပဲ”
ရှောင်ထျန်း သည် ထိုသို့ပြောပြီး လေစွမ်းအင်များစွာကို သူ၏ဓားအတွင်း စီးဆင်းစေလိုက်သည်။ သူသည် လုရှင်းယန်ကို လျော့မတွက်ပေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် လေထု ထဲလွင့်မျောလာသည်။ ထိုအချိန်တွင် သူ၏ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် လေထုသည် ကျစ်လစ်သိပ်သည်းသွားပြီး လေထုအတွင်းရှိ လေစွမ်းအင်များပါ ရှောင်ထျန်း ဓားအတွင်း စီးဆင်းလာလေသည်။ ထို့နောက် အားမာန် အပြည့်နှင့် လုရှင်းယန်ကို ဦးတည်၍ ခုတ်လိုက်သည်။
“လေနတ်ဘုရား ဓားသွား”
ပေသုံးဆယ်ခန့်ရှိသည် ဓားသွားကြီးသည် လေထုကိုပင် ဖျတ်ဆီးပြီးနောက် အရှိန်ဟုန်ပြင်းစွာ လုရှင်းယန်ဆီ ဦးတည်လာတော့သည်။
လုရှင်းယန်သည် သူ၏ ငရဲကိုးဘုံမီးတောက်ကို သူ၏ လက်နှစ်ဘက်တွင် စုစည်းလိုက်သည်။ ပူပြင်းလှသည့် အနီရောင်မီးတောက်များသည် လက်နှစ်ဖက်ကြားတွင်တောက်လောင်လာခဲ့သည်။ သူ၏ မီးစွမ်းအင်၊ ဝိညာဉ်စွမ်းအင်များပါ ထည့်သွင်းလိုက်သည်။
‘မလုံလောက်သေးဘူး” လုရှင်းယန်သည် စိတ်ထဲရေရွတ်လိုက်မိ၏။
“ငါ့စွမ်းအင်ပါယူလိုက်”
ဝိညာဉ်ပင်လယ်အတွင်းရှိ ကောင်းကင်းကျားသည်ရုတ်တရက် နိုးလာခဲ့ပြီးနောက် သူ၏ မီးစွမ်းအင်များကို လုရှင်းယန် ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းစေလိုက်သည်။ ထို့နောက် လုရှင်းယန်သည် ကောင်းကင်ကျား ထံမှ မီးစွမ်းအင်များပါ ထပ်မံထည့်သွင်းလိုက်လေသည်။ ထိုအချိန်တွင် သူ၏လက်ထဲရှိ မီးလုံးငယ်လေးသည် ကောင်းကင်ကျားချီဟူနှင့် ဆင်တူသည့် လက်တစ်ဆုပ်စာ ကျားပေါက်လေး အသွင် ဖြစ်ပေါ်လာသည်။ သူသည် ကျန်ရှိသမျှ စွမ်းအင်များ အပြင် ချီဟူဆီမှ စွမ်းအင်များကိုပါ ဤကျားပုံစံ မီးတောက်ငယ်အတွင်းတွင်ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့နောက် ထိုမီးတောက်ကို ရှောင်ထျန်းဆီ စေလွှတ်လိုက်၏။
“ငရဲကိုးဘုံမီးတောက်ကျားဟိန်းသံ”
လုရှင်းယန်၏ ကျားပုံစံ မီးတောက်သည် သူ၏ လက်မှ လွှတ်သွားသည်နှင့် တပြိုင်နက် ချီဟူခန္ဓာကိုယ်ထက်ပင် ကြီးမားသည့် မီးတောက်ကျားကြီးအသွင်ပြောင်းသွားခဲ့သည်။ ထိုမီးတောက်ကျားကြီးသည် လျှင်မြန်စွာ လာနေသည့် လေဓားကြီးဆီ တလှမ်းချင်းလှမ်းကာ သွားနေသည်။ ၎င်းမီးတောက်ကျားကြီး ဖြတ်သွားသည့် လေထုသည် အလွန်ပင် ပူပြင်းလာပြီး လောင်ကျွမ်းစေသည်။ သူ၏ အသွင်သဏ္ဌာန်ကြီးမားမှုကြောင့် သူ၏ တစ်လှမ်းချင်းလှမ်းနေသည့်ပုံပေါ်ပေမဲ့ အလျင်မြန် ချဉ်းကပ်နေခြင်းဖြစ်သည်။
“ဝုန်း..”
ထိုစွမ်းအင် နှစ်ခုတွေ့ဆုံသွားသည်နှင့် တပြိုင်နက် လေဟာနယ်ပင် လဲပြိုသွားသည့်အလား ကြီးမားသည့် မီးလုံးကြီးသည် ပြိုင်ပွဲ ကွင်းတစ်ခုလုံး ဖုံးအုပ်သွားခဲ့သည်။ အနီရောင်မီးစွမ်းအင်နှင့် အစိမ်းရောင်လေစွမ်းအင်များ အင်အားချင်းယှဉ်နေသယောင်ပင်။ ပြင်းထန်သည့် မီးတောက်ကို ပြင်းထန်သည် လေစွမ်းအင်များနှင့် လောင်စာထည့်ပေးသည့်အလားပင် ပို၍တောက်လောင်နေသည်။
ကြည့်ရှုသူများပင် အလွန်ပူပြင်းသည့်ဒဏ်ကို မလွတ်မြောက်နိုင်ပေ။ ထိုပေါက်ကွဲမှုသည် မိနစ်အတော်ကြာသည်အထိ မပြီးသေးချေ။ ပွဲကြည့်ပရိတ်သတ်များသည် ရင်တလှပ်လှပ်နဲ့ပင် ကြည့်ရှုနေရသည်။
တဖြေးဖြးစွမ်းအင်များ ငြိမ်သက်လာပြီးနောက် အပြာရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ အင်္ကျီများ မီးလောင်ကျွမ်းနေပြီး နှုတ်ခမ်းမှလည်း သွေးများ စီးကျနေသည်။ သူသည် ဒူးတစ်ဖက်ထောက်ကာ ကွင်းပြင်ကို အားပြုမထားရင် လဲကျသွားမည့်အလားဖြစ်နေသည်။
“မဖြစ်နိုင်တာ” ကျင်းဝူတောက်သည် ရှောင်ထျန်း၏ ပုံစံကို တွေ့ပြီး စိတ်လွတ်ကာ ရေရွတ်မိလိုက်သည်။
တစ်ဘက်တွင် ကြီးမားသည့်ကျားတစ်ကောင်သည် ကွင်းပြင်တွင် သူ၏ခန္ဓာကိုယ်နှင့် လုရှင်းယန်ကို ကာကွယ်ထားသည်။ သို့သော် လုရှင်းယန်သည်လည်း မသက်သာပေ။ နှုတ်ခမ်းမှ သွေးများ ဆက်တိုက်စီးကျနေပြီး သူ၏ရင်အုံသည်လည်း နိမ့်ချည်မြင့်ချည် ဆက်တိုက်ပင် လှုပ်ရှားနေသည်။ ချီဝူသည် ထိုပေါက်ကွဲမှုတွင် လုရှင်းယန် မခံနိုင်တော့သည့်အချိန်တွင် ချက်ချင်းပင်ပေါ်ထွက်လာပြီး ကာကွယ်ပေးထားခြင်းဖြစ်သည်။
လုရှင်းယန်ရော ရှောင်ထျန်းရော စကားပင် မပြောနိုင်ကြချေ။ အသက်ကို အမောတကောရှုနေကြရသည်။ ပရိတ်သတ်များပင် ထိုတိုက်ပွဲကြည့်ရင်း အသက်မရှုနိုင်ကြချေ။
“သူတော်စင်အဆင့် ကျားတစ်ကောင်” ကျင်းဝူတောက်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ပြိုင်ပွဲစည်းကမ်း ချိုးဖောက်သည်ဟု ဆိုမရချေ။
အနည်းငယ်ကြာပြီးနောက်တွင် ရှောင်ထျန်းသည် လက်ကျန်အားအင်များကို စုစည်းကာ စကားပြောရန်ပြင်လိုက်သည်။
“ကျုပ် ရှုံး..”
“ကျုပ်တို့ပြိုင်ပွဲ သရေအဖြစ် သတ်မှတ်ကြမလား” ရှောင်ထျန်း၏ စကားကို လုရှင်းယန်သည် အမောတကော ဖြတ်ပြောလိုက်သည်။ ရှောင်ထျန်းသည် အတော်လေး အံ့ဩသွားသည်။ သူ့တွင် တိုက်ခိုက်စရာ ဝိညာဉ်စွမ်းအင် မကျန်တော့ချေ။ တစ်ဖက်သားတွင် ပဋိညာဉ်သားရဲရှိနေသေး၏။ ထို့ကြောင့် ဆက်တိုက်ရန် မဖြစ်နိုင်တော့ပေ။ ပဋိညာဉ်သားရဲ တစ်ကောင်ပေါ်ထွက်လာခြင်းသည် မမျှတဟု ဆိုနိုင်သော်လည်း ဤပြိုင်ပွဲသည် အစကတည်းက မျှတခဲ့ခြင်း မဟုတ်ပေ။
“နောက်ဆုံးအချိန်လေးကို ကျုပ်ပဋိညာဉ်သားရဲ ကထွက်လာပြီး ကယ်ခဲ့တာလေ မဟုတ်ရင် ကျုပ်လဲ ဒီထက်အခြေနေဆိုးနေမှာ”
လုရှင်းယန်သည် ထိုသို့ပြောပြီးနောက် သူ၏ ညီငယ်နှစ်ဦးသည် စင်ပေါ်တက်လာပြီး ဝိညာဉ်စွမ်းအင်များ ဖြည့်ပေးနေကြသည်။ ကျင်းဝူတောက်လဲ ချက်ချင်းပင် ရှောင်ထျန်းအနားရောက်လာပြီး ဝိညာဉ်စွမ်းအင်များဖြည့်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရှောင်ထျန်းသည် လုရှင်းယန်ကို ကြည့်ကာပြောလိုက်သည်။ လုရှင်းယန်သည် ခေါင်းကို အသာယမ်းပြလိုက်သည်။
“ဒီပြိုင်ပွဲကသရေအဖြစ်ပြီးဆုံးသွားပြီ” ချီလင်းဟောင်သည် ကြေညာလိုက်၏။
“ဖြောင်း..ဖြောင်း..ဖြောင်း”
ပရိတ်သတ်များ၏ လက်ခုပ်သံသည် ပေါ်ထွက်လာခဲ့သည်။ လူသိန်းချီရှိသည် လူအများ၏ လက်ခုပ်တီးမှုကြောင့် ရင်ပြင်တစ်ခုလုံး တုန်လှုပ်နေသည့်အလား အသံသည် ဟိန်းထွက်နေ၏။
“ဒီကောင်က အရူးကောင်ဆိုပေမဲ့ ရူးလောက်တဲ့အထိကို စွမ်းအားရှိနေတာပဲ”
“အခြေတည်ဝိညာဉ်အဆင့်က သူတော်စင်အဆင့်ကို လက်ရည်တူ တိုက်ခိုက်နိုင်တာ အခုမှပဲတွေ့ဖူးတော့တယ်”
“သူတို့ရဲ့ ဆရာက ဘယ်သူများလဲ သိချင်လိုက်တာ”
ပရိတ်သတ်အပေါင်းတို့သည် ချီကျုးမှု မပြုလုပ်၍ မရတော့ပေ။ အလွန်ပင် အံ့ဩစရာကောင်းသည့် တိုက်ပွဲကို ကြည့်ရှုခဲ့ရခြင်းဖြစ်သည်။ အဆင့်ကွာခြားချက်နဲ့တင် အနိုင်မရနိုင်ပေမဲ့၊ နောက်ဆုံးအချိန်ထိ မပြိုလဲပဲ တိုက်ခိုက်ခဲ့သည့် လုရှင်းယန်ကို ပို၍ ချီးကျုးနေကြသည်။ ပဋိညာဉ်သားရဲ ထွက်ပေါ်လာမှုကို မည်သို့မျှ မမြင်ချေ။ ကိုယ်ပိုင်စွမ်းအားဟုသာ သတ်မှတ်ကြပေသည်။
“ဒုတိယအစ်ကို တကယ်ကြမ်းတယ်” လျှိုမင်ယွမ်သည် လုရှင်းယန် အနားတီးတိုးပြောလိုက်သည်။
“စီနီယာဟွမ်း ဆီမှာ တပည့်ခံခွင့်ပေးလိုက်တာ ငါ့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ” လုချောင်းယန်သည် သူသားအပေါ် ဂုဏ်ယူလွန်းသည့် အကြည့်များဖြင့် အကြည့်မလွှဲနိုင်ပေ။ မုန့်ချန်အာလဲ အလားတူပင်။ သူမ မျက်ဝန်းထဲတွင် မျက်ရည်စများ ဆို့နေခဲ့သည်။
“ငါ့မရွေးခဲ့တာ ကျေးဇူးတင်ရမယ်” ထျယ်ရှန်းသည် ရေရွတ်လိုက်၏။ သူသည် တိုက်ပွဲရူးဆိုသော်လည်း တစ်ဖက်သတ်ဆန်သည့်တိုက်ပွဲမျိုးကို မတိုက်ခိုက်ချင်ပေ။ ထို့ကြောင့် ဂိုဏ်းအတွင်းတွင်လည်း ရှောင်ထျန်းမှ လွဲ၍ သူ့နှင့် အဆင့်တူလူတိုင်းကို တိုက်ခိုက်ဖို့စိန်ခေါ်ခြင်းဖြစ်သည်။
“သူတကယ်ကို အစွမ်းထက်တယ် ပဋိညာဉ်သားရဲကိုသာ တိုက်ပွဲစကတည်းက ထုတ်သုံးခဲ့ရင် တပည့် မရှုမလှ ရှံးသွားမှာကို စိုးတယ်” ရှောင်ထျန်းသည် ကျင်းဝူတောက်ကို တိုးလျသည့်အသံဖြင့်ပြောလိုက်၏။
“အခြေတည်ဝိညာဉ်အဆင့်ကောင်လေးက ဒီလောက်ထိလုပ်နိုင်မယ်လို့ ဆရာလဲ ထင်မထားခဲ့ဘူး” ကျင်းဝူတောက်သည် ရှောင်ထျန်းကို သယ်သွားရင်း ပြောလိုက်၏။
“အစကတော့ ဟိုမိန်းကလေးနဲ့ တိုက်ဖို့ကို ရှောင်ထျန်းကို ခေါ်ခဲ့တာ၊ ဒါပေမဲ့ မီးတောက်ကောင်လေးကို အနိုင်မရခဲ့ဘူး” ထိုက်ဟုန်ကျွင်းသည် ရှဲ့လန်ကြားလောက်မည့် လေသံဖြင့်သာ ပြောလိုက်၏။
“ဒီကလေးတွေက နတ်ဆိုးငယ်လေးတွေပဲ” ရှဲ့လန်သည်ထောက်ခံလိုက်၏။
“အကိုကြီးပြောသလိုပဲ၊ ကျုပ်တို့ဂိုဏ်းထဲ ဝင်အောင် စည်းရုံးနိုင်ရင် ကောင်းမယ်” ထိုက်ဟုန်ကျွင်းသည် သက်ပြင်းချကာပြောလိုက်၏။
“သူ့တို့ဆရာက ခွင့်မပြုမှာ စိုးရိမ်တယ်” ရှဲ့လန်သည် ခေါင်းခါကာပြောလိုက်၏။
ထိုက်ဟုန်ကျွင်း “သူ့တို့ဆရာကိုပါ ထိုက်ရွှမ်ဂိုဏ်းထဲဝင်ဖို့ခေါ်လိုက်ရင်ရော”
ရှဲ့လန် “...”
‘ဒါက ဝူယောင်ရဲ့ ဆရာတူမောင်လေးတွေလား၊ ဝူယောင်ပျောက်သွားတဲ့ တစ်လကျော် အတွင်း ဘာတွေများဖြစ်ခဲ့ပါလိမ့်၊ ဆရာတစ်ယောက်ရှာတွေ့ခဲ့တာလား၊ သူမက သူတော်စင်အဆင့်တောင်ရောက်နေပြီ’ လဲ့ရွှမ်ယန်သည် အတွေးများနှင့်ယောက်ယက်ခက်နေသည်။
“မင်းတို့ နိုင်သွားပြီ၊ ဒါ့ကြောင့် မင်းတို့တောင်းဆိုချင်တာရှိလား” ထိုက်ဟုန်ကျွင်း၏ အသံသည် ရင်ပြင်တစ်ခုလုံးအပေါ်ဟိန်း၍ ပေါ်ထွက်လာခဲ့၏။ ဆက်၍ တိုက်စရာမလိုတော့ချေ။ ထျယ်ရှန်းတစ်ယောက်သာ ကျန်တော့၏။ အရင်က ထျယ်ရှန်းသည် အဆင့်တူတုန်းကတောင် သူမကို ရှုံးနဲ့ခဲ့သည်။ အခုဆိုလျင်တော့ ပြောစရာပင်မလိုတော့ချေ။
“မဟုတ်သေးဘူး၊ တစ်ပွဲကျန်သေးတယ်” အေးစက်လှသည့် အသံငယ်တစ်ခုထွက်ပေါ်လာသည်။ ထိုအသံသည်ယွဲ့ဝူယောင်ထံမှ ထွက်ပေါ်လာသည်။
“မိန်းကလေး ငါတို့ဂိုဏ်းက တပည့်တွေ ကုန်ပြီလေ၊ ထျယ်ရှန်းနဲ့ တိုက်ခိုက်ချင်သေးလို့လား”
ထိုက်ဟုန်ကျွင်းသည် ဘဝင်မကျစွာ ပြောလိုက်၏။ ရပ်ကြည့်နေသည့် ထျယ်ရှန်းသည် တုန်ယင်လာ၏။
‘ဤမိန်းကလေး ရမ်းကားလှချေလား’
ကျင်းဝူတောက်နှင့် ရှဲ့လန်ပင် ဇဝေဇဝါဖြစ်သွားလေသည်။ ထိုက်ရွှမ်ဂိုဏ်းတပည့်များသည်လည်း အံ့ဩသွားသည်။
“မဟုတ်ဘူး၊ သူနဲ့ တိုက်မှာ”