ထိုက်ရွှမ်ဂိုဏ်းသို့
Vol. 4 Ch. 54
“တုဟယ်မြို့မှာ မြို့သခင်မရှိတာ အတော်ကြာသွားပြီ၊ ဒါကြောင့် ကျုပ်ပြန်သွားတော့မယ်” လုချောင်းယန်သည်ပြောလိုက်၏။
“ကောင်းပြီ၊ ခင်ဗျားသား အတွက် စိတ်ချထားပါ” ဟွမ်းသည် လုချောင်းယန်ကို ပြောလိုက်၏။
နေဝင်စပြုလာတဲ့ ညနေခင်းမှာ လုရှင်းယန် နှင့် မုန့်ချန်အာတို့သည် ထိုက်ရွှမ်မြို့အပြင်ဘက်ရှိ အမြင့်ဆုံးတောင်ထွတ်ထိပ်တွင် ရှိသော ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေကြသည်။ ဤနေရာတွင် သူတို့နှစ်ဦးသည် အလှပဆုံး နေဝင်ချိန်ကို စောင့်ကြည့်နေကြသည်။
နေမင်းကြီးသည် အနောက်ဘက် ကောင်းကင်ယံတွင် အရောင်အသွေးစုံလင်စွာတောက်ပနေရာမှ တဖြည်းဖြည်း နိမ့်ဆင်းလာလေသည်။ လေညှင်းလေးသံ ‘တဖြူးဖြူး’တိုက်ခတ်နေသည့်အသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ညနေဆည်းဆာရောင်ခြည်၏ အောက်တွင် နူးညံ့သည့်လေပြေညှင်းက သစ်ရွက်များကို တီးတိုးရိုက်ခတ်ရင်း သံစဉ်တွေ ဖန်တီးနေသည့်အလားပင်။
မုန့်ချန်အာသည် ထိုမှေးမှိန်လာနေသည့် နေလုံးကြီးကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ လုရှင်းယန်သည် ငြိမ်းချမ်းမှုကို ခံစားနေသည့် မုန့်ချန်အာကို မနှောက်ယှက်ပေ။ သူမကို တိတ်တဆိတ်ကြည့်နေရင်း လုရှင်းယန်၏ နှလုံးသားသည် ခုန်ပေါက်နေသည့်အလားပင်။
မုန့်ချန်အာသည် ယနေ့တွင် အရမ်းပင်လှပလွန်းနေသည်။ သူမ၏ နက်မှောင်နေသည့် ဆံနွယ်ရှည်များသည် လေယူရာ လွင့်မျောနေပြီး နေဝင်ဆည်းဆာရောင်ခြည်အောက်တွင် ရိုးရှင်းလှပသည့် ပန်းချီကားတစ်ချပ်လိုပင် အသက်ဝင်နေသည်။
သူမ၏ နှုတ်ခမ်းဖူးဖူးလေးတွေသည် ပန်းနုရောင်သန်းနေပြီး သဘာဝအတိုင်း ချိုမြိန်လှသည့် အပြုံးတစ်ပွင့်ကို အမြဲတမ်း သယ်ဆောင်ထားသလိုပင်။
သူမ ဝတ်ဆင်ထားသည့် ရိုးရှင်းလွန်းသည့် အဖြူရောင်ဝတ်စုံသည် သူမ၏ ကိုယ်ခန္ဓာအလှကို ပိုပြီး ပေါ်လွင်စေပြီး လေထဲမှာ တလွင့်လွင့်လွင့်မျောနေမှုသည် နတ်သမီးလေးတစ်ပါး မြေပြင်ပေါ် ဆင်းသက်လာသည့်အလား ပင်ထင်မှတ်ရပေသည်။
လုရှင်းယန်၏ စိတ်ထဲတွင် မုန့်ချန်အာ သည် သန့်စင်ပြီး စွဲမက်ဖွယ်ကောင်းသည့် အလှနဲ့၊ သူ့ ကိုယ်ပိုင်ကမ္ဘာကြီး၏ အလှပဆုံး အစိတ်အပိုင်းတစ်ခုအလား ထင်မှတ်နေ၏။
ထိုနေလုံးကြီးသည် တဖြည်းဖြည်းနှင့် အမှောင်ထုအတွင်း စိမ့်ဝင်ပျောက်ကွယ်သွားပြီး ကောင်းကင်ယံတွင် ကြယ်တွေ ရောင်စုံ စတင်တောက်ပလာပြီဖြစ်သည်။ ထိုအချိန်တွင် လုရှင်းယန်သည် ရုတ်တရက်ထလာခဲ့ပြီး မုန့်ချန်အာ၏ ရှေ့တည့်တည့်တွင်ရပ်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“အစ်မချန်အာ၊ ကျုပ်အစ်မချန်အာကို လက်ထပ်ချင်တယ်”
မုန့်ချန်အာ “...”
ကြယ်ရောင်စုံနှင့် ရေးခြယ်ထားသည့် ကောင်းကင်ပန်းချီကားချပ်အောက်တွင် မြင့်မားသည့်တောင်ထွတ်ကို ခြေနင်းအဖြစ် သတ်မှတ်ပြီး ကုန်းမြေကြီး၏ အထက်တွင် ရပ်တည်နေသည့် လူငယ်လေးတစ်ဦးသည် မိန်းကလေးတစ်ဦးကို ဤကဲ့သို့ ချစ်ရေးဆိုခဲ့၏။
“သခင်လေး ဘာတွေပြောနေတာလဲ” မုန့်ချန်အာသည် အလွန်ပင် ကြောင်အသွားခဲ့သည်။
“ကျုပ်..” လုရှင်းယန်သည် မည်ကဲ့သို့ ချစ်ရေးဆိုရမည်မှန်း မသိခဲ့ချေ။ သူသည် နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့သော်လည်း အဖြေမရခဲ့ချေ။ ထို့ကြောင့် ဖြစ်ချင်သည့်အရာကိုသာ တည့်တည့်ပြောလိုက်၏။ ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ချေ။ မဟုတ်လျှင် တစ်သတ်လုံး နောင်တရမည်ဟု ခံစားနေရသောကြောင့်ပင်။
“အစ်မချန်အာကို ကျုပ်ငယ်ငယ်လေးကတည်းက သဘောကျခဲ့တာ၊ အဲ့ဒီတုန်းက ကျုပ်အပေါ်ကို နွေးနွေးထွေးထွေးဆက်ဆံပေးလို့ အစ်မတစ်ယောက်လို သဘောကျခဲ့တာလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အခု အစ်မတစ်ယောက်ထက်ပိုမှန်းသိလာခဲ့တယ်၊ အစ်မချန်အာ ထိုက်ရွှမ်ဂိုဏ်းထဲဝင်နိုင်ဖို့အတွက် ကျုပ်စိတ်အားထက်သန်ခဲ့ပေမယ့် တကယ်တမ်း ဂိုဏ်းထဲဝင်ရတော့မယ့် အချိန်မှာ ကျုပ် အစ်မချန်အာကို လက်မလွှတ်ချင်တော့ဘူး”
လုရှင်းယန်သည် သူ၏ မျက်နှာအမူယာသည် လေးနက်နေပြီး သူ၏ မျက်လုံးများသည် မုန့်ချန်အာ၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ရင်းပြောလိုက်၏။
“ကျွန်မ..” မုန့်ချန်အာသည် အလွန်ပင်ပြာယာခက်သွားရသည်။ သူမသည် ဤကဲ့သို့ ဖြစ်လာမည်မှန်း မထင်ထားခဲ့ပါ။ ပထမအကြိမ်လုရှင်းယန်ပြောသည့်အချိန်တွင် သူမသည် ကြောင်အသွားခဲ့ယုံမျှသာ။ သို့သော်လုရှင်းယန်သည် သူမကို တည့်တည့် စိုက်ကြည့်ပြီးပြောသည့်အခါ သူမသည် မည်သို့ပြန်ပြောရမည်ကိုပင်မသိတော့ချေ။ သူမသည် လုရှင်းယန်အပေါ်တွင် သံယောဇဉ်များစွာ ရှိနေသည့်ကအမှန်ပင်။ သို့သော် တစ်ခြားအတွေးမဝင်ဖူးပေ။
“ကျွန်မက အစေခံပါ၊ ပြီးတော့ သခင်ကြီးက ကျွန်မကို သမီးအဖြစ်မွေးစားလိုက်ပြီလေ၊ သခင်လေးနဲ့ ကျွန်မက မောင်နှမတွေ ဖြစ်သွားပြီ၊ အဲ့ဒါကြောင့် ဒီလို အတွေးတွေက မသင့်လျော်ပါဘူး” မုန့်ချန်အာသည် တိုးလျစွာ ပြောလိုက်၏။ သို့သော် လုရှင်းယန်၏ မျက်လုံးများကို မကြည့်ရဲချေ။
“အစ်မချန်အာက ကျုပ်ကို သဘောမကျလို့လား” လုရှင်းယန်သည် မုန်ချန်အာက ဤသို့ပြောနိုင်ချေရှိသည်ကို ကြိုတွေးထားဖူးသော်လည်း လက်တွေ့မှာ ငြင်းပယ်ခံရမှုသည် အလွန်ပင် ဝမ်းနည်းစရာကောင်းနေ၏။
“အဲ့လိုမဟုတ်ပါဘူး၊ ကျွန်မက သခင်လေးကို သဘောမကျလို့မဟုတ်ဘူးလေ၊ ဟိုလိုလေ..” မုန့်ချန်အာသည် သူတို့နှစ်ဦး မဖြစ်နိုင်သည့်အကြောင်းကိုပြောချင်နေ၏။ သို့သော် အလျင်စလို ပြန်ပြောရင်း မည်သို့ ဆက်ပြောရမည်ကို မစဉ်းစားနိုင်တော့ချေ။ သူမသည် လုရှင်းယန်အပေါ်ထားသည့် ခံစားချက်ကို သူမကိုယ်တိုင်ပင်မသိချေ။ တစ်လျှောက်လုံးသခင်လေး အဖြစ်သာ ဆက်ဆံခဲ့ရသောကြောင့်လည်း ပါပေလိမ့်မည်။
ထို့နောက် လုရှင်းယန်သည် သူမ၏ ပခုံးနှစ်ဖက်ကို ရုတ်တရက်ကိုင်လိုက်သည့်အခါ သူမ၏ နှလုံးခုန်နှုန်းသည် အလွန်ပင် မြန်ဆန်လာခဲ့သည်။
“ချန်အာ..၊ ကျုပ် နတ်ဘုရင်ဖြစ်သွားတဲ့အချိန်ကျရင် ချန်အာကို လက်ထပ်မယ်၊ အဲ့ဒါကြောင့် ထိုက်ရွှမ်ဂိုဏ်းထဲ ဝင်ရောက်သွားပြီးရင် ကျင့်ကြံခြင်းကလွဲရင် တစ်ခြားဘယ်အကြောင်းမှ မတွေးနဲ့၊ ကျုပ်အကြောင်းပဲတွေးနေ၊ သဘောတူရင်ခေါင်းညိတ်ပြ”
လုရှင်းယန်သည် မုန့်ချန်အာ၏ ပခုံးနှစ်ဖက်ကိုကိုင်ကာ အမိန့်ပေးသည့်အလားပြတ်ပြတ်သားသားပင်ပြောလိုက်၏။ သို့သော်သူကိုယ်တိုင်းလည်း အလွန်ပင်စိတ်လှုပ်ရှားနေ၏။
မုန့်ချန်အာ၏ စိတ်များသည် အလွန်ပင် ယောက်ယက်ခက်နေပြီး ထိုက်ရွှမ်မြို့ကြီးကို ပတ်ပြေးနေရသည့်အလားပင် ခံစားနေကသည်။ သူမသည် အနည်းငယ် တည်ငြိမ်ပြီးနောက် မသိမသာပင် ခေါင်းလှုပ်တယ်ဆိုယုံလောက်သာ ညိတ်ပြလိုက်၏။ လုရှင်းယန်သည် ရုတ်ရက် အပျော်လွန်သွားပြီး သူမကို ဖက်လိုက်မိ၏။
“သခင်လေး၊ ဒီလိုလုပ်လို့မရဘူး” မုန့်ချန်အာသည် ဇွတ်အတင်းရုန်းထွက်လိုက်၏။ သူမသည်အလွန်ပင်ရှက်သွားပြီး မျက်နှာတစ်ခုလုံးနီရဲနေသည်။
“ကျုပ်အပျော်လွန်သွားလို့” လုရှင်းယန်၏ မျက်နှာသည် ပြုံးဖြီးနေပြီး သူ့မျက်နှာထက်တွင် ပန်းပေါင်းစုံပွင့်နေသည့်အလားပင်။
နောက်တစ်နေ့တွင် ရှေးနဂါးရင်ပြင်၌ ထိုက်ရွှမ်ဂိုဏ်းဝင်ခွင့်ရသော ဂိုဏ်းသားသစ်များ စုဝေးနေကြသည်။ ဟွမ်းနှင့် တပည့်တစ်သိုက်အပြင် မော့ရွှယ်အာ သည်လည်း ထိုအနားသို့ရောက်ရှိနေကြသည်။ လုချောင်းယန်သည် တုဟယ်မြို့ကိုပြန်သွားပြီဖြစ်သောကြောင့် မပါဝင်ပေ။ ထိုဆရာတပည့်အုပ်စုကို မြင်၍ ဂိုဏ်းသား သစ်များအပြင် အပြင်စည်းတပည့်များလည်း ချွေးစီးများကျဆင်းနေသည်။
‘ဒီနေ့ တော့ ပြသနာမရှာလောက်တော့ဘူးမလား’
အားလုံး၏ အတွေးများ တူညီနေကြသည်။ တပည့်လေးဦးသည် ထိုက်ရွှမ်ဂိုဏ်း၏ စမ်းသက်ချက်များကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ သူတို့သည် ထိုက်ရွှမ်ဂိုဏ်း၏ ပါရမီရှင်များကိုပင် ကျော်လွန်၍ ရိုက်နှက်ခဲ့ကြသည်။ ထို့အပြင် အကြီးအကဲတစ်ဦးကိုတောင် ရိုက်နှက်ခဲ့သေးသည်။ ထိုမျှမကသေး ဆရာဖြစ်သူပေါ်လာပြီး အကြီးအကဲချုပ်ကို ဘောလုံးကန်သလိုကန်သွားခဲ့သေးသည်။ ထို့အပြင် စွဲမက်ဖွယ်ကောင်းလောက်အောင်လှပသည့် အနီဝတ်စုံနှင့် မိန်းကလေးထံမှ အလွန်ကြောက်မယ်ဖွယ်ကောင်းသည့် အရှိန်ဝါထွက်ပေါ်နေသည်။ ထို့ကြောင့် ပြသနာထပ်ရှာမလားဆိုသည့် အတွေးများထွက်ပေါ်နေကြသည်။ သို့သော်လည်း ယွဲ့ဝူယောင်တို့ကို အားကျနေကြပြန်သည်။ သူတို့သည် ထိုကဲ့သို့ အစွမ်းထက်နေပြီး သူတို့ဆရာ၏ အစွမ်းသည်လည်း မခန့်မှန်းနိုင်ပေ။
“ဂိုဏ်းသားသစ် တပည့်တွေ အကြီးအကဲချုပ် နောက်ကလိုက်သွားကြပါ” ထိုအချိန်တွင် ကျင်းဝူတောက်၏ လက်ထဲတွင်လှေငယ်တစ်စီးပေါ်လာခဲ့သည်။ ထိုလှေငယ်သည် ပျံသန်းနိုင်သည့် စွမ်းအင်လှေ တစ်ခုဖြစ်ပြီး ကျင်းဝူတောက်သည် ထိုလှေငယ်အတွင်း ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်ပြီးနောက် ကြီးမားလှသည် လှေကြီး အသွင်ပြောင်းလဲသွားလေသည်။ ထိုလှေသည် လူဦးရေငါးရာ လောက်ပင် ဆန့်နိုင်သည့် အလွန်ပင် ကျယ်ပြန့်ပြီး ကြီးမားလှသည်။ သို့သော် ထိုလှေသည် သာမန်လှေကဲ့သို့ ရိုးရိုးရှင်းရှင်းပင်။ ဂိုဏ်းသားသစ်များသည် ထိုလှေပေါ်တက်ရောက်သွားပြီးနောက် ကျင်းဝူတောက်သည် ထိုက်ရွှမ်ဂိုဏ်းသို့ ဦးတည်လိုက်သည်။
“ချန်အာ ကျုပ်ကိုစောင့်နေပါ” လုရှင်းယန်သည် လူအများကြားတွင် လှမ်းအော်လိုက်သည်။ စွမ်းအင်လှေ အတွင်းရှိ မုန့်ချန်အာ၏ မျက်နှာလေးသည် နီရဲလာပြီး အလွန်ပင် ရှက်ရွံ့နေတော့သည်။
“ဒုတိယအစ်ကိုတောင် အရှက်မရှိပြုမှုတက်နေပြီပဲ၊ လူအများ ဝိုင်းရိုက်ခံရမှာ မကြောက်ဘူးလားမသိဘူး” ပိုင်ကျန့်ယွီသည် တီးတိုးရေရွတ်လိုက်၏။
“ဒုတိယအစ်ကို လူတွေဝိုင်းရိုက်မရိုက်တော့ မသိဘူး၊ တတိယအကိုတော့ရိုက်ခံရမှာ ကျိန်းသေနေပြီ” လျှိုမင်ယွမ်သည် ပိုင်ကျန့်ယွီနား ကပ်ကာပြောလိုက်၏။
ပိုင်ကျန့်ယွီ “...”
‘ငါ့ပါးစပ်ကို ဘာလို့မထိန်းနိုင်တာပါလိမ့်၊ ဒုတိယအစ်ကို မကြားလောက်ဘူးမလား’
တကယ်လည်း လုရှင်းယန်သည် မကြားပေ။ သူ၏ စိတ်အလုံးစုံသည် မုန့်ချန်အာအပေါ်တွင်ရောက်နေသောကြောင့်ဖြစ်သည်။