နတ်အင်ပါယာထျန်းရှီ
Vol. 4 Ch. 55
“စီနီယာ ကျုပ်တို့လဲ သွားရအောင်” ထိုက်ဟုန်ကျွင်းသည် ထိုသို့ပြောပြီးနောက် သေးငယ်သည့် စွမ်းအင်လှေတစ်စီးထုတ်လိုက်ပြီးနောက် ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်သည်။ ထိုလှေငယ်သည် ကျင်းဝူတောက်မောင်းနှင်နေသည့် စွမ်းအင်လှေလောက် မကြီးပေ။ သို့သော် ၎င်းလှေကြီးထက် ထည်ဝါနေ၏။ လူအယောက်နှစ်ဆယ်ကျော် သက်သက်သာသာနှင့် ထိုင်လိုက်နိုင်ပေသည်။ ထိုက်ဟုန်ကျွင်းနှင့် ရှဲ့လန်သည် ထိုလှေပေါ်တက်လိုက်ပြီးနောက် မော့ရွှယ်အာနှင့်ဟွမ်း၏တပည့်များသည်လည်း တက်သွားခဲ့သည်။ ရှဲ့လန်သည် ချီလင်းဟောင်ကို ထိုက်ရွှမ်မြို့တွင် ခေတ္တနေစေခဲ့ပြီး သူသည်ဂိုဏ်းထဲသို့ လိုက်ပါသွားခဲ့သည်။
ထိုက်ဟုန်ကျွင်းတို့ လှေငယ်လေးသည် ပုံမှန်အရှိန်နှင့်သာသွားနေခဲ့သည်။ ထိုက်ရွှမ်ဂိုဏ်းသည် ထိုက်ရွှမ်မြို့နှင့် မဝေးလှပေ။ ဆယ်ငါးမိနစ်ခန့် သွားပြီးနောက် ထိုက်ရွှမ်ဂိုဏ်း၏ ဝင်ပေါက်သို့ရောက်ရှိလာကြသည်။
ထိုက်ရွှမ်ဂိုဏ်းသည် မြင့်မားသည့် တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုက်ရွှမ်ဂိုဏ်း၏ ဝင်ပေါက်ဂိတ်ဝ သည် ရိုးရှင်းသည့် တံခါးတစ်ခုမျှ မဟုတ်ပေ။ ၎င်းသည် တိမ်ထုများကြားတွင် တည်ရှိပြီး၊ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် မဟာအစီအရင်တစ်ခု ဖြင့် ကာကွယ်ထားသည်။ ထို့အချင်းရာသည် ထိုက်ရွှမ်ဂိုဏ်းသား မဟုတ်ပဲ ဂိုဏ်းအတွင်းသို့ ဝင်ရောက်သူများကို တားဆီးပေးနိုင်သည်။
ထိုက်ရွှမ်ဂိုဏ်းဂိတ်ဝသည် အပြာရောင်ကျောက်တုံးကြီးများဖြင့် ထုဆစ်ထားပြီး၊ ၎င်း၏ အပေါ်ဆုံးတွင် ထိုက်ရွှမ်ဂိုဏ်း၏ နဂါးပုံအမှတ်အသားသည် ထည်ဝါစွာ ထွင်းထုထားသည်။ ဂိတ်ဝ၏ တိုင်လုံးကြီးများသည် ကောင်းကင်ကို ထိုးဖောက်မတတ် မြင့်မားလှပြီး၊ ၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် နက်နဲသည့် အစီအရင်လိုင်းများ ထွင်းထုထားသည်။
ထိုက်ဟုန်ကျွင်းသည် စွမ်းအင်လှေကို သိမ်းပြီးနောက် ဟွမ်းတို့ဆရာတပည့်များကို ဂိုဏ်းအတွင်းဝင်ရောက်စေလိုက်သည်။
ယွဲ့ဝူယောင်တို့သည် ဂိုဏ်းအတွင်းသို့ ရောက်သွားသည့် အချိန်တွင် ဝိညာဉ်စွမ်းအင်များသည် ပြင်ပထက် ပေါကြွယ်ဝသည်ဟုခံစားမိလိုက်သည်။ ထို့အပြင် အနိမ့်အမြင့် မတူညီတော့ တောင်ထွတ်များ တွင် ထည်ဝါသည့် အဆောက်ဦး မျိုးစုံတည်ဆောက်ထားသည်ကို တအံ့တဩကြည့်မိနေကြသည်။
ထို့နောက် ထိုက်ဟုန်ကျွင်းသည် ဟွမ်းတို့ကို ထိုတောင်ထွတ်များ၏ အနောက်တွင် တည်ရှိနေသော တောင်ထွတ်တစ်ခုကို ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာသည် ထိုက်ရွှမ်ဂိုဏ်း၏ အသက်သွေးကြောဖြစ်သည့် နတ်အင်ပါယာထျန်းရှီ နေထိုင်ရာ တောင်ထွတ်ဖြစ်သည်။ ထူးခြားသည်မှာ ဂိုဏ်းတစ်ခုလုံးထည်ဝါသည် အဆောက်အုံများဖြင့်တည်ဆောက်ထားသော်လည်း ဤတောင်ထွတ်တွင် သာမန်ရိုးရှင်းလှသည့် အဆောက်ဦးတစ်ခုသာရှိသည်။ ထိုက်ရွှမ်ဂိုဏ်း၏ တပည့်များကို ဝင်ရောက်ရန်ပင်တားမြစ်ထားသည်။
“ရှောင်ကျွင်း ဧည့်သည်တွေပါလာတာလား” ထိုက်ဟုန်ကျွင်းတို့သည် ထိုအဆောက်ဦးထဲဝင်ရန်ပြင်ဆင်နေသည့်အချိန်တွင် ထည်ဝါသည့် အသံတစ်ခုထွက်လာလေသည်။
“ဟုတ်ပါတယ် ဆရာ” ထိုက်ဟုန်ကျွင်းသည် ရိုရိုသေသေဖြင့်ဖြေလိုက်၏။
“ဝင်ခဲ့”
ထို့နောက် အားလုံးဝင်ရောက်သွားသည့်အချိန်တွင် အဆောက်ဦး၏ ဧည့်ခန်းသည် ရိုးရှင်းလှသည် အသုံးဆောင်များသာရှိ၏။ သို့သော် ဧည့်ခန်း၏ အလည်တည့်တည့်တွင် ထိုင်နေသည့် အဘိုးအို၏ အရှိန်ဝါသည် အလွန်ပင် ခမ်းနားတင့်တယ်လှပြီး သူထံမှထွက်ပေါ်နေသည့်ဖိအားနှင့်ပင် အဆင့်နိမ့်ကျင့်ကြံသူများ ဒူးထောက်လဲကျသွားနိုင်သည်။ ထိုဖိအားသည် ယွဲ့ဝူယောင်တို့အပေါ်တွင်လည်း အနည်းငယ်သက်ရောက်နေသည်။ ထို့နောက် ဟွမ်းသည် မျက်မှောင်ကြုတ်သွားပြီးပြောလိုက်၏။
“အသုံးမဝင်တဲ့ ဟိတ်ဟန်တွေ ထုတ်မနေနဲ့၊ ခင်ဗျားက သေတော့မှာ”
အားလုံး “...”
တပည့်များသည် သူတို့ဆရာ၏ စကားလုံးလှလှလေးများကို နေသားကျနေသည့်အလားပင် တည်ငြိမ်နေကြသည်။ သို့သော် မော့ရွှယ်အာသည်တော့ ထိုစကားများကို လိုက်လံမှတ်သားနေသည်။ ထိုက်ဟုန်ကျွင်းတို့လည်း မည်သို့မျှ မပြောနိုင်အောင် တိတ်ဆိတ်သွား၏။ ထိုသို့ တိတ်ဆိတ်နေမှုကို ရယ်မောသံတစ်ခုက ဖြိုခွဲသွားသည်။
“ဟား..၊ ရောင်းရင်းရှေ့မှာ ဒီအဘိုးကြီးက ရယ်စရာဖြစ်စေခဲ့ပြီ”
နတ်အင်ပါယာထျန်းရှီသည် သူ၏ အရှိန်ဝါကို ရုတ်သိမ်းရင်း ပြုံးကာပြောလိုက်၏။ သူ၏ပုံစံသည် အလွန်ပင် သန်မာသည့် ပုံစံပေါ်နေသော်လည်း အလွန်ပင် အားနည်းနေခဲ့သည်။ ထျန်းရှီသည် ဟွမ်း၏ တပည့်များကို မြင်ပြီးအလွန်သာလွန်သည့် ပါရမီရှင်များဟု သုံးသပ်ခဲ့သည်။ အထူးသဖြင့် အနီဝတ်မိန်းမပျိုလေးပင်။ သူမသည် ထိုက်ဟုန်ကျွင်းလောက် သန်မာသည်ဟု ခံစားမိလိုက်သည်။ သို့သော် မည်သည့်စွမ်းအင်မျှ ပေါ်ထွက် မနေသည့် ထိုလူငယ်လေးက ကြောက်စရာအကောင်းဆုံးဟုသာ ယူဆလိုက်သည်။ ထျန်းယွမ်ကုန်းမြေတွင် ထျန်းရှီ၏ အဆင့်အတန်းနှင့် ဟွမ်း၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်တွေ့နိုင်ခြင်း မရှိသည်မှာ အခြေအနေနှစ်ရပ်သာရှိပေသည်။ ကျင့်ကြံခြင်းကို မထိတွေ့ဖူးသည့်သာမန်လူသား နှင့် သူ၏အဆင့်ထက် များစွာမြင့်သောသူသာ ဖြစ်သည်။ ထိုလူငယ်၏ ပုံစံသည် ပထမအခြေအနေ ဖြစ်နိုင်ခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဖိအားကို မည်သို့မျှ မခံစားရခဲ့သောကြောင့်ဖြစ်သည်။
“ဆရာ၊ ဒီစီနီယာက ဟွမ်းတဲ့၊ ဆရာကို အကြောင်းရာတစ်ချို့မေးချင်လို့တဲ့” ထိုက်ဟုန်ကျွင်းသည် ယခုကဲ့သို့ ကြောင်တောင်တောင် အခြေအနေကို တည်ငြိမ်သွားအောင် မိတ်ဆက်ပေးလိုက်၏။
“ရောင်းရင်းက နတ်ဘုရားကုန်းမြေကလား” နတ်အင်ပါယာထျန်းရှီသည် သူအရင်စတင်မေးလိုက်၏။
“အဲ့လိုပြောလို့ရတယ်၊ ခင်ဗျားက နတ်ဘုရားကုန်းမြေကို သိတာလား” ဟွမ်းသည် ထျန်းရှီ၏ မေးခွန်း အပေါ်တွင် မအံ့ဩခဲ့သော်လည်း ထိုက်ဟုန်ကျွင်းတို့သည် ဟွမ်းနှင့်မတူပေ။ သူတို့သည် နတ်ဘုရားကုန်းမြေကို ခုမှ ကြားဖူးခြင်းကြောင့် အတော်လေးအံ့ဩသွား၏။
“ကျုပ်ထိုက်ရွှမ်ဂိုဏ်းကို တည်ထောင်ခဲ့တာ အနှစ်သုံးသောင်းလောက်ရှိပြီ၊ အဲ့ဒီမတိုင်ခင်က နတ်ဘုရားနယ်မြေက အတော်လေးအစွမ်းထက်တဲ့ နတ်အင်ပါယာတစ်ဦးကိုတွေ့ဖူးခဲ့တယ်၊ အဲ့ဒါကြောင့် နတ်ဘုရားနယ်မြေအကြောင်းကို နည်းနည်းသိနေတာပါ” ထျန်းရှီသည် အတိတ်ကို သတိရနေသည့်မျက်ဝန်းများနှင့် ရှင်းပြလိုက်၏။
“အဲ့ကောင်က ခင်ဗျားတို့ဂိုဏ်းအမှတ်သားလုပ်ထားတဲ့ အနက်ရောင်နဂါးကောင်လား” ဟွမ်းသည် ထိုအရာကိုရင်းနှီးနေသည်ဟု ခံစားမိသောကြောင့်မေးလိုက်၏။
“ရောင်းရင်းက မြင့်မြတ်သောနဂါးနက်ကို သိတာလား” ထျန်းရှီသည် အံ့ဩသွားပြီးမေးလိုက်၏။
“နည်းနည်းတော့ရင်းနှီးတယ်၊ အဲ့ကောင်က ဒီကို ဘာလာလုပ်တာလဲ” ဟွမ်းသည် မျက်နှာသေနှင့်ပြောလိုက်၏။
“မြင့်မြတ်သောနဂါးနက်က သူ့နောက်ကို သွေးဆာနေတဲ့ မိစ္ဆာကောင်က လိုက်သတ်နေလို့ ထွက်ပြေးလာရတယ်လို့ပြောဖူးတယ်၊ ဒီမှာ နှစ်အနည်းငယ်ပဲနေပြီး ပြန်ထွက်သွားတယ်၊ ကျုပ်ကိုလဲ သူက နည်းစနစ်တစ်ချို့သင်ပေးခဲ့ဖူးတယ်” ထျန်းရှီသည် ထိုအကြောင်းများကို ပြန်ပြောပြလိုက်၏။ ထိုမြင့်မြတ်သောနဂါးနက်ကို သူတွေ့စဉ်အခါက အလွန်ပင် အစွမ်းထက်သည့်အရှိန်ဝါကို ခံစားမိခဲ့ဖူးသည်။ သို့သော် ဤလူငယ်သည် ထိုမြင့်မြတ်သောနဂါးနက်ကို ‘အဲ့ကောင်’ဟုပင်သုံးနှုန်းနေ၏။
“မြင့်မြတ်သောနဂါးနက်... သွေးဆာနေတဲ့ မိစ္ဆာကောင်...” ဟွမ်းသည် ထိုသို့ရေရွတ်နေရင်း အနီးနားရှိလူများသည် ရုတ်တရက်ပင် အသည်းခိုက်မတက်အေးစက်မှုကို ခံစားလိုက်ရကာ ကြက်သီးများထလာခဲ့သည်။ သို့သော် တစ်ခဏ အတွင်း ပြန်ပျောက်ကွယ်သွားပြီးနောက် ဟွမ်းသည် လိုရင်းကိုမေးလိုက်၏။
“အဲ့ဒါတွေထားတော့၊ ကျုပ်မေးချင်တာတစ်ခုရှိတယ်၊ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က ခင်ဗျား ခံစားမိလိုက်တဲ့ အရှိန်အဝါ အကြောင်းပြောပြပေး” ဟွမ်းသည် ထိုအကြောင်းကိုမေးလိုက်၏။
“ရောင်းရင်းက ဘာလို့ သိချင်တာလဲ” ထျန်းရှီသည် ပြောရန်တွန့်ဆုတ်နေပုံရသည်။
“ကျုပ်အတည်ပြုချင်တာတစ်ချို့ရှိလို့”
ထို့နောက် ထျန်းရှီသည် သက်ပြင်းချကာပြောလိုက်၏။
“တကယ်တော့ ကျုပ်ကိုယ်တိုင်လဲ သေချာမသိပါဘူး၊ အဲ့ဒီနေ့က ကျုပ်က ဂိုဏ်းထဲကနေ ကျုပ်ထက်ကိုပို အစွမ်းထက်လွန်းပြီး မရင်းနှီးတဲ့ အရှိန်ဝါ တစ်ခုကို သတိထားမိခဲ့တယ်၊ အဲ့ဒီအရှိန်ဝါတွေက မတည်ငြိမ်ဘူး အရမ်းဖရိုဖရဲဖြစ်နေတယ်၊ ကျုပ်ကောက်ချက်ချလိုက်တာ အဲ့ဒီလူဒဏ်ရာရနေတယ်ဆိုပြီးပေါ့၊ ပြီးတော့အဲ့ဒီလူက လင်းယွမ်နယ်မြေကနေ ခဏလေးနဲ့ အရှေ့ပိုင်းနယ်မြေကို ရောက်သွားတယ်၊ ကျုပ်လဲ အဲ့ဒီလိုအစွမ်းထက်တဲ့လူကိုဒဏ်ရာရအောင် လုပ်နိုင်တဲ့သူဟာ ဘယ်လောက်ထိအစွမ်းထက်နေမလဲ၊ ပြီးတော့ ထျန်းယွမ်ကုန်းမြေကြီးပေါ်ပါ အန္တရာယ်ကျရောက်မှာစိုးတာကြောင့် အခြား နတ်အင်ပါယာ သုံးဦးဆီကို သတင်းပို့လွှတ်ခဲ့တယ်၊ ပြီးတော့ ကျုပ်အရင် အရှေ့ပိုင်းနယ်မြေကို လိုက်သွားခဲ့နှင့်တာ၊ ဒါပေမဲ့ နယ်မြေအစပ်မှာတင် ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှု တစ်ခုဖြစ်သွားခဲ့တယ်၊ အဲ့ဒီပေါက်ကွဲမှု စွမ်းအင် ရိုက်ချက်တွေကို ခံစားလိုက်တာကြောင့် ကျုပ်အခုလို ဖြစ်သွားတာပဲ”
နတ်အင်ပါယာ ထျန်းရှီသည် ထိုအိမ်မက်ဆိုးအလား ကြောက်မယ်ဖွယ်ကောင်းသည့် အကြောင်းများကို ပြန်ပြောရင်း သူ၏ အသက်သည် ပို၍အိုစာသွားသည်ဟုထင်ရသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်ယင်နေ၏။ ထို့နောက်ဆက်ပြောလိုက်၏။
“ကျုပ် အဲ့ဒီလူကလွဲရင် တစ်ခြား အရှိန်ဝါကို မခံစားမိဘူး၊ ကျုပ်ယူဆချက် မှားကောင်းမှားနိုင်ပေမဲ့ သူ့ကိုယ်သူ ဖောက်ခွဲသွားတာလို့ ယူဆမိတယ်”