ထိုက်ရွှမ်မြို့မှထွက်ခွာခြင်း
Vol. 4 Ch. 57
မော့ရွှယ်အာသည် စိတ်စွမ်းအင်များစွာသုံးစွဲခဲ့ရသည်မို့ နတ်ဘုရင်အဆင့်ဖြစ်သည့်တိုင် သူမ အလွန်ပင်ပန်းသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ဟွမ်းသည် သူမကို နတ်စွမ်းအင်များ ဖြည့်ပေးလိုက်သည်။ သူမသည် သွေးစတေးခြင်းနည်းစနစ်ကို ဖော်ထုတ်ပေးခဲ့ပြီဖြစ်သည်။ ကျန်သည့်အပိုင်းကတော့ ထျန်းရှီကိုယ်တိုင်လုပ်ရန်သာ လိုအပ်တော့သည်။
ထို့နောက်ဟွမ်းသည် မော့ရွှယ်အာကို ထိန်းပေးရင်း တပည့်ငါးဦးကိုခေါ်ကာ အဆောက်ဦးအပြင်ဘက်သို့ ထွက်သွားကြသည်။
“ငါ့တပည့်တို့ မင်းတို့ ထိုက်ရွှမ်ဂိုဏ်းကို ဆရာလက်ထပ်ကထက် ပိုပြီးတောင်ပအောင်စွမ်းဆောင်နိုင်မယ်လို့ ဆရာယုံကြည်တယ်”
ထျန်းရှီသည် ထိုသို့ပြောရင်း သူ၏ စွမ်းအင်များစွာကို သွေးစတေးခြင်းနည်းစနစ်တွင် အသုံးပြုလိုက်လေသည်။ သူ၏ ရှေ့ရှိ စွမ်းအင်အလင်းလုံးလေးသည် ပိုမိုသိပ်သည်းကျစ်လစ်ကာ တောက်ပလာခဲ့သည်။
“ဆရာ..” ထိုက်ဟုန်ကျွင်းသည် မည်သည်မှကို မပြောနိုင်တော့ပေ။ စကားများသည် သူ၏လည်ဝတွင် တစ်ဆို့နေသလိုဖြစ်နေသည်။
“ဆရာ့နောင်တကတော့ နင်းအာကို ဆရာ့နောက်ဆုံးအချိန်မှာ မတွေ့နိုင်တော့တာပဲ” ထျန်းရှီသည် သက်ပျင်းချလိုက်၏။
“ဆရာကျုပ် နင်းအာကို ရအောင်ပြန်ရှာမယ်”
ထိုက်ဟုန်ကျွင်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်၏။ လော့ရွှယ်နင်း သည် နတ်အင်ပါယာ ထျန်းရှီ၏ နောက်ဆုံးတပည့် ဖြစ်သည်။ ထို့အပြင် ထိုက်ဟုန်ကျွင်းနှင့် အသက်သိပ်မကွာပေ။ သူမသည် ထိုက်ဟုန်ကျွင်းကဲ့သို့ပင် ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်တစ်ရာက သူမသည် အစအနရှာမရအောင်ပင် ပျောက်ဆုံးသွားခဲ့သည်။ သူမနှင့် ပတ်သတ်သည့် စွမ်းအင်အငွေ့သတ်များ တစ်ခုတစ်လေပင် မကျန်ခဲ့ချေ။ သူမ မပျောက်ဆုံးခင်အချိန်ကတည်းက သူမသည် ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရှိနေသူဖြစ်သည်။ ထို့ကြောင့် ထျန်းယွမ်ကုန်းမြေရှိ အင်ပါယာများပင် သူမကို တိတ်တဆိတ် ဖမ်းခေါ်သွားရန်မှာ မဖြစ်နိုင်ပေ။ နတ်အင်ပါယာ ထျန်းရှီကိုယ်တိုင်ပင် ထျန်းယွမ်ကုန်းမြေတစ်ခုလုံး မြေလှန်ရှာခဲ့သော်လည်း အချည်းနှီးသာ။
“ငါယုံပါတယ်၊ မင်းရှာတွေ့မယ်လို့” ထျန်းရှီသည် ထိုသို့ပြောပြီးနောက် ခန္ဓာကိုယ်သည် ဝေဝါးလာကာပျောက်ကွယ်သွားခဲ့တယ်။
“ဆရာ..” ထိုဟုန်ကျွင်းတို့ သုံးဦးသည် ဒူးထောက်နေကာ တိုးတိုးတိတ်တိတ်ပင် ရေရွတ်လိုက်ကြသည်။ သို့သော် သူရင်၏ ရင်ထဲတွင်တော့ ကမ္ဘာပျက်နေကြသည်။
သူတို့သုံးဦးသည် ထျန်းရှီနှင့် စတင်ဆုံတွေ့ပုံများ၊ အမှတ်တရများစွာသည် သူတို့၏ စိတ်ထဲတွင် ပြန်လည်မြင်ယောင်လာကြသည်။
ထိုက်ဟုန်ကျွင်းသည် သာမန်ရွာငယ်လေးတစ်ခုမှာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူ၏ မိဘများသည်လည်း သာမန်လူများသာဖြစ်ခဲ့သည်။ အင်ပါယာ ထျန်းရှီသည် ကုန်းမြေတစ်ခွင်တွင် လှည့်လည်သွားလာချိန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထျန်းရှီသည် သာမန်မိသားစုတွင် မွေးဖွားခဲ့သည့် ထိုက်ဟုန်ကျွင်းသည် အလွန်ပါရမီရှိနေမှန်း သိခဲ့ရသည်။ ထို့ကြောင့် တပည့်အဖြစ် ထိုက်ရွှမ်ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“ဆရာ..၊ စိတ်မပျက်စေရပါဘူး တပည့်တို့ အခုထက်ပိုပြီး အဆပေါင်းများစွာ ကြိုးစားပါ့မယ်” ညီအစ်ကိုသုံးဦးသည် ငိုကျွေးခြင်းများ မပြုလုပ်ကြပေ။ သူတို့ ဆရာ၏ စတေးပေးမှုကို ထိုက်တန်အောင် အလုပ်နှင့် သက်သေပြမည်သာဖြစ်သည်။ အထူးသဖြင့် ထိုက်ဟုန်ကျွင်းပင်။
တစ်ခဏအကြာတွင် အင်ပါယာထျန်းရှီ၏ နေအိမ် အတွင်းမှ ကျင်းဝူတောက်နှင့် ရှဲ့လန်တို့သည် အပြင်ထွက်လာကြသည်။
“စီနီယာကို စောင့်ခိုင်းမိတာ၊ အားနာပါတယ်” ကျင်းဝူတောက်သည် ဟွမ်းကိုကြည့်ကာပြောလိုက်၏။ သူ၏ မျက်နှာထက်တွင်တော့ ဝမ်းနည်းမှုများနှင့် ဖုံးလွှမ်းနေသည်။ ကျင်းဝူတောက်သည် အရင်က ဟွမ်းအပေါ် စိတ်ထဲ မကြည်လင်ခဲ့သော်လည်း ယခုကိစ္စဖြစ်ပြီးသည့်နောက်တွင် ရန်ငြိုးမရှိတော့ချေ။
“ကျုပ်တို့က ပြန်တော့မှာ” ဟွမ်းသည် ခေါင်းအနည်းငယ်ခါရမ်းကာ မလိုအပ်ကြောင်း ပြောလိုက်သည်။
“စီနီယာ ထိုက်ရွှမ်ဂိုဏ်းထဲမှာ မတည်းတော့ဘူးလား” ဟွမ်းသည် ထိုက်ရွှမ်ဂိုဏ်းအတွင်း ယာယီတည်းခိုမည်ဟုထင်မှတ်ခဲ့ကြသည်။
“မတည်းတော့ပါဘူး၊ ကျုပ်တို့မှာ ကိစ္စတစ်ချို့ရှိသေးတယ်၊ ဗဟိုကုန်းမြေပြိုင်ပွဲအချိန်ရောက်ရင် ကျုပ်တို့ ဗဟိုကုန်းမြေကိုလိုက်လာခဲ့မယ်” ဟွမ်းသည် ကတိပေးပြီးနောက် ထွက်ခွာရန်ပြင်လိုက်သည်။ ထို့နောက် ကျင်းဝူတောက် ကိုယ်တိုင်ပင် ထိုက်ရွှမ်မြို့အထိ လိုက်ပို့ပေးခဲ့သည်။
“ဆရာ ဘယ်သွားကြမှာလဲ” ယွဲ့ဝူယောင်သည် မြို့အတွင်းပြန်ရောက်သည့်အခါမေးလိုက်၏။
“လင်းယွမ်နယ်မြေရဲ့ အနောက်ဘက်က ဟော်ယန်တောင်ကိုသွားကြမယ်” ဟွမ်းသည် တပည့်များအတွက် အစီစဉ်ချထားပြီး ဖြစ်သည်။
“ဆရာ ဘာနဲ့သွားကြမှာလဲ” လုရှင်းယန်သည် အတော်လေးတက်ကြွနေပြီဖြစ်သည်။ သူလေ့ကျင့်ရန် မီးနယ်မြေသို့ သွားရောက်ရတော့မည်ဖြစ်သည်။
“အရင်ဆုံး ချီယင်း အိမ်တော်ကို သွားရအောင်၊ သူတို့ဆီမှာ ပျံသန်းနိုင်တဲ့ စွမ်းအင်လှေ ရောင်းချလားဆိုတာ စုံစမ်းကြည့်မယ်” ဟွမ်းသည် မသေချာသည့်ပုံစံနှင့်ပြောလိုက်ကာ ချီယင်းအိမ်တော်သို့ရောက်ရှိလာခဲ့ကြသည်။
“စီနီယာ ကိုယ်တိုင်ရောက်လာတာပဲ၊ အထဲကို ကြွကြပါ” ချုးထန်သည် သူကိုယ်တိုင်ပင် အိမ်တော်အပေါက်ဝထိ လာကြိုခဲ့လေသည်။
“စီနီယာ ဘာလိုအပ်တာများရှိပါသလဲ၊ ကျုပ် အတက်နိုင်ဆုံးရှာဖွေပေးပါ့မယ်” ချုးထန်သည် အလွန်ပင် ရွင်မြူးနေသည်။ အကြောင်းမှာ ချုးယွီဟွာအတွက် အဆောင်ပညာရပ်တွင် ပါရမီ ရှိကြောင်းရှာတွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။
“ကျုပ် စွမ်းအင်လှေတစ်စီးလောက် ဝယ်ချင်လို့၊ ဘယ်လောက်ကျသင့်လဲ” ဟွမ်းသည် လိုရင်းသာပြောလိုက်၏။
“စီနီယာ ထိုက်ရွှမ်မြို့က ထွက်သွားတော့မလို့လား” ချုးထန်သည် သူမေးချင်ရာသာမေးလိုက်၏။ သူသည် ချုးယွီဟွာ ရှင်းပြခဲ့သည့် ကိစ္စများကို ထဲထဲဝင်ဝင် နားမလည်သော်လည်း တစ်ချိန်တွင် ဟွမ်းနောက် လိုက်ရမည်ဟု သိရှိခဲ့သည်။ ထို့ကြောင့် ယခုတွင် သူမကို လာခေါ်သည်ဟု ထင်မှတ်နေပေသည်။ ထို့နောက် ချုးထန်သည် ရှင်းပြလိုက်၏။
“အဆင့်နိမ့်လှေ တစ်စီးကို အဆင့်မြင့်သလင်းကျောက်တစ်ထောင်ပါ၊ အလယ်လတ်လှေ ဆိုရင်တော့ အဆင့်မြင့် သလင်းကျောက် တစ်သောင်းပါ၊ အဆင့်မြင့်လှေတော့ ကျုပ်ဆီမှာ မရှိသေးဘူး”
ဟွမ်း “...”
တပည့်များ “...”
မော့ရွှယ်အာ “???”
ဟွမ်းသည် သူ့တွင် ရာဂဏာန်းလောက်ရှိနေသည့် အလယ်လတ်သလင်းကျောက်များကို ဘဝကြီး ထင်မှတ်နေခဲ့၏။ ယခုမှ သူသည် ဆင်းရဲခြင်း၏ အနှစ်သာရကို ခံစားမိသွားလေသည်။
“ဟွမ်း အဆင့်မြင့် သလင်းကျောက်ကဘာလဲ” မော့ရွှယ်အာသည် သူမ၏ ချိုသာသည့် အသံလေးနှင့်မေးလိုက်၏။ သူမ၏ အသံသည် ကြားရသူတိုင်း၏ ရင်ထဲတွင် အေးချမ်းသွားစေနိုင်သည်။ ထျန်းယွမ်ကုန်းမြေတွင် အသုံးပြုသည့် ငွေရေးကြေးရေး စနစ်ကို သူမသိချေ။
“နတ်ဘုရားကုန်းမြေရဲ့ ငွေကြေးအဖြစ် သုံးတဲ့ ဝိညာဉ်ကျောက်တုံးလိုပဲ၊ ဒီနေရာမှာ သလင်းကျောက်နဲ့ အသုံးပြုတာ” ဟွမ်းသည် တိုးတိုးတိတ်တိတ်ရှင်းပြလိုက်၏။ သူကိုယ်တိုင်လည်း နားလည်ထားသည်မှာမကြာသေးချေ။
“ဒါဆို ဝိညာဉ်ကျောက်တုံးတစ်တုံးက သလင်းကျောက် ဘယ်လောက်နဲ့ ညီမျှလဲ” မော့ရွှယ်အာသည် ဆက်မေးလိုက်၏။
“မသိဘူးလေ” ထို့နောက် ဟွမ်းသည် ချုးထန်ကို မေးလိုက်၏။
“ဒီကုန်းမြေမှာ ဝိညာဉ်ကျောက်တုံး အသုံးပြုလား”
“ဘယ်လို အမျိုးစားကိုပြောတာလဲ စီနီယာ” ချုးထန်လဲ ကြောင်အသွား၏။ သူသည် ဤသို့ ကျောက်တုံးကို မကြားဖူးချေ။
“သူက စိမ်းပြာရောင်လေး၊ အဲ့ဒီကျောက်တုံးကိုကိုင်ကြည့်ရင် ဝိညာဉ်စွမ်းအင်တွေ လှည့်ပတ်နေတာကို ခံစားမိနိုင်တယ်” ဟွမ်းသည် ရှင်းပြလိုက်၏။
“နတ်ဘုရားသလင်းကျောက်ကိုပြောတာလား၊ အဲ့ကျောက်က ရှားတယ်၊ တစ်တုံးဆိုရင်တောင် အဆင့်မြင့် သလင်းကျောက် တစ်သန်းလောက်တန်တယ်၊ ဒါပေမဲ့ အဲ့ဒီကျောက်တုံးက အရမ်းပဲ ရှားတယ်၊ ကျုပ်တောင် တစ်ခါပဲ မြင်ဖူးတာ” ချုးထန်သည် အမှတ်ရသွားပုံပေါ်ပြီးနောက် ရှင်းပြလိုက်သည်။
ဟွမ်းတို့ တစ်ဖွဲ့လုံး အံ့ဩနေကြသည်။
‘ငါ့ကိုဟိုကောင်ပေးတုန်းက ယူထားလိုက်ရမှာ’
“ဒါဆို ချမ်းသာပြီပေါ့” မော့ရွှယ်အာသည် ဝမ်းသာအားရ ထပြောလိုက်၏။
‘သူမက နတ်ဆိုးမျိုးနွယ် မင်းသမီးလေးပဲ၊ ဝိညာဉ်ကျောက်တုံးမရှားလောက်ဘူး၊ ငါခဏချေးရမယ်’
ဟွမ်း၏ မျက်လုံး အရောင်လက်သွားကာ မော့ရွှယ်အာကိုမေးလိုက်၏။
“ရွှယ်အာ မင်းဆီမှာ ရှိတာလား”
“မရှိဘူးလေ” ရွှယ်အာသည် မှင်သေသေနှင့် ပြောလိုက်၏။
ဟွမ်း “...”
‘သူမကို ထိုက်ရွှမ်မြို့ အပြင်ဘက် တောင်ထိပ်ပေါ်ကနေကန်ချသင့်လား’
ဟွမ်းသည် မော့ရွှယ်အာကို ရိုက်နှက်ချင်သည့်စိတ်အား အလွန်ပင် ချုပ်တည်းထားရလေသည်။ ‘မရှိပဲနဲ့ ဘာလို့မေးနေတုန်း’
“အရင်က အများကြီးပဲလေ၊ ဒါပေမဲ့ အကိုကြီးတို့က ဒီကုန်းမြေက ဝိညာဉ်စွမ်းအင် နည်းပါးလို့ဆိုပြီး ဝိညာဉ်ကျောက်တုံးတွေကနေ ဝိညာဉ်စွမ်းအင် စုပ်ယူခိုင်းတာလေ၊ အခုကုန်သွားပြီ” မော့ရွှယ်အာသည် ဝမ်းနည်းနေသည့် မျက်ဝန်းများနှင့်ရှင်းပြလိုက်၏။
“စီနီယာကို ကျုပ် အလယ်လတ်လှေတစ်စီး လက်ဆောင်ပေးမလို့ပါ” ငွေရေးကြေးရေး အခက်ခဲ ဖြစ်နေကြသည့် ထိုတစ်သိုက်အား ချုးထန်သည် ဝင်ရောက်ပြောဆိုလိုက်၏။
“ကျုပ် အားနာရမဲ့ အဖြစ်ပျက်မျိုး မလုပ်ချင်ဘူး” ဟွမ်း၏ စိတ်သည် ရှင်းပေသည်။ သူထံတွင် မရှိလျှင်တောင် အလကားယူပြီး ကျေးဇူးကြွေး တင်မခံချင်ပေ။
“စီနီယာ ကျုပ်သမီးကို အများကြီး ကူညီပေးခဲ့တယ်လေ၊ ဒါကြောင့် ကျုပ်ကျေးဇူးဆပ်တဲ့ သဘောနဲ့ပါ၊ ပြီးတော့ ရှောင်ဟွာက စီနီယာနဲ့ လိုက်မှာဆိုတော့၊ ဒီလှေကို လက်ခံလိုက်လဲ အားနာစရာမရှိတော့ဘူးလေ” ချုးထန်သည် အသေချာရှင်းပြလိုက်၏။