← Chapters

ဟော်ယန်တောင်

Vol. 4 Ch. 58

ဟော်ယန်တောင်

Vol. 4 Ch. 58

“ခင်ဗျားသမီးက ကျုပ်နောက်ဘာလို့လိုက်မှာတုန်း”

ဟွမ်းသည် အံ့ဩဆွံ့အကာ မေးလိုက်၏။ တပည့်များသည်လည်း သူတို့ဆရာကိုကြည့်ကာ အံ့ဩနေကြသည်။

‘ငါတို့ ဆရာကတော် ရတော့မှာလား’

“ရှောင်ဟွာပြောတာတော့ စီနီယာနောက်လိုက်ပြီး ဘာလေ့ကျင့်မှု လုပ်ရမယ်ဆိုလား” ချုးထန်သည်လည်း မသေချာသည့် လေသံဖြင့်ပြောလိုက်၏။

ဟွမ်းသည် သူမ၏ စိတ်ဝိညာဉ် အားနည်းသေးခြင်းကြောင့် လေ့ကျင့်မှု လုပ်ပေးမည်ဟု ဆိုခဲ့တာကို အမှတ်ရသွား၏။ သူသည် ထိုအကြောင်းရာကိုမေ့လျော့နေခဲ့၏။

“သူမရဲ့ ဝိညာဉ်ကို အဆောင်ဖန်တီးခြင်းစာအုပ် နဲ့ပေါင်းစပ်ပေးဖို့လိုအပ်သေးတာပဲ၊ အတော်ပဲ ကျုပ်တပည့်တစ်ဦးကလဲ စိတ်ဝိညာဉ်လေ့ကျင့်ဖို့သွားရမှာ၊ သူမကိုပါ တစ်ခါတည်းခေါ်သွားတာပေါ့”

“ကျုပ် ရှောင်ဟွာကို သွားခေါ်လိုက်ပါဦးမယ်” ချုးထန်သည် သူ၏ သမီးဖြစ်သူကို သွားခေါ်ရန်ထွက်သွားခဲ့သည်။ ချုးယွီဟွာသည် ချန်ယဲ့ဟိုင်၏ တပည့် ဖြစ်သွားပြီးနောက်ပိုင်း ချီယင်းအိမ်တော်သို့ ပြန်ရောက်ကတည်းက အဆောင်ရေးဆွဲခြင်း အပေါ်တွင် နစ်မြုပ်နေခဲ့သည်။ သူမသည် အလုပ်လည်းမလုပ်တော့ပေ။ ကစားစရာအသစ်ရသွားသည့် ကလေးငယ်အလားပင် စိတ်ဝင်တစားလေ့လာနေခဲ့သည်။

“ဆရာ သူမက ဘယ်သူလဲ” ပိုင်ကျန့်ယွီသည် စပ်စုလိုက်၏။

ဟွမ်းသည် ချုးယွီဟွာနှင့် စတွေ့ပုံအား သူတပည့်များကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ သူသည် ချုးယွီဟွာထံမှ လုပ်အားခ အနေဖြင့် အလယ်လတ် သလင်းကျောက် ငါးရာအပြင်၊ သူမ၏ အသက်ကယ်တင်ခ ငါးရာပါထပ်ရခဲ့သေးသည်။ ချုးယွီဟွာသည် သလင်းကျောက်များစွာပေးချင်ခဲ့သော်လည်း ဟွမ်း၏ ခေါင်းမာမှုကြောင့် အားတုံ့အားနာနှင့်သာ သူတောင်းသလောက်ပေးခဲ့လေသည်။

ဟွမ်းသည် အဆောင်စာရွက်ဝယ်ပြီး အလယ်လတ်သလင်းကျောက် နှစ်ရာဝန်းကျင်ခန့် မီးရှို့ပစ်ခဲ့လေသည်။ ထို့ကြောင့်လက်ထဲတွင် ရှိသည့် အလယ်လတ်သလင်းကျောက်ရှစ်ရာဝန်းကျင်နှင့် စွမ်းအင်လှေ တစ်စီးကို ဝယ်ရန် မည်သူက ယုံကြည်ချက်ပေးခဲ့သည်ကိုတော့ မသိချေ။

“စီနီယာအစ်ကို” ချုးယွီဟွာသည် ဟွမ်း၏ ရှေ့သို့ရောက်လာခဲ့သည်။

သူမသည် ဝတ်ဆင်နေကြဖြစ်သည် အစိမ်းနုရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံသည် သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်နှင့် လိုက်ဖက်လွန်းလှသည်။ ဝတ်စုံ၏ အစိမ်းနုရောင်သည် သူမ၏ ဖြူစင်နေသည့် အသားအရေနှင့် ပေါင်းစပ်လိုက်သည့်အခါ ဆောင်းဦးရာသီ ကန်ရေပြင်ပေါ်က ပန်းတစ်ပွင့်လို သန့်ရှင်းကြည်လင်သည့် အလှကို ပေါ်လွင်နေစေသည်။ ဝတ်စုံ၏ ခါးစည်းကြိုးတွင် သိမ်မွေ့စွာ ချည်နှောင်ထားသည့် ပိုးကြိုးစတစ်ခုတွင် ‘ချီယင်းအိမ်တော်’ ဟုရေးထိုးထားသည့် ကျောက်စိမ်းပြားလေးတစ်ခု တွဲခိုလျက်ရှိသည်။

သူမ၏ မျက်နှာလေးသည် နူးညံ့သိမ်မွေ့ပြီး၊ မျက်ဝန်းများက ကြည်လင်တောက်ပကာ ရေပြင်ပေါ်တွင် ဖြာကျနေသည့် လရောင်လိုမျိုး အေးချမ်း နေသည်။

ထိုအပြင် ချုးယွီဟွာ နှုတ်ခမ်းပါးလေးများက ပန်းနုရောင်သန်းနေပြီး၊ တည်ငြိမ်သောအသွင်ကို ဆောင်ထားသော်လည်း လေပြည်လေညင်းကြားမှ ဝဲပျံလာသည့် ပန်းပွင့်လေးများကဲ့သို့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိနေသည်။

ဆံပင်နက်မှောင်ရှည်လျားများသည် သပ်ရပ်စွာ စုစည်းထားသဖြင့် သူမ၏ လည်တိုင်သွယ်သွယ်ကို ပိုမိုပေါ်လွင်စေသည်။

ချူယွီဟွာသည် ခမ်းနားတောက်ပစွာ ဝတ်ဆင်ထားခြင်းမရှိသော်လည်း သူမ၏ ရိုးရှင်းသည့် အစိမ်းနုရောင်ဝတ်စုံသည် သူမ၏ သန့်စင်သည့် အလှ၊ ဂုဏ်သိက္ခာနှင့် အေးချမ်းတည်ငြိမ်သည့် စရိုက်လက္ခဏာတို့ကို အပြည့်အဝ ဖော်ပြနေသည်။ သူမ၏ပုံစံသည် သဘာဝ၏ အလှတရားများနှင့် ထပ်တူကျပြီး၊ မည်သူအတွက်မဆို စိတ်နှလုံးကြည်နူးဖွယ်ရာ ကောင်းလွန်းလှအောင် တင့်တယ်လှပနေသည်။

ဟွမ်းသည် သူမကို မည်သည့် တပ်မက်ခြင်း အငွေ့သက်မျှ မပါဝင်ပဲ ရိုးရှင်းသည့် အကြည့်ဖြင့်ကြည့်လိုက်၏။

“စီနီယာအစ်ကို ထိုက်ရွှမ်မြို့ကနေ ထွက်သွားတော့မှာလား”

သူမသည် ဟွမ်း၏ အရှေ့တည့်တည့်တွင် ထိုင်ကာ မေးလိုက်၏။

“ဟုတ်တယ် ဟော်ယန်တောင်ကိုသွားမလို့” ဟွမ်းသည် ရိုးရှင်းစွာဖြေလိုက်၏။

“စီနီယာအစ်ကို ကျွန်မမှာ စွမ်းအင်လှေတစ်စင်းရှိတယ်လေ၊ အဲ့ဒါကို သုံးပြီးသွားလို့ရတယ်” သူမကဲ့သို့ ချမ်းသာသည့် လူမျိုးထံတွင် စွမ်းအင်လှေ ရှိသည်မှာ မထူးဆန်းပေ။ သို့သော် အရမ်းမကြီးမားသည့်အတွက် ကုန်ပစ္စည်းများတင်ရန် မစွမ်းသာပေ။

“ကောင်းပြီ၊ မင်းဖခင်နဲ့ အချိန်ပေးနှုတ်ဆက်လိုက်ဦး၊ မင်း အဆင့်သင့် ဖြစ်တဲ့အချိန်ကြရင် သွားမယ်” ဟွမ်းသည် ချုးယွီဟွာရော လိုက်လာမည်ဖြစ်သောကြောင့် စွမ်းအင်လှေနှင့်ပတ်သတ်ပြီး မငြင်းဆန်တော့ပေ။

“ရတယ် အဖေနဲ့က အရင်အပတ်ကတည်းက နှုတ်ဆက်ပြီးသား” ချုးယွီဟွာသည် အသင့်ဖြစ်နေပြီ ဟူသည် သဘောနှင့်ပြောလိုက်၏။

ချုးထန် “...”

“ကောင်းပြီလေ သွားကြမယ်” ဟွမ်းသည် ထိုသို့ပြောကာ ချုးထန်ကို နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။

“အဖေ ဂရုစိုက်ပါ” ချုးယွီဟွာသည် ချုးထန်ကို နှုတ်ဆက်ပြီးနောက် ဟွမ်း၏ အနောက်သို့ လိုက်သွားခဲ့သည်။ ချုးထန်သည်လည်း ဂရုစိုက်ရန်မှာကြားပြီးနောက် သူတို့ထွက်သွားတာကို ကြည့်နေခဲ့သည်။

ထိုက်ရွှမ်မြို့၏ အပြင်ဘက်သို့ရောက်သည့်အခါ ချုးယွီဟွာသည် သူမ၏ စွမ်းအင်လှေကို ထုတ်လိုက်၏။

“ဒီစွမ်းအင်လှေကို ပန်းဝိညာဉ်လို့ အမည်ပေးထားတယ်”

ပန်းဝိညာဉ်လှေသည် ထိုက်ဟုန်ကျွင်း၏ စွမ်းအင်လှေလောက်ပင်မကြီးချေ။ လူဆယ်ယောက်ခန့်သာ ဆန့်လေသည်။

ပန်းဝိညာဉ်လှေ၏ အောက်ခြေသည် ပြားပြီး အပေါ်ဖက်သို့ အနည်းငယ်ခုံးတက်နေသည့် ရိုးရာလှေပုံစံနှင့် ဆင်တူသည်။ သို့သော်လည်း ပန်းဝိညာဉ်လှေသည် ပိုမိုပြေပြစ်ပြီး လေခွင်းအားကောင်းမွန်အောင် လှေ၏ ထိပ်ပိုင်းနှင့် နောက်ပိုင်းတို့သည် အနည်းငယ်ချွန်ပြီး လေထုကို ထိုးခွဲဝင်ရောက်နိုင်ရန် ပုံဖော်ထားသည်။ ထိုပုံစံသည် ပေါ့ပါးသွက်လက်စေပြီး ခရီးသွားရာတွင်လဲ မြန်ဆန်စေနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ထို့နောက် ဟွမ်းတို့သည် ထိုလှေပေါ်သို့တက်ကာ လုရှင်းယန်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ပန်းဝိညာဉ်လှေအတွင်း ထည့်သွင်းလိုက်သည်။ ထို့နောက် သူသည် ပန်းဝိညာဉ်လှေကို ထိန်းချုပ်မောင်းနှင်သွားတော့သည်။

ဟော်ဟန်တောင်သည် ထိုက်ရွှမ်မြို့နှင့် လွန်စွာပင် ဝေးကွာလှသည်။ စွမ်းအင်လှေဖြင့်သွားလျှင်တောင် နေ့ဝက်ခန့် သွားရသည့်ခရီးဖြစ်သည်။

ဟော်ယန်တောင် သည် မီးစွမ်းအင်များနှင့် အပူလှိုင်းများ ပြင်းထန်ရုံသာမက၊ ၎င်း၏ ပုံပန်းသဏ္ဌာန်ကပင် ၎င်း၏ ထူးခြားသော သဘာဝကို ထင်ဟပ်စေသည်။ မြင်ရသူတိုင်းအတွက် ကြောက်ရွံ့ခြင်းနှင့် အံ့အားသင့်ခြင်းကို တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်သော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ ထို့အပြင် အခြားတောင်တန်းများနှင့် မတူပဲ မည်သည့် သစ်ပင်ပန်းမန်များ လည်းမရှိချေ။ တောင်တစ်ခုလုံးတွင် လောင်ကျွမ်းမတက်အပူလှိုင်းများသာ ရှိပြီး ပြာမှုန်းများဖြင့် ဖုံးလွှမ်းနေသော နီးဆွေးဆွေး အရောင်တောင်တန်းကြီးသာဖြစ်သည်။

လုရှင်းယန်တို့သည် စွမ်းအင်လှေဖြင့် တောင်၏ ထိပ်ဖျားဆုံးထိ တက်ရန် ရည်ရွယ်လိုက်သည်။ ထိုတောင်၏ ကျောက်စိုင်ကျောက်သားများသည် အနက်ရောင်၊ မီးခိုးရောင်နှင့် နီညိုညိုအရောင် များသာသန်းနေသည်။ အချို့နေရာများတွင် ထိုကျောက်သားများ ‘တအုန်းအုန်း’ နှင့် ကွဲအက်သွားအောင်ပင် မီးများလောက်ကျွမ်းနေသည်။

“အရမ်းပူလွန်းတယ်” လျှိုမင်ယွမ်သည် ငြီးငြူလိုက်သည်။

“ဒါကြီးက မီးတောင်ကြီးပဲ၊ တိုက်ခက်တဲ့လေတွေကလဲ အပူလိုင်းတွေပါတဲ့ လေပူတွေ” ပိုင်ကျန့်ယွီသည်လည်း အံ့ဩစွာပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်တွင်ချွေးများရွဲနစ်နေသည်။

ထိုတောင်၏ ထိပ်ပိုင်းတွင် မီးချော်ရည်များကို မြင်ရနိုင်သည့် ပေတစ်ရာနီးပါးကျယ်ဝန်းသည့် အပေါက်ကြီး တစ်ခုရှိပေသည်။ ဟော်ယန်တောင်ကို မီးချောရည်ကန် ဟုခေါ်ရန်ပင် ပိုမိုသင့်လျှော်ပေသည်။

သူတို့သည် ထိုတောင်၏ ထိပ်ဝသို့ရောက်ရှိလာကြသည်။ မီးစွမ်းအင် ကျင့်ကြံသည့် လုရှင်းယန်ပင် တည်ငြိမ်အောင် မထိန်းထားနိုင်ပေ။ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်သည် မီးစွမ်းအင်ကျင့်ကြံသူမဟုတ်ခြင်းကြောင့် ပိုဆိုးပေသည်။ သူတို့၏ ခန္ဓာကိုယ်တွင် ကြမ်းတမ်းပြင်းပြသည့် အပူငွေ့များ ရိုက်ခက်နေသည်။ အအေးဓာတ်များ ဝန်းရံနေသည့် ယွဲ့ဝူယောင်၏ မျက်နှာထက်တွင်ချွေးပေါက်ငယ်များ တွဲခိုနေသည်။ ချုးယွီဟွာ သည် သူမထက်ပင် အခြေနေဆိုးနေသည်။ သူမ၏ ကျင့်ကြံမှု နိမ့်ကြခြင်းကြောင့်လဲ ဖြစ်သည်။ မော့ရွှယ်အာသည် သူတို့လောက်မပြင်းထန်ပေ သို့သော် ထိုစွမ်းအင်များသည် သူမ၏စိတ်ကို အနည်းငယ် မသက်မသာဖြစ်စေသည့်ခံစားချက်များပေးစွမ်းနေသည်။ ဟွမ်းသည် လုရှင်းယန်မှ အပ ကျန်လူများကို သူ၏ စွမ်းအင်နှင့် အကာကွယ်ပေးထားလိုက်သည်။

သူတို့သည် ဟော်ယန်တောင်ထိပ်ဝမှ အောက်ငုံကြည့်လိုက်သည့်အခါ နက်ရှိုင်းပြီး ပူပြင်းလှသော

ချောက်ကမ်းပါးကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုချောက်ကမ်းပါး၏ အောက်ခြေမှ အနီရောင် အလင်းတန်းများနှင့် အပူငွေ့များ အဆက်မပြတ် ထွက်ပေါ်နေပြီး လောင်ကျွမ်းနေ သော မီးချော်ရည်များ စီးဆင်းနေသည်ကို မြင်တွေ့လိုက်ကြရသည်။

“အရမ်းမိုက်တာပဲ” လျှိုမင်ယန်သည် အပူဒဏ် မခံစားရတော့သောကြောင့် ပတ်ဝန်းကျင်ကို စူးစမ်းနိုင်ပြီဖြစ်သည်။

“မီးချော်ရည်တွေက ဒီလောက်လှမယ်လို့ မထင်ထားဖူးဘူး” ပိုင်ကျန့်ယွီလည်း လျှိုမင်ယွမ်၏စကားကို ထောက်ခံလိုက်သည်။

သို့သော် ဟွမ်း၏ စွမ်းအင် အကာကွယ်နှင့် ကာကွယ်ထားခြင်းမခံရသည့် လုရှင်းယန်၏ မျက်နှာသည် ရှုံတွနေသည်။ သူသည် ပတ်ဝန်းကျင်၏ ရှုခင်းများကို စိတ်မဝင်စားရန်အချိန်မရှိပေ။ ဟောယန်တောင်၏ မီးစွမ်းအင်ကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ယူနေရသည်။

ထို့အပြင် ဟော်ယန်တောင်၏ မီးစွမ်းအင်များသည် သူ၏ ငရဲကိုးဘုံမီးတောက်ထက်ပင် အရိုင်းဆန်ပြီးကြမ်းတမ်း လှသည်။

All Chapters