နတ်အင်ပါယာအဆင့်
Vol. 4 Ch. 59
လုရှင်းယန်သည် ချက်ချင်းပင် တင်ပလ္လင်ချိတ်ထိုင်ချလိုက်ကာ ထိုမီးစွမ်းအင်များကို စုပ်ယူရန်ကြိုးစားလိုက်၏။ ထို့နောက် သူ၏ဝိညာဉ်ပင်လယ်တွင်းမှ ကောင်းကင်ကျားချီဟူသည် ပေါ်ထွက်လာပြီး နောက် ထိုမီးစွမ်းအင်များကို စုပ်ယူလေသည်။
လုရှင်းယန်သည် မီးစွမ်းအင်ကျင့်ကြံသူဖြစ်သည့်တိုင် ဟော်ယန်တောင်၏ မီးစွမ်းအင်များကို လွယ်ကူစွာ မစုပ်ယူနိုင်ပေ။ ထိုရိုင်းစိုင်းကြမ်းတမ်းလှသည့် မီးစွမ်းအင်များသည် လုရှင်းယန်၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်မည့်အလားပင်။ လုရှင်းယန်သည် စိတ်ပိုင်းဖြတ်ထားသည် မျက်နှာအမူယာနှင့် အံကို တင်းတင်းကြိတ်ကာ ထိုမီးစွမ်းအင်များကို သန့်စင်နေသည်။
“မင်းတို့လဲ စိတ်ဝိညာဉ် သန်မာအောင်လေ့ကျင့်လို့ရတယ်” ထိုသို့ပြောပြီးနောက် ဟွမ်းသည် သူ၏ စွမ်းအင် အကာကွယ်ကို ရုတ်သိမ်းလိုက်သည်။
မော့ရွှယ်အာ အတွက် ထိုမီးစွမ်းအင်များသည် များစွာ မသက်ရောက်သော်လည်း ကျန်လေးယောက်မှာမူ မတူညီချေ။ ချုးယွီဟွာ သည် အားလုံးထဲတွင် အားအနည်းဆုံးဖြစ်ချင်းကြောင့် ထိုမီးစွမ်းအင်များကို ကြာရှည်စွာ မခုခံနိုင်ချေ။
ယွဲ့ဝူယောင်သည် သူမတွင် ဝိညာဉ်စွမ်းအင်များ များစွာ ရှိနေသောကြောင့် သူမ၏ ခန္ဓာကိုယ်တွင် အအေးစွမ်းအင်များနှင့်ကာကွယ်ထားနိုင်သည်။
“လစွမ်းအင်ကိုမသုံးနဲ့ ဝိညာဉ်စွမ်းအင် သက်သက်နဲ့ပဲခုခံ” ဟွမ်းသည် ယွဲ့ဝူယောင်၏ ခန္ဓာကိုယ်ပတ်လည်တွင် ခရမ်းရောင်ရေခဲအလွှာများ ပေါ်လာသည့်အချိန်တွင်ပြောလိုက်၏။ ဤအရာသည် စိတ်ဝိညာဉ်ကို သန်မာအောင်လေ့ကျင့်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင် သက်သက်နှင့်သာ ခုခံခိုင်းခြင်းဖြစ်သည်။ ယွဲ့ဝူယောင်သည် နားလည်သွားသည့်အလား သူမ၏ အအေးစွမ်းအင်များကို ရုတ်သိမ်းလိုက်သည်။
“ကျန့်ယွီ မင်ယွမ် ဒီမီးစွမ်းအင်က မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ မသင့်လျော်ပေမဲ့ စိတ်ဝိညာဉ်ကို အားကောင်းအောင်လုပ်ပေးနိုင်တယ်”
ပိုင်ကျန့်ယွီ နှင့် လျှိုမင်ယွမ်တို့သည်လည်း အံ့ကြိတ်ခုခံနေကြသည်။ ပိုင်ကျန့်ယွီသည် ချွေးများစွာ ရွဲနစ်နေပြီး၊ စိတ်ဝိညာဉ်ကျင့်ကြံသည် လျှိုမင်ယွမ်သည် ကြာကြာ မခုခံနိုင်ချေ။
ဟွမ်းသည် သူတို့ ပင်ပန်းလာသည့်အခါ စွမ်းအင်အကာကွယ်နှင့် ကာကွယ်ပေးလိုက်သည်။ ထို့နောက် လုံလောက်အောင် အနားယူပြီးချိန်တွင် အကာကွယ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ဤနည်းဖြင့် လေ့ကျင့်ရင်း တစ်လခန့်ပင်ကြာသွားခဲ့လေသည်။
ထိုတစ်လအတွင်းတွင် ယွဲ့ဝူယောင်တို့သည် လေ့ကျင့်မှုပြုလုပ်လိုက်၊ အားကုန်သွားလျှင် ပြန်အနားယူလိုက်နှင့် တစ်ဖြေးဖြေးတိုးတက်လာခဲ့သည်။ အစပိုင်းတွင် ထိုမီးစွမ်းအင်ဒဏ်ကို ငါးမိနစ်ပင် ပြည့်အောင် မခုခံနိုင်သော်လည်း ယခုတွင် တစ်ရက်လောက် အကာကွယ်မရှိပဲ နေနိုင်ပြီဖြစ်သည်။ သို့သော် လုရှင်းယန်ကဲ့သို့ လွပ်လွက်လပ်လပ် မလှုပ်ရှားနိုင်သေးပေ။
လုရှင်းယန်သည် ဤတစ်လအတွင်းတွင် ထိုမီးစွမ်းအင်ကို ရင်းနှီးမှုရအောင် စုပ်ယူလိုက်ပြီး ခန္ဓာကိုယ်အတွင်း ပြန်လည်သန့်စင်ကာ ရင်းနီးမှုရအောင် ကြိုးစားခဲ့၏။ ယခုတွင် ထိုမီးစွမ်းအင်များသည် ခန္ဓာကိုယ်အတွင်း လွပ်လွပ်လပ်လပ်ပင် စီးဆင်းနေတော့သည်။ သူ၏ ငရဲကိုးဘုံမီးတောက်သည်လည်း ယခင်ကထက်ပင် ပိုမိုအားကောင်းလာခဲ့တော့သည်။
“တပည့် အဆင့်တက်တော့မယ်လို့ ခံစားမိပြီ” လုရှင်းယန်သည် ဟွမ်းအနားသို့ရောက်လာကာပြောလိုက်၏။ သူသည် မီးစွမ်းအင်များ များစွာ စုပ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကောင်းကင်ကျား ချီဟူသည် သူနှင့် ပဋိညာဉ်ပြုထားသောကြောင့် ချီဟူ စုပ်ယူသည် စွမ်းအင်များသည်လည်း သူခန္ဓာကိုယ်တွင်းသို့ စီးဆင်းစေသည်။ ထို့အတူ သူစုပ်ယူထားသည့်စွမ်းအင်များသည်လည်း ချီဟူ ထံစီးဆင်းနေသည်။ ထို့ကြောင့် သူတို့နှစ်ဦးပေါင်းကျင့်ကြံခြင်းသည် သာမန်ထက် လေးဆပို၍ မြန်ဆန်နေသည်။
“ကောင်းပြီ၊ ဒီတောင်ရဲ့ မီးစွမ်းအင်ကို ခံနိုင်ရည်ရှိပြီပေါ့” ဟွမ်းသည် ခေါင်းညိတ်ပြကာမေးလိုက်၏။
“ဟုတ်တယ်ဆရာ၊ အေးဆေးဖြစ်သွားပြီ” လုရှင်းယန်သည် ရွှင်မြူးနေကာပြောလိုက်၏။
“ဒါဆို မီးချော်ရည်ထဲဆင်းသွားတော့” ဟွမ်းသည် အသာယာပြောလိုက်၏။
“တပည့်က စွမ်းအင်ကိုပဲ အေးအေးဆေးဆေး စုပ်ယူနိုင်သေးတာလေ၊ ဒီအောက်ထဲ ဆင်းဖို့ မဖြစ်နိုင်သေးဘူး” လုရှင်းယန်သည် ချော်ရည်ကန်ကြီးကို လက်ညိုး ထိုးပြကာ ‘သူသေသွားနိုင်သည်’ ဟူသည် အမူယာလုပ်ပြကာပြောလိုက်၏။ သို့သော် ရုတ်တရက် သူ၏ ခန္ဓာကိုယ် နိမ့်ဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် သူ၏တင်ပါးကိုလည်း တစ်စုံတစ်ခုလာ လာရောက်ထိကိုင်သွားသည်ဟုခံစားလိုက်ရသည်။
“အား..”
“တပည့်ကို သတ်နေတာလား ဆရာ” လုရှင်းယန်၏ အာခေါင်ခြစ်အော်သည့် အသံနက်ကြီး ထွက်ပေါ်လာသည်။ အမှန်ပင် ဟွမ်းသည် လုရှင်းယန်ကို ချော်ရည်ကန်ထဲကို ကန်ချလိုက်ခြင်းဖြစ်သည်။
“ငါက ဒုတိယအစ်ကို ဖြစ်လာတော့မှာလား” ပိုင်ကျန့်ယွီသည် တီးတိုးရေရွတ်လိုက်၏။
လျှိုမင်ယွမ် “...”
‘တစ်နေ့နေမှာ တတိယအစ်ကိုရဲ့ ပါးစပ်ကြောင့် အရိုက်နှက်ခံရလိမ့်မယ်လို့ မတွေးဖူးဘူးလား’
“လျှောက်အော်မနေနဲ့၊ ချော်ရည်အောက်ထဲထိ ရောက်အောင်ဆင်းသွား၊ မင်းအတွက် ပစ္စည်းကောင်းတစ်ခုခုရှိလိမ့်မယ်” ဟွမ်းသည် အသာအယာပြောလိုက်၏။ တပည့်ကို ချော်ရည်ကန်ထဲ ကန်ချသည့်အပေါ် အပြစ်ရှိသည်ဟု မခံစားရသည့်အလားပင်။ သူသည် ဟော်ယန်တောင်၏ အောက်တွင် တစ်စုံတစ်ခုရှိနေသည်ဟု ခံစားမိသောကြောင့်ပင်။
အသံကုန်ဟစ်အော်နေသည့် လုရှင်းယန်သည် ဟွမ်း၏ စကားကိုကြားပြီးနောက် သူ၏စိတ်သည် ပြန်လည်တည်ငြိမ်လာပြီး ထိုမီးစွမ်းအင်များကို ခံစားလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ဟစ်အော်လိုက်ပြန်သည်။
“ဆရာ.၊ ကျုပ်မပျံနိုင်သေးဘူးလေ”
ဟွမ်း “...”
ဟော်ယန်တောင်၏ အတွင်းပိုင်းသည် ထိုချောက်ကမ်းပါးကဲ့သို့ ဖြစ်နေပြီး အောက်ခြေသည်လည်း လွန်စွာပင် နက်လွန်းလှသည်။ ထိုပေ နှစ်ထောင်ခန့်ရှိသည် ချောက် အတွင်းသို့ လုရှင်းယန်သည် ကို့ယို့ကားရား ပုံစံမျိုးစုံဖြင့် ကျဆင်းသွားသည်။
“ပလုံ..”
လုရှင်းယန်၏ ခန္ဓာကိုယ်သည် မီးချော်ရည်အတွင်း ကျသွားခဲ့သည်။ သို့သော် ထို့ကဲ့သို ပူပြင်းလှသည် ချော်ရည်အတွင်းတွင် သူသည် အော်ဟစ်ခြင်းမရှိပေ။ သူ၏ ခံနိုင်ရည်သည် မြင့်မားခြင်းကြောင့်မဟုတ်ပေ။ ဟစ်အော်ခြင်း မပြုနိုင်သောကြောင့်သာ။ ချော်ရည်များသည် ခန္ဓာကိုယ်ကို တိုက်စားနေသည့်အလားပင်။ သူ၏ ပါးစပ်ဟခြင်းပင် မပြုလုပ်နိုင်ချေ။
သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ငရဲကိုးဘုံမီးတောက်ကို ထုတ်လွှတ်လိုက်သည်။ သို့သော်ချော်ရည်များသည် ငရဲကိုးဘုံမီးတောက်ကို ဝါးမြို ပစ်ချင်နေသည့်အလားပင်။
ထို့နောက် လုရှင်းယန်သည် ဇွတ်အတင်းပင် ရုန်းကန်လာပြီးနောက် ချောရည်ကန်ထဲမှ လွတ်မြောက်လာခဲ့သည်။ သူ၏ မီးဒဏ်ခံနိုင်သည့် အဝတ်စားများပင် လောင်ကျွမ်းသွားပြီဖြစ်သည်။
“ဒီလောက်ပူပြင်းနေတာ၊ ငါဘယ်လို ချော်ရည်အောက်ထဲထိဆင်းရမလဲ”
လုရှင်းယန်သည် အကျပ်ရိုက်သွားခဲ့သည်။ ထိုချော်ရည်များသည် ပေခြောက်ဆယ်ဝန်းကျင်ခန့်နက်သည်။ သူသည် ဆယ်ပေခန့်ပင် ပြည့်အောင် မသွားနိုင်သည့် အပြင် ကြာကြာ မနေနိုင်သေးချေ။
နောက်ထပ်နှစ်လကြာပြီးနောက် ထိုက်ရွှမ်ဂိုဏ်းတွင် ထိုက်ဟုန်ကျွင်းသည် နတ်အင်ပါယာထျန်းရှီ၏ စွမ်းအင်များကို စုပ်ယူနေခြင်းဖြစ်သည်။
သူသည် နတ်အင်ပါယာထျန်းရှီ၏ စွမ်းအင်များကို သုံးလကြာစုပ်ယူပြီးနောက် နတ်အင်ပါယာအဆင့် တက်လှမ်းတော့မည်ဖြစ်သည်။
သူသည် တစ်ရက်မျှပင်အနားယူခြင်းမပြုခဲ့ခြေ။ သုံးလဆက်တိုက် စုပ်ယူခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်စွမ်းအင်များနှင့် ပြည့်နက်လာခဲ့သည်။ ထိုနတ်စွမ်းအင်များသည် အလွန်ပင် သိပ်သည်းလာပြီး သူ၏ကိုယ်တွင်းသို့ဝင်ရောက်စီးဆင်းနေသည်။ ထို့နောက် ကောင်းကင်ရှိ တိမ်များသည်လဲ တဖြေးဖြေး အနက်ရောင်သို့ ပြောင်းလဲလာခဲ့သည်။ နတ်အင်ပါယာအဆင့်သို့ရောက်လျှင် ရင်ဆိုင်ရသည့် မိုးကြိုးကပ်ဘေး ဖြစ်လေသည်။
ထို့နောက်ကောင်းကင်သည် “တဂျိမ်းဂျိမ်း” နှင့် မည်သံများပေါ်ထွက်နေသည်။ ထိုဟုန်ကျွင်းသည် တင်ပလ္လင်ခွေထိုင်လျက်ပင် သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
“ရှောင်ကျွင်း နတ်အင်ပါယာ အဆင့်ရောက်တော့မယ်” ကျင်းဝူတောက်သည် တောက်ပသည့် မျက်ဝန်းများနှင့် ကောင်းကင်ထက်သို့ ငေးကြည့်နေသည်။ ရှဲ့လန်သည်လည်း အလားတူပင်။
“ဂျိမ်း..”
ကောင်းကင်ထဲရှိ တိမ်ဆိုင်များကြားထဲမှ မြန်ဆန်လှသည့် အလင်းတန်းတစ်ခုသည် ထိုက်ဟုန်ကျွင်း၏ ခန္ဓာကိုယ်ကို ဦးတည်ဝင်ရောက်သွားသည်။ ထိုမြန်ဆန်လွန်းသည့် အရှိန်ကြောင့် ထိုက်ဟုန်ကျွင်းပင် တုန့်ပြန်ရန် အချိန်မရလိုက်ချေ။ သူ၏ နတ်စွမ်းအင်များနှင့် ကာကွယ်ထားသည့် အကာကွယ်အလွှာပင် ပြိုကွဲသွားသည်။
ထိုက်ဟုန်ကျွင်းသည် သွေးတစ်လုပ်အန်လိုက်ရသည်။ သူ၏ ကိုယ်တွင်းသွေးများသည် ပြောင်းပြန်စီးဆင်းကုန်သည့်အလားပင်။
သို့သော်လည်း ထိုက်ဟုန်ကျွင်းကို မိုးကြိုးကပ်ဘေးသည် ပြင်ဆင်ခွင့်မပေးချေ။ ဒုတိယအကြိမ် ထပ်မံပစ်ချလိုက်၏။ ထိုမိုးကြိုးသည် ပထမအကြိမ်ထက် နှစ်ဆပင်ပြင်းထန်၏။ ထိုက်ဟုန်ကျွင်းသည် ဤ တစ်ကြိမ်တွင်လည်း စွမ်းအင်အကာကွယ်ကို နှစ်ဆ တိုး၍ ကာကွယ်လိုက်သည်။
“ဂျိမ်း”
“ဝုန်း..” ထိုအကာကွယ်လည်းချက်ချင်းပင် ပြိုကွဲကာ ထိုက်ဟုန်ကျွင်းသည် ထပ်မံသွေးအန်ရပြန်သည်။ မိုးကြိုးကပ်ဘေးဖြတ်သန်းရာတွင် ပြန်လည်တိုက်ခိုက်မှု မလုပ်ရပေ။ ထိုသို့ သုံးကြိမ်တိုင် အောင်မြင်ပြီးမှသာ နတ်အင်ပါယာအဆင့်ကို ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် အောင်မြင်သွားပါက ခန္ဓာကိုယ်၏ သန်မာမှုသည်လည်း အလွန်ပင်မြင့်မားလာပေမည်။ ထိုမိုးကြိုးကပ်ဘေးတွင် ရှုံးနိမ့်သွားပါက စိတ်ဝိညာဉ်ပါ ပျယ်လွင့်သွားနိုင်သည်။ ထို့အပြင် ထိုမိုးကြိုးကပ်ဘေးကို ပြန်လည်တိုက်ခိုက်ခြင်းပြုပါက သေဆုံးသည်အထိ မိုးကြိုးများ၏ ဖျတ်းစီးခြင်းကို ခံရမည်ဖြစ်သည်။