အဖြေရှာမရသည့်ဇာတ်လမ်း
Vol. 4 Ch. 53
“တတိယညီလေး ငါပုံစံ ဘယ်လိုနေလဲ” လုရှင်းယန် ပိုင်ကျန့်ယွီကို မေးလိုက်၏။
“ကြည့်ကောင်းတယ် ဒုတိယအစ်ကို၊ ခါတိုင်းလဲ ဒီဝတ်စုံပဲဝတ်တာကို” ပိုင်ကျန့်ယွီသည် လုရှင်းယန်ကို သေချာလည့်ပတ်ကြည့်ကာ ပြောလိုက်၏။
‘တတိယအစ်ကိုက စိတ်ပိုင်းဆိုင်ရာအခြေနေဆိုးနေတာပဲ’ လျှိုမင်ယွမ်သည် ထို့သို့တွေးကာ ခေါင်းယမ်းမိလိုက်၏။
လုရှင်းယန်သည် ပိုင်ကျန့်ယွီကို ဂရုမစိုက်တော့ချေ။ ထို့နောက် အိမ်တော်ထဲတွင် မုန့်ချန်အာကို လည့်ပတ်ရှာလိုက်သည်။ မုန့်ချန်အာသည် ဥယျာဉ်ထဲတွင် ပန်းပင်များ ရေလောင်းနေခဲ့သည်။
“အစ်မချန်အာ” လုရှင်းယန်သည် မုန့်ချန်အာ နားရောက်လာကာခေါ်လိုက်၏။
“ဟုတ်ကဲ့ သခင်လေး ဘာခိုင်းမလို့လဲ” မုန့်ချန်အာသည် ရေကရားကို အသာချကာ ဖြေလိုက်၏။
“အစ်မချန်အာ ထိုက်ရွှမ်မြို့ထဲ အနှံ့မသွားဖူးသေးဘူးမလား၊ ကျုပ် လိုက်ပို့မလို့” လုရှင်းယန်သည် သူ၏ စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ကာပြောလိုက်၏။
“ရှင်” မုန့်ချန်အာသည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။ သို့သော် လုရှင်းယန်သည် ချက်ချင်းပင် သူမ၏ လက်ကို ဆွဲကာ ထိုက်ရွှမ်မြို့ အတွင်းဦးတည်လိုက်၏။
“အချစ်ငှက်ကလေးတွေပဲ” ထိုမြင်ကွင်းကို ကြည့်ရင်း ပိုင်ကျန့်ယွီသည် သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“အားကျနေတာလား တတိယအစ်ကို၊ ဒါဆို တတိယအစ်ကိုလဲ တစ်ယောက်လောက်ရှာလိုက်လေ” လျှိုမင်ယွမ်သည် ပြန်ပြောလိုက်၏။
“ဒါနဲ့ အငယ်ဆုံးလေး မင်းရဲ့ ကောင်မလေးအကြောင်းပြောပြပါဦး” ပိုင်ကျန့်ယွီ လျှိုမင်ယွမ်၏ ပခုံးကို ဖက်ရန်ပြင်လိုက်၏။
လျှိုမင်ယွမ် “...”
လျှိုမင်ယွမ်သည် ချက်ချင်းပင် ရှောင်ထွက်သွားကာ ထွက်ပြေးသွားလေသည်။
“လာပါ ငါ့ကိုပြောပြပါဦး” ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်သည် ပြေးတမ်းလိုက်တမ်းကစားနေသည့်အလားပင်။ ယွဲ့ဝူယောင်သည် သူမ၏ ခေါင်းကို အသာယမ်းကာ ကျင့်ကြံရန် သူမအခန်းသို့ ဦးတည်သွားတော့သည်။ အိမ်တော်သည် တစ်ခဏအတွင်း ပြန်လည်တိတ်ဆိတ်သွား၏။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ထိုက်ဟုန်ကျွင်းသည် ဟွမ်းရှိရာ အိမ်တော်သို့ လာရောက်ခဲ့သည်။
“စီနီယာနဲ့ ဆွေးနွေးချင်တာရှိလို့” ထိုက်ဟုန်ကျွင်းသည် ဟွမ်း၏ ဥယျာဉ်အဆောင်ထဲတွင် လေးစားမှုပြလိုက်သည်။ ထို့နောက် သူဆွေးနွေးချင်သည့် အကြောင်းရာကို စတင်ပြောလိုက်၏။ နောက်ငါးနှစ်တွင် ဗဟိုကုန်းမြေတွင် ကျင်းပမည့် လူငယ်ပါရမီရှင်များပြိုင်ပွဲတွင် ဟွမ်း၏ တပည့်လေးဦးကို ဝင်ရောက်ယှဉ်ပြိုင်စေလိုခြင်းဖြစ်သည်။
“စိတ်မဝင်စားဘူး” ဟွမ်းသည် ချက်ချင်း ငြင်းလိုက်၏။ သူ၏ တပည့်များကို ထိုကဲ့သို့ ကလေးပြိုင်ပွဲများနှင့် အချိန်မကုန်စေချင်ပေ။ အကယ်၍ သာ သူ၏တပည့်များသည် နတ်ဘုရားကုန်းမြေသို့သွားရန် စိတ်ကူးမရှိကြလျှင် သူသည် လက်ခံကောင်း လက်ခံနိုင်ပေမည်။ အကြောင်းမှာ သူ၏တပည့်များကို ဤကုန်းမြေတွင် နာမည်တစ်ခုနှင့် နေရာတစ်ခု ရစေရန်အတွက်ဖြစ်သည်။ သို့မှသာ သူမရှိတော့လျှင်ပင် သူတပည့်များကို မည်သူမျှ အနိုင်ကျင့်စော်ကား နိုင်မည်မဟုတ်ပေ။
“စီနီယာ စဉ်းစားပါဦး အဲ့ဒီထိပ်တန်း ဆယ်ဦးကို ဆုလာဘ်အနေနဲ့ ကျင့်ကြံရေးအရင်းမြစ်တွေလဲ ပေးဦးမှာ၊ ပြီးတော့ ထိပ်တန်း ဆယ်ဦးကိုလဲ လျှို့ဝှက်ဆန်းကြယ်အချိန်တံခါး ထဲဝင်ခွင့်ရဦးမှာ” ထိုက်ဟုန်ကျွင်းသည် သွေးဆောင်လိုက်၏။
“ကောင်းပြီ၊ ဘယ်အချိန်လဲ” ဟွမ်းသည် မှင်သေသေနှင့်ပြောလိုက်၏။
ထိုက်ဟုန်ကျွင်းသည်စွံ့အသွားခဲ့၏။
‘အစောကတင်ပဲ ပြတ်ပြတ်သားသားငြင်းခဲ့တာမဟုတ်ဘူးလား၊ ဆုလဘ်အကြောင်းလဲကြားရော ချက်ချင်းလက်ခံလိုက်တာပဲလား’
“နောက် ငါးနှစ်နေရင် ဗဟိုကုန်းမြေကိုသွားပြီး ယှဉ်ပြိုင်ရမှာပါ” ထိုက်ဟုန်ကျွင်းသည် ဟွမ်းစိတ်ပြောင်းသွားမှာ စိုးသည့်အလား အလျင်မြန်ဖြေလိုက်၏။
“ကောင်းပြီ၊ ကျုပ်တပည့်တွေ လင်းယွမ်နယ်မြေကိုယ်စားပြု ပြိုင်ပွဲဝင်လိမ့်မယ်” ဟွမ်းသည် ကတိပေးလိုက်၏။ သူသည် ကျင့်ကြံရေးအရင်းမြစ် များကို စိတ်မဝင်စားပေ။ သူ့တပည့်များ ကျင့်ကြံထားသည့် ကျင့်စဉ်ကျမ်းသည် ကျင့်ကြံရေး အရင်းမြစ်များထက် နားလည်နိုင်စွမ်းသာ လိုအပ်ပေသည်။ သူတို့၏ ကျင့်စဉ်ကျမ်းကို သဘောပေါက် နားလည်လာလေလေ အဆင့်တက်ဖို့ ပိုမိုလွယ်ကူပေဖြစ်သည်။
တစ်ဖက်တွင် ထိုက်ဟုန်ကျွင်း၏ မျက်နှာသည် တစ်ခုခုပြောချင်နေပြီး ပြောရမှာ အခက်တွေ့နေသည့်ပုံပေါက်သည်။
“တစ်ခြားဘာကိစ္စရှိသေးလို့လဲ” ဟွမ်းသည် ထိုအမူရာကို မြင်တွေ့ပြီးနောက် မေးလိုက်၏။
“စီနီယာကိုလဲ ဗဟိုကုန်းမြေပြိုင်ပွဲမှာ လင်းယွမ်နယ်မြေရဲ့ နတ်အင်ပါယာအနေနဲ့ ကိုယ်စားပြုပေးဖို့ တောင်းဆိုချင်လို့ပါ” ထိုက်ဟုန်ကျွင်းသည် သေချာစဉ်းစားပြီးနောက်ပြောလိုက်သည်။ သူသည် ဟွမ်းကို နတ်အင်ပါယာ တစ်ဦးထက်အစွမ်းထက်သည်ဟု ခံစားနေမိသည်။
“နတ်အင်ပါယာတွေရဲ့ ပြိုင်ပွဲလည်းရှိတာပဲလား” ဟွမ်းသည် မျက်လုံးပြူးသွားပြီးနောက် မေးလိုက်၏။
‘စီနီယာ နတ်အင်ပါယာတွေကို ပြိုင်ပွဲလုပ်ပေးရအောင် နတ်အင်ပါယာတွေက ဟင်းရွက်ကန်းစွန်းရွက်လိုပေါတယ်လို့ထင်နေလို့လား’
ထိုက်ဟုန်ကျွင်းသည် ထိုအတွေးများကို ထုတ်မပြောရဲချေ။ ထို့နောက် သူ၏ ဝမ်းနည်းသည့် အမူရာကိုထိန်းပြီး သေချာရှင်းပြလိုက်၏။
“ဒီလိုပါ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က အဖြစ်ပျက်ကြောင့် ကျုပ်ဆရာ ဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်၊ ပြီးတော့ ဆရာ့မှာ အချိန်အများကြီး မကျန်တော့ဘူး အဲ့ဒါကြောင့် စီနီယာကို လင်းယွမ်နယ်မြေရဲ့ နတ်အင်ပါယာ ဆိုပြီး ဗဟိုကုန်းမြေပြိုင်ပွဲကို တာဝန်ယူပေးစေချင်တာပါ၊ စီနီယာ ဘာမှ လုပ်စရာမလိုပါဘူး၊ နယ်မြေတွေအချင်းချင်း မဟာမိတ်ဖွဲ့ထားခဲ့ပေမဲ့ အနည်းငယ်ပြိုင်ဆိုင်မှုတော့ ရှိတဲ့အတွက်ကြောင့် ကျုပ်ဆရာကလဲ အဲ့ဒီပြိုင်ပွဲကို မလိုက်နိုင်တော့ဘူး၊ အဲ့ဒါကြောင့် လင်းယွမ်နယ်မြေ ဖိနှိပ်ခံရမှာစိုးလို့ပါ”
ထိုက်ဟုန်ကျွင်းသည် အကျိူကြောင်းပြောပြလိုက်၏။ သူဆိုလိုရင်းသည်တော့ လင်းယွမ်နယ်မြေက လူတွေအပေါ် တစ်ခြား နတ်အင်ပါယာတွေက ဖိနှိပ်မှုမခံရအောင် ဟွမ်းကို ကာကွယ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဟွမ်းသည် သဘောပေါက်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။ ထိုပြိုင်ပွဲတွင် သူ့တပည့်များ ပါသည့်အတွက် ဖိနှိပ်မှု ရှိလာခဲ့ရင်တောင် ဝင်ရောက်ဖြေရှင်းမည်ဖြစ်သည်။ ထို့ကြောင့် လင်းယွမ်နယ်မြေရဲ့ နတ်အင်ပါယာ အနေနှင့်တာဝန်ယူရန် မခက်ခဲပေ။ ထို့နောက် အနည်းငယ်စဉ်းစားပြီး တွေးတွေးဆဆနှင့်ပြောလိုက်၏။
“အဲ့ဒီကို ရောက်ရင် တစ်ခြားအင်ပါယာ သုံးယောက်ကို ရိုက်နှက်လိုက်ရင်ပြီးပြီမလား”
ထိုက်ဟုန်ကျွင်း “...”
ဤစီနီယာပြောသည်မှာ မှန်နေသော်လည်း တစ်ခုခုလွဲနေသလို ခံစားမိသည်။
“လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က အဖြစ်ပျက်က ဘာဖြစ်ခဲ့တာလဲ” ဟွမ်းသည် ထိုက်ဟုန်ကျွင်း စွံ့အနေသည်ကို လျစ်လျူရှုကာမေးလိုက်၏။ သူသည် အဖြစ်ပျက်များကို စိတ်မဝင်စားသော်လည်း လွန့်ခဲ့သည့် ဆယ်ငါးနှစ်ကမို့ ယွဲ့ဝူယောင်နှင့် ပတ်သတ်နိုင်သည်ဟုထင်မိသောကြောင့်ပင်။
“ကျုပ်ဆရာပြောတဲ့ပုံအရ သူ့ထက်စွမ်းအားကောင်းတဲ့ သူတစ်ဦးက လင်းယွမ်နယ်မြေကို အလျင်မြန် ဖြတ်ကျော်သွားပြီး အရှေ့ပိုင်းနယ်မြေကို သွားနေတာတဲ့၊ ဆရာက စူးစမ်းဖို့ အရှေ့ပိုင်းနယ်မြေကို လိုက်ကြည့်ခဲ့သည်။ ဒါပေမဲ့ ဆရာက အရှေ့ပိုင်းနယ်မြေအစပ်ကို ရောက်ရောက်ချင်းမှာပဲ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ပေါ်လာခဲ့တယ်၊ အဲ့ဒီပေါက်ကွဲမှုကနေပဲ၊ အရှေ့ပိုင်းနယ်မြေတစ်ခုလုံးလွင်တီးခေါင်ပြင် ဖြစ်သွားပြီး အရှေ့ပိုင်းနယ်မြေရဲ့လူတွေလဲ သေဆုံးခဲ့ရတာပဲ၊ အဆိုးဆုံးက နတ်အင်ပါယာတစ်ပါးနဲ့ နတ်ဘုရင် နှစ်ပါးတောင် မလွတ်မြောက်ခဲ့ဘူး၊ ဒီထက်ဆိုးတာက ဆရာက နယ်မြေအစပ်မှာပဲ ရှိခဲ့တာတောင် အဲ့ဒီပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဆိုးဆိုးဝါးဝါးဒဏ်ရာရရှိသွားခဲ့တာ”
ထိုက်ဟုန်ကျွင်းသည် သူသိထားသည်များကို ပြောလိုက်၏။
“နောက်ပိုင်း အခြားနယ်မြေက နတ်အင်ပါယာ သုံးဦး လာရောက်စစ်ဆေးကြပေမဲ့ ဘာကြောင့် ဖြစ်ခဲ့တယ်ဆိုတာရယ်၊ အဲ့ဒီလူက ဘယ်သူဆိုတာရယ်ကို မသိခဲ့ကြဘူး”
ဟွမ်းသည် ထိုအရာကို နားထောင်ပြီး သူ၏စိတ်ထဲတွင် မှန်းဆချက်တစ်ချို့ပေါ်ထွက်လာသော်လည်း တရားခံအစစ်က မည်သူမှန်းမသိသေးချေ။ ထိုအရာက ယွဲ့ဝူယောင်ကို လာပို့ဆောင်သည့် ခရမ်းလမျိုးနွယ် အကြီးအကဲနှင့် သက်ဆိုင်နိုင်ပေသည်။ ထို့အပြင် ခရမ်းလမျိုးနွယ်ကို မည်သူက တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီး ခရမ်းလမျိုးနွယ်၏ အကြီးအကဲကဲ့သို့ အစွမ်းထွက် လူတစ်ဦးတောင် ဤကုန်းမြေကနေ အမြန်ပြန် မထွက်နိုင်အောင် လုပ်နိုင်သည့်သူက မည်သူဖြစ်သနည်း။ ထိုအကြောင်းကို အခုထိအဖြေရှာမရသေးပေ။
“မင်းရဲ့ ဆရာကို တွေ့လို့ရမလား” ဟွမ်းသည် အဖြေရှာမရသည့် အရာများကို ဘေးဖယ်ထားလိုက်ကာ နတ်အင်ပါယာထျန်းရှီ ထံမှတစ်ချို့အရာများကို အတည်ပြုချင်နေသည်။
“စီနီယာ..၊ မနက်ဖြန် ကျုပ်တို့ ထိုက်ရွှမ်ဂိုဏ်းကို ပြန်တဲ့အချိန် လိုက်ခဲ့လို့ရပါတယ်၊ ဒါပေမဲ့ ဆရာရဲ့ နတ်ဘုရားအမြူတေက ကွဲအက်နေတာမို့ လှုပ်ရှားမှုတစ်ချို့ မလုပ်နိုင်တော့ဘူး” ထိုက်ဟုန်ကျွင်းသည် သူ၏ မျက်ဝန်းများ ထက်တွင် ဝမ်းနည်းမှုများပေါ်လွင်နေသည်။
“ကောင်းပြီ၊ ငါလုပ်နိုင်တာ တစ်ချို့ရှိရင်တော့ လုပ်ပေးမယ်” ဟွမ်းသည် သူတက်နိုင်သည့်အရာဆိုလျှင်တော့ လုပ်ပေးပေလိမ့်မည်။ ဟွမ်းအမြင်တွင် ထိုက်ဟုန်ကျွင်းသည် အတော်လေး စိတ်ဓာတ်ကောင်းမွန်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် ကြင်နာမှု ပြသပေးမည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျုပ်ကိုခွင့်ပြုပါဦး” ထိုက်ဟုန်ကျွင်းသည် ရိုသေမှုပြကာထွက်သွားလိုက်၏။
“စီနီယာ ကျုပ်လဲ မနက်ဖြန် တုဟယ်မြို့ ပြန်တော့မယ်” ထိုက်ဟုန်ကျွင်းထွက်သွားပြီးနောက် လုချောင်းယန်သည် လာရောက်ပြောလိုက်သည်။